အံ့ဖွယ်စွမ်းအား
Vol. 27 Ch. 392
"ဒါကို ကျုပ်ကိုယ်တိုင်တီထွင်ထားတဲ့ ပညာရပ်တစ်ခုလို့ တွေးရင်လည်းရပါတယ်"
လုယန် ဆက်မရှင်းပြတော့။ ရှင်းလေရှုပ်လေဖြစ်လာလိမ့်မည်။
အကြီးအကဲကလည်း ထပ်မမေးပါ။ တစ်ကြိမ်ကြည့်ရုံဖြင့် လုယန်လိုအပ်သည့်ဆေးလုံးအတွက် ဆေးပစ္စည်းများကို အလွယ်တကူ တွက်ချက်စဉ်းစားနိုင်သည်။ ခေါင်းတစ်ချက်ငြိမ့်၍
"ငါ့ကိုအချိန်ခဏပေးပါ။ ဆေးလုံးသန့်စင်ပေးမယ်"
ဘီးနှင့်တူသည့် ပစ္စည်းတစ်ခုကိုင်၍ စင်များပေါ်တင်ထားသည့် ဆေးစ္စည်းမျိုးစုံကို အလေးချိန်ပင် မချိန်ဘဲ ဖျတ်ခနဲဖျတ်ခနဲ ဆွဲစုသည်။ ဆေးပစ္စည်းစင်များကို တစ်ပတ်ပတ်လျှောက်ပြီးနောက် ဘီးထဲတွင် ဆေးပစ္စည်းများပြည့်သွားသည်။ အသုံးပြုမည့်အစီအစဉ်အတိုင်း ငါးပုံပုံသည်။
ထို့နောက် ခြေတစ်ချက်ဆောင့်လိုက်သည်။ မီးတောက်တစ်ချို့ ထိုးထွက်လာသည်။ မီးတောက်များက ကြာပွင့်ပုံဆက်သွယ်ထားပြီး အရောင်ဖြာထွက်နေသည်။
"ဒါတွေအားလုံး မီးတောက်စစ်တွေလား"
လုယန် အံ့အားသင့်သွားသည်။ စတုတ္ထအကြီးအကဲစုဆောင်းထားသည့် မီးတောက်စစ်များကို ပြေးမြင်မိသည်။
'အကြီးအကဲကျိုးရှင်းက သူ့မီးတောက်စစ်တွေကို အပြင်လောကနေရာစုံကနေ ခက်ခက်ခဲခဲစုစည်းထားတာလို့ပြောတယ်။တာအိုလမ်းစဉ်ဂိုဏ်းမှာ တပည့်တွေကို အပြင်လောကထဲလွှတ်ပြီး မီးတောက်စစ်စုဆောင်းခိုင်းတဲ့ အစဉ်အလာတစ်ခုများ ရျိသလား"
လုယန်အကြည့်ကို သတိထားမိသဖြင့် သတ္တမအကြီးအကဲက ရှင်းပြသည်။
"ဒီမီးတောက်စစ်တွေကို စုတုတ္ထအကိုဆီကနေ ငါအလစ်သုတ်လာတာကွ"
လုယန် "..."
အကြီးအကဲ မီးဖိုကို အပူပေးသည်။ မီးတောက်သုံးမျိုး သုံးချောင်းထောက်ကြေးအိုးအောက်သို့ စီးဝင်သွားပြီး ပြင်းထန်သည့်မီးတောက်တစ်ခုဖြစ်လာသည်။ ကြေးအိုးအောက်ခြေ နီရဲလာသည်။ ခပ်လှမ်းလှမ်းမှကြည့်နေသည့်လုယန်ပင် မီးတောက်စစ်သုံးမျိုး၏အပူလှိုင်းများကို ခံစားနေရသည်။
ဆေးပစ္စည်းငါးပုံကို ကြေးအိုးထဲသို့ အစဉ်အတိုင်း အချိန်ခြား၍ထည့်သည်။ စေးပျစ်သည့်အရည်တစ်ခုအဖြစ် ပျော်ကျသွားသည်။ မွှေးပျံ့သည့်ရနံ့ထွက်လာသည်။ ထိုဆေးနံ့ရှူရှိုက်ရုံဖြင့် မသေမျိုးအဆင့်သို့ တက်သွားတော့မလို လုယန်ခံစားရသည်။
ဆေးရည်ထဲမှ အနက်ရောင်အရည်လုံးလေးတစ်ခု ပျံတက်လာသည်။ ဆေးပစ္စည်းများထပ်ပေါင်းထည့်လေ ထိုအနက်ရောင်အလုံး၏ အရွယ်စားကြီးမားလာလေဖြစ်သည်။ အရောင်ကလည်း အနက်မှ အစိမ်းသို့ တဖြေးဖြေးပြောင်းသွားသည်။ ဆေးနံ့ကတော့ မပြောင်းလဲ။
အကြီးအကဲ လက်ဝါးနှစ်ခုကို ပူးရိုက်လိုက်သည်။ ဘုန်းခနဲအသံတစ်ချက်ထွက်လာပြီး ကြေးအိုးအဖုံး အံကျပိတ်သွားသည်။ ဆေးရည်ဘယ်လိုအသွင်ပြောင်းသည်ကို လုယန်မမြင်ရတော့။ သို့သော် လေထဲမှဆေးနံ့က တဖြေးဖြေးပိုစူးရှလာသည်။
"အတော်အံ့ဩစရာကောင်းတဲ့ ဆေးဖော်နည်းပဲ။ ပိုလျှံနေတဲ့ ဆေးပစ္စည်းတွေကိုလည်း တစ်ခြားဆေးလုံးတွေ သန့်စင်လို့ရသေတယ်။ ဒီဆေးလုံးတွေရဲ့အဆင့်က မနိမ့်လှဘူး"
နတ်မယ်က တအံ့တဩ မှတ်ချက်ပေးသည်။ သူမြင်ဖူးသမျှစုစည်းခြင်းအဆင့် စွမ်းအားရှင်များကြားတွင် သတ္တမအကြီးအကဲလောက်ကျွမ်းကျင်သူ တစ်ယောက်မှမရှိ။
"ဖွင့်မယ်"
အကြီးအကဲ အော်ဟစ်လိုက်သည်။ ကြေးအိုးက ဝုန်းခနဲပွင့်သွားသည်။ ဆေးသန္ဓေမြူငွေ့များဝန်းရံနေသည့် ဆေးလုံးတစ်ချို့ ပျံထွက်လာပြီး ကြိုတင်ပြင်ဆင်ထားသည့် ရွှေလင်ဗန်းပေါ် တဖျောက်ဖျောက်ကျလာသည်။
"ဒါက မင်းရဲ့ခန္ဓာကိုယ်ဗီဇစွမ်းရည်နဲ့ မှော်ပညာသုံးတဲ့နည်းလမ်းပေါ် အခြေခံပြီး ငါချက်ချင်းသန့်စင်ခဲ့တဲ့ ဆေးလုံးပဲ။ ယန်အားဖြည့်ဆေးလို့ခေါ်တယ်။ အာနိသင်ဘယ်လောက်ရှိမလဲတော့ ငါသေချာမပြောတတ်ဘူး။ မင်းစမ်းကြည့်လိုက်ပါလား"
လုယန်ကို ဆေးတစ်လုံးပစ်ပေးသည်။
လုယန် အပြင်ထွက်သည်။ ယန်အားဖြည့်ဆေးကို ပါးစပ်ထဲထည့်၍ ဝိညာဉ်စွမ်းအားလည်ပတ်ပြီး ရွာလက်ဝါးမှော်ပညာ အသက်သွင်းလိုက်သည်။
ရုတ်တရက် ကောင်းကင်အမှောင်ကျသွားပြီး ရွာတစ်ရွာစာလက်ဝါးရိပ်ကြီးတစ်ခု ဆင်းလသည်။ သူ့ဝိညာဉ်စွမ်းအား လျင်မြန်စွာလျော့ပါးသွားသည်။ အရင်စမ်းသပ်ခဲ့စဉ်က ထိုအချိန်ဆိုလျှင် လက်ဝါးရိပ်ပျောက်ကွယ်သွားပြီးဖြစ်မည်။ သို့သော်ယခု ယန်အားဖြည့်ဆေးလုံးက ပူနွေးသည့်စွမ်းအင်စီးကြောင်းအဖြစ် ပြောင်းလဲပြီး ကုန်ခမ်းသွားသည့် စွမ်းအားကို အချိန်မီပြန်ဖြည့်ပေးသည်။ လက်ဝါးရိပ် အောက်သို့ဆက်ကျလာသည်။
"ဘုန်း"
ပြင်းထန်သည့်လက်ဝါးရိုက်ချက်ကြောင့် အားလှိုင်းတစ်ခု ဖြစ်ပါ်လာပြီး ဖုန်မှုန်များ လွင့်ပျံတက်လာသည်။ လုယန်ကိုယ်တိုင်ပင် ထိုအားအရှိန်ကြောင့် လွင့်ထွက်မတတ်ဖြစ်သွားသည်။
ထိုအားလှိုင်းက စွမ်းအားအကြွင်းအကျန် ဂယက်လှိုင်းသာဖြစ်သည်။
လူတစ်ယောက် ထိုလက်ဝါးအောက်တည့်တည့်ရပ်နေလျှင် ဘယ်လောက်ထိခိုက်သွားမည်ကို စိတ်ကူးကြည့်၍ပင်မရ။
မြေပြင်တွင် ကြီးမားသည့်လက်ဝါးရာတစ်ခု ကျန်ခဲ့သည်။ သို့သော် ဆေးအိုးတောင်၏ ဝိညာဉ်စွမ်းအင်သဘာဝကြောင့် မြေသားများ တဖြေးဖြေးသူ့ဘာသာပြန်ပြည့်သွားသည်။
လုယန် ပင်ပန်းနွမ်းနယ်နေသည်။ အာခေါင်ခြောက်နေသည်။ သို့သော် သူမျက်နှာတွင် အပြုံးတစ်ခုရှိနေသည်။
ရွာလက်ဝါးပညာကို အပြည့်အဝထုတ်သုံးနိုင်ခဲ့ပြီဖြစ်သည်။ စွမ်းအားကလည်း သူထင်ထားသည်ထက် ပိုပြင်းထန်သည်။
အနီးတွင်ရပ်နေသည့် အကြီးအကဲလည်း သူ့ဖော်စပ်ပေးသည့်ဆေးအတွက် ကျေနပ်နေသည်။
"ငါထင်တဲ့အတိုင်းပဲ။ ဆေးတစ်လုံးဟာ မင်းပညာကို တစ်ကြိမ်သုံးဖို့အတွက် ဝိညာဉ်စွမ်းအားကွက်တိပါပဲ။ ဒီထက်စွမ်းအားပိုများရင်လည်း မင်းခန္ဓာကိုယ်က ခံနိုင်ရည်ရှိမှာမဟုတ်ဘူး။
ဒီလက်ဝါးချက်ကို...ရွှေသန္ဓေအဆင့်မှာဆိုရင် ငါတောင်မခုခံနိုင်လောက်ဘူး"
အကြီးအကဲက ကျန်နေသည့်ယန်အားဖြည့်ဆေးများကို ဆေးဘူးထဲသို့ထည့်သည်။ တစ်ခြားဆေးဘူးများနှင့် မမှားစေရန် နာမည်တပ်ပြီး လုယန်ဆီ ပစ်ပေးလိုက်သည်။
ရွှေလင်ဗန်းထဲတွင် အစိမ်းရောင်ဆေးနှစ်လုံးကျန်သေးသည်။ အကြီးအကဲက ဆေးလုံးများကိုကောက်ကိုင်၍ ပြောသည်။
"ဒီဆေးနှစ်လုံးကိုတော့ မင်းရဲ့ဆေးလုံးအတွက် မလိုအပ်တော့တဲ့ ဆေးပစ္စည်းတွေနဲ့လုပ်ထားတာ။ ဒါတွေသောက်လိုက်ရင် ခုနစ်ရက်အတွင်း မင်းရဲ့အူတွေပုပ်ဆွေးသွားလိမ့်မယ်။ မင်းဝိညာဉ်ကြေမွသွားလိမ့်မယ်။ စမ်းကြည့်ချင်လား"
လုယန် ချက်ချင်းခေါင်းခါသည်။ တုံဆိုင်းနေဖို့ပင် ကြောက်သည်။
"ဆေးခုနစ်လုံး။ ပြီးတော့ ခုနကသောက်လိုက်တာတစ်လုံးနဲ့ဆို ဆေးကိုးလုံးပေါ့။ ဟန်ကျတာပဲ။ ရွာလက်ဝါးပညာသုံးဖို့ ဒီဆေးလုံးတွေကိုပဲ အားကိုးရမှာ"
"တကယ်တာ့ ရွာလက်ဝါးပညာဆိုတာ တိုက်ခိုက်ရေးပညာသက်သက်မဟုတ်ပါဘူး"
နတ်မယ်က သိစိတ်အာရုံမှ လှမ်းပြောသည်။
"ဘာကိုဆိုလိုတာလဲ"
"ရွာလက်ဝါးပညာဟာ လေဟာနယ်ပညာတစ်ခုပဲ။ လက်ဝါးထဲမှာ ရွာတစ်ရွာစာနေရာ ထည့်ထားတဲ့သဘောပေါ့။ ပစ္စည်းတွေထည့်ဖို့ သုံးလို့ရတယ်။ လူတွေကိုထည့်ထားဖို့တောင် သုံးလိူ့ရတယ်"
စကြာဝဠာလက်ဝါးပညာတွင် လက်ဝါးပြင် ကောင်းကင်တမျှကျယ်ပြန့်လာသည်ဆိုသည်မှာ တင်စားပြောရုံသက်သက်မဟုတ်။ အမှန်တကယ် အဆုံးစမဲ့လေဟာနယ်တစ်ခု ဖန်တီးခြင်းဖြစ်သည်။
"ဒါက တကယ်ရောဖြစ်နိုင်လို့လား"
လုယန် အံ့အားသင့်သွားသည်။ ပစ္စည်းသိုလှောင်ဖို့သုံးသည်ကို လက်ခံနိုင်ပါသည်။ မှော်လက်စွပ်အတော်များများကိုလည်း ထိုသို့အသုံးပြုနိုင်သည်။ အသက်ရှိလူများကိုထည့်ဖို့က ပိုခက်ခဲသည်။ အထူးတလည်ဖန်တီးထားသည့် မှော်လက်စွပ်များလိုအပ်သည်။ အများအားဖြင့် သားရဲလေ့ကျင့်သည့် ကျင့်ကြံသူများ သုံးလေ့ရှိသည်။
"အရင်ဆုံး ပစ္စည်းသိုလှောင်နိုင်စွမ်းကို စစ်ဆေးကြည့်ရမယ်"
ချင်ဖုန်းဓားနှင့်ငရဲလဓားကို ကျောက်စိမ်းတံဆိပ်ထဲမှ ဆွဲထုတ်သည်။ လက်ဖဝါးကို အသာအယာလှုပ်ရှားလိုက်သည်။ ဒဏ္ဍာရီဓားနှစ်လက် ချက်ချင်းပျောက်ကွယ်သွားသည်။
လက်ဝါးကိုဖြန့်ကြည့်လိုက်သည်။ သေးငယ်သည့်လေဟာနယ်ထဲတွင် ဓားနှစ်လက်က သာမန်မျက်လုံးနှင့်မမြင်နိုင်သည့် အရွယ်အစားထိ ကျုံ့ဝင်နေသည်။ လက်ဝါးလေဟာနယ်ထဲတွင် ဘေးကင်းစွာရှိနေသည်။
"ပစ္စည်းသိုလှောင်ထားဖို့ဆိုရင် ရွာလက်ဝါးမှော်ပညာကို ဆက်တိုက်သုံးနေဖို့လိုမယ်။ ဒီလိုသုံးဖို့လောက်တော့ စွမ်းအင်သိပ်မကုန်ဘူး။ မဟာအားဖြည့်ဆေးတောင် သုံးစရာမလိုပဲ ဆယ့်ငါးမိနစ်လောက်တော့ မှော်စွမ်းအားကို ငါဆက်တိုက်အသက်သွင်းထားနိုင်တာပဲ"
ဝိညာဉ်စွမ်းအားသုံးစွဲနှုန်းကို လုယန်အကဲဖြတ်သည်။
ကောင်းကင်ဂိတ်တောင်ထိပ်တွင် လှည့်ပတ်လျှောက်သွား၍ သူပညာအစွမ်းကို စမ်းသပ်သည်။ ကျောက်တုံးကြီးများ သစ်ကိုင်းများ သစ်သီးများကို စုပ်ယူသည်။ ထိသည့်ပစ္စည်းမှန်သမျှ သူ့လက်ဝါးလေဟာနယ်ထဲ ရောက်သွားသည်။ ထိုသို့လုပ်ရသည်ကို သူအတော်ပျော်နေသည်။
"ဒါပေမယ့် လူတွေကိုထည့်ထားလို့ရမရ ဘယ်လိုစမ်းသပ်မလဲ"
လုယန် ဘေးပတ်လည်ကို မျက်လုံးဝေ့ကြည့်သည်။ ကောင်းကင်ဂိတ်တောင်ထိပ်တွင် တစ်ခြားအရာဝတ္ထုများရှိသော်လည်း လူတော့မရှိ။
ဂိုဏ်းတူအကိုအမ တစ်ယောက်ယောက်ကို သွားဆွဲပြီး စမ်းသပ်၍လည်းမဖြစ်။
"အဲ...ဟုတ်ပြီ"
လုယန် တောင်ပေါ်မှဆင်းသည်။ ရနံ့တစ်ရာနန်းတော် စားသောက်ဆိုင်သို့သွားသည်။ မီးဖိုချောင်မှ ဘဲတစ်ကောင်ဝယ်သည်။
"ဒီဘဲနဲ့ စမ်းသပ်ရမယ်"
ဘဲကို လက်ဝါးထဲသို့ စုပ်ယူလိုက်သည်။ သူ့လက်ချောင်းကို ဆိတ်နေခဲ့သည့်ဘဲက လေဟာနယ်ထဲသို့ ပျောက်ကွယ်သွားသည်။
လက်ဝါးလေဟာနယ်တွင် ခုန်ဆွခုန်ဆွလုပ်နေသည့်ဘဲကိုကြည့်၍ လုယန်စဉ်းစားသည်။
"ဘဲနဲ့အဆင်ပြေရင် လူတွေနဲ့လည်း အဆင်ပြေလောက်ပါတယ်။
...ဒါဆို ငါ့ကိုယ်တိုင်ရော အထဲကိုဝင်လို့အဆင်ပြေလောက်သလား"
လုယန် သူ့လက်ကိုစိုက်ကြည့်နေသည်။ စမ်းကြည့်ချင်စိတ်များ တားမနိုင်ဆီးမရ ပေါ်လာသည်။
"မသေမျိုးလမ်းစဉ်ဟာ စိန်ခေါ်မှုတွေပြည့်နေတဲ့ ခရီးတစ်ခုပဲ။ ကျင့်ကြံသူဆိုတာ ကိုယ်ပိုင်စမ်းသပ်မှုတွေ လုပ်ရဲရမယ်။ ငါဘာလို့ကြောက်နေရမှာလဲ"
နတ်မယ်သတိပေးရန် ပြင်နေစဉ်မှာပင် လုယန်က သူ့နဖူးသူ လက်ဝါးဖြင့်ရိုက်ချလိုက်သည်။
....
သွေးကပ်ဆိုး၏ ဘဝဇာတ်ကြောင်းများကို နားထောင်ပြီးနောက် ယွမ်ကျိ အကျဉ်းထောင်မှ ထွက်လာသည်။
အကျဉ်းထောင်တောင်ထိပ်တွင် လဝက်ကျော်ကြာခဲ့သဖြင့် သူ့ဂျူနီယာရှောင်လု လုံလစိုက်၍ ကျင့်ကြံနေခြင်းရှိမရှိ သိလိုသည်။
မဟာကပ်တဖြေးဖြေးချဉ်းကပ်လာပြီဖြစ်၍ အင်အားစုအားလုံး ထကြွလှုပ်ရှားနေသည်။ ကျင့်စဉ်စွမ်းအား မြန်မြန်တိုးတက်အောင်လုပ်ဖို့ အရေးအကြီးဆုံးဖြစ်သည်။
သူ့ဂျူနီယာရှောင်လုသည် ဆင်ခြင်ဉာဏ်ရှိသည်။ ရင့်ကျက်သည်။ ခေတ်ကာလအခြေအနေကို ကောင်းကောင်းနားလည်သည်။ ကျင့်ကြံမှုကို အာရုံစိုက်နေလောက်သည်ဟု သူထင်သည်။
သို့သော် ကောင်ကင်ဂိတ်တောင်ထိပ်သို့ရောက်ချိန်တွင် လုယန်လုံးဝပျောက်နေသည်။ လက်ပြတ်တစ်ခုသာ တွေ့ရသည်။
ထိုလက်ပြတ်တွင် လက်မောင်းကို လက်ဝါးက စုပ်ယူနေသည်။ သို့သော် လက်မောင်းတည်ဆောက်ပုံအနေအထားကြောင့် အခက်တွေ့နေဟန်ရှိသည်။
လက်မောင်းနှင့်လက်ဝါး ချာလပတ်ရမ်းလျက် လေထဲတွင် တဝီဝီလည်နေသည်။
ယွမ်ကျိ - "..."
ဘယ်လိုကျင့်စဉ်ပညာမျိုးလဲမသိ။
*****************************