← Chapters

အချိန်မသေမျိုး၏အကာအကွယ်

Vol. 27 Ch. 400

အချိန်မသေမျိုး၏အကာအကွယ်

Vol. 27 Ch. 400

"အရိုင်းနယ်မြေကိုသွားမယ့်စိတ်ကူးက ကောင်းပါတယ်။ အဲဒီ့မှာ ဖြေရှင်းနိုင်မယ့်နည်းလမ်းတစ်ခု မင်းရှာတွေ့မျာပါ"

အကြီးအကဲသုံးက သူ့တပည့်၏ ထက်မြက်သည့်စိတ်ကူးစိတ်သန်းကို သဘောကျဟန်ဖြင့် ခေါင်းငြိမ့်သည်။

"ငါမင်းနဲ့အတူလိုက်ခဲ့မယ်"

လုယန်က အလိုက်သင့်ဝင်ပြောသည်။

"ငါလည်း ကောင်းကင်ဂိတ်တောင်ထိပ်မှာ ကျင့်ကြံရင်း ဂိုဏ်းထဲအောင်းနေခဲ့တာအတော်ကြာပြီ။ အပြင်ထွက်ပြီး ခြေလေးလက်လေးဆန့်ချင်တယ်။ မဟုတ်ရင် ငါ့ဦးနှာက်တွေ ချောင်သွားလိမ်မယ်"

အကြီးအကဲလေးက အကြံပေးသည်။

"အရိုင်းနယ်မြေကိုသွားရင် အလောင်းထိန်းဂိုဏ်းဆီက အကူအညီတောင်းသင့်တယ်။ သူတို့က တာအိုလမ်းစဉ်ဂိုဏ်းနဲ့ ရင်းနှီးတယ်။ ဂိုဏ်းချုပ်တွေချင်းလည်း ရင်းနှီးကြတယ်။

မင်းတို့ အလောင်းထိန်းပညာသင်ချင်ရင်တောင် သူတို့မငြင်းလောက်ဘူး"

အရိုင်းနယ်မြေ၏ နာမည်ကျော် ပထမအဆင့်ဂိုဏ်းဖြစ်သည့် အလောင်းထိန်းဂိုဏ်း၏ အကူအညီရလျှင် အားလုံးအဆင်ပြေချောမွေ့နိုင်သည်။

စတုတ္ထအကြီးအကဲ အရိုင်းနယ်မြေသို့ ခရီးထွက်စဉ်ကလည်း ထိုဂိုဏ်းက အကူအညီပေးခဲ့သည်။

နောက်ထပ်အချိန်မဆိုင်းတော့ဘဲ စတုတ္ထအကြီးအကဲ ထောက်ခံစာတစ်စောင်ရေးသည်။ သေချာချိတ်ပိတ်၍ မုန်ကျင်းကျိုးလက်ထဲထည့်လိုက်သည်။

စာအိတ်ကိုယူပြီးနောက် မုန်ကျင်းကျိုးက တုံ့ဆိုင်းဆိုင်းလေသံဖြင့် ‌ေမေးသည်။

"ကျုပ်နဲ့လုယန်ပဲလား။ အကြီးအကဲတို့ထဲက တစ်ယောက်ယောက်မလိုက်တော့ဘူးလား"

အစောပိုင်းက သူ့ပြဿနာအတွက် အားတက်သရောဆွေးနွေးခဲ့ကြသဖြင့် အကြီးအကဲများ သူနှင့်အတူ လိုက်လိမ့်မည်ဟု ထင်ထားသည်။

အကြီးအကဲများပေးသည့်အကြံက တစ်ခုမှအသုံးမဝင်သော်လည်း သူ့ကိုကူညီဖို့ စိတ်အားထက်သန်ကြသည်မှာ ထင်ရှားသည်။ သို့သော်ယခု သူနှင့်လုယန်သာ သွားရမည့်သဘောရှိသည်။

အကြီးအကဲသုံးက လက်ခါပြသည်။

"ငါတို့မလိုက်ဘူး။ သူတို့ဆီ အကူအညီတောင်းရမှာ ရှက်လို့ပါ"

မုန်ကျင်းကျိူးကို အရိုင်းနယ်မြေခေါ်သွားပြီး ကျိန်စာဖျက်ဖို့နည်းလမ်းရှာခြင်းသည် ပန်းသေရောဂါရ၍ ကုသနည်းရှာခြင်းနှင့် ဘာမှသိပ်မကွာလှ။

ထိုစကား အပြင်သို့ပြန့်သွားလျှင် ကျင့်ကြံသူလောကတွင် သူတို့သိက္ခာကို ဘယ်လိုထိန်းနိုင်တော့မည်နည်း။

မုန်ကျင်းကျိုး - "..."

လုယန် - "..."

နတ်မယ်ကတော့ အရိုင်းနယ်မြေခရီးစဉ်အတွက် အကောင်းဘက်မှတွေးသည်။

"နင်ဘာတွေကြောက်နေတာလဲ။ ငါရှိနေတာပဲလေ။ ဘာဖြစ်နိုင်မှာမို့လဲ"

ထိုသို့ဖြင့် အကြီးအကဲများ၏ အကြံပေးစကားဝိုင်းက မုန်ကျင်းကျိုး ကိုယ့်ကိစ္စကိုယ်ရှင်းရမည့် ဆုံးဖြတ်ချက်ဖြင့် နိဂုံးချုပ်သွားသည်။

မုန်ကျင်းကျိုး သက်ပြင်းချ၍ ပစ္စည်းများထုတ်ပိုးရန် သူ့လှိုဏ်ဂူသို့ပြန်သည်။ လမ်းတစ်လျှောက်တွင် စီနီယာညီအမများ တစ်ယောက်မှ မတွေ့။

လုယန်လည်း ခရီးထွက်ရန် ပြင်ဆင်သည်။

"အရိုင်းနယ်မြေတွေဟာ ကျိန်စာတွေ၊ အလောင်းထိန်းပညာတွေ၊ ဂူသင်္ချိုင်းတွေ နေရာတိုင်းပြည့်နေတယ်။ မကောင်းဆိုးဝါးနဲ့ အဆိပ်ရှိတဲ့သားရဲမျိုးစုံရှိတယ်။

အဆိပ်ဖြေဆေးတွေရဖို့ မစ်ရှင်ခန်းမမှာ ကျိုးဆောင်မှတ်နည်းနည်းသုံးရမယ်ထင်တယ်"

လုယန် သူ့ဘာသာရေရွတ်နေသည်။

"ပြီးတော့ ကျိန်စာပညာကျွမ်းကျင်တဲ့လူတွေ အများကြီးရှိတယ်။ အဲလိုပညာမျိုးတွေ ငါတစ်ခါမှမကြုံဖူးဘူး။ မပြင်ဆင်ပဲသွားရင် လွယ်လွယ်နဲ့ဒုက္ခရောက်နိုင်တယ်။ ကျိန်စာဖျက်နိုင်မယ့် ပစ္စည်းနည်းနည်းလောက် ဝယ်သွားရင်ကောင်းမလား"

နတ်မယ်က ရင်ဘတ်ကိုကော့၍ ယုံကြည့်ချက်အပြည့်ဖြင့် ပြောသည်။

"ငါနင့်ကို စောင့်ကြည့်နေရင် ဘယ်ကျိန်စာမှ နင့်ကိုအန္တရာယ်မပေးနိုင်စေရဘူး"

စွမ်းအားအကြီးဆုံး ရှေးဟောင်းမသေမျိုးဖြစ်၍ သူသည် ဘယ်ကျိန်စာကိုမှမကြောက်။

လုယန် နတ်မယ်ကိုတစ်ချက်ကြည့်သည်။ နတ်မယ်စကားမှန်သည်။ လောက၏ကြောက်စရာအကောင်းဆုံးကျိန်စာက သူ့ရှေ့တွင်ရပ်နေသည်။ တစ်ခြားဘယ်ကျိန်စာက ယှဉ်နိုင်ဦးမည်နည်း။

ကျိန်စာကို စိုးရိမ်စရာမလိုသည့်အပြင် အရိုင်းနယ်မြေခရီးစဉ်သည်ပင် သိပ်ပြီးအန္တရာယ်မရှိတော့သလို ရုတ်တရက် ခံစားလိုက်ရသည်။

"နင့်ဘေးမှာ ငါရှိနေတာပဲ။ ကျိန်စာတွေကို ကြောက်စရာမလိုပါဘူး။ ရှေးဟောင်းခေတ်တုန်းက ငါမသေမျိုးမဖြစ်ခင် မသေမျိုးတွေကြားမှာနေရာတစ်ခုရဖို့ ငါအမြဲတမ်းယှဉ်ပြိုင်တိုက်ခိုက်ခဲ့တယ်။

ပါရမီရှင်လူငယ်လို့ခေါ်တဲ့သူတွေက စွမ်းရည်နည်းနည်းရှိပြီး သူတို့မျိုးနွယ်မှာ နာမည်ကြီးကြတဲ့လူတွေပါ။ ဒါပေမယ့် ငါနဲ့တွေ့တဲ့လမှန်သမျှ 'ပါရမီရှင်'ဆိုတဲ့စကားဟာ အရေးမပါတော့ဘူး"

နတ်မယ်ထုတ်ကြွားသည်။

"သူတို့ထဲက ဘယ်သူမှ ပါရမီရှင်လို့ အခေါ်မခံထိုက်ဘူး။ ငါ့လက်မှာ တစ်ခါရှုံးသွားတာနဲ့ လက်လျှော့သွားကြတဲ့ လူတွေချည်းပဲ။ ဒါပေမယ့် ယင်ထန်နဲ့ချီလင်ကို ကြည့်လိုက်။

ငါသူတို့ကို ဘယ်လောက်ပဲအနိုင်ယူယူ သူတို့ဘယ်တော့မှလက်မလျှော့ကြဘူး။ ငါ့ကို ပေါ်တင်မတိုက်ခိုက်နိုင်ရင် အလစ်တိုက်ခိုက်ဖို့ကြိုးစားတယ်။ မရဏကျိန်စာတွေတိုက်ကြတယ်။

ဒါပေမယ့် ကံကောင်းချင်တော့ ငါ့ရဲ့ပြိုင်ဘက်ကင်းစွမ်းရည်နဲ့ အားလုံးကို ခုခံနိုင်ခဲ့တယ်လေ"

လုယန် သူကြားဖူးသည့် ရှေးဟောင်းကျိန်စာများအကြောင်းကြားဖူးသည်။ ယနေ့ခေတ်ကျိန်စာများထက် ပိုရက်စက်၍ ပိုကြောက်စရာကောင်းသည်။

ထိုကျိန်စာများကြားတွင် ရှင်သန်နိုင်ပြီး မသေမျိုးအဆင့်သို့ ရောက်ခဲ့သည့် ထာဝရနတ်မယ်၏စွမ်းအားသည် စကားသက်သက်မဟုတ်။

သူကျိတ်၍ အံ့ဩမိသည်။ နတ်မယ်သည် တစ်ခါတစ်လေ ယုံကြည်အားကိုး၍မရသော်လည်း ရှေးဟောင်းခေတ်မှ သူ့နာမည်ဂုဏ်သတင်းသည် စစ်မှန်သည့်သူ့စွမ်းအားကြောင့် ရလာခြင်းဖြစ်သည်။

"စိတ်အနှောက်အယှက်ဖြစ်ရဆုံးက တော်ဝင်မြေမျိုးစုံကလာတဲ့ သူတောင်စင်မတွေပဲ။ ငါ့ကိုလည်းမနိုင် ငါ့အလှကိုလည်းမနာလိုဖြစ်ကြတော့ ငါ့ရုပ်ရည်ပျက်စီးအောင် ကျိန်စာတိုက်ကြတယ်လေ"

နတ်မယ် ဒေါသထွက်လာဟန်ရှိသည်။ နှစ်ပေါင်းများစွာ ကြာပြီးသည့်တိုင် ထိုသူတော်စင်မများကို အခဲကြေသေးပုံမရ။

"မသေမျိုးမဖြစ်ခင်ကတည်းက ငါက အတော်နာမည်ကြီးနေပြီးသားပါ။ ငါ့ကျင့်စဉ်တိုးတက်နှုန်း၊ ရုပ်ရည်၊ ဉာဏ်ရည်ဉာဏ်သွေး အားလုံးက ထူးချွန်တယ်။ ဒါပေမယ့် ငါ့မှာနောက်ခံမရှိဘူး။ ဒါကြောင့် မကြာခဏပစ်ပယ်ခံရတယ်။

တစ်ချို့လူတွေက 'သူစွမ်းအားကြီးတော့ဘာဖြစ်လဲ။ နောက်ခံမရှိရင် ဘယ်တော့မှ ချောချောမွေ့မွေ့အဆင့်တက်နိုင်မှာမဟုတ်ဘူး'လို့ပြောပြီး ပြောင်ပြောင်တင်းတင်းတောင် လှောင်ပြောင်ကြတယ်။

ငါ့မှာနောက်ခံမရှိတော့ အနိုင်ကျင့်လို့ရမယ်ထင်ကြတာလေ။ အင်း...နောက်ပိုင်းတော့ ငါ့ရဲ့အကြီးဆုံးနောက်ခံက ငါကိုတိုင်ဖြစ်လာတာပေါ့"

နတ်မယ် မခိုးမခန့်လေသံဖြင့် ရယ်သည်။ အရင်က သူဒေါသထွက်ခဲ့သည့်အရာများသည် ပြန်တွေးကြည့်လျှင် ကလေးကစားစရာလိုဖြစ်နေသည်။

"ခင်ဗျားက တကယ်အံ့ဩစရာလူပါပဲ နတ်မယ်"

"ဟုတ်လို့လား"

လုယန် ပစ္စည်းများအမြန်ထုပ်ပိုးသည်။ လိုမည်ထင်သည့်အရာမှန်သမျှ အားလုံးထည့်သည်။ မစ်ရှင်ခန်းမသို့သွား၍ အသုံးဝင်နိုင်သည့်ပစ္စည်းများ လဲလှယ်သည်။

"အဆိပ်ဖြေဆေးတော့ သေချာပေါက်လိုမယ်။ ပြီးတော့ ဒီဆေးမြစ်တွေ။ အရေးပေါ်ဖြေဆေးလုပ်ဖို့ သုံးလို့ရတယ်"

ဆေးအိုးတောင်ထိပ်မှ အဆိပ်နှင့်ပတ်သက်သည့် အခြေခံဗဟုသုတများ သူလေ့လာထားသည်။ ဂိုဏ်းဝင်တပည့်တိုင်း မဖြစ်မနေတက်ကြရသည့် သင်တန်းဖြစ်သည်။ လူသုံးများသည့် အဆိပ်များကို သူမကြောက်။

"ခရီးထွက်တဲ့အချိန် တစ်ခြားလူတွေအပေါ် မကောင်းတဲ့စိတ်မမွေးဖို့ အရေးကြီးတယ်။ ဒါပေမယ့် တစ်ခြားလူတွေမကောင်းကြံလာမှာကို အမြဲတမ်းကြိုပြင်ဆင်ထားရမယ်"

ဓာတ်ငါးမျိုးဂိုဏ်း၏ ဆိုရိုးစကားဖြစ်သည်။ နောက်ပိုင်းတွင် ချိုးကျင်အန်းဒဿနာကို တာအိုဝစီပိတ်တို့ အကြီးအကဲကိုးယောက်က သဘောတူလက်ခံပြီး တပည့်များထံ လက်ဆင့်ကမ်းသည်။ အမြဲသတိရှိကြရန် တိုက်တွန်းအားပေးခဲ့သည်။

"အရိုင်းနယ်မြေနဲ့ပတ်သက်တဲ့ စာအုပ်တစ်ချို့လည်း ယူသွားမျဖြစ်မယ်။ အရိုင်းနယ်မြေက ယဉ်ကျေးမှုဓလေ့စရိုက်တွေ၊ အလောင်းထိန်းဂိုဏ်းရာဇဝင်တွေ၊ ကျိန်စာကပ်ဆိုက်ခဲ့တဲ့ဇာတ်လမ်းတွေ...

ပြီးတော့ တိုက်ရခိုက်ရတာမျိုးလည်း ကြုံနိုင်တယ်။ တိုက်ခိုက်ရေးမှော်အဆောင်တွေနဲ့ ဝိညာဉ်အားဖြည့်ဆေးလုံးတွေလိုမယ်။...ဒါလောက်ဆို လုံလောက်မှာပါ"

ကြိုတင်ပြင်ဆင်မှုများလုပ်ပြီးသည်နှင့် လုယန်နှင့်မုန်ကျင်းကျိုးတို့ ဂိုဏ်းဂိတ်တံခါးဆွင်ဆုံကြသည်။

မုန်ကျင်းကျိုးက နည်းနည်းစေား၍ရောက်နှင့်သည်။ မြင်းရထားထဲတွင် စောင့်နေသည်။

"မင်းအတော်နှေးတာပဲ"

"ဘာတွေလောနေတာလဲကွာ။ မြန်မြန်သွားပြီး မြန်မြန်ပြန်လို့ရတဲ့ကိစ္စမျိုးမှမဟုတ်တာ"

လုယန် ပြန်ပြောရင်း ရထားပေါ်တက်သည်။ အထောက်အပံ့ပစ္စည်းမျးကို သူတို့ပြန်စစ်ဆေးကြသည်။ မေ့ကျန်သည့်ပစ္စည်းရှိမရှိ အတည်ပြုပြီးနောက် ခရီးစထွက်သည်။

ရထားပေါ်တွင် နတ်မယ်က ပျင်းပျင်းရိရိလေသံဖြင်ပြောသည်။

"အချိန်မသေမျိုးကို ငါတို့ရှာနိုင်ရင်သိပ်ကောင်းမှာပဲ။ သူက ကံကြမ္မာကောင်းချီးစွမ်းအားရှိတဲ့ လောကသစ်ပင်လေ။ သစ်ရွက်တစ်ရွက် သစ်ကိုင်တစ်ခက် ချိုးဖဲ့ယူလိုက်ရုံနဲ့ မုန်ကျင်းကျိုးရဲ့ကျိန်စာကို ဖျက်နိုင်တယ်"

"လောကသစ်ပင်က အဲလိုလုပ်နိုင်စွမ်းရှိတယ်ပေါ့။ ကျုပ်လည်း တစ်ခါမှမကြားဖူးဘူးပါလား"

လုယန် တွေးရခက်သွားသည်။ သို့သော် လောကသစ်ပင်အကြောင်းဖော်ပြသည့် ရှေးမှတ်တမ်းများက ရှားပါးသည်။ သူမသိသည့်အကြောင်းအရာများ ရှိနေသည်မှာမဆန်းလှ။

"နှစ်သစ်ရိုးရာဓလေ့ကိုတော့ နင်ကြားဖူးမှာပါ။ နှစ်ဟောင်းကနေ နှစ်သက်ကို ကူးတဲ့နေ့မှာ ကံဆိုးမှုတွေကို ကျော်လွှားပြီး ကံကောင်းမှုတွေကြိုဆိုကြတဲ့နေ့လေ။

ဒီလိုကံဆိုးမှုကျော်ဖြတ်တဲ့ အယူအဆကို အချိန်မသေမျိုးက တီထွင်ဖန်တီးခဲ့တာ။ နှစ်သစ်ကူးချိန်မှာ လူတွေက သစ်ကိုင်းတွေပေါ် ကျော်လွှားကြတဲ့ဓလေ့ရှိတယ်မဟုတ်လား။

အမှန်တော့အဲဒါ အရင်တုန်းက လောကသစ်ပင်ရဲ့ သစ်ကိုင်းတွေကို ကျော်လွှားကြတာပါ။ နောက်ပိုင်းမှာ ဒီလိုသစ်ကိုင်းမျိုး ရှာမရတော့မှ သာမန်သစ်ကိုင်းတွေကို အစားထိုးသုံးကြတာ။

အစပိုင်းမှာ လောကသစ်ပင်ရဲ့ ကံကြမ္မာကောင်းချီးအကြောင်း ငါလည်းမသိခဲ့ပါဘူး။ ချီလင်မသေမျိုးတို့ ‌ပြောပြမှသိရတာ။

သူတို့ကပြောတယ်။ ငါဘယ်အချိန်စားသောက်ပွဲကျင်းပမလဲ၊ ဘယ်အချိန် သူတို့တို့ဆီလာလည်မလဲဆိုတာ အချိန်မသေမျိုးက ခန့်မှန်းနိုင်တယ်တဲ့။

အဲလိုသိထားတော့ သူတို့ကြိုတင်ပြင်ဆင်ထားလို့ရတာပေါ့တဲ့။ ဒါဟာ သူတို့အတွက် အကြီးမားဆုံးကောင်းချီးပဲလို့ပြောကြတယ်"

လုယန် ခေါင်းငြိမ့်ထောက်ခံသည်။

"အချိန်မသေမျိုးက ကောင်းချီးမင်္ဂလာတွေ သယ်ဆောင်ပြီး လူတွေဘေးကင်းအောင် လုပ်ပေးနိုင်တဲ့စွမ်းအားမျိုး တကယ်ရှိတာပဲ"

********************************

All Chapters