သက်ဝင်လှုပ်ရှားသည့်ည
Vol. 27 Ch. 397
"လောင်ပါးအာရဲ့ ကံကြမ္မာကို ငါမယှဉ်နိုင်ဘူးဆိုတာ ဘာစကားလဲကွ။ တန်ပြန်ကျိန်စာဆိုတာကရော ဘာလဲ"
ချိုးကျင်အန်း တစ်ခုခုမူမမှန်ဟု ခံစားလိုက်ရသည်။ ဤလက်သီးပညာနှင့်ပတ်သက်၍ သူမသိသေးသည့်အကြောင်းများ ရှိနေပုံရသည်။
မုန်ကျင်းကျိုး ကျောရိုးထဲမှ စိမ့်တက်လာသည်။ သူတို့နှစ်ယောက် အကြီးအကျယ်ဒုက္ခရောက်သွားပြီဖြစ်သည်။ သူရှင်းပြလိုက်သည်။
"ကျုပ်ကို ဥပမာတွေးကြည့်ပါ။ ရွှေသန္ဓေအဆင့်ကျင့်ကြံသူတွေအပေါ် ဒီလက်သီးပညာသုံးလို့ရတယ်။ တစ်ချို့အခြေအနေတွေမှာ နတ်ဝိညာဉ်အဆင့်တွေကို တိုက်ခိုက်လို့ရနိုင်တယ်။
ဒါပေမယ့် ဝိညာဉ်ပြောင်းကျင့်ကြံသူတွေကို တိုက်ခိုက်လို့မရဘူး။ ဘာလို့လဲဆိုတော့ သူတို့က ကျုပ်ထက်စွမ်းအားကြီးလို့။ သူတို့စွမ်းအားကို ကျုပ်မလွှမ်းမိုးနိုင်ဘူး။
ပြီးတော့ ဝိညာဉ်ပြောင်းအဆင့်တစ်ယောက်နဲ့ မေတ္တာမျှနေတဲ့ ရွှေသန္ဓေကျင့်ကြံသူတစ်ယောက်ကိုလည်း ဒီလက်သီးနဲ့တိုက်ခိုက်လို့မရဘူး။ အဲဒါက ဝိညာဉ်ပြောင်းအဆင့်ကျင့်ကြံသူကို တိုက်ရိုက်တိုက်ခိုက်တဲ့သဘောမျိုးဖြစ်သွားတယ်"
မုန်ကျင်းကျိုး လီဟော်ရန်အကြောင်းစဉ်းစားမိသည်။ လီဟော်ရန်နှင့် စုယီယန် ခံစားချက်ချင်းဆက်နွယ်နေသည်။ သူ့တစ်ကိုယ်တော်လက်သီးဖြင့် လီဟော်ရန်ကိုတိုက်ခိုက်လျှင် ဖြစ်လာမည့်ရလာဒ်က သိသာသည်။
လီဟော်ရန် ဘာမှဖြစ်မည်မဟုတ်။ သူကိုယ်တိုင်သာ တန်ပြန်ကျိန်စာသင့်မည်။
ချိုးကျင်အန်းမျက်လုံးပြူးသွားသည်။
"အဓိပ္ပါယ်မရှိတာကွာ။ ငါက မသေမျိုးဂိုဏ်းတစ်ခုရဲ့ ဂိုဏ်းချုပ်ပါ။ ဘာလို့ ပါးလော်အာလိုလူကို မယှဉ်နိုင်ရမှာလဲ"
မုန်ကျင်းကျိုး အသံတိတ်ကြည့်နေသည်။ သူ့မျက်လုံးအကြည့်ကြောင့် ချိုးကျင်အန်း အကြီးအကျယ် စိတ်ဓာတ်ကျသွားသည်။ ထိုအကြည့်၏အဓိပ္ပါယ်ကို သူနားလည်သည်။ လောင်ပါးအာကို သူနိုင်ချင်နိုင်မည်။
သို့သော် လောင်ပါးအာနှင့် ချစ်ကြိုးသွယ်နေသူကို သူမယှဉ်နိုင်ဟူသည့် အဓိပ္ပါယ်ဖြစ်သည်။
သို့သော် ဘဝတွင် စိန်ခေါ်မှုများ မရေမတွက်နိုင်အောင် ရင်ဆိုင်ခဲ့ဖူးသူဖြစ်၍ စိတ်ကိုငြိမ်အောင်ပြန်ထိန်းပြီး ဆက်မေးသည်။
"ဒါဆို တန်ပြန်သက်ရောက်မှုက ဘယ်လိုဖြစ်မှာလဲ"
"အချိန်အတိုင်းအတာတစ်ခုအထိ မိန်းမတွေနဲ့ဆက်သွယ်နိုင်တဲ့အခွင့်အရေးမှန်သမျှ ဆုံးရှုံးသွားမယ်။ ဘယ်မိန်းမနဲ့မှ ရင်းနှီးခွင့်ရမှာမဟုတ်ဘူး။ အခြေအနေတွေက တစ်နည်းနည်းနဲ့ မိန်းမတွေကို ကိုယ့်အနားမကပ်နိုင်အောင် တွန်းထုတ်မယ်။ မိန်းမတွေကလည်း ထူးဆန်းတဲ့တိုက်ဆိုင်မှုတွေကြောင့် ကိုယ့်နားကနေ ထွက်သွားလိမ့်မယ်။
သံလိုက်အိမ်မြှောင်လို ဝင်ရိူးစွန်းနှစ်ခု အချင်းချင်းတွန်းကန်နေမှာ"
ချိုးကျင်အန်း မင်သက်မိသွားသည်။ တန်ပြန်သက်ရောက်မှုအကျိုးဆက်က သူထင်ထားသည်ထက် များစွာပြင်းလွန်းထန်နေသည်။
"ဒီသက်ရောက်မှုမျိုး မင်းကြုံဖူးလို့လား"
"မကြုံဖူးဘူး"
"ဒါဆိုဘာလို့အဲလောက်သေချာပြောနိုင်နေတာလဲ"
"အမယွမ်ပြောပြထားလို့ပါ"
ချိုးကျင်အန်း၏ နောက်ဆုံးကျန်သည့် မျှော်လင့်ချက်ကလေး ပျောက်ကွယ်သွားသည်။
လောင်ပါးလည်း လောကအတွေ့အကြုံနိမ့်သူမဟုတ်ပါ။ ယခုလက်ရှိတွင် သဘောကောင်းသည့်အဘိုးကြီးတစ်ယောက်လို ဆေးစိုက်ခင်းရှေ့တွင်နေသော်လည်း သူငယ်စဉ် လောကတစ်ခွင် ခရီးလှည့်လည်ပြီး အတော်နာမည်ရခဲ့သည်။
အခြေအနေကို ဆက်စပ်စဉ်းစားပြီးနောက် သိပ်မကြာမီ မုန်ကျင်းကျိုးအဖြစ်ကို သူရိပ်စားမိလာသည်။
"ဒါက ဓာတ်ငါးမျိုးဂိုဏ်းရဲ့ ခန္ဓာပူးကပ်မှုပညာဖြစ်မယ်။ ရှောင်မုန်ကို အသုံးချပြီး ငါ့ကိုတိုက်ခိုက်မယ့်လူဟာ ချိုးကျင်အန်းတစ်ယောက်ပဲရှိတယ်"
အရင်က ရှန်ကွမ်ယုသည် ချိုးကျင်အန်းနှင့် အမြဲတပူးတွဲတွဲနေသဖြင့် သူစိတ်ကသိကအောက်ဖြစ်ခဲ့သည်။ ချိုးကျင်အန်းကို အမြင်မကြည်ခဲ့။
သို့သော်ယခု ထိုစိတ်မျိုး လုံးဝမရှိတော့။
"အား...ရှောင်ချိုး၊ ငါတို့ကြားမှာ ဒီလောက်တင်းမာနေစရာမလိုပါဘူးကွာ။ အရင်က ငါမင်းကိုနားလည်မှုလွဲခဲ့တယ်။ အခု အားလုံးရှင်းလင်းသွားပြီဆိုတော့ ငါတို့နှစ်ယောက် ရင်းရင်းနှီးနှီးနေသင့်ပါတယ်။
ပြီးတော့ မသေမျိုးငါးဂိုဏ်းဟာ တစ်စိတ်တစ်ဝမ်းတည်းပါပဲ။ ဓာတ်ငါးမျိုးဂိုဏ်းချုပ်အနေနဲ့ မင်းဟာ ဂိုဏ်းရဲ့ဆန္ဒကို ကိုယ်စားပြုတယ်။ ငါ့ကိုဒီလိုဆက်ဆံနေရင် အပြင်လူတွေအမြင်မှာ တာအိုလမ်းစဉ်ဂိုဏ်းနဲ့ဓာတ်ငါးမျိုးဂိုဏ်းကြား တင်းမာမှုတွေရှိနေတယ်လို့ ထင်ကြလိမ့်မယ်"
လောင်ပါးလေသံက တော်လှန်ဆန့်ကျင်နေသည့်သားတစ်ယောက်ကို အဖေဖြစ်သူက သဘောထားကြီးစွာ ဖျောင်းဖျနေပုံမျိုးဖြစ်သည်။
"ပါးလောင်အာ၊ ကျုပ်ခင်ဗျားကို လုံးဝစိတ်ကုန်နေပြီ"
ချိုးကျင်အန်း ဒေါသပေါက်ကွဲသွားပြီး မုန်ကျင်းကျိးခန္ဓာထဲမှ ခုန်ထွက်လာပြီး သူ့ကိူဘေးသို့တွန်းထုတ်လိုက်သည်။ အင်္ကျီလက်ကိုမ၍ တိုက်ခိုက်ရန်အသင့်ပြင်သည်။
လောင်ပါးက လက်ဝါးနှစ်ဘက်ကို အောက်သို့ဖိ၍ ဘေးနှစ်ဘက်သို့ ဖြန့်ထုတ်လိုက်သည်။ သူ့ခြေရင်းမှ အနက်ရောင်နွယ်ပင်များစွာ ပြန့်ထွက်လာသည်။
ထိုနွယ်ပင်များက ဝိညာဉ်စွမ်းအင်စုပ်ယူရန် ဒီဇိုင်းထွင်ထားခြင်းဖြစ်သည်။ တစ်ယောက်ယောက်ကို ရစ်ပတ်မိသည်နှင့် ဝိညာဉ်စွမ်းအင်များ ချက်ချင်းလျော့ကျသွားမည်။ အားနည်းသွားမည်။ ခုခံနိုင်စွမ်းမရှိတော့။
"သစ်သားဓာတ်ထောင်ချောက်မှောက်စက်ဝန်းလား"
နွယ်ပင်မှော်စက်ဝန်းဖြစ်ကြောင်း ချိုးကျင်အန်း ချက်ချင်းသိပြီးနောက် မခိုးမခန့်မျက်နှာဖြင့် နှာခေါင်းတစ်ချက်ရှုံ့လိုက်သည်။
သူငယ်စဉ်ကတည်းက ထိုမှော်စက်ဝန်းဖြင့် အကြိမ်ကြိမ် အလစ်တိုက်ခိုက်ခံရဖူးသည်။ ယနေ့ လောင်ပါးကို အနိုင်ပေးစရာအကြောင်းမရှိ။
"လာစမ်း"
သူ့လက်ဝါးတွင် စူးရှသည့်အလင်းတစ်ခုပေါ်လာသည်။ မုန်ကျင်းကျိုး မျက်လုံးမှိတ်လိုက်ရသည်။ သူမျက်လုံးပြန်ဖွင့်ချိန်တွင် ချိုးကျင်အန်းက အရောင်ငါးမျိုးဘီးဝိုင်းတစ်ခု ကိုင်ထားသည်ကို မြင်ရသည်။
ဘီးဝိုင်းကို တစ်ချက်ယမ်းလိုက်သည်။ သူ့ခြေရင်းမှ အနက်ရောင်နွယ်ပင်များ အသက်ဓာတ်ပျောက်၍ နွမ်းခြောက်ပြီး မြေပေါ်သိုခွေကျသွားသည်။
"ငါးရောင်အလင်းဘီး"
စိတ်ဖိအားတစ်ခုကို လောင်ပါးခံစားလိုက်ရသည်။ သစ်သားဓာတ်မှော်ပညာနှင့်မှော်စက်ဝန်းများကို သူကျွမ်းကျင်သော်လည်း ဓာတ်ငါးမျိုးပညာကျွမ်းကျင်မှုတွင် ချိုးကျင်အန်းကို သူမမီ။
ထိပ်တိုက်ရင်ဆိုင်ရာတွင် တစ်ပန်းရှုံးသလို ဖြစ်နေသည်။
ချိုးကျင်းအန်းသည် ကိုယ်ပိုင်ပြိုင်ဘက်ကင်းစွမ်းအားဖြင့် ဂိုဏ်းချုပ်အဆင့်သို့ တက်လာသူဖြစ်သည်။
"ပါးလောင်အာ၊ ဒါကိုမြည်းကြည့်စမ်း"
ငါးရောင်အလင်းဘီးက လျင်မြန်စွာလည်ပတ်လာသည်။ လောင်ပါးဆီသို့ သူပစ်လွှင့်လိုက်သည်။ လောင်ပါး၏လက်နှစ်ဘက်က ထူထဲသည့်သစ်ကိုင်းများအသွင် ပြောင်းသွားပြီး ဘီးဝိုင်းကို ဆီးဖမ်းသည်။ မီးပွားများ လွင့်ပျံထွက်လာသည်။
"ချိုးကျင်အန်း၊ မင်းကများ တာအိုလမ်းစဉ်ဂိုဏ်းထဲခိုးဝင်ပြီး ငါ့တပည့်ကို ပြန်ပေးဆွဲရဲတယ်ပေါ့"
အကြီးအကဲသုံး၏စကားသံ အဝေးမှလွင့်ပျံလာသည်။ ဗုဒ္ဓဂိုဏ်းမှ ခြင်္သေ့ဟောက်သံကဲ့သို့ ဟိန်းထွက်သွားသည်။ ကျယ်လောင်လွန်းသဖြင့် တာအိုလမ်းစဉ်ဂိုဏ်း၏ တောင်ထိပ်ကိုးခုလုံး ပီသရှင်းလင်းစွာကြားရသည်။
ထိုအသံကြားသည်နှင့် ဂိုဏ်းတပည့်များစွာ ရင်ခုန်စိတ်လှုပ်ရှားလာသည်။ ပွဲကြီးပွဲကောင်းကြည့်ရန် စိတ်အားထက်သန်လာကြသည်။
"အသားကင်အချောင်းနှစ်ဆယ်ပေးပါဗျို့၊ အိတ်နဲ့ထည့်ယူသွားမယ်"
"ကျုပ်လည်း အမဲသားကင်သုံးဆယ်ယူမယ်။ အစပ်များများထည့်ပေး။ အိတ်နဲ့ပဲထည့်ယူမယ်"
ဂိုဏ်းတပည့်များ ဆေးစိုက်ခင်းဆီ သုတ်ခြေတင်ကြသည်။ လက်ထဲတွင် အစားအသောက်မျိုးစုံသယ်၍ ပွဲကြည့်ရန်တာစူနေသည်။
လုယန်က သူ့လှိုဏ်ဂူထဲတွင် ကျင့်ကြံနေသည်။ ချင်ဖုန်းဓားနှင့်ငရဲလဓားက သူ့အနီးတွင် အစောင့်အကြပ်များကဲ့သို့ ဝဲပျံနေသည်။
အကြီးအကဲသုံး၏အော်သံကြားသဖြင့် ကျင့်ကြံမှုအာရုံမှထွက်၍ မျက်လုံးပွင့်လာသည်။ သူတွေးရခက်နေသည်။
"ဘာတွေဖြစ်နေတာလဲ၊ တစ်ယောက်ယောက် ဂိုဏ်းထဲကို ခိုးဝင်လာတာလား"
သူစဉ်းစားမရ။ ဘယ်သူက ထိုမျှရဲတင်းနေသနည်း။ မူးရူးနေ၍များလားမသိ။
"ဒါပေမယ့်..တာအိုလမ်းစဉ်ဂိုဏ်းထဲကို ခိုးဝင်တယ်ဆိုရင် လျှို့ဝှက်စွမ်းအားတစ်ခုခုရှိလို့ပဲ။ ငါတို့အကာအကွယ်တွေကို ချိုးဖျက်ပြီး ဂိုဏ်းတွင်းကနေ တိုက်ခိုက်ဖို့များလား"
အခြေအနေအရေးကြီးကြောင်း ရိပ်စားမိသဖြင့် သူ့မျက်နှာ လေးနက်တည်ကြည်လာသည်။ ဂိုဏ်းတွင် အမယွမ်လည်းမရှိ။ ထို့ကြောင့် သူပို၍စိုးရိမ်နေသည်။
"ဂိုဏ်းကိုဖျက်ဆီးမယ့် တိုက်ပွဲမျိုးလား"
သူ့စိတ်အာရုံတွင် မြင်ကွင်းတစ်ခု မြင်ယောင်လာသည်။ တာအိုလမ်းစဉ်ဂိုဏ်းတစ်ခုလုံး ပျက်စီးနေသည်။ ဂိုဏ်းတပည့်များ ပြန့်ကျဲနေသည်။
သူကိုယ်တိုင်က အသက်ရှင်ကျန်ရစ်သူများကို ဦးဆောင်ပြီး ရုပ်ဖျက်ထွက်ပြေးသည်။ တာအိုလမ်းစဉ်ဂိုဏ်း၏ လက်ကျန်အဖွဲ့ဝင်များကို ကြိုးစားထိန်းသိမ်းနေသည်။
ဦးခေါင်းအထက်မှ ရန်သူ့မှော်စွမ်းအားများ မိုးရွာသလို ကျနေသည်။ အသက်ကိုဖက်နှင့်ထုပ်ထားရသည်..
ချင်ဖုန်းဓားကိုဆုပ်ကိုင်၍ သူတောင်ပေါ်မှဆင်းသည်။ သို့သော် တောင်အောက်သို့ရောက်လာချိန်တွင် သူ့စီနီယာအကိုအမများ စားစရာကိုယ်စီကိုင်၍ အေးအေးလူလူလျှောက်နေသည်ကို မြင်ရသဖြင့် သူခြေလှမ်းရပ်သွားသည်။ သူကျင့်ကြံချိန်ကြာသွား၍ ပတ်ဝန်းကျင်နှင့် အဆက်အသွယ်ပြတ်သွားခြင်းဖြစ်သည်ဟု ယူဆလိုက်သည်။
"ငါလည်း စားစရာနည်းနည်းသွားဝယ်မှထင်တယ်"
......
အကြီးအကဲသုံးက တည်ကြည့်ခံ့ညားသည့်အသွင်ဖြင့် လေထဲတွင်ရပ်နေသည်။ ချိုးကျင်အန်းနှင့် လောင်ပါးကို ဒေါသမျက်လုံးဖြင့် ငုံ့ကြည့်နေသည်။
အကြီးအကဲသုံးရောက်လာပြီးနောက် ဂိုဏ်းတွင်ရှိနေသည့် တစ်ခြားအကြီးအကဲများလည်း ချက်ချင်းလိုက်လာကြသည်။
အကြီးအကဲလေး၊ အကြီးအကဲခုနစ်၊ အကြီးအကဲရှစ်..
"ဘာတွေဖြစ်နေတာလဲ။ ဘာလို့ချိုးကျင်အန်း ဒီကိုရောက်နေတာလဲ"
အကြီးအကဲသုံးရုတ်တရက် ဆင့်ခေါ်သဖြင့် အာရုံစိုက်၍ ဆေးပညာလေ့လာနေခဲ့သည့် အကြီးအကဲခုနစ် စဉ်းစာမရဖြစ်နေသည်။
"ဒီနှစ်ယောက်က ငယ်ကတည်းကတိုက်ခိုက်လာတာပါ။ ဒါပထမဆုံးအကြိမ်မှ မဟုတ်ဘဲ။ ဘာဆန်းလို့လဲ"
အကြီးအကဲလေးက ပုခုံးတွန့်ပြသည်။
"ငါတို့ ဘယ်သူ့ကိုကူညီသင့်သလဲ"
အကြီးအကဲခုနစ်က မေးသည်။ လောင်ပါးနှင့်ချိုးကျင်အန်း အပြင်းအထန်တိုက်ခိုက်နေကြသည်။
ပုံမှန်အတိုင်းဆိုလျှင် အကြီးအကဲနှစ်ကိုကူညီ၍ အပြင်လူချိုးကျင်အန်းကို တိုက်ခိုက်သင့်သည်။ သို့သော် လောင်ပါးက ရှန်ကွမ်ယုကို အရှက်မရှိပိုးပန်းနေသည့်ကိစ္စကို စဉ်းစားမိပြီးနောက် သူလည်းအရိုက်ခံသင့်သည်ဟု ယူဆကြသည်။
စိတ်မြန်ကိုယ်မြန်ရှိသည့် အကြီးအကဲသုံး ချက်ချင်းဆုံးဖြတ်ချက်ချသည်။
"ဘယ်သူ့ကိုကူညီရမှန်းမသိရင် နှစ်ယောက်လုံးကို တွယ်ရုံပဲပေါ့ကွာ"
"သိပ်ကောင်းတဲ့စိတ်ကူးပဲ"
အကြီးအကဲလေးယောက် တစ်ညီတစ်ညွတ်တည်း သဘောတူကြသည်။ သူတို့ဝိညာဉ်ချီကိုအသက်သွင်း၍ အောက်သို့ပြိုင်တူဆင်းလာသည်။
ချိုးကျင်အန်း မျက်နှာပျက်သွားသည်။ ပြိုင်ဘက်အင်အားတိုးလာသည်။ ထိုအတိုင်းဆက်သွားလျှင် အဆုံးသတ်လှပမည်မဟုတ်တော့။ အကောင်းဆုံးရွေးချယ်စရာက ထွက်ပြေးဖို့သာဖြစ်သည်။
လောင်ပါးလည်း အခြေအနေမူမမှန်ကြောင်း ရိပ်မိလာသည်။ အကြီးအကဲလေးယောက်၏အမူအရာက ချိုးကျင်အန်းတစ်ယောက်တည်းကို အာရုံစိုက်ထားသည့်ပုံစံမျိုးမဟုတ်။
ဂိုဏ်း၏ဂိတ်တံခါးဘေး ဝါတောထဲမှ မြစ်ဝိညာဉ်က ဂိုဏ်းထဲမှသက်ဝင်လှုပ်ရှားနေသည့်မြင်ကွင်းကို သဘောကျဟန်ဖြင့် ကြည့်နေသည်။
*************************************