အနက်ရောင်တည်းခိုခန်း
Vol. 27 Ch. 401
အချိန်တိုက်စား၍ ပျက်စီးယိုယွင်းနေသည့် လမ်းမအတိုင်း မြင်းရထားက ဖြေညှင်းစွာ ရွေလျားနေသည်။ သို့သော် မြင်အိုက ပြန့်ပြူးသည့်မြေပြင်တွင် လျှောက်နေသကဲ့သို့ရှိသည်။
အထဲမှလူနှစ်ယောက် ရထားခုန်သည့်ဆောင့်သည်ကို လုံးဝမခံစားရ။
"ငါတို့ အရိုင်းနယ်မြေကိုရောက်လာပြီ"
လုယန် မြေပုံကိုဖြန့်ကြည့်သည်။ မြေပုံပေါ်တွင် သူတို့ရောက်သည့်နေရာကို အလင်းစက်တစ်ခုက ညွှန်ပြနေသည်။ ထိုမြေပုံသည် ခရီးသွားရာတွင် မရှိမဖြစ်လိုအပ်သည့် မှော်ရတနာတစ်ခုဖြစ်သည်။
လက်ရှိရောက်သည့်တည်နေရာကို အကြမ်းဖျဉ်းညွှန်ပြနိုင်သည်။
"မိုးချုပ်နေပြီ။ ဒီနားမှာ အနားယူဖို့တစ်နေရာရှာကြတာပေါ့"
မုန်ကျင်းကျိုးက အကြံပြုသည်။ အမှောင်ထုက ကြီးစိုးလာသည်။ အရိုင်းနယ်မြေသို့လည်း သူတို့ရောက်နေပြီဖြစ်သည်။ အလျင်စလိုသွားစရာမလို။
"ဟေ့..ကြည့်လိုက်၊ ဟိုမှာ တည်းခိုခန်းတစ်ခုရှိတယ်။ ငါတို့ အဲဒီမှာနေလို့ရတယ်"
မလှမ်းမကမ်းမှ တည်းခိုခန်းကို မုန်ကျင်းကျိုးလက်ညှိုးထိုးပြသည်။ ဆိုင်းဘုတ်က ပြုတ်ကျလုနီးပါးဖြစ်နေသည်။ နာမည်ကို ထင်ထင်ရှားရှားမမြင်ရ။ တည်းခိုခန်းအပြင်အဆင်က သိပ်မကောင်း။
လုယန် တည်းခိုးခန်းကို စိတ်မချသည့်အကြည့်ဖြင့် ဖြင့်ကြည့်သည်။ တကယ်စိုးရိမ်စရာဖြစ်နေသည်။ လေတစ်ချက်တိုက်ရုံဖြင့် ပြိုလဲတော့မယောင်ရှိသည်။
"အဆင်ပြေလောက်ပါတယ်လေ။ ရထားထဲမှာအိပ်ရတာထက်တော့ ပိုကောင်းမှာပါ"
လုယန် ကိုယ့်ကိုယ်ကို နှစ်သိမ့်လိုက်သည်။
နှစ်ယောက်သား မြင်းအိုနှင့်အတူ တည်းခိုခန်းတံခါးသို့ ရောက်လာသည်။ တံခါးကဖွင့်ထားသည်။ အထဲတွင် မှောင်မဲနေသည်။ လူတစ်ယောက်မှမမြင်ရ။ စွန့်ပစ်ထားသည့်နေရာတစ်ခုလို ဖြစ်နေသည်။
ယခုမှ တည်းခိုခန်းဆိုင်းဘုတ်မှ နာမည်ကို သူတို့သေချာမြင်ရသည်။
ချင်မင်တည်းခိုခန်း။
"နာမည်က နိမိတ်မကောင်းဘူး။...ဒီနေရာက ပိတ်ထားတာလား ဖွင့်တုန်းလား"
မုန်ကျင်းကျိုးသူ့ဘာသာရေရွတ်လျက် ခြေတစ်လှမ်းရှေ့တိုးပြီး အော်ခေါ်လိုက်သည်။
"လူရှိလား။ ကျုပ်တို့ အခန်းလိုချင်လို့ပါ"
(**ချင်မင်ပွဲတော် - တရုတ်မိသားစုများ ဘိုးဘေးဂူသင်္ချိုင်းသို့သွားလည်၍ ပေါင်းမြက်များရှင်းခြင်း၊ ရိုးရာအစားသောက်နှင့် အမွှေးတိုင်နှင့် ငွေစက္ကူတုများ မီးရှို့ခြင်းလုပ်သည့်အချိန်ဖြစ်သည်)
တုံ့ပြန်သံမကြားရ။
မုန်ကျင်းကျိုး ထပ်အော်သည်။
"လူရှိလား။ ကျုပ်တို့ အခန်းလိုချင်လို့ပါ"
ရုတ်တရက် ကောင်တာနောက်ဘက်မှ ဘုတ်ခနဲအသံတစ်ခုကြားရသည်။ အလောင်းတစ်ခု ကြမ်းပြင်ပြုတ်ကျသည့် ခပ်အုပ်အုပ် အသံမျိုးဖြစ်သည်။
"ဘယ်ကောင် ဒီလောက်အကျယ်ကြီးအော်နေတာလဲကွ။ ဒီမှာနေရင် လိုက်နာရမယ့်စည်းကမ်းတွေကို မသိဘူးလား"
စက္ကူဖြူဦးထုပ်ဆောင်းထားသည့် လူတစ်ယောက် ဆဲဆိုအော်ဟစ်ရင်း ကောင်တာနောက်မှထွက်လာသည်။ လုယန်နှင့်မုန်ကျင်းကျိုးကို ခပ်တင်းတင်းစိုက်ကြည့်သည်။
"ကျုပ်တို့အခန်းလိုချင်တယ်။ အကောင်းဆုံးနှစ်ခန်းပေးပါ"
အမြဲတမ်း အကောင်းဆုံးအရာများကိုသာ မုန်ကျင်းကျိုးရွေးလေ့ရှိသည်။
"...မင်းတို့နှစ်ယောက်ကလား။.....ဒီမှာတည်းမယ်ပေါ့"
စက္ကူဖြူဦးထုပ်နှင့်လူက သူတို့ကို တအံ့တဩကြည့်သည်။ ထို့နောက် လည်ပင်းကိုဆန့်၍ သူတို့တို့နောက်ဘက်သို့ လှမ်းကျော်၍ကြည့်သည်။ နောက်ထပ်အဖော်မပါကြောင်း နားလည်သွားသည်။
"သွား သွားတော့။ ပြဿနာမရှာပါနဲ့။ ဒါက မင်းတို့နေရာမဟုတ်ဘူး။ တည်းခိုဖို့အတွက် တစ်ခြားနေရာရှာလိုက်ပါ"
စိတ်မရှည်ဟန်ဖြင့် လက်ခါပြသည်။
မုန်ကျင်းကျိုး တွေးမရအောင်ဖြစ်သွားသည်။ တည်းခိုခန်းများစွာ သူတည်းဖူးသည်။ ဧည့်သည်လက်မခံသည့် တည်းခိုခန်းမျိုး ပထမဆုံးတွေ့ဖူးခြင်းဖြစ်သည်။
"ခင်ဗျားတည်းခိုခန်း လူပြည့်နေလို့လား"
"အခန်းလွတ်တစ်ဝက်ကျန်ပါသေးတယ်"
"ဒါဆိုဘာလို့ ကျုပ်တို့ကိုနေခွင့်မပြုတာလဲ"
စက္ကူဦးထုပ်နှင့်လူ ရှင်းပြရန်ပြင်နေချိန်စဉ် လှေခါးဆီမှ အသံတစ်ခုကြားရသည်။
"ဒေါက်၊ ဒေါက်၊ ဒေါက်"
ခြေသံက စည်းချက်မှန်သည်။ အလျင်စလိုမရှိ။
တာအိုဝတ်စုံနှင့်ကျင့်ကြံသူတစ်ယောက် ဒုတိယထပ်မှ ဆင်းလာသည်။ သူ့နောက်မှ ဝတ်ရုံနက်ဝတ်ထားသည့် လူတစ်စု လိုက်လာသည်။ အားလုံးအသံတိတ်နေသည်။ ညအမှောင်ထဲတွင်ရှိနေသဖြင့် သူတို့ပုံစံက ပို၍ကြောက်စရာကောင်းနေသည်။
ဝတ်ရုံနက်အရေအတွက်က များလွန်းသဖြင့် အပေါ်ထပ်တွင် ထိုလူများအတွက် အခန်းလုံလောက်အောင်ရှိပါ့မလားဟု လုယန်နှင့်မုန်ကျင်းကျိုးတို့ သံသယဝင်လာသည်။ အခန်းလွတ်တစ်ဝက်ကျန်သေးကြောင့် ခုနက တည်းခိုးခန်းပင်ရှင်ပြောခဲ့သည်။
လူဆယ်ယောက်ကျော် တစ်ခန်းထဲစု၍နေကြခြင်းလားမသိ။
ထိုသို့နေလျှင်လည်း အဆင်မပြေနိုင်။ နံရံကိုမှီရပ်ရင်း အိပ်ရလိမ့်မည်။
"အကို၊ အခန်းခရှင်းမယ်။ ကျုပ်နေဖူးသမျှ ချင်မင်တည်းခိုခန်းတွေထဲမှာ ဒီဟာအဆိုးဆုံးပဲ"
တာအိုဝတ်ရုံရှင်က စက္ကူဦးထုပ်လူထံ ကြိုးဖြင့်သီထားသည့် ကြေးပြားတွဲတစ်ခု ပစ်ပေးသည်။ ထိုကြေးပြားမျိုး လုယန်တို့မမြင်ဖူး။ ကြေးပြားများထဲတွင် စီးဆင်းနေသည့် ဝိညာဉ်ချီတစ်ချို့ရှိသည်။ ထူးခြားသည့်အသုံးမျိုး ရှိဟန်တူသည်။
စက္ကူဦးထုပ်နှင့်လူ သွားဖြဲရယ်နေသည်။ ဘာမှပြန်မပြော။ ငွေရနေသရွေ့ သူကျေနပ်သည်။
လုယန်နှင့်မုန်ကျင်းကျိုးတို့ ဝတ်ရုံနက်လူများကို ယခုမှ အနီးကပ်ကြည့်ခွင့်ရသည်။ နှစ်ယောက်လုံး လန့်ဖျတ်သွားကြသည်။
မျက်လုံးများက အသက်မဲ့နေသည်။ တစ်ချို့က ပါးစပ်နှင့်နှာခေါင်းတွင် မြက်ပင်များ ရွှံ့များကပ်နေသည်။ တစ်စုံတစ်ခုဖြင့် ထုရိုက်ခံထားရသကဲ့သို့ မျက်နှာများက ပုံပျက်ပန်းပျက်ဖြစ်နေသည်။ တစ်ချို့က အရိုးပေါ်အရေတင်၍ အိုမင်းရင့်ရော်နေသည်။
"ရေနစ်တဲ့သေလူ၊ အရိုက်ခံရလို့သေတဲ့လူ၊ အသက်ကြီးလို့သေတဲ့လူ ....အားလုံးက လူသေတွေပါလား"
"အလောင်းထိန်းပညာများလား"
"ညရောက်မှ အဝင်အထွက်လုပ်ကြတာ အံ့ဩစရာမရှိတော့ပါဘူး။ 'နေ့ခင်းပိုင်းမှာ အနားယူပြီး ညပိုင်းမှာ အလောင်းထိန်းတယ်'တဲ့။ စာအုပ်ထဲမှာပြောထားတဲ့အတိုင်းပဲ"
အရိုင်းနယ်မြေသို့ရောက်ရောက်ချင်း နာမည်ကျော်အလောင်းထိန်းပညာကို လက်တွေ့ကြုံရမည် ထင်မထားခဲ့။
စက္ကူဦးထုပ်နှင့်လူက ကြေးပြားများကို အိတ်ကပ်ထဲထည့်ပြီး သူတို့ကို အရေးမစိုက်ဟန်ဖြင့် ကြည့်သည်။
"ဒါက အလောင်းတည်းခိုခန်းပဲလေ။ အလောင်းထိန်းသမားတွေ နားတဲ့နေရာပါ။ အခန်းတွေက လူသေတွေအတွက်ပဲ။ မင်းတို့ အယူသည်းတာတွေဘာတွေ မရှိဘူးဆိုရင်တော့ ဒီမှာနေလို့ရပါတယ်"
အလောင်းထားသည့်အခန်းများတွင် နေရမည့်အတွေးကြောင့် လုယန်တို့နှစ်ယောက် မျက်ခုံးလှုပ်သွားသည်။ ထိုစိတ်ကူးနှင့် အသားကျဖို့ခက်လှသည်။
"ခုနက အလောင်းထိန်းပညာသုံးတဲ့လူက အလောင်းထိန်းဂိုဏ်းကလား"
လုယန်မေးလိုက်သည်။ အလောင်းထိန်းဂိုဏ်းဝင်ဖြစ်လျှင် ထိုလူနှင့်စကားပြောကြည့်ရမည်။
ဦးထုပ်နှင့်လူ ခေါင်းခါသည်။
"မင်းတို့ တစ်ခြားဒေသကလူတွေ မဟုတ်လား။ ဒီလောက်တော့ ငါရိပ်မိပါတယ်။ အရိုင်းနယ်မြေမှာ ငါတို့တည်းခိုခန်းနာမည်မြင်ရင် သက်ရှိလူတွေက ဘာလို့လာတည်းကြမှာလဲ"
"ကျုပ်တို့ ယွမ်ကျိုးကပါ"
စက္ကူဦးထုပ်ပိုင်ရှင် နားလည်သွားဟန်ဖြင့် ခေါင်းငြိမ့်သည်။
"အား...အလယ်ပိင်းတိုက်နယ်ကပေါ့။ အံ့ဩစရာမရှိတော့ပါဘူး။ ယွမ်ကျိုးမှာ မသေမျိုးငါးဂိုဏ်းထဲကတစ်ဂိုဏ်းဖြစ်တဲ့ တာအိုလမ်းစဉ်ဂိုဏ်း အခြေစိုက်တယ်လို့ ငါကြားမိတယ်။
ဒါကြောင့် နယ်မြေတစ်ခုလုံး မယုံနိုင်လောက်အောင် ဖွံ့ဖြိုးတိုးတက်တယ်။ လမ်းပမ်းဆက်သွယ်ရေးကောင်းတယ်။ စီးပွားရေးအဆင့်အတန်းမြင့်တယ်။ စွမ်းအားမြင့်ကျင့်ကြံသူတွေအများကြီးရှိတယ်တဲ့"
ထို့နောက် လုယန်တို့ အထင်မှားနေသည့်ကိစ္စကို ရှင်းလင်းပေးသည်။
"အလောင်းထိန်းပညာတွေဟာ အလောင်းထိန်းဂိုဏ်းတစ်ခုတည်းမှာပဲ ရှိတာမဟုတ်ဘူး။ ဂိုဏ်းမဲ့ကျင့်ကြံသူတွေအတော်များများ အလောင်းတွေ ဘယ်လိုထိန်းချုပ်ရမလဲဆိုတာ သိကြတယ်။
ဒါပေမယ့် သူတို့သုံးတဲ့နည်းလမ်းတွေက အလောင်းထိန်းဂိုဏ်းလောက်တော့ အဆင့်မမြင်ဘူးပေါ့။ အရိုင်းနယ်မြေမှာ ဂိုဏ်းမဲ့ကျင့်ကြံသူဖြစ်ဖြစ် အလောင်းထိန်းဂိုဏ်းတပည့်ဖြစ်ဖြစ် အလောင်းထိန်းသမားလို့ပဲ ခေါ်ကြတယ်။
သူတို့အရောင်းအဝယ်လုပ်တာတွေက ဝိညာဉ်ကျောက်နဲ့မဟုတ်ဘူး။ မှော်အဆောင်ကြေးပြားတွေကိုသုံးကြတာ"
သူ့လက်ထဲမှ ကြေးပြားသီထားသည့်ကြိုးကို လှုပ်ပြသည်။
လုယန်တို့နှစ်ယောက် ထိုလူကိုနှုတ်ဆက်၍ တစ်ခြားတည်းခိုခန်းတစ်ခု သွားရှာရန် ဆုံးဖြတ်လိုက်သည်။
ချင်မင်တည်းခိုခန်းမှ ထွက်သည်နှင့် ဝင်ပေါက်တွင်လဲကျနေသည့် ဆိုင်းဘုတ်တစ်ခုကို လုယန်သတိထားမိသည်။ စေတနာဖြင့် သူကောက်ကိုင်၍ ပြန်ထောင်ပေးလိုက်သည်။
ဆိုင်းဘုတ်ပေါ်တွင်
"စီးပွားရေးလမ်းကြောင်း အပြောင်းအလဲကြောင့် ဤတည်းခိုခန်းကို ပိုင်ချွန်မြို့အရှေ့ဘက် မိုင်နှစ်ဆယ်အကွာသို့ ပြောင်းရွှေ့ထားပါသည်။ နားလည်ပေးကြသည့် ဧည့်သည်များကို ကျေးဇူးတင်ပါသည်"
အောက်ခြေမှရက်စွဲက လွန်ခဲ့သည့်ငါးနှစ်ကဖြစ်သည်။
"ဟာ.."
သူတို့နှစ်ယောက် ချင်မင်တည်းခိုခန်းကို တအံ့တဩပြန်မော့ကြည့်၍ ကြက်သီးမွှေးညှင်းများ ထလာကြသည်။
ချင်မင်တည်းခိုခန်းအစစ်က ပြောင်းရွှေ့သွားပြီးဖြစ်သည်။ သို့ဆိုလျှင် ခုနက သူတို့တွေ့ခဲ့သည့်လူများသည်....
တည်းခိုခန်းထဲသို့ သူတို့ချက်ချင်းပြန်သွားသည်။ ဘယ်သူမှမရှိ။ စက္ကူဖြူဦးထုပ်နှင့်လူကိုလည်း အရိပ်အယောင်ပင်မတွေ့ရတော။
"ဒီလူက လူလား သရဲလား"
နှစ်ယောက်လုံး ကြောက်လန့်လာသည်။ စက္ကူဦးထုပ်ဆောင်းလူနှင့် စကားပြောစဉ်က မူမမှန်သည့်အချက် ဘာမှမတွေ့။ သန့်စင်ယန်ပိုင်ရှင် မုန်ကျင်းကျိုးကိုမြင်သည့်တိုင် ဘာမှတုံ့ပြန်မှုမရှိ။
ကျင့်စဉ်စွမ်းအား မြင်းမားသူတစ်ယောက်ဖြစ်မည်။ သရဲဘုရင်အဆင့်လားမသိ။
"ဝင်ကြ"
ထိုစဉ် အော်ဟစ်အမိန့်ပေးသံတစ်ခု ကြားရသည်။ အရာရှိဝတ်စုံဝတ်ထားသည့် ကျင့်ကြံသူတစ်စေု တည်းခိုခန်းထဲသို့ တဟုန်ထိုးပြေးဝင်လာသည်။
"သောက်လခွမ်း၊ သူထွက်ပြေးသွားပြီကွာ"
ခေါင်ဆောင်တပ်မှူးဖြစ်ဟန်တူသည့် မုန်ဆိတ်နှင့်လူက စက္ကူဦးထုပ်နှင့်လူကို မတွေ့သဖြင့် မျက်မှောင်ကျုံ့နေသည်။
"အကို၊ ဒီမှာဘာတွေဖြစ်နေတာလဲခင်ဗျ"
လုယန်က ယဉ်ယဉ်ကျေးကျေးမေးသည်။
တည်းခိုခန်းထဲမှ ထွက်လာသည့်် လုယန်နှင့်မုန်ကျင်းကျိုးကို တပ်မှူးက သံသယမဝင်ပါ။
"ဒီချင်မင်တည်းခိုခန်းကို စွန့်ပစ်ထားတာ ငါးနှစ်ကြာပြီ။ ဒါပေမယ့် ဒီနှစ်ပိုင်းတွေက သူတို့ဒီမှာနေခဲ့တယ်၊ ခြောက်လှန့်ခံခဲ့ရတယ်လို့ပြောပြီး ငါတို့ဆီလာတိုင်တယ်။
လျှို့ဝှက်စုံစမ်းပြီး သက်သေထွက်ဆိုချက်တွေ နှိုင်းယှဉ်ကြည့်လိုက်တော့ အမှန်တရားကို သိလာရတယ်။ စက္ကူဖြူဦးထုပ်ဆောင်းထားတဲ့ လူတစ်ယောက်က တည်းခိုခန်းပိုင်ရှင်လို့အ ယောင်ဆောင်တယ်။
တည်းခိုခန်းအပြင်အဆင်ကို အတုလုပ်တယ်။ အလောင်းထိန်းသမားတွေကို အခကြေးငွေနဲ့ ဒီမှာနေခွင့်ပေးတယ်။အလောင်းဆိုတာ နေရာသိပ်ရွေးကြတာမှမဟုတ်ဘဲ။ အခန်းမကောင်းလည် သိပ်ကိစ္စမရှိဘူး။
ဒါပေမယ့် တစ်ချို့အလောင်းထိန်းသမားတွေ ဆက်ပြီးသည်းမခံနိုင်တော့လို့ ပင်မချင်မင်တည်းခိုခန်းကို သွားတိုင်တယ်။ အဲဒီမှာ အံ့အားသင့်သွားတယ်။ ဒီနေရာကို ပိတ်ထားခဲ့တာ ကြာပြီလေ။ ဒီလိုနဲ့ ဒီကိစ္စပေါ်လာတာပဲ။
အဖြစ်မှန်ကို သိပြီးတော့ ဦးထုပ်နဲ့လူကိုဖမ်းဖို့ ငါတို့ဒီမှာကင်းပုန်းစောင့်နေခဲ့တာ။ ဒါပေမယ့် သူလွတ်သွားတယ်"
လုယန် - "..."
အလောင်းတည်းခိုခန်းအတုပင် ဖွင့်ကြသည်။ အရိုင်းနယ်မြေမှလူများသည် ထိုမျှဆင်းရဲမွဲတေနေကြလေသလားမသိ။
**********************************