လင်းယွမ်၏ ငါးနှစ်အတွင်း တိုးတက်မှု....
Vol. 22 Ch. 343
ဧရာမအသားတောင်ကြီးက လူသားမျိုးနွွယ်နှင့် ပက်သက်သော အချက်အလက်များကို သိရှိထားသော်လည်း ရှစ်စန်းတောင်ထိပ်သခင်အကြောင်းတော့ များစွာ ပြောပြန်ရန် မလိုအပ်ပေ။
" အသက်တစ်ရာမပြည့်ခင် အဋ္ဌမအလွှာလား။ " သွေးနီရောင်ရေဘဝဲက မနာလိုဖြစ်သွား၏။ " လူသားမျိုးနွယ်ရဲ့ ဆင့်ကဲပြောင်းလဲသူတွေက ပုရွက်ဆိတ်တွေလို ဆိုပေမယ့် သူတို့ရဲ့ ပါရမီရှင်တွေကတော့ တကယ်ပဲ ငါ့ကို မနာလိုဖြစ်စေတယ်။ "
သွေးနီရောင်ရေဘဝဲ အိုတုက အထူးသက်ရှိဖြစ်ပြီး အရွယ်ရောက်သည့်အခါ ပဉ္စမအလွှာတွင်ရှိ၍ ဆဋ္ဌမအလွှာသို့ ရောက်ရန် ရိုးရှင်စွာ ကျင့်ကြံခဲ့ရသည်။ သူက လက်ရှိ အဋ္ဌမအလွှာသို့ ရောက်ရန် နှစ်ပေါင်းမည်မျှ ကျင့်ကြံခဲ့သည်ကိုပင် မသိတော့ပေ။
သို့သော် ထိုလူသားပါရမီရှင်များက ရာစုနှစ်တစ်ခု သို့မဟုတ် ရာစုနှစ်အနည်းငယ်အတွင်း သူတို့ရှိသော အဆင့်ကို ရောက်လာကြသည်။
အထူးသက်ရှိမျိုးနွယ်ဖြစ်သည့်အတွက် သွေးနီရောင်ရေဘဝဲ အိုတု၏ တိုက်ခိုက်ရေးစွမ်းအားက အဆင့်တူ ဆင့်ကဲပြောင်းလဲသူများထက် သာလွန်လေသည်။ သို့သော် ကွာဟချက်က သိပ်မကြီးပေ။
အဋ္ဌမအလွှာအောက်ရှိ ဆင့်ကဲပြောင်းလဲသူများက တူညီသော အဆင့်၌ အထူးသက်ရှိများ၏ ဖိနှိပ်ခြင်းကို ခံရလေသည်။ သို့သော် အဋ္ဌမအလွှာသို့ တက်လှမ်းပြီး အတွင်းကမ္ဘာကို ဖွင့်လှစ်ပြီးချိန်တွင် လူသားဆင့်ကဲပြောင်းလဲသူများ၏ အခြေခံက ပြောင်းလဲသွားပြီး အဆင့်တူ အထူးသက်ရှိများကို ကြောက်ရန် မလိုတော့ပေ။
" ဒီရက်ပိုင်း မင်း နည်းနည်း သတိထားဖို့ ငါပြောချင်တယ်။ လူသားမျိုးနွယ်က အရိပ်မျိုးနွယ်လိုမဟုတ်ဘူး။ " အသားတောင်ကြီးက ပြောလိုက်သည်။ " မင်း အသက်ဂြိုလ်တွေကို ဝါးမျိုတဲ့ အကြိမ်ရေကို လျှော့ချတာ ပိုကောင်းလိမ့်မယ်။ လူသားမျိုးနွယ်က သူတို့ရဲ့ ဂြိုလ်တွေကို တော်တော်တန်ဖိုးထားကြတယ်။ "
" ဟမ် ငါက ဘာပဲဖြစ်ဖြစ် ကြယ်မဟာမိတ်ကလာတဲ့ အဋ္ဌမအလွှာ အထူးသက်ရှိပဲ။ သူ နဂါးငွေ့တန်းကြယ်သခင်က ဂြိုလ်နည်းနည်းလေးကြောင့် ငါ့ကို တကယ်ပြဿနာရှာမှာလား။ " သွေးနီရောင်ရေဘဝဲ အိုတုက အေးစက်စွာ ပြောလိုက်သည်။
အမှန်တွင် သူက အသားတောင်ကြီး၏ စကားကို နားထောင်ပြီးနောက် ခဏတာ ကောင်းကောင်းနေရန် စဉ်းစားပြီးသားဖြစ်၏။
အနည်းဆုံးတော့ နဂါးငွေ့တန်းကြယ်သခင်၏ သဘောထားက ဘယ်လိုလဲ သိအောင် အရင်လုပ်ရပေလိမ့်မည်။ သူက အရိပ်မျိုးနွယ်ကဲ့သို့ သည်းခံခဲ့မည်ဆိုလျှင် သူ၏ နောက်လာမည့်နေရက်များကလည်း သာယာနေပေလိမ့်မည်။
" ကြယ်မဟာမိတ် " ဧရာမအသားတောင်ကြီးက ရေရွတ်လိုက်သည်။
သူပြောသော ကြယ်မဟာမိတ်ဆိုသည်မှာ လူသားမျိုးနွယ်မဟာမိတ်နှင့် အင်းဆက်မျိုးနွယ်မဟာမိတ်တို့ကို ခုခံရန်အတွက် အထူးသက်ရှိများ ဖွဲ့စည်းထားသော မဟာမိတ်ကို ဆိုလိုခြင်းဖြစ်သည်။
အထူးသက်ရှိများက အရေအတွက် နည်းပါးသောကြောင့် လူသားမျိုးနွယ် သို့မဟုတ် အင်းဆက်မျိုးနွယ်ကဲ့သို့ မျိုးနွယ်စုတစ်ခုတည်း ဖွဲ့စည်းနိုင်ခြင်းမရှိပေ။ သူတို့က အချင်းချင်း ပူးပေါင်းရုံဖြင့်သာ လူသားမျိုးနွယ်နှင့် အင်းဆက်မျိုးနွယ်တို့ကို ရင်ဆိုင်ကြသည်။ သို့သော် ထိုသို့ဖြစ်လျှင်တောင် ကြယ်မဟာမိတ်အဖွဲ့ဝင် အရေအတွက်က များခြင်းမရှိဘဲ စကြာဝဠာအနှံ့ ပြန့်ကြဲနေကြသည်။
" ငါတို့ ကြယ်နယ်မြေက ကြယ်သခင်တစ်ယောက်ကို ကြိုဆိုရတော့မှာပေါ့။ နာမည်က နဂါးငွေ့တန်းကြယ်သခင်လား။ ဒါဆို ဒီကြယ်နယ်မြေကလည်း နဂါးငွေ့တန်းကြယ်နယ်မြေဖြစ်သွားပြီပေါ့။ "
" အဲ့ဒီ နဂါးငွေ့တန်းကြယ်သခင်က မယုံကြည်နိုင်စရာနောက်ခံရှိတယ်။ သူက ချီခွန်ကြယ်သခင်ရဲ့ တပည့်ဖြစ်သလို လူသားမျိုးနွယ်ရဲ့ ပါရမီရှင်လည်း ဖြစ်တယ်။
" အာ အဲ့ဒီနဂါးငွေ့တန်းကြယ်သခင်က ငါတို့ကို အရိပ်မျိုးနွယ်လိုမျိုး ဆက်ဆံပေးရင်တော့ ကောင်းတာပေါ့။ "
" မသေချာဘူး။ လူသားမျိုးနွယ်ရဲ့ ကြယ်သခင်တိုင်းမှာ စိတ်နေစိတ်ထား မတူကြဘူး။ နဂါးငွေ့တန်းကြယ်သခင်က ငါတို့ကို ဖော်ရွေရင်တော့ ကောင်းတာပေါ့။ "
" နဂါးငွေ့တန်းကြယ်သခင်ရဲ့ စိတ်နေစိတ်ထားကို မသိရသေးပေမယ့် သူက အသက်အရမ်းငယ်တော့ သတ်ဖြတ်လိုစိတ်တော့ ကြီးမှာမဟုတ်ဘူး။ "
နဂါးငွေ့တန်းကြယ်နယ်မြေအတွင်း အထူးသက်ရှိမျိုးနွယ်များနှင့် မျိုးနွယ်ခြားသန်မာသူများက တိတ်တဆိတ် ဆွေးနွေးနေကြသည်။ သူတို့က အရိပ်မျိုးနွယ်နှင့် ကောင်းမွန်စွာ နေထိုင်ခဲ့ကြပြီး အရိပ်မျိုးနွယ်က သူတို့ကို အလျှော့ပေးခဲ့ကြသည်။
ယခုအခါ လူသားမျိုးနွယ်ကထိုနယ်မြေကို သိမ်းပိုက်ပြီး ကြယ်သခင်တစ်ယောက် ရောက်လာတော့မည်ဖြစ်ရာ သူတို့က မည်သည့်အရာအား ကြုံတွေ့ရမည်ကို မသိကြတော့ပေ။
တစ်ကိုယ်တော်မျိုးနွယ်ခြားသန်မာသူများနှင့် အထူးသက်ရှိမျိုးနွယ်များက ထိုနေရာတွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့သောကြောင့် ယခုမှ ရွေ့ပြောင်းလိုခြင်းမရှိကြပေ။ ထို့ကြောင့် အရိပ်မျိုးနွယ်က ဆုတ်ခွာသွားသော်လည်း သူတို့ မထွက်သွားကြသေးခြင်းဖြစ်သည်။ ထိုကြယ်သခင်က မည်သူဖြစ်စေ သူတို့ကို ပစ်မှတ်မထားလျှင် အဆင်ပြေနိုင်လေသည်။
ချီခွန်ပင်မကြယ်တွင် လင်းယွမ်က အပြင်ထွက်၍ အေအဆင့် အာကာသယာဉ်ပေါ်တက်ပြီး နဂါးငွေ့တန်းကြယ်နယ်မြေသို့ သွားရန်ပြင်လိုက်သည်။
" ဒီနေ့ကစပြီး မင်းကို ဂလက်ဆီလို့ နာမည်ပေးလိုက်မယ်။ "
လင်းယွမ်က ဦးတည်ရာကို နဂါးငွေ့တန်းကြယ်နယ်မြေအဖြစ် သတ်မှတ်ပြီးနောက် ကျန်ရှိသည်များကို အလိုအလျောက်စနစ်အပေါ်တွင် ထားခဲ့လိုက်သည်။ အလိုအလျောက်ထိန်းချုပ်ခြင်းဖြင့် လင်းယွမ်က ခရီစဉ်တစ်လျှောက် စိုးရိမ်စရာမရှိဘဲ အကောင်းဆုံးလမ်းကို ရွေးချယ်နိုင်လေသည်။
" သခင် အခုကစပြီး နဂါးငွေ့တန်းကြယ်နယ်မြေကို ရောက်ဖို့ ငါးနှစ်ကြာပါလိမ့်မယ်။ " ဂလက်ဆီ၏ ချိုသာသော အသံက လင်းယွမ်၏ နားထဲသို့ ဝင်ရောက်လာသည်။
" ငါးနှစ် ကောင်းပြီလေ။ " လင်းယွမ်က ခေါင်းငြိမ့်လိုက်သည်။
ဂလက်ဆီမဟုတ်ဘဲ သာမန်အာကာသယာဉ်များဆိုလျှင် နဂါးငွေ့တန်းကြယ်နယ်မြေသို့ ရောက်ရန် အနည်းဆုံး နှစ်ပေါင်းနှစ်ဆယ် ကြာပေလိမ့်မည်။ ဂလက်ဆီက ဝေးကွာသော အချိန်လေဟာနယ်ဥမင်များကို ဖြတ်သန်းနိုင်ပြီး ပြန်လည်ရေတွက်ချိန်ကလည်း မကြာမြင့်ပေ။
ဂလက်ဆီက အနက်ရောင်အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲပြီး ချီခွန်ပင်မကြယ်မှတစ်ဆင့် ကြယ်စကြာဝဠာထဲသို့ ဝင်ရောက်သွားသည်။
နောက်ဆုံးတွင် အာကာသက လှိုင်းထသွားပြီး ဂလက်ဆီက အချိန်လေဟာနယ်ဥမင်ကို တိုက်ရိုက်ဖြတ်သန်းသွားသည်။
ဂလက်ဆီအတွင်း၌ လင်းယွမ်က ခြေချိတ်ထိုင်နေသည်။ ငါးနှစ်က အခြားကျင့်ကြံသူများအတွက် ခဏသာ ဖြစ်သော်လည်း လင်းယွမ်၏ ကျင့်ကြံမှုအတွက် အလွန်တန်ဖိုးရှိလေသည်။ သူ၏ ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် ငါးနှစ်ကာလက သူ့အတွက် ထင်ရှားသော အောင်မြင်မှုများ ရရှိရန် လုံလောက်ပေသည်။
လင်းယွမ်က အခြားကမ္ဘာများသို့ ဆင်းသက်ခြင်းမဟုတ်ဘဲ မူလကမ္ဘာတွင် ရှိသောကြောင့် သူ့တွင် လိုအပ်ချက်များ သိပ်မရှိပေ။ ဥပမာ မျိုးနွယ်ခြားများ၏ စစ်မြေပြင်မှ အဆက်မပြတ်ပြောင်းလဲနေသော ထာဝရလေဟာနယ်အက်ကြောင်းများက ပင်မလေဟာနယ်ပုံစံများကို လေ့လာရာတွက် များစွာ အကျိုးပြုလေသည်။
ထို့အပြင် VR ကမ္ဘာတွင် နတ်ဆိုးကျောက်စိမ်းမျှော်စင်မှ ကြီးမြတ်သူတစ်ယောက်၏ ခန္ဓာကိုယ်အစိတ်အပိုင်းလည်း ရှိနေသည်။ သို့သော် ကမ္ဘာများဆင်းသက်ရာတွင်လည်း အားသာချက်များရှိသောကြောင့် နှစ်ခုလုံးတွင် အားသာချက်၊ အားနည်းချက်များ ရှိလေသည်။
အတွင်းကမ္ဘာ။
လင်းယွမ်၏ အတွင်းကမ္ဘာက မိုင်ပေါင်းသုံးသိန်းနီးပါး ရှိလေသည်။ သူ အဋ္ဌမအလွှာသို့ ရောက်ချိန်တွင် အတွင်းကမ္ဘာက မိုင် ၂၅၀၀၀၀ထိ ကျယ်ပြန့်လာပြီး နောက်ပိုင်း ကျင့်ကြံခြင်းနှင့် လေဟာနယ်နိယာမအပေါ် နားလည်မှုများကြောင့် ၎င်းက မိုင်ပေါင်း ၂၈၀၀၀၀ထိ ရောက်နေပြီဖြစ်သည်။
အတွင်းကမ္ဘာ၏ အရှေ့တောင်ထောင့်တွင် မျိုးနွယ်ခြားနှစ်ယောက်ဖြစ်သော ဟုန်ပိနှင့် လုယန်တို့က မှင်သက်နေကြသည်။ သူတို့က အတွင်းကမ္ဘာသို့ ရောက်ကတည်းက သူတို့၏ အံ့အားသင့်မှုက မရပ်တန့်ခဲ့ပေ။
ရှစ်စန်းတောင်ထိပ်သခင်က အခုမှ အဋ္ဌမအလွှာကို တက်လှမ်းခဲ့တာ မဟုတ်လား။
အဋ္ဌမအလွှာကို အခုမှရောက်တဲ့သူက ဒီလောက်ကြီးမားတဲ့ အတွင်းကမ္ဘာကို ပိုင်ဆိုင်တာလား။
ဟုန်ပိနှင့် လုယန်တို့က အချင်းချင်း ကြည့်လိုက်ပြီး အာခေါင်များ ခြောက်လာကြသည်။
ပုံမှန်အားဖြင့် အဋ္ဌမအလွှာသို့ တက်လှမ်းသွားသူ၏ အတွင်းကမ္ဘာက မိုင်တစ်ရာဝန်းကျင်သာ ရှိလေသည်။ ထို့နေုက် ဆက်လက်ကျင့်ကြံရင်း လေဟာနယ်နိယာမကို နားလည်လာသည်နှင့်အမျှ အတွင်းကမ္ဘာက တဖြည်းဖြည်း ကျယ်ပြန့်လာခြင်းဖြစ်သည်။
ဒါပေမယ့် လင်းယွမ်ကတော့....
ဟုန်ပိနှင့်လုယန်တို့က တံတွေးများ မျိုချလိုက်ကြသည်။ အဋ္ဌမအလွှာ အလယ်နှင့်နှောင်းပိုင်းအဆင့်သို့ ရောက်နေသော သူတို့နှစ်ယောက်ပေါင်း၏ အတွင်းကမ္ဘာပင် အဋ္ဌမအလွှာ စဦးအဆင့်တွင်ရှိသော လင်းယွမ်၏ အတွင်းကမ္ဘာထက် သုံးပုံတစ်ပုံပင် မရှိပေ။
" အဲ့ဒီတုန်းက ကြယ်သခင်က ငါတို့ကို တောင်ထိပ်သခင်နောက်လိုက်ဖို့ ဘာလို့ပြောခဲ့တာလဲဆိုတာ အခုမှပဲနားလည်တော့တယ်။ " ဟုန်ပိက ခဏတိတ်ဆိတ်သွားပြီးနောက် ပြောလိုက်သည်။
ချီခွန်ကြယ်သခင်၏ စကားများထဲတွင် လင်းယွမ်၏ အမိန့်ကို နာခံရန်သာပါပြီး လင်းယွမ်ကို ကာကွယ်ရမည်ဟု မပါပေ။ ထိုအချိန်က ဟုန်ပိနှင့် လုယန်မှာ နားမလည်နိုင်ဖြစ်ခဲ့ရသည်။ လင်းယွမ်က ယခုမှ အဋ္ဌမအလွှာသို့ ဝင်ရောက်လာပြီး ကြယ်နယ်မြေတစ်ခုကို အုပ်ချုပ်ရန် သွားရောက်မည်ဆိုလျှင် သူတို့၏ တာဝန်က လင်းယွမ်၏ လုံခြုံရေးကို အာမခံရန် လိုအပ်လေသည်။
သို့သော် ယခု အဋ္ဌမအလွှာသို့ ဝင်ရောက်လာသော လင်းယွမ်က သူတို့၏ ကာကွယ်မှုကို လုံးဝ မလိုအပ်ပုံရသည်။ အတွင်းကမ္ဘာ၏ အရွယ်အစားပေါ်မူတည်ပြီး လင်းယွမ်၏ ခွန်အားက သူတို့နှစ်ယောက်လုံးကို အနိုင်ယူရန် လုံလောက်သည်ထက် ပိုနေလေသည်။
ဟုန်ပိနှင့် လုယန်တို့က လင်းယွမ်နောက် လိုက်ရခြင်း၏ တာဝန်မှာ လင်းယွမ်အနေဖြင့် သူ၏ အဖိုးတန်အချိန်များကို မဖြုန်းတီးစေရန်အတွက် သူတို့က အသေးအမွှားကိစ္စများကို ကိုင်တွယ်ရန်သာဖြစ်သည်။
" ထူးဆန်းတယ် အရမ်းကို ထူးဆန်းတယ်။ "
" လူသားမျိုးနွယ်မှာ ဘယ်လိုလုပ် ဒီလောက်ထူးဆန်းတာတွေ ရှိနေတာလဲ။ " ဟုန်ပိက ရေရွတ်လိုက်သည်။
အဋ္ဌမအလွှာကို ဝင်ရောက်ခါစအချိန်တွင် အဋ္ဌမအလွှာ အထွတ်အထိပ်အဆင့်များနှင့် ယှဉ်နိုင်ခြင်းမှာ အထူးသက်ရှိများကြားတွင်ပင် ရှားပါးလေသည်။