← Chapters

ရောက်ရှိခြင်း....

Vol. 22 Ch. 344

ရောက်ရှိခြင်း....

Vol. 22 Ch. 344

" ဒါက လူသားမျိုးနွယ်က အထွတ်အထိပ်မျိုးနွယ်ဖြစ်လာရတဲ့ အကြောင်းရင်းလား။ " လုယန်က တိုးညှင်းစွာ ရေရွတ်လိုက်သည်။

လူသားမျိုးနွယ်၏ သမိုင်းကြောင်းက သိပ်မကြာသေးဘဲ နှစ်ပေါင်းနှစ်သန်းကျော်သာ ရှိသေးသည်။ ထိုမျှတိုတောင်းသော အချိန်အတွင်း လူသားမျိုးနွယ်က ကြယ်စကြာဝဠာ၏ နယ်မြေများစွာကို သိမ်းပိုက်ပြီး အထွတ်အထိပ်မျိုးနွယ်တစ်ခုအဖြစ် ရောက်ရှိလာခြင်းမှာ ပါရမီရှင်များ တစ်ယောက်ပြီးတစ်ယောက် ပေါ်ပေါက်လာခဲ့သောကြောင့် ဖြစ်သည်။

ထိုနေရာတွင် ပါရမီရှင်ဆိုသည်မှာ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်မှ ပါရမီရှင်များကိုသာ ဆိုလိုခြင်းမဟုတ်ဘဲ အခြားနယ်ပယ်အားလုံးမှာရှိသော ပါရမီရှင်အားလုံးကို ဆိုလိုခြင်းဖြစ်သည်။

အချိန်များကုန်လွန်လာပြီး မျက်စိတစ်မှိတ်အတွင်း ငါးနှစ်ကြာသွားခဲ့သည်။

နဂါးငွေ့တန်းကြယ်နယ်မြေတွင် အနက်ရောင်အာကာသယာဉ်တစ်စီးက အချိန်လေဟာနယ်ဥမင်မှ ထွက်ပေါ်လာသည်။

" သခင် နဂါးငွေ့တန်းကြယ်နယ်မြေကို ရောက်ပါပြီ။ " ဂလက်ဆီ၏ အသံက ထွက်ပေါ်လာသည်။

လင်းယွမ်က မျက်လုံးများ ဖြည်းညင်းစွာ ဖွင့်လိုက်သည်။

" နောက်ဆုံးတော့ ရောက်သွားပြီ။ " လင်းယွမ်မှ အတွင်းမှ အပြင်သို့ ကြယ်စကြာဝဠာကို ကြည့်လိုက်သည်။

သူက ကြယ်စကြာဝဠာထဲတွင် ငွေရောင်မြစ်တစ်ခုကဲ့သို့ တောက်ပသော ကြယ်နယ်မြေတစ်ခုကို တွေ့လိုက်ရသည်။

" ငါးနှစ် " လင်းယွမ်က အတွေးနက်သွား၏။ ဤငါးနှစ်အတွင်း သူက ကဏ္ဍအသီးသီးတွင် များစွာ တိုးတက်လာခဲ့သည်။

ပထမအနေဖြင့် သူက ပင်မလေဟာနယ်ပုံစံများကို လေ့လာမှုတွင် ယခု ၂၀၉၂မျိုးကို နားလည်သွားခဲ့သည်။ ပင်မလေဟာနယ်ပုံစံက စုစုပေါင်း ၇၇၈၂ မျိုးရှိလေသည်။ နှစ်ထောင်ကို နားလည်ခြင်းက အားလုံး၏ လေးပုံတစ်ပုံကို နားလည်ခြင်းဖြစ်သည်။ ချီခွန်ကြယ်သခင်ပင် ပင်မလေဟာနယ်ပုံစံအားလုံးကို ကျွမ်းကျင်ခြင်းမရှိသေးပေ။

ပင်မလေဟာနယ်ပုံစံ အားလုံးကို နားလည်သွားသည်နှင့် လေဟာနယ်နိယာမကို အပြည့်အဝ ကျွမ်းကျင်သွားခြင်းနှင့် ညီမျှပြီး စကြာဝဠာက ဖြတ်သန်းသွားလာနိုင်မည့် နေရာတစ်ခု ဖြစ်လာပေလိမ့်မည်။

ဒုတိယအနေဖြင့် သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ အဋ္ဌမအလွှာကဏ္ဍကို ဖွင့်လှစ်နိုင်ခဲ့သည်။ အကယ်၍ အဋ္ဌမအလွှာကို အဆင့်ဆယ်ဆင့် ခွဲခြားထားလျှင် လင်းယွမ်က ဒုတိယအဆင့်ကို ပြီးဆုံးလုနီးပါး ဖြစ်နေသည်။ ပြည့်စုံသော အဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တစ်ခုကို ဖန်တီးနိုင်သည်နှင့် ဆင့်ကဲပြောင်းလဲခြင်းပညာရှင်တစ်ယောက် ဖြစ်လာပေလိမ့်မည်။

သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ အဋ္ဌမအလွှာကဏ္ဍက ပိုမိုခက်ခဲလှသည်။ ငါးနှစ်မျှဖြင့် လင်းယွမ်က ဒုတိယအဆင့်သို့ ရောက်ရှိခဲ့သည်ကို ဆင့်ကဲပြောင်းလဲခြင်းပညာရှင်များကြားလျှင် စိတ်ဓာတ်ကျသွားနိုင်လေသည်။

ဆင့်ကဲပြောင်းလဲခြင်းပညာရှင်တစ်ယောက်က အစမှနေ၍ အဋ္ဌမအလွှာဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ဖန်တီးရန်မှာ လွယ်ကူသော အလုပ်မဟုတ်ပေ။ ၎င်းက အချိန်နှင့် အားထုတ်မှုများစွာ လိုအပ်မည်ဖြစ်ပြီး နတ်ဘုရားသုံးပါး၏ ခွင့်ပြုချက်ရရှိရန်လည်း လိုအပ်လေသည်။

" ငါ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ် ၁၁၀၀၀ကို နားလည်ခဲ့ပြီးပြီ။ ဘာလို့ ငါက နတ်ဆိုးကျောက်စိမ်းမျှော်စင်ရဲ့ သာမန်အဖွဲ့ဝင်ပဲ ဖြစ်နေသေးတာလဲ။ " လင်းယွမ်က စဉ်းစားနေသည်။

ထိုငါးနှစ်အတွင်း လင်းယွမ်က ခန္ဓာကိုယ်အစိတ်အပိုင်းကိုလည်း လေ့လာခဲ့သည်။ အဋ္ဌမအလွှာသို့ တက်လှမ်းပြီးနောက် စိတ်ဝိညာဉ်ဖိအားကို ခံစားရဆဲ ဖြစ်သော်လည်း နားလည်နိုင်စွမ်းက သိသိသာသာ တိုးတက်လာခဲ့သည်။

" ထားလိုက်တော့။ ဆက်ပြီး လေ့လာလို့ရသေးတာပဲ။ သာမန်အဖွဲ့ဝင်ဖြစ်ဖြစ် အဓိကအဖွဲ့ဝင်ဖြစ်ဖြစ် အရေးကြီးဆုံးက ကိုယ့်ရဲ့ ခွန်အားကို မြှင့်တင်နိုင်ဖို့ပဲ။ "

" ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအားက ဆယ့်ငါးမျှင်တောင် စုမိနေပြီပဲ။ " လင်းယွမ်က အနန္တကမ္ဘာများ၏ ဂိတ်တံခါးမှ ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအား၏ အရေအတွက်ကို ခံစားမိပြီး သူ၏ မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်။

လင်းယွမ်အတွက် ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအားက များလေကောင်းလေ ဖြစ်၏။ အကြောင်းမှာ သူက ဆင်းသက်ခြင်းတွင် အခွင့်အလမ်းများ ပိုမိုများပြားလာနိုင်သောကြောင့် ဖြစ်သည်။

၎င်းက အစွမ်းထက်သော အသက်ကယ်ဝှက်ဖဲလည်း ဖြစ်သည်။ အကြောင်းမှာ ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအား ငါးဆယ်မျှင်ကို အသုံးပြုခြင်းဖြင့် ရုပ်ခန္ဓာဆင်းသက်ခြင်းကို အသုံးပြုနိုင်သောကြောင့် ဖြစ်သည်။ ထိုသို့ဆင်းသက်ခြင်းက အားသာချက် အားနည်းချက်များ ရှိလေသည်။

အားနည်းချက်မှာ ဆင်းသက်နေချိန်တွင် သေဆုံးခဲ့လျှင် အမှန်တကယ် သေဆုံးခြင်းဖြစ်သည်။ သို့သော် အားသာချက်က ဆင်းသက်နေချိန် တိုးတက်မှုအားလုံးကလည်း တစ်ခါတည်း တိုးတက်လာခြင်းဖြစ်လေသည်။

ထို့အပြင် မူလကမ္ဘာမှ အန္တရာယ်များကို ရှောင်ရှားချင်လျှင် ရုပ်ခန္ဓာဆင်းသက်ခြင်းကို အသုံးပြုလိုက်ရုံသာဖြစ်သည်။

အနန္တကမ္ဘာများ၏ ဂိတ်တံခါးမှ ရွေးချယ်ထားသော ကမ္ဘာများက မူလကမ္ဘာနှင့် အဆင့်တူညီခြင်း မရှိပေ။ လင်းယွမ်က ဆင်းသက်လိုက်သည်နှင့် ကြီးမြတ်သူတစ်ယောက်ပင် ကြည့်နေရုံသာ တတ်နိုင်ပေလိမ့်မည်။

" ပင်မကြယ်ဆီ တိုက်ရိုက်သွားမယ်။ " လင်းယွမ်က ဂလက်ဆီကို အမိန့်ပေးလိုက်သည်။

ဝှစ်....

ဂလက်ဆီက နောက်တစ်ကြိမ် အနက်ရောင်အလင်းတန်းအဖြစ် ပြောင်းလဲသွားပြီး ကြယ်စကြာဝဠာထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားသည်။

နဂါးငွေ့တန်းပင်မကြယ်။

၎င်းက အဆင့်မြင့်အသက်ဂြိုလ်တစ်ခုဖြစ်၏။ လင်းယွမ်က နဂါးငွေ့တန်းကြယ်သခင်ဖြစ်လာပြီးနောက် ထိုဂြိုလ်ကို ပင်မကြယ်အဖြစ် သတ်မှတ်ခဲ့သည်။

အနီးရှိကြယ်နယ်မြေများမှ လူသားအရာရှိများက ထိုအသက်ဂြိုလ်ကို အဆင့်နှစ်ပြင်ဆင်မှုပြုလုပ်ရန် ရောက်နေကြပြီဖြစ်သည်။

ထို့အပြင် လူသားဆင့်ကဲပြောင်းလဲသူများ၏ ကြီးမားသော တပ်ဖွဲ့တစ်ခုကလည်း ထိုနေရာတွင် တပ်စွဲထားသည်။ ထိုဆင့်ကဲပြောင်းလဲသူတပ်ဖွဲ့မှာ လူသားမျိုးနွယ်က ကြယ်နယ်မြေကို သိမ်းပိုက်ပြီးနောက် ကျန်ရစ်ခဲ့သော တပ်ဖွဲ့ဖြစ်ပြီး ကြယ်သခင်၏ စစ်တပ်အနေဖြင့် တာဝန်ထမ်းဆောင်ကြမည်ဖြစ်သည်။

" ကြယ်သခင်က မကြာခင်ရောက်လာတော့မယ်။ အားလုံး အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ထားကြ။ " ခရမ်းရောင်ဝတ်ရုံနှင့် လူတစ်ယောက်က နဂါးငွေ့တန်းပင်မကြယ်၏ အထက်မှ ပြောလိုက်သည်။

သူ၏ ဘေးတွင် ရွှေရောင်ဆံပင်နှင့် လူတစ်ယောက်ရပ်နေပြီး သူတို့၏ နောက်တွင် ဆင့်ကဲပြောင်းလဲသူစစ်တပ်ကြီး ရှိနေသည်။ ဆင့်ကဲပြောင်းလဲသူစစ်တပ်က အဓိကအားဖြင့် ပဉ္စမအလွှာများဖြင့် ဖွဲ့စည်းထားပြီး ဆဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူ ရာချီက အုပ်ချုပ်ကြသည်။ ခရမ်းရောင်ဝတ်ရုံနှင့်လူ၊ ရွှေရောင်ဆံပင်နှင့်လူတို့က သတ္တမအလွှာများဖြစ်ကြပြီး စစ်တပ်၏ ခေါင်းဆောင်များ ဖြစ်ကြသည်။

" ငါတို့ ကြယ်သခင်က တကယ်ချမ်းသာတာပဲ။ ပင်မကြယ်ကို တိုက်ရိုက် အဆင့်နှစ်ပြင်ဆင်မှုကို လုပ်နိုင်တယ်။ " ရွှေရောင်ဆံပင်နှင့်လူက ပြောလိုက်သည်။

များသောအားဖြင့် အဋ္ဌမအလွှာ အသစ်များက အတော်လေး ဆင်းရဲကြသည်။ ကြယ်နယ်မြေတစ်ခုသို့ ကြယ်သခင်ဖြစ်ရန် သွားသည့်အခါ သူတို့က အခမဲ့ အဆင့်သုံးပြင်ဆင်မှုကိုသာ ပြုလုပ်ကြသည်။

အဆင့်နှစ်ပြင်ဆင်မှုက စကြာဝဠာသလင်းကျောက် တစ်သိန်းလိုအပ်ပြီး အဆင့်မြင့် အဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူတစ်ယောက်၏ လက်နက်များနှင့် ရတနာများအပါအဝင် ပိုင်ဆိုင်မှုအားလုံးနီးပါးနှင့် ညီမျှလေသည်။

" ကြယ်သခင်က ပြိုင်ဘက်ကင်းတဲ့ ပါရမီရှင်ပဲ။ အသက်တစ်ရာမပြည့်ခင် အဋ္ဌမအလွှာကို တက်လှမ်းနိုင်ခဲ့တဲ့အပြင် သူ့ရဲ့ ဆရာက ချီခွန်ကြယ်သခင်ပဲ။ သူ့ရဲ့ အဋ္ဌမအလွှာ ဂုဏ်ပြုပွဲမှာတောင် ရခဲ့တဲ့လက်ဆောင်တွေက စကြာဝဠာသလင်းကျောက် တစ်သိန်းကျော်လောက် ရှိတာဆိုတော့ သာမန်အဋ္ဌမအလွှာ ကြယ်သခင်တွေ ယှဉ်နိုင်မှာ မဟုတ်ဘူး။ " ခရမ်းရောင်ဝတ်ရုံနှင့်လူက ပြောလိုက်သည်။

" အမှန်ပဲ။ " ရွှေရောင်ဆံပင်နှင့်လူက ခေါင်းညိမ့်ပြီး ပြောလိုက်သည်။

နဂါးငွေ့တန်းကြယ်သခင်က ချီခွန်ကြယ်နယ်မြေ၏ ရှစ်စန်းတောင်ထိပ်သခင်ဖြစ်ပြီး လူသားမျိုးနွယ်၏ ပါရမီရှင်တစ်ယောက်ဖြစ်သည်ကို ကြားသိရချိန်တွင် သူတို့က အံ့အားသင့်ခဲ့ရသည်။

" ကြယ်သခင်ရောက်လာပြီ။ " ခရမ်းရောင်ဝတ်ရုံနှင့်လူက တစ်စုံတစ်ခုကို ခံစားလိုက်ရပြီး ရှေ့သို့ ကြည့်လိုက်သည်။

လေဟာနယ်လှိုင်းများ ဖြစ်ပေါ်လာပြီး အနက်ရောင်အာကာသယာဉ်တစ်စီး ထွက်ပေါ်လာသည်။

" နဂါးငွေ့တန်းကြယ်သခင်ကို ဂါရဝပြုပါတယ်။ " ခရမ်းရောင်ဝတ်ရုံနှင့်လူ၊ ရွှေရောင်ဆံပင်နှင့်လူတို့က ရိုသေစွာ ဦးညွှတ်လိုက်ကြသည်။

" နဂါးငွေ့တန်းကြယ်သခင်ကို ဂါရဝပြုပါတယ်။ " နောက်မှ ဆင့်ကဲပြောင်းလဲသူ စစ်တပ်ကြီးကလည်း ဒူးထောက်ပြီး ရိုသေစွာ ရွတ်ဆိုလိုက်ကြသည်။

လင်းယွမ်က အာကာသယာဉ်ထဲမှ ထွက်လာပြီး ဆင့်ကဲပြောင်းလဲသူများစွာက သူ့ကို ဦညွှတ်အရိုအသေပြုနေကြသည်ကို မြင်သောအခါ အနည်းငယ် စိတ်လှုပ်ရှားသွားမိသည်။

ချီခွန်ပင်မကြယ်တွင် လင်းယွမ်က မြင့်မားသေယ အဆင့်အတန်းကို ပိုင်ဆိုင်ထားပြီး ဆင့်ကဲပြောင်းလဲသူများစွာက သူ့ကို ရိုသေကြသော်လည်း ၎င်းတို့အားလုံးက ချီခွန်ကြယ်သခင်ဟူသော နာမည်မှ ဆင်းသက်လာခြင်းဖြစ်သည်။

သို့သော် ယခုအခါ ထိုဆင့်ကဲပြောင်းလဲသူများက နဂါးငွေ့တန်းကြယ်သခင်ဖြစ်သော သူ့ကို ဦးညွှတ်နေကြခြင်းဖြစ်သည်။

" ထကြ " လင်းယွမ်က ပြောလိုက်သည်။

" ဟုတ်ကဲ့ " ခေါင်းဆောင်နှစ်ယောက်က ရိုသေစွာ မတ်တပ်ရပ်လိုက်ကြသည်။

" မင်းတို့နှစ်ယောက်က ချွန်းပိုနဲ့ ကျားလီဖြစ်ရမယ်။ " လင်းယွမ်က ထိုနှစ်ယောက်ကို ကြည့်လိုက်သည်။

နဂါးငွေ့တန်းကြယ်သခင်အဖြစ် အတည်ပြုပြီးနောက် လင်းယွမ်က ချွန်းပိုနှင့် ကျားလီတို့၏ အချက်အလက်များကို ရရှိခဲ့သည်။

ထိုနှစ်ယောက်က နဂါးငွေ့တန်းကြယ်နယ်မြေကို အပြည့်အဝ ထိန်းချုပ်နိုင်ရန်အတွက် သူ့ကို ကူညီရန် လူသားမျိုးနွယ်များ ထားခဲ့ခြင်းဖြစ်သည်။ သူ၏ ဆရာပေးထားသော မျိုးနွယ်ခြားနှစ်ယောက်နှင့် မယှဉ်နိုင်သော်လည်း သူတို့က သတ္တမအလွှာ ဆင့်ကဲပြောင်းလဲသူများ ဖြစ်ကြသည်။

" ဟုတ်ကဲ့။ ကြယ်သခင်က ကျွန်တော်တို့နာမည်ကို မှတ်မိတာ ဂုဏ်ယူမိပါတယ်။ " ချွန်းပိုနှင့် ကျားလီတို့က ရိုသေစွာ ပြန်ပြောလိုက်ကြသည်။

" ကောင်းပြီ အားလုံးကို ပြန်လွှတ်လိုက်တော့။ " လင်းယွမ်က နောက်မှ ဆင့်ကဲပြောင်းလဲသူစစ်တပ်ကြီးကို ကြည့်လိုက်သည်။

" ဟုတ်ကဲ့။ " ချွန်းပိုက ခေါင်းညိမ့်ပြီး နောက်သို့ လှည့်ကာ ကြေညာလိုက်သည်။ " ကြယ်သခင်က မင်းတို့ကို ပြန်သွားဖို့ အမိန့်ပေးလိုက်ပြီ။ "

" ကြယ်သခင်ရဲ့ အမိန့်အတိုင်းပါ။ " ဆင့်ကဲပြောင်းလဲသူစစ်တပ်ကြီးက လျင်မြန်စွာ ဆုတ်ခွာသွားကြသည်။

All Chapters