နန်းယူ
Vol. 018 Ch. 1719
အရှေ့မြေရိုင်းဒေသ၊နယ်မြေတစ်ရာ၊နန်ဒူနိုင်ငံ၊အရှေ့ပင်လယ်...။
နက်ရွှေရောင်သိမ်းငှက်သည် အရှေ့ပင်လယ်ကို အတောင်ပံဖြန့်ကာ မြန်ဆန်စွာ ပျံသန်းနေ၏။
သိမ်းငှက်နက်၏ကျောပေါ်တွင်တော့ လူနှစ်ဦး ရှိသည်။ သူတို့ကား ရီဖူရှင်းနှင့် ဟွာဂျီယူဖြစ်သည်။
ရီဖူရှင်းသည် မြေရိုင်းပြည်နယ်မှသည် အရှေ့ပင်လယ်သို့အထိ ခရီးနှင်လာခြင်းဖြစ်သည်။ နောက်ဆုံးတွင် သူသည် ချင်းကျူမြို့သို့ ပြန်ရောက်လာ၏။
ယခင်နှစ်များကို ပြန်တွေးကြည့်လျှင် အရာအားလုံးက အိပ်မက်အလား ထင်မှတ်ရသည်။
သူတို့က အမြန်မလိုပေ။ မဟုတ်လျှင် ရီဖူရှင်း၏အဆင့်ဖြင့် ခဏချင်းအတွင်း ချင်းကျူမြို့သို့ ရောက်နိုင်၏။
သို့သော်လည်း သူက ထိုသို့မလုပ်ဘဲ ရေမြေရှုခင်းများကို အေးအေးဆေးဆေးကြည့်ရှုပြီးသာ ခရီးနှင်လာခဲ့ကြသည်။ သူကဟွာဂျီယူအား ယခင် အငွေ့အသက်ဟောင်းများကို ပြန်လည်ခံစားကြည့်စေလိုသည်။
ဟွာဂျီယူသည် လမ်းတစ်လျှောက်လုံးတွင် တိတ်ဆိတ်နေခဲ့သည်။ သူမ ဘာတွေးနေသည်ကို ရီဖူရှင်း မသိပေ။
သူက ဖေးရွှီကိုပင် ဟွာဂျီယူနှင့်ပတ်သက်၍ အကူအညီတောင်းခဲ့သေးသည်။ ဖေးရွှီ၏စွမ်းရည်ကို ရီဖူရှင်းတစ်ယောက်သာ သိသည်။ သို့သော်လည်း ဖေးရွှီ၏အဆိုအရ ဟွာဂျီယူ၏စိတ်ခံစားချက်များ မည်သို့မှ အပြောင်းအလဲ မရှိပေ။ သူမထံတွင် အချစ်၊အမုန်း မည်သည့်အရာမှ ရှိမနေ။
“ဒါက အရှေ့ပင်လယ်ပဲ။ အရင်တုန်းက ဆရာ၊ သိမ်းငှက်လေးနဲ့ ငါတို့က ချင်းကျူမြို့ကနေ ဒွန်ဟိုင်မြို့ကို ခရီးနှင်ခဲ့ကြတာပေါ့။ ပြီးတော့ နန်ဒူကလန်ကို သွားခဲ့ကြတယ်။ အဲဒီတုန်းက မင်းဟာ ဒွန်ဟိုင်ကျောင်းတော်မှာ လေ့ကျင့်နေတာ...” ရီဖူရှင်းက တီးတိုးပြောသည်။
လမ်းတစ်လျှောက်လုံးတွင် ရီဖူရှင်းသည် တစ်ခုရှင်းကို စိတ်ရှည်လက်ရှည် ရှင်းပြနေခဲ့ကာ ဟွာဂျီယူကလည်း မည်သို့မှ ပြန်မပြောဘဲ တိတ်ဆိတ်စွာ နားထောင်နေခဲ့သည်။
“ဒွန်ဟိုင်ကျောင်းတော်မှာ မင်းကိုငါ ပထမဆုံးတွေ့တဲ့အချိန်ကို ပြန်သတိရသေးတယ်။ စီဝေ့နန်းတော်မှာ မင်းကို နောက်ဆုံးတွေ့တုန်းကအချိန်ကိုလည်း သတိရတယ်...” ရီဖူရှင်းက ဟွာဂျီယူကို ကြည့်သည်။ သူမကား အမြဲတမ်းအားဖြင့် သူ၏ဟွာဂျီယူသာဖြစ်သည်။
ရီဖူရှင်းက ပြုံးကာ သူမ၏လက်ကို ဆွဲယူလိုက်သည်။
ဟွာဂျီယူ၏လက်ချောင်းများက အနည်းငယ် တုန်ယင်သွားသည်။ သူမက ငုံ့ကြည့်လျှင် ရီဖူရှင်းက သူ၏လက်နှစ်ဘက်လုံးဖြင့် သူမ၏လက်ဖဝါးကို ဆုပ်ကိုင်ထားသည်ကိုမြင်ရ၏။ သူမက ခေါင်းမော့ကာ လှပသော မျက်လုံးများဖြင့် ရီဖူရှင်းကို ကြည့်သည်။ ရီဖူရှင်းက ညင်သာစွာ ပြုံးလျှက်ပြောသည် “ဂျီယူ... မင်းက ဘယ်လိုပဲဖြစ်နေပါစေ အမြဲတမ်း ငါ့ဇနီးပါပဲ...”
ဟွာဂျီယူက အကြည့်ကို လွှဲလိုက်သည်။ ထို့နောက် သူမက အဝေးကို ကြည့်လိုက်၏။ သို့သော်လည်း ရီဖူရှင်း၏လက်များကိုမူ တွန်းဖယ်ရန် မကြိုးစားပေ။
“ဂျီယူ... ဆရာနဲ့ ဆရာကတော်ကို ငါတို့တွေ့တဲ့အခါ မင်းဟာ ဒဏ်ရာပြင်းပြင်းထန်ထန်ရခဲ့လို့ မှတ်ဉာဏ်ပျောက်ဆုံးသွားတယ်လို့ ငါရှင်းပြပေးပါ့မယ်။ မင်းက ဒါကို နားလည်တယ် ဟုတ်တယ်မလား...” ရီဖူရှင်းက ပြောသည်။
ဂျီယူကို ပြန်တွေ့ရလျှင် သူတို့ မည်မျှ ဝမ်းသာမည်နည်း။
ဟွာဂျီယူက နားလည်ဟန်ဖြင့် ခေါင်းညိတ်သည်။ ရီဖူရှင်းလည်း အနည်းငယ် စိတ်အေးသွား၏။
အရာအားလုံးက ယခင်နေ့ရက်များသို့ ပြန်ရောက်သွားသည့်အလား ရီဖူရှင်း ခံစားရသည်။ သူရောက်ဖူးသမျှနေရာများတွင် သည်ကျွန်းစုလေးသည်သာ သူ့အား အမှန်တကယ်သော အေးချမ်းမှုကို ပေးသည်။
ချင်းကျူမြို့ကလေးကား အလွန်အေးချမ်းလှသည်။
ချင်းကျူရေကန်၏အရှေ့အဆောင်ငယ်တစ်ခုတွင် လူတချို့စုဝေးနေကြ၏။ သူတို့အလယ်တွင်ကား လူနှစ်ယောက် စစ်တုရင် ကစားနေကြသည်။
တစ်ယောက်မှာ သတ်လတ်ပိုင်းလူကြီးဖြစ်ပြီး အဖြူရောင်ဝတ်စုံကို ဝတ်ထားသည်။ အရွယ်က အနည်းငယ်ရင့်နေသော်လည်း မျက်နှာအနေအထားအရ ငယ်ရွယ်စဉ်က အလွန်ချောမောခဲ့မည်မှာ အသေအချာ။
နောက်ပိုင်းနှစ်များအတွင်း ဟွာဖန်းလူသည် စစ်တုရင်ကို ခုံမင်စွာ ကစားခဲ့သည်။
သူတို့ကစားနေသည်ကို လူအများအပြားက လာရောက်ကြည့်ရှုကြ၏။
ထိုအခိုက်တွင် လူအုပ်အနီးသို့ လူငယ်နှစ်ယောက် ရောက်လာ၏။ သူတို့က စစ်တုရင်ပွဲကို တိတ်ဆိတ်စွာ ကြည့်နေကြသည်။
သို့တိုင်အောင် သူတို့နှစ်ယောက်၏ကိုယ်ရောင်ကိုယ်ဝါက လူအများ သတိမထားမိဘဲ မနေအောင် ကောင်းမွန်လှ၏။ အထူးသဖြင့် သူတို့သည် အလွန်ချောမောကာ လိုက်ဖက်သော စုံတွဲတစ်ခု မဟုတ်ပါလား။
“ကောင်လေး... မင်း စစ်တုရင်ကို နားလည်လား..” ဘေးမှ အဘိုးအိုတစ်ဦးက သူ့အား မေးသည်။
“နည်းနည်း...” ရီဖူရှင်းက ပြုံးလျှက်ခေါင်းညိတ်သည်။
“သူ့ရဲ့စစ်တုရင်စွမ်းရည် ဘယ်လိုနေလဲ...” အဘိုးအိုက ဟွာဖန်းလူကို လက်ညိုးထိုးပြသည်။
“သိပ်မကောင်းဘူး...” ရီဖူရှင်းက ပြုံးလျှက် ပြောသည်။
“ဟ... မင်းက ယုံကြည်ချက်ရှိလှချည်လား..” အဘိုးအိုက ပြုံးလျှက်ပြောသည် “ဒီပွဲပြီးရင် မင်းသူ့ကို စိန်ခေါ်သင့်တယ်...”
သည်မြို့တွင် မည်သူမှ ဟွာဖန်းလူကို စစ်တုရင်၌ မယှဉ်နိုင်ပေ။ ထို့ကြောင့် ရီဖူရှင်း၏ပြောစကားကို အဘိုးအိုက ဟာသတစ်ခုအနေဖြင့်သာ မှတ်ယူ၏။
“ကျုပ် သွားစရာတစ်ခုရှိသေးတယ်... ဒီပွဲကို ဒီမှာ ရပ်တာပေါ့...” ဟွာဖန်းလူရှေ့မှ လူက စစ်တုရင်ကစားပွဲကို လက်ဖြင့် ဖယ်လိုက်ကာ ပြောသည်။ အရုပ်များက တကွဲတပြား ပျံ့ကျဲသွား၏။ အားလုံးက ရယ်မောလိုက်ကြသည်။ ထိုသူရှုံးနိမ့်သွားသည်ကို လူတိုင်းက နားလည်ကြ၏။
“ကောင်လေး... သွားကစားကြည့်ပါလား...” အဘိုးအိုက ရီဖူရှင်းကို တိုက်တွန်းသည်။
“သေချာတာပေါ့...” ရီဖူရှင်းက ပြုံးလျှက်ပြောသည် “ခက်တာက ကျွန်တော် သူ့ကို အနိုင်မကစားရဲတာပဲ...”
သည်မတိုင်ခင်က ဟွာဖန်းလူ၏အာရုံက စစ်တုရင်ပွဲထဲ ရောက်နေသည်။ သည်နှစ်များအတွင်း သူသည် ကျင့်ကြံခြင်းတွင်ပင် စိတ်မဝင်စားတော့ဘဲ အရာအားလုံးကို လျစ်လျူရှုထားခဲ့သည်။
သို့သော်လည်း ထိုအခိုက်တွင်သူက ရင်းနှီးသော အသံကို သတိထားမိလိုက်၏။
ခေါင်းမော့ကာ လူအုပ်ထဲကို လှမ်းကြည့်လိုက်လျှင် သူက အံ့အားသင့်သွား၏။ ထို့နောက် ပြုံးကာ ပြောသည် “မင်းလာစရာအကြောင်းမရှိဘဲ ဘာလို့ ရောက်လာတာလဲ...”
“ကျွန်တော်သာ ရောက်မလာရင် မကြာခင် ဆရာ့ကို မေ့သွားတော့မှာပေါ့...” ရီဖူရှင်းက အရွှမ်းဖောက်ကာ ပြောသည်။
“မေ့သင့်တဲ့အရာတွေက ပြန်မမှတ်မိတာကောင်းပါတယ်လေ။ ငါက မင်းကို တပည့်အနေနဲ့ သိပ်ဂရုစိုက်တာမှ မဟုတ်တာ...” ဟွာဖန်းလူက တည်ငြိမ်စွာ ပြောသည်။ သို့သော်လည်း ဤသည်ကပင် ဟွာဖန်းလူ၏ပုံစံဖြစ်သည်ကို ရီဖူရှင်းသိ၏။
ရီဖူရှင်းက ပြုံးနေသော်လည်း သူ့စိတ်ထဲတွင်ကား မကောင်း။ ဟွာဖန်းလူ၏ခေါင်းတွင် ဆံပင်ဖြူများ ပိုများလာနေသည်။
“ဆရာ... သူ ဘယ်သူလဲ ကြည့်ပါဦး...” ရီဖူရှင်းက ဘေးကို ဖယ်လိုက်သည်။ လူအုပ်ထဲတွင် အလွန်လှပသော အမျိုးသမီးတစ်ဦး ငြိမ်သက်စွာ ရပ်နေ၏။
ဟွာဖန်းလူ ကျက်သေသေသွားသည်။ သူ့မျက်လုံးများ တခဏချင်းအတွင်း နီရဲလာ၏။
“ဂျီယူ...” ဟွာဖန်းလူက ထရပ်ကာ ဟွာဂျီယူရှေ့ကို လျှောက်လာခဲ့သည်။ သူက လက်ကို တုန်ယင်စွာ ဆန့်တန်းလိုက်၏။ သူ့လက်ချောင်းများက သူမ၏ဆံပင်များ၊ ပါးပြင်များကို ထိတွေ့သည်။ သူက အစစ်အမှန်လား၊ အတုအယောင်လား သိလို၏။
ထိုမြင်ကွင်းကို ကြည့်ကာ ရီဖူရှင်းက ပို၍ စိတ်မကောင်ဖြစ်ရသည်။ ဟွာဂျီယူကား ပြန်ရောက်လာသော်လည်း သူမ၏မှတ်ဉာဏ်က ပြန်ပါမလာ။
“ဂျီယူ... ဘာဖြစ်နေတာလဲ...” ဟွာဖန်းလူက ဂျီယူ၏ထူးမခြားနားသော ဟန်ပင်ကို သတိထားမိသည်။ သူမကားထိုနေရာတွင် ကျောက်ရုပ်ကဲ့သို့ မတုန်မလှုပ်ရပ်နေ၏။
“ဆရာ... ဂျီယူက အဲဒီတုန်းက ဒဏ်ရာပြင်းပြင်းထန်ထန်ရပြီးတော့ အားလုံးကို မော့လျော့သွားခဲ့တယ်။ ဒါပေမဲ့ နောက်ပိုင်း ပြန်ကောင်းလာမှာပါ” ရီဖူရှင်းက ပြောသည်။
ဟွာဖန်းလူက အံ့အားသင့်သွားသည်။ အတိတ်မေ့ခြင်းလား...။
ထို့နောက် သူက ဟွာဂျီယူကို ထပ်ကြည့်ကာ ပြောသည် “သူမက အသက်ရှင်နေသေးတာပဲ ကံကောင်းလှပါပြီ...”
“ဂျီယူ... အဖေ့ကို မမှတ်မိတော့ဘူးလား...” ဟွာဖန်းလူက မျှော်လင့်ချက်အနည်းငယ်မျှဖြင့် ထပ်မေးသည်။
ဟွာဂျီယူက သူ့အား တိတ်ဆိတ်စွာ ကြည့်နေဆဲပင်။ ဤတွင် ဟွာဖန်းလူလည်း အခြေအနေကို သဘောပေါက်လိုက်သည်။
“အိမ်ပြန်ပြီး သမီးအမေကို သွားတွေ့ရအောင်...” ဟွာဖန်းလူက သူမအား နန်ဒူဝမ်ရန်ထံသို့ မြန်မြန်ဆန်ဆန် ခေါ်သွားလိုသည်။
“အင်း...” ဟွာဂျီယူက ခေါင်းညိတ်သည်။ လမ်းတွင် ရီဖူရှင်းက သူမကို ရှင်းပြထားပြီးဖြစ်ရာ ဟွာဂျီယူက ထိုအကြံကို မငြင်းပေ။
“သွားရအောင်...” ရီဖူရှင်းက ဟွာဂျီယူ၏လက်ကို ကိုင်ဆွဲကာ ဟွာဖန်းလူနောက်မှ လိုက်ပါသွားခဲ့သည်။
“အဲဒါ ဖန်းလူ တပည့်လား... “ အဘိုးအိုတစ်ယောက်က မေးသည်။ ရီဖူရှင်းကား ချင်းကျူမြို့တွင် မသိသူမရှိအောင် နာမည်ကျော်ကြားပေသည်။
“အာ.. သူပြန်လာပြီပဲ။ ချောလိုက်တာ...” မိန်းကလေးတစ်ယောက်က ပြောသည်။
ဟွာဖန်းလူ၊ ရီဖူရှင်းနှင့် ဟွာဂျီယူတို့ ခြံဝင်းငယ်တစ်ခုသို့ ရောက်လာသည်။ သူတို့အတွင်းသို့ မဝင်ခင်တွင်ပင် ဟွာဖန်းလူက ခေါ်လိုက်သည် “ဝမ်ရန်... ဘယ်သူရောက်လာလဲ ထွက်ကြည့်ပါဦး...”
သူတို့ ခြံထဲကို မဝင်မှီတွင်ပင် အိမ်လေးထဲမှ လူနှစ်ယောက် ထွက်လာသည်။
နန်ဒူဝမ်ရန်ကား မျက်နှာတွင်ပြုံးနေသည်။ သို့သော်လည်း ရီဖူရှင်းနှင့် ဟွာဂျီယူတို့ကိုမြင်လျှင် သူမ ကျောက်ရုပ်အလား ရပ်တန့်သွား၏။
“ဂျီယူ...” နန်ဒူဝမ်ရန်က တုန်ယီသော အသံဖြင့် ခေါ်သည်။ ချက်ချင်းပင် သူမ၏မျက်လုံးများမှ မျက်ရည်များ စီးကျလာလေသည်။
“ဖေဖေ...” ဆည်းလည်းသံအလား ခေါ်သံလေးတစ်ခုထွက်လာသည်။ နန်ဒူဝမ်ရန်၏ဘေးမှ ချစ်စရာကလေးမလေးတစ်ဦးသည် ဟွာဖန်းလူထံသို့ ပြေးသွားကာ သူ၏လက်ကို ဆွဲလိုက်သည်။
သူမလေးကား အသက် ၆နှစ်အရွယ်ခန့်ရှိကာ နတ်သမီးပုံပြင်များထဲမှ ကလေးများလို ချစ်စရာကောင်းကာ လှပလွန်းပေသည်။ မြင်သူတိုင်းက သူမအား ချစ်ခင်စေမည့် မျက်နှာလေးကို ပိုင်ဆိုင်၏။
ရီဖူရှင်းက ဆရာကတော်ဟု လှမ်းခေါ်မည်ပြုပြီးမှ ကလေးမလေးကို မြင်သည်။
သူမလေးထံမှ ဂျီယူ၏အငွေ့အသက်များကို သူခံစားရသည်။ ဂျီယူငယ်စဉ်ကလည်း ကလေးမလေးနှင့် အလွန်တူလှ၏။
မိန်းကလေးက ဟွာဖန်းလူ၏လက်ကို ဆွဲကာ ရီဖူရှင်းတို့အား ကြည့်လျှက် မေးသည် “ဖေဖေ... ဒီမမက အရမ်းလှတာပဲ...”
ဟွာဖန်းလူက ထိုစကားကိုကြားလျှင် မျက်ရည်များပင် ဝဲလာသည်။
သူ့သမီးငယ်က သူမ၏အစ်မကိုပင် မသိပေ။
ရီဖူရှင်းက ဒူးထောက်ထိုင်လိုက်ကာ ကလေးမလေး၏မျက်နှာကို အသာအယာ ထိတွေ့လိုက်သည်။
“ညီမလေးရဲ့နာမည် ဘယ်လိုခေါ်လဲ...” ရီဖူရှင်းက တီးတိုးမေးသည်။
“ဟွာနန်းယူ...” မိန်းကလေးက ရီဖူရှင်းကို စိတ်ဝင်တစားကြည့်ကာ အသံသေးသေးဖြင့် ပြန်ဖြေသည်။
ထိုအခိုက်တွင် ရီဖူရှင်းသည် စိတ်မထိန်းနိုင်တော့ဘဲ မျက်ရည်များပင် စီးကျလာတော့သည်။
နန်းယူ...။ မည်မျှ လှလိုက်သော နာမည်နည်း။
သို့သော်လည်း ထိုနာမည်က သူ့နှလုံးသားကို ကြေကွဲစေသည်။
ဆရာနှင့် ဆရာကတော်တို့ ထိုခက်ခဲသော နှစ်ကာလများကို မည်သို့ ကျော်ဖြတ်ခဲ့သနည်း။
***