ကံကြမ္မာတန်ပြန်သက်ရောက်မှု
Vol. 27 Ch. 398
"ကောင်းကင်တုန်ခြောက်ကွက်"
"နတ်ဘုရားတွေ အံ့ဩသွားရမယ့် ကောင်းကင်ကျစုတ်ချက်"
"မြေပြင်ကို လောင်မြိုက်မယ့် ဆေးမီးတောက်"
"မိုးကြိုးဆင့်ခေါ်မှော်အဆောင်စွမ်းအား"
ကြီးမားသည့် အံ့ဖွယ်စွမ်းအင်လှိုင်းများ ကောင်ကင်တွင် လှည့်ပတ်လှုပ်ရားလာသည်။ တိုက်ပွဲကြည့်ရန် အပြေးအလွှားလာနေသည့် ဂိုဏ်းတပည့်များ ခြေလှမ်းရပ်သွားပြီးကောင်းကင်ကို တအံ့တဩ မော့ကြည့်ကြသည်။
အကြီးအကဲလေးယောက် နတ်စွမ်းအားကိုယ်စီဖြင့် တိုက်ခိုက်ရန်အသင့်ပြင်နေသည်။ ပွဲကြည့်ပရိတ်သတ်အားလုံး အံ့ဩမင်သက်မိနေကြသည်။
"အကြီးအကဲတွေ လှုပ်ရှားပြီဟေ့"
"သူတို့စွမ်းအားကိုကြည့်ပါဦး။ မယုံနိုင်စရာပါလားကွာ"
"ကွာခြားချက်က ဒီလောက်တောင်ကြီးတယ်ပေါ့။...ငါတစ်ချိန်ချိန် စုစည်းခြင်းအဆင့်ရောက်ရင်တောင် ဒီလိုအဆင့်မှော်စွမ်းအားမျိုး ဘယ်တော့မှ ထုတ်သုံးနိုင်မှာမဟုတ်ဘူး"
လေဟာနယ်အဆင့် စီနီယာတပည့်တစ်ယောက်က သက်ပြင်းချသည်။
ထောင်ယော်ယဲ့လည်း အာရုံစူးစိုက်၍ ကြည့်နေသည်။ ကျင့်စဉ်ပညာများကို အလွတ်မှတ်မိနေရန် ကြိုးစားသည်။
ထိုမှော်ပညာများသည် သူအိပ်မက်ရေပွက်ပုံရိပ်ယောင်အတွက် အကောင်းဆုံးကုန်ကြမ်းများဖြစ်သည်။
"မဟုတ်သေးဘူး..ပုံရိပ်ယောင်ထဲ ထည့်မသုံးခင် နည်းနည်းပြင်ဆင်မှဖြစ်မယ်။ အကြီးအကဲတွေရဲ့ လျှို့ဝှက်ပညာစွမ်းတွေကို အပြင်လူတွေဆီ ထုတ်ပြလို့မဖြစ်ဘူး"
ထောင်ယော်ယဲ့ သူ့ကိုယ်သူ သတိပေးဆင်ခြင်သည်။
"ဘုန်း"
မှော်စွမ်းအင်လေးမျိုးက တစ်ခုတည်းပေါင်းစီး၍ ချိုးကျင်အန်းနှင့် လောင်ပါးအပေါ် ကျလာသည်။
ချိုးကျင်အန်းက ငါရောင်အလင်းဘီးကို ရိုက်ချိုးလိုက်သည်။ ငါးရောင်ခြယ်နတ်အလင်းများ ဘီးထဲမှထွက်လာပြီး သူ့ဦးခေါင်းထက်တွင် အကာအကွယ်ဒိုင်းတစ်ခုဖြစ်လာသည်။ ကျလာသည့်တိုက်ခိုက်မှုကို ခုခံသည်။
"ဟေ့ ဟေ့။ မင်းတို့က ချိုးကျင်အန်းကို တိုက်ခိုက်တာလား။ ငါ့ကိုတိုက်ခိုက်နေတာလားကွ"
လောင်ပါးအဝတ်အစားများ စုတ်ပြတ်သတ်သွားသည်။ ကောင်းကင်လျှပ်စီးဖြတ်ကျော်ခဲ့ရသလို ဖြစ်နေသည်။
"တောင်းပန်ပါတယ် အကိုနှစ်။ မှော်စွမ်းအားတွေမှာ မျက်လုံးမပါဘူးလေ"
အကြီးအကဲခုနစ်က မချိုမချဉ်လေသံဖြင့် တောင်းပန်သည်။
လောင်ပါး ဒေါသအကြီးအကျယ်ထွက်သွားသည်။
"ဟန်ဆောင်မနေနဲ့။ မင်းစကားထဲမှာ လှောင်သံပါနေတာ ငါသိတယ်"
အကြီးအကဲခုနစ်က အရေးမစိုက်ပဲ ဆက်တိုက်ခိုက်သည်။
အန္တရာယ်ကိုရိပ်စားမိသဖြင့် ချိုးကျင်အန်း ငါးရောင်ခြယ်နတ်အလင်းကို ဖောက်ခွဲပစ်လိုက်သည်။ ပရမ်းပတာဖြစ်သွားသည့်အခြေအနေကို အသုံးချ၍ ထွက်ပြေးသည်။
ချိုးကျင်အန်း ထွက်ပြေးလွတ်မြောက်လာသည်ကိုကြည့်၍ မြစ်ဝိညာဉ် စိတ်ပျက်လက်ပျက်သက်ပြင်းချ၍ မြစ်ထဲသို့ ပြန်ဆင်းသွားသည်။
"ဒီဓာတ်ငါးမျိုးဂိုဏ်းက ကောင်လေးဟာ ဘက်စုံတော်တယ်။ အဆုံးအထိမတိုက်ခိုက်တတ်တဲ့ စိတ်ဓာတ်လေးကလွဲရင်ပေါ့"
ချိုးကျင်အန်းထွက်ပြေးသည်ကိုမြင်သဖြင့် အကြီးအကဲသုံးက ခါးထောက်ပြီး လှမ်းအော်သည်။
"လောင်ချိုး၊ နောက်တစ်ခါဆို မင်းဒီလောက်ကံကောင်း-"
ရုတ်တရက် သူ့စကားသံ တိခနဲ ပြတ်သွားသည်။ ပါးစပ်လှုပ်နေသော်လည်း အသံကထွက်မလာတော့။
နောက်လှည့်ကြည့်သည်။ သူထင်သည့်အတိုင်း အကြီးအကဲခြောက်ကို မြင်ရသည်။
"ညီမလေး၊ ငါစကားပြောနေတဲ့အချိန် မင်းမလာဘဲနေလို့မရဘူးလား"
အကြီးအကဲသုံး စိတ်ပျက်လက်ပျက်ပြောသည်။
အကြီးအကဲခြောက်ထောင်ယာသည် အသက်ရှူမှားလောက်အောင်လှသည်။ သူရှိနေရုံဖြင့် အားလုံးအသံတိတ်သွားရသည်။
ထောင်ယာ၏မျက်နှာက ရေခဲတမျှအေးစက်နေသည်ကို ရိပ်စားမိသဖြင့် အကြီးအကဲသုံး ချက်ချင်းပါးစပ်ပိတ်သွားသည်။
သူတို့အသံဗလံများကြောင့် ထောင်ယာလန့်နိုးလာပုံရသည်။
ထောင်ယာက သူ့ဂိုဏ်းတူအကိုများကို သိစိတ်အာရုံမှ ခပ်တင်းတင်းပြောသည်။
"နင်တို့ကိစ္စပြီးပြီလား။ ငါပြန်အိပ်ချင်သေးလို့ပါ"
သူ့ဂိုဏ်းတူအကိုများကို သူလုံးဝစိတ်ကုန်မိသည်။ တာအိုလမ်းစဉ်ဂိုဏ်းတွင် အေးအေးဆေးဆေးနေရသည့်နေ့ဟူ၍ တစ်နေ့မှမရှိသလိုဖြစ်နေသည်။ ငြိမ်းချမ်းတိတ်ဆိတ်သည့် လသံလွင့်မသေမျိုးနန်းတော်ကို ဘာကြောင့်အတုမယူကြသည်မသိ။
.....
တာအိုလမ်းစဉ်ဂိုဏ်းမှ ထွက်ပြေးလွတ်မြောက်ပြီးနောက် ချိုးကျင်အန်း ဓာတ်ငါးမျိုးဂိုဏ်းသို့ အမြန်ပြန်လာသည်။ သို့သော် တစ်ကိုယ်တော်လက်သီးကျိန်စာပြဿနာကို ဖြေရှင်းရဦးမည်။ သူအကူအညီလိုသည်။
"ငါ့ကျိန်စာကို အရင်ရှင်းမယ်။ ဒါပြီးမှ ကောင်လေးမုန်ကို ကူညီတော့မယ်"
တိမ်များကို ထိုးခွဲ၍ တောင်မြောက်သွယ်တန်းနေသည့် တောင်တန်းရှည်ကြီးကိုမြင်ရသည်။
ဓာတ်ငါးမျိုးဝိညာဉ်သွေးကြော။
ဓာတ်ငါးမျိုးဂိုဏ်း၏ အဓိကအခြေခံအုတ်မြစ်ကြီးဖြစ်သည်။
တောင်တန်းပတ်လည်တွင် အလင်းရောင်ငါးမျိုး ဝေ့ဝဲနေသည်။ လမင်းကိုစောင့်ရှောက်သည့် ကြယ်ရောင်များနှင့်သဏ္ဌာန်တူသည်။
အနီးကပ်ကြည့်လျှင် အရောင်ငါးမျိုးရှိသည့်မြေသားသည် တောင်တန်းကို ဝန်းရံနေခြင်းမဟုတ်။ တစ်ခုနှင့်တစ်ခု ဖိနှိပ်နေကြခြင်းဖြစ်သည်။ ထိုဖိအားကြောင့် ဓာတ်ငါးမျိုးဝိညာဉ်သွေးကြောဖြစ်ပေါ်လာသည်။
ဒဏ္ဌာရီအရ အရောင်ငါးမျိုးမြေသားသည့် အမည်မသိရှေးဟောင်းစွမ်းအားရှင် သန့်စင်ခဲ့သည့် ရှေးဟောင်းကြယ်ကမ္ဘာငါးခုဖြစ်သည်ဟုဆိုကြသည်။
ကြယ်ကမ္ဘာငါးခုက သက်ဆိုင်ရာဓာတ်သတ္တိများရှိသည်။ အချင်းချင်းတိုက်မိကြပြီးနောက် တိုက်နယ်အဖြစ်ပေါင်းစည်းသွားသည်။
.....
"လုယန်၊ မင်းရှိနေလား။ ငါအကူအညီလိုတယ်"
တိုက်ပွဲဆုံးပြီးနောက် မုန်ကျင်းကျိုး ကောင်းကင်ဂိတ်တောင်ထိပ်သို့ပြေးတက်ပြီး လုယန်ကိုရှာသည်။
"ငါဒီမှာကွ"
လုယန်အသံက သူ့နောက်ဘက်မှ ထွက်လာသည်။ အသားကင်ဆယ်ချောင်းကျော်ကိုင်ထားသည်။ ပျော်ပျော်ရွှင်ရွှင်စားသောက်ရင်း တောင်ထိပ်သို့ပြန်လာခြင်းဖြစ်သည်။
"ခုနက ဘာဖြစ်တာလဲ။ ဘာလို့ ဂိုဏ်းချုပ်ချိုးက လာတိုက်ခိုက်တာလဲ"
လုယန် စေတနာအပြည့်ဖြင့် အသားကင်တစ်ဝက် မုန်ကျင်းကျိုးကို ခွဲဝေပေးရင်းမေးသည်။
ထိုအကင်များသည် သူတို့ကိုယ်ပိုင်ဂိုဏ်း၏ အကင်ဆိုင်မှ ယူလာခြင်းဖြစ်သည်။
မုန်ကျင်းကျိုးသက်ပြင်းချသည်။ စိတ်ပျက်နေသည့်လေသံဖြင့်ပြောသည်။
"ချိုးကျင်အန်းက ညာဉ့်နက်သန်းခေါင် ငါ့လှိုဏ်ဂူထဲ ခိုးဝင်လာပြီး တစ်ကိုယ်တော်လက်သီးသိုင်းတတ်သလားလို့မေးတယ်။ ငါက တတ်ပါတယ်ပြောတော့ အဘိုးပါးကို လက်သီးနဲ့ထိုးဖို့ ငါ့ခန္ဓာကိုယ်ကို ဝင်ထိန်းချုပ်တယ်..."
သိပ်မကြာသေးမီက လောင်ပါး၏ "ဆောင်းဦးချစ်ဇာတ်လမ်း"ကို လုယန်ပြန်သတိရလာသည်။ ဆေးစိုက်ခင်းသို့ သူအလည်သွားချိန်တွင် မိန်းကလေးများ ဘာအကြိုက်ဆုံးလဲဟု လောင်ပါးက မေးခဲ့သည်။ ဉာဏ်ရည်နှင့်အလှအပကို ချီးကျူးလျှင် မိန်းကလေးများ သဘောကျသည်ဟု နတ်မယ်ကဖြေသည်။ ထိုစကားများကို လုယန်ပြန်ပြောလိုက်သည်။
"ဂိုဏ်းချုပ်ချိုး အောင်မြင်သွားလား"
မုန်ကျင်းမျက်နှာက ဝမ်းချုပ်နေသည့်လူကဲ့သို့ဖြစ်လာသည်။
"မအောင်မြင်တဲ့အပြင် တန်ပြန်ကျိန်စာသင့်သွားတယ်ကွ"
အကြီးအကဲခြောက်ထောင်ယာ အရောက်နောက်ကျခဲ့သည့်အဖြစ်သည်ကို လုယန်ပြန်သတိရလာသည်။ ထောင်ယာနှင့် ချိုးကျင်အန်း မတွေ့လိုက်ရ။ ထိုအဖြစ်သည့် ကျိန်စာတန်ပြန်သက်ရောင်မှုကြောင့်သာ ဖြစ်ရမည်။
မုန်ကျင်းကျိုးပုခုံးကိုပုတ်၍ လက်ရှိအခြေအနေမှန်ကို လက်ခံဖို့ လုယန်နှစ်သိမ့်သည်။
"စိတ်မကောင်းပါဘူး။ ဒါပေမယ့် မိန်းမတွေနဲ့ မတွေ့ရတော့ရော ဘာအရေးလဲကွာ။ အစကတည်းက မင်းမှာတစ်ကိုယ်တော်ဝိညာဉ်မြစ်ရှိခဲ့တာပဲ။ ကျိန်စာသင့်သင့်မသင့်သင့် ဘာမှသိပ်မထူးပါဘူး"
မုန်ကျင်းကျိုး ဒေါသထထွက်သွားသည်။
"စိတ်မကောင်းပါဘူးတဲ့လား။ မင်းဘာစကားပြောတာလဲ။ ငါ့မှာ တစ်ကိုယ်တော်ဝိညာဉ်မြစ်ရှိတာ ဘာဖြစ်လဲ။ ကုန်းကုန်းတွေတောင် ပြည့်တန်ဆာရုံကိုသွားတယ်ကွ။ ဒါပေမယ့် အခုငါက အဲလိုလုပ်ဖို့တောင် အခွင့်အရေးမရှိတော့ဘူး"
"ကျန်စာသက်ရောက်မှုက အချိန်ခဏကြာရင် သူ့ဘာသာပြယ်သွားတယ်လို့ ပြောတယ်မဟုတ်လား"
"ပြဿနာက အဲဒီ့'ခဏ'ဆိုတာဘယ်လောက်ကြာမယ်မှန်း ဘယ်သူမှမသိတာပဲ။ အမယွမ်ကူညီပေးနိုင်မယ်လို့ ငါထင်ထားတာ။ ဒါပေမယ့်အခုတော့..."
"ဪ အမယွမ်ကကိစ္စရှိလို့ အပြင်ထွက်သွားတာ ရက်အတော်ကြာပြီ"
"ဘယ်ကိုသွားတာလဲ"
လုယန် ပုခုံးတွန့်ပြသည်။
"ငါက အမယွမ်ရဲ့အစီအစဉ်တွေကို မေးရဲတဲ့ပုံစံ ပေါက်နေလို့လား"
"ဟုတ်သားပဲ"
"နေဦး... အမယွမ်နဲ့ မတွေ့နိုင်တာကလည်း ကျိန်စာသက်ရောက်မှုကြောင့်များဖြစ်နေမလား"
လုယန်ဖြစ်နိုင်ခြေကို စဉ်းစားသည်။ နတ်မယ်ကို အကျိုးအကြောင်းမေးရန်ဆုံးဖြတ်သည်။ ကံကြမ္မာကျိုးကြောင်းဆက်စပ်မှုများသည် အသိခက်သည်။ ခန့်မှန်း၍မရ။
နတ်မယ်က လုယန်ကို အရူးလိုကြည့်သည်။
"ငါအခု မုန်ကျင်းကျိုးရှေ့မှာရှိနေတာပဲလေ။ ငါ့အပေါ်ကျိန်စာသက်ရောက်တာ နင်မြင်လို့လား။ ရှောင်မုန်အပေါ် တန်ပြန်သက်ရောက်မှုက ပြင်းထန်ကောင်းပြင်းထန်လိမ့်မယ်။
ဒါပေမယ့် ဒီကျိန်စာ ငါ့အပေါ်လွှမ်းမိုးနိုင်မယ်လို့ထင်နေရင်တော့ ရူးလို့ပဲ"
"ဒါဆို လောင်မုန်ကို တန်ပြန်ကျိန်စာကနေ လွတ်မြောက်အောင် ကူညီနိုင်မယ့် နည်းလမ်းတစ်ခုခုရှိလား"
နတ်မယ် အလေးအနက်ခဏစဉ်းစားပြီးနောက် အဖြေတစ်ခုရလာသည်။
"ငါကကံကြမ္မာစွမ်းအားနဲ့ သိပ်မရေးနှီးပေမယ် နည်းလမ်းတစ်ခုတော့ ရှိပါတယ်"
"ပြောပါဦးနတ်မယ်"
"ရှောင်မုန် သူ့ကိုယ်သူ ကျိန်စာလက်သီးနဲ့ထိုးရင် ရနိုင်တယ်။ ပြိုင်ဘက်နဲ့တန်းတူအစွမ်းမျိုးရှိမှ ဒီပညာက အလုပ်ဖြစ်တာဆိုတော့ အခုလိုလုပ်လိုက်ရင် ပြိုင်ဘက်က သူကိုယ်တိုင်ပဲလေ။
ကျိန်စာစွမ်းအားက မျက်စိလည်သွားပြီး သူ့တန်ပြန်စွမ်းအားသူ ဖျက်ဆီးနိုင်လောက်တယ်"
လုယန် - "..."
"နတ်မယ်၊ ဒီလိုလုပ်ရင် ဝိညာဉ်ပြောင်းအဆင့်ထိတင်မဟုတ်ဘဲ မုန်ကျင်းကျိုးတစ်သက်လုံး တစ်ကိုယ်တော်ဖြစ်မသွားနိုင်ဘူးဆိုတာ သေချာရဲ့လား"
"အင်း...သေချာတဲ့ ဖြေရှင်းနည်းဆိုတာတော့ မရှိပါဘူး။ အားလုံးက စွန့်စားရတာချည်းပဲလေ"
ထိုနည်းလမ်းကို မုန်ကျင်းကျိုးအား မပြောဖို့ လုယန်ဆုံးဖြတ်လိုက်သည်။ ဒုက္ခကို နှစ်ဆပွားပေး၍မဖြစ်။
"အမယွမ်မရှိဘူးဆိုတော့ အကြီးအကဲတွေကို သွားမေးကြမလား"
လုယန် အကြံပြုသည်။ ဂိုဏ်းတွင်ရှိသည့် အကြီးအကဲများကို သူတွက်ကြည့်နေသည်။ အမယွမ်က ဂိုဏ်းတွင်မရှိ။ နတ်မယ်ကလည်း အားမကိုးရ။ အကြီးအကဲများကိုသွားမေးခြင်းသည်သာ အကောင်းဆုံးဖြစ်မည်။
"သူတို့အားလုံးက စုစည်းခြင်အဆင့်ကျင့်ကြံသူတွေပဲလေ။ သူတို့ဖြေရှင်းနိုင်မှာပါ"
"အဲဒါ အဆင်ပြေလောက်ပါတယ်"
တစ်ခြားစိတ်ကူးလည်း မတွေးမိသဖြင့် မုန်ကျင်းကျိုး ဝန်ခံလိုက်ရသည်။
မုန်ကျင်းကျိုးကို ကောင်းကင်ဂိတ်တောင်ထိပ်စောင့်ခိုင်းထားပြီး အကြီးအကဲများကို လုယန်သွားခေါ်သည်။
အကြီးအကဲများတောင်ပေါ်တက်လာချိန်တွင် မုန်ကျင်းကျိုးက ဝိညာဉ်စွမ်းအားကို လည်ပတ်ရန် ကြိုးစားကြည့်နေသည်။ သို့သော် အမှားအယွင်းတစ်ခုဖြစ်သွားပြီး ပြင်းထန်သည့်ဝေဒနာကို သူခံစားလိုက်ရသည်။ မြေပေါ်တွင်လူးလှိမ့်နေရင်းမှ ချောက်ကမ်းပါးတစ်ခုထဲသို့ ထိုးကျ၍ မြင်ကွင်းမှပျောက်ကွယ်သွားလေသည်။
"မဟုတ်သေးပါဘူး။ ဒီမှာစောင့်နေဖို့ ပြောခဲ့တာပါ။ လောင်မုန် ဘယ်ရောက်သွားတာလဲ"
လုယန် စဉ်းစားရခက်သွားသည်။ အကြီးအကဲများက စေတနာအပြည့်ဖြင့် ဝိုင်းဝန်းရှာဖွေကြသည်။ သို့သော် ရှာမတွေ့။
ရုတ်တရက် လုယန်တစ်ခုတွေးမိလာပြီး အကြီးအကဲခြောက်ကို လှည့်ကြည့်သည်။
"အကြီးအကဲခြောက်၊ ဒီကနေခဏထွက်သွားပေးလို့ရမလား"
ထောင်ယာ အခြေအနေကိုနားလည်သဖြင့် ထူးဆန်းစွာတစ်ချက်ကြည့်ပြီးနောက် ခေါင်းငြိမ့်၍ ပျံထွက်သွားသည်။
သူထွက်သွားပြီးပြီးချင်း မုန်ကျင်းကျိုး ချောက်ကမ်းပါးထဲမှ တွယ်တက်လာသည်။ တစ်ကိုယ်လုံး အမှိုက်သရိုက်များ သစ်ရွက်များ ဖုံးလွှမ်း၍ ဖရိုဖရဲဖြစ်နေသည်။ ထိုအချိန်ကျမှ အားလုံး သူ့ကိုတွေ့ကြသည်။
လုယန် ကျိတ်၍သက်ပြင်းချသည်။ ကံကြမ္မာတန်ပြန်သက်ရောက်မှုက အတော်ပြင်းထန်ပုံရသည်။ အနာဂတ်ကို သူကြိုတွေးမိသည်။ မုန်ကျင်းကျိုး ဘယ်မိန်းမကိုမှ တွေ့နိုင်တော့မည်မဟုတ်။
**************************************