← Chapters

မသေမျိုး၏ ထိပ်တန်းအလောင်းထိန်းပညာ

Vol. 27 Ch. 403

မသေမျိုး၏ ထိပ်တန်းအလောင်းထိန်းပညာ

Vol. 27 Ch. 403

"ရွားသားတွေက ဒီဘိုးဘေးခန်းမကိုမ ကြာခဏလာကြတယ်ထင်တယ်။ ကြည့်လေ...ဝိညာဉ်ကမ္ဗည်းတိုင်တွေရှ့မှာ အစားအသောက်တွေ အများကြီးပဲ"

မုန်ကျင်းကျိုးက အံ့ဩနေဟန်ဖြင့် မျတ်ချက်ပေးသည်။ ခန်းမက အစွန်းအထင်းလုံးဝမရှိ။ ဝိညာဉ်ကမ္ဗည်းများရှေ့တွင် ပေါက်စီပေါင်းနှင့် ဟင်းရွက်ချဉ်လို ရိုးရှင်းသည့်စားဖွယ်သောက်ဖွယ်များရှိသည်။

"ဟုတ်တယ်။ အစားအသောက်တွေက ပူနွေးနေတုန်းပဲ"

ပေါက်စီမှထွက်နေသည့် အခိုးအငွေ့များကို လုယန်သတိထားမိသည်။ လတ်လတ်ဆတ်ဆတ်ပေါင်းထားသည့် ပေါက်စီများဖြစ်သည်။

"ဗိုက်တောင်ဆာလာပြီကွ။ တစ်ခုခုစားရအောင်"

အသင့်ပြင်လာသည့် အစားအသောက်များကို မုန်ကျင်းကျိုး ကျောက်စိမ်းတံဆိပ်ထဲမှထုတ်လိုက်သည်။ ဂိုဏ်းတွင်းဈေးမှ ဝယ်လာခြင်းဖြစ်မည်။ အရသာလည်းရှိသလို ကျင့်စဉ်စွမ်းအားကိုလည်း တိုးပွားစေသည်။

ကျင့်ကြံသူစားဖိုမှူးတို့၏ အားသာချက်ပင်ဖြစ်သည်။

လုယန်လည်း သူ့သိစိတ်နယ်မြေတွင် မသေမျိုးစားဖိုမှူးတစ်ယောက်ရှိကြောင်း ပြန်တွေးမိလာသည်။ မသေမျိုးချက်သည့်အစားအသောက်များက ကျင့်စဉ်စွမ်းအားကို ထိုထက်ပို၍တိုးပွားစေနိုင်သည်။

ထိုသို့တွေးရင်း သူ့စိတ်ထဲ လေးလံလာသလို ခံစားရသည်။

လက်ကိုမြှောက်၍ ရသာသုံးပါးမီးတောက်သုံးလုံး ထုတ်သည်။ မီးစာမလိုထင်းမလိုဘဲ ဝိညာဉ်စွမ်းအင်နည်းနည်းသုံးရုံဖြင့် အချိန်အတော်ကြာအောင် မီးတောက်ကိုထိန်းထားနိုင်သည်။

အစားအသောက်များကို မီးတောက်ပေါ်တွင်အပူပေးသည်။ မူလကတည်းက အရသာရှိသည့် အစားအသောက်များက ပို၍သွားရေယိုချင်စရာဖြစ်လာသည်။

"ဒါနဲ့...မင်းက လုမိသားစုအရိပ်တုလက်သီးကို တတ်ထားတာပဲ။ အခု အမယွမ်ကို ဆင့်ခေါ်လို့မရဘူးလား"

မုန်ကျင်းကျိုး အကြံပြုသည်။ သူ့ပြဿနာ မြန်မြန်ဖြေရှင်းနိုင်မည့်နည်းကို စိတ်ကူးမိသောကြောင့်ဖြစ်သည်။ မည်သို့ဆိုစေ ယွမ်ကျိအပေါ် မည်သည့်ကံကြမ္မာစွမ်းအားမှ သက်ရောက်နိုင်လိမ့်မည်မထင်။

လုယန်က အမြင်ကတ်သည့်မျက်လုံးဖြင့် တစ်ချက်စိုက်ကြည့်သည်။

"မင်းတကယ်သတ္တိကောင်းတာပဲ။ ဒီကိစ္စလောက်နဲ့ အမယွမ်ကို ဆင့်ခေါ်ဖို့ တွေးနေတယ်ပေါ့။ ပြီးခဲ့တဲ့တစ်ခေါက် ငါဆင့်ခေါ်တယ်ဆိုတာက သေရေရှင်ရေးအခြေအနေကွ။ ဒီကျိန်စာကိစ္စလေက ဘာမှပြောပလောက်တာမဟုတ်ဘူး။

ယွမ်ကျိရောက်လာ၍ ကျိန်စာပြဿနာကြောင့် ဆင့်ခေါ်ကြောင်းသိလျှင် သူ့ကို လူသေတစ်ယောက်ကဲ့သို့ အေးစက်စက်စိုက်ကြည့်လာမည့်အဖြစ်ကိုတွေးရင်း မုန်ကျင်းကျိုး ကြက်သီးထသွားသည်။

"ဟုတ်ပါပြီ ဟုတ်ပါပြီ ထားလိုက်ပါတော့။ ငါတို့ဘာသာပဲ ကျိန်စာပြဿနာကိုရှင်းကြတာပေါ့"

သူချက်ချင်းစိတ်ပြောင်းသွားသည်။

လုယန်ဆက်ပြောသည်။

"ပြီးတော့ အမယွမ်က ကိစ္စပေါင်းသောင်းခြောက်ထောင် စီမံနေရတာ။ သူဖြေရှင်းရတဲ့ကိစ္စတွေက ဒါထက်အများကြီး ပိုအ‌ရေးကြီးတယ်။ ငါသူ့ကိုအနှောက်အယှက်ပေးလို့ သူ့အလုပ်မှာ အမှားအယွင်းဖြစ်တာ နှောင့်နှေးတာမျိုးဖြစ်သွားရင် ဘာဆက်ဖြစ်လာမယ်ထင်လဲ"

မဖြစ်မနေလိုအပ်သည့်အခြေအနေမှလွဲ၍ ယွမ်ကျိကိုခေါ်ဖို့ လုယန်လက်တွန့်ခြင်းမှာ ထိုအကြောင်းကြောင့်ဖြစ်သည်။ ယွမ်ကျိက ခက်ခဲသည့်ပြဿနာများကို အမှန်တကယ်ဖြေရှင်းပေးနိုင်ပါသည်။

သို့သော် ထိုသို့အမြဲဖြေရှင်းပေးနေလျှင် သူတိုးတက်တော့မည်မဟုတ်။ မလွှဲသာသည့်အခြေအနေမှသာ ဆင့်ခေါ်ရန် လုယန်ဆုံးဖြတ်ထားသည်။

"မဟာအကြီးအကဲရှိမနေတာ ဆိုးတာပဲ။ သူက ဗဟုသုတများတော့ ဖြေရှင်းဖို့ တစ်ခြားနည်းလမ်းတစ်ခု သိချင်သိနေမှာ"

မဟာအကြီးအကဲ ဘယ်ကိုသွားမှန်းမသိသော်လည်း နောက်ထပ်ဂူသင်္ချိုင်းတစ်ခု ဆောက်နေခြင်းဖြစ်မည်ဟု မုန်ကျင်းကျိုး ကောင်းကောင်းခန့်မှန်းမိသည်။

မဟာအကြီးအကဲသည် ဂူသင်္ချိုင်းများ မကြာခဏဆောက်၍ ဖုတ်ကောင်များဖြည့်နေသူဖြစ်သည်။ လုပ်ငန်းသဘောအရ အလောင်းထိန်းဂိုဏ်းနှင့် အဆက်အသွယ်ရှိလိမ့်မည်ဟု သူယူဆသည်။

ကျင့်စဉ်စွမ်းအားမြင့်ပြီး ဗဟုသုတများသူဖြစ်၍ အကြီးအကဲထံတွင် သူ့ကျိန်စာပြဿနာအတွက် အဖြေတစ်ခုရှိနိုင်သည်။

'အရိုင်းမြေယဉ်ကျေးမှုနှင့် ရိုးရာဓလေ့များ'စာအုပ်မှ စာပိုဒ်တစ်ပိုဒ်ကို မုန်ကျင်းကျိုးလက်ညှိုးထောက်၍ပြောသည်။

"အလောင်းထိန်းစနစ်ဟာ ရှေးခေတ်ကတည်းက အရိုင်းမြေမှာရှိခဲ့တယ်တဲ့။....လွန်ခဲ့တဲ့နှစ်တစ်သိန်း မဟာယုပျက်စီးတဲ့အချိန်မှာ တစ်လောကလုံး ဝရုန်းသုန်းကားဖြစ်တယ်။

နေရာတိုင်းမှာ ပုန်ကန်သူတွေပေါ်လာတယ်။ ဒီနေရာဟာ လူသတ်ကွင်းဖြစ်ခဲ့တယ်။ ။ သွေးမြစ်တွေစီးဆင်းခဲ့တယ်။ မြေ‌ပေါ်မှာ အလောင်းတွေပြန့်ကျဲခဲ့တယ်။

အလောင်းအများစုကို ဖုတ်ကောင်(ကျန်းရှီ)အဖြစ် အသွင်ပြောင်းခဲ့တယ်။ အလောင်းထိန်းသမားတွေ အများကြီးပေါ်လာတယ်။

လုံခြုံဘေးကင်းဖို့အတွက် သူတို့ချင်းအတူပေါင်းစည်းကြတယ်။ နောက်ဆုံးမှာ ငါတို့အခုသိတဲ့ အလောင်းထိန်းဂိုဏ်းဆိုတာ ဖြစ်လာတယ်တဲ့"

"အလောင်းထိန်းတဲ့ဓလေ့ ဒီမှာရှိခဲ့တာ အတော်ကြာပြီထင်တယ်"

လုယန်သက်ပြင်းချသည်။

"လွန်ခဲ့တဲ့နှစ်တစ်သိန်းကဆိုတာတောင် အတော်ဝေးကွာခဲ့တဲ့ ခေတ်ကာလပဲ။ ရှေးအကျဆုံးဂိုဏ်းတစ်ဂိုဏ်းဖြစ်တဲ့ တာအိုလမ်းစဉ်ဂိုဏ်းတောင် သက်တမ်းတစ်သိန်းနှစ်သောင်းပဲရှိတာ"

"အလောင်းထိန်းဓလေ့က နင်ထင်တာထက်အများကြီးပိုရှေးကျပါတယ်"

နတ်မယ်က အချိန်ကိုက် စကားဖြတ်ပြောသည်။

"အလောင်းထိန်းကျင့်စဉ်ပညာတွေ ရှေးဟောင်းခေတ်မှာတောင် ရှိခဲ့တာလား"

နတ်မယ်က နှုတ်ခမ်းကိုသပ်၍ ဝေးကွာခဲ့သည့်အတိတ်ကို ပြန်စဉ်းစားသည်။

"ရှိတယ်လို့ ပြောရမှာပဲ။ အဲဒီတုန်းက အလောင်းထိန်းဖို့အတွက် နည်းလမ်းမျိုးစုံသုံးခဲ့ကြတယ်။ သူတို့သုံးတဲ့မှော်ပညာတွေကို ဒီနေ့ခေတ်လို အားလုံးခြုံပြီးခေါ်တဲ့နာမည်မျိုး မရှိသေးဘူး။ အခုခတ်မှာကျတော့ ဒီပညာတွေအားလုံးကို အလောင်းထိန်းပညာလို့ပဲခေါ်တယ်လေ။

'စကားလုံးမှော်ပညာ'သုံးနိုင်တဲ့ ဟိုအရူးအကြောင်း ငါပြောခဲ့တာ နင်မှတ်မိလား။ သူက တစ်ခြားဘာမှလုပ်စရာမလိုပဲ အလောင်းတွေကို သူ့အသံနဲ့ထိန်းချုပ်နိုင်တယ်။ မယုံနိုင်လောက်အောင် စွမ်းအားကြီးတယ်။

အင်အားကြီးရန်သူတစ်ယောက်ကို ရင်ဆိုင်တွေ့တာနဲ့ နီးရာသင်္ချိုင်းတစ်ခုထဲဝင်ပြီး တစ်ခါအော်လိုက်ရုံပဲ။ အလောင်းတွေ မြေကြီးထဲက ချက်ချင်းထိုးထွက်လာကြတာပဲ။ ကြောက်စရာကောင်းတယ်။ ငါရင်ဆိုင်ဖူးသမျှ စွမ်းအားအကြီးဆုံးပြိုင်ဘက်တွေထဲကတစ်ယောက်ပဲ"

လုယန် မှတ်မိပါသည်။ ရှေးဟောင်းခေတ်တွင် ပြိုင်ဘက်ကင်းဟုခေါ်လောက်သည့် စကားလုံးမှော်ပညာဖြင့် ကျော်ကြားသူ၊ မသေမျိုးဖြစ်နိုင်ခြေရှိခဲ့သည့် လူနည်းစုထဲမှ တစ်ယောက်ဖြစ်သည်။ သူ့ဒဏ္ဍာရီဇာတ်လမ်းများ မျိုးရိုးအဆက်ဆက် ပြောခဲ့ကြသည်။

ထို့နောက်တွင် နတ်မယ်က သူ့ကိုအလစ်တိုက်ခိုက်သည်။ 'နာလွန်းလို့သေတော့မယ်'ဟုအော်ပြီး တကယ်သေသွားသည်။

"ပြီးတော့ ဟာရမ်ရွှေသန္ဓေပိုင်ရှင်တစ်ယောက်လည်း ရှိခဲ့တယ်။ ကံကောင်းထောက်မပြီး အတော်လှတဲ့ ဖုတ်ကောင်မတစ်ယောက်ကို‌ မွေးမြူနိုင်ခဲ့တယ်။ နှစ်ပေါင်းများစွာ လက်ပွန်းတတီးနေလာတော့ ဖုတ်ကောင်မရင်ထဲမှာ ခံစားချက်တွေပေါ်လာတယ်။

ကန္တာရနတ်ဆိုးအဆင့်ကို တက်ပြီးတဲ့အချိန်မှာ သူ့ပုံစံက တကယ့်သက်ရှိလူအစစ်နီးပါးဖြစ်လာတယ်။ အဲဒီ့စွမ်းအားရှင်ရဲ့ ဟာရမ်မယ်တစ်ယောက်တောင် ဖြစ်လာခဲ့တယ်"

ထိုရွှေသန္ဓေပိုင်အရှင်အကြောင်းလည်း လုယန်မှတ်မိပါသည်။ မိန်းမလှများစွာ ပိုင်ဆိုင်သူအဖြစ်နာမည်ကျော်သည်။ အချစ်ပညာကို အဓိကထားသည့်ကျင့်စဉ်ကို လေ့ကျင့်သည်။ ထိုမိန်းကေလးများအကူအညီဖြင့် သူ့တိုးတက်မှု ထိုးတက်ခဲ့သည်။

သို့သော် နောက်ဆုံးတွင် သူ့ဟာရမ်ဆက်ဆံရေးကို ဆက်ထိန်းမထားနိုင်တော့သဖြင့် တစ်စစီ ဆုတ်ဖြဲခံရပြီး အသေဆိုးဖြင့်သေခဲ့သည်။

အသေဆိုးဖြင့်သေခဲ့သော်လည်း သူ့ဘဝဇာတ်လမ်းကို ယခုထိ အတော်များများအားကျနေကြဆဲဖြစ်သည်။

"နတ်မယ်၊ ခင်ဗျား အလောင်းတွေထိန်းချုပ်နိုင်သလား"

"ထိန်းချုပ်နိုင်တာပေါ့။ ဒီမသေမျိုးက ထိပ်တန်းအလောင်းထိန်းပညာကို သုံးတာလေ"

နတ်မယ် ဝင့်ကြွားသည့်လေသံဖြင့် ပြောသည်။

"တကယ်ပေါ့"

အံ့ဩမှုကြောင့် လုယန်မျက်လုံးများ အရောင်လက်လာသည်။ တကယ်တော့ သူမအံ့ဩသင့်ပါ။ မည်သို့ဆိုစေ သူသည် မသေမျိုးဖြစ်သည်။ အဆင့်မြင့်ဆုံးအလောင်းထိန်းပညာရပ်အပါအဝင် ကျင့်စဉ်ပညာအားလုံးကို ကျွမ်းကျင်သည်မှာ မဆန်းလှ။

အလောင်းထိန်းဂိုဏ်းမှ ပညာရပ်များထက်ပင် ပိုအဆင့်မြင့်လောက်သည်။

"သေဟန်ဆောင်တဲ့ပညာကို နင်သင်ချင်လို့လား"

နတ်မယ် မခိုးမခန့်လေသံဖြင့်မေးသည်။

"သင်ချင်...အဲ ဘယ်လို...သေဟန်ဆောင်ပညာလား"

လုယန် ဆိုလိုရင်းကို သဘောပေါက်သွားသည်။

"ဟုတ်တယ်လေ၊ ငါအရင်ဆုံး သေဟန်ဆောင်တယ်။ ပြီးရင် ငါ့ကိုငါပြန်အသက်သွင်းတယ်လေ။ အဲဒါ အလောင်းထိန်းပညာထဲမှာ အဆင့်အမြင့်ဆုံးပဲမဟုတ်လား"

လုယန် အသံတိတ်သွားသည်။ ပညာရပ်သဘောတရားအရ လူသေကိုအသက်သွင်းခြင်းသည် အမှန်တကယ် အဆင့်မြင့်ဆုံး အလောင်းထိန်းပညာဖြစ်သည်။ သို့သော် နတ်မယ်ပြောသည့် သဘောတရားက တစ်ခုခုလွဲနေသည်။

ခဏစဉ်းစားပြီးနောက် သူထပ်မေးသည်။

"သေဟန်ဆောင်ပညာအပြင် လူသေကိုအသက်သွင်းတဲ့ တစ်ခြားလောင်းထိန်းပညာတွေ ရှိသေးလား"

"အဲဒါတော့ မသေချာဘူး"

"ဘာကိုမသေချာတာလဲ"

"ကျင့်စဉ်ပညာတွေတော့ ရှိမှာပေါ့။ ဒါပေမယ့် သေဟန်ဆောင်ပညာနဲ့ယှဉ်နိုင်တဲ့ အလောင်းထိန်းပညာမျိုး ဒီမသေမျိုး တစ်ခါမှမမြင်ဖူးဘူး။

ငါတို့မသေမျိုးငါးယောက် စားသောက်ပွဲတစ်ခုမှာ ဒီအကြောင်းဆွေးနွေးကြတယ်။ ဒီမေးခွန်းကိုပဲ ဆွေးနွေးကြတာပါ။

ကျင့်စဉ်သဘောတရားအရ ထိပ်တန်းအလောင်းထိန်းပညာတွေဟာ လူသေကိုအသက်ပြန်သွင်းနိုင်တယ်။ ဒါပေမယ့် မူလဝိညာဉ်က မရှိတော့ဘူးလေ။ ခန္ဓာအဟောင်းထဲမှာ ဝိညာဉ်အသစ်တစ်ခုတည်ဆောက်တာပဲ။

အဲဒါက တကယ်အသက်သွင်းတယ်လို့ ဘယ်သတ်မှတ်လို့ရမှာလဲ"

လုယန် တွေးကြည့်သည်။ ယင်ထန်တို့က နတ်မယ်ချက်ပြုတ်သည့်ဟင်းများကိုစား၍ သေသွားမည်ကို စိုးရိမ်သဖြင့် ထိုကိစ္စကိုဆွေးနွေးကြခြင်းဖြစ်မည်။

"အဲ ခဏနေဦး...တစ်ခုခု ဒီကိုလာနေသလိုပဲ"

လုယန် စကားရပ်၍ သိစိတ်နယ်မြေမှ ထွက်လိုက်သည်။ အနီးအနားတွင် အုပ်စုလိုက်လှုပ်ရှားသံများ ကြားနေရသည်။

မုန်ကျင်းကျိုးလည်း သူနှင့်တစ်ပြိုင်တည်းလိုလို သတိထားမိသည်။ ရောက်လာနိုင်သည့်အန္တရာယ်ကို ခုခံကာကွယ်ရန် အသင့်ပြင်ထားသည်။

"ဝုန်း"

ဘိုးဘေးခန်းမတံခါး ပွင့်သွားသည်။ ခြောက်ကပ်နေသည့်အလောင်းကောင်များ ပေါ်လာသည်။ တစ်ရာနီးပါးရှိသည်။

နှစ်ယောက်လုံး ဝိညာဉ်အာရုံဖြန့်လိုက်သည်။ အလောင်းကောင်များ ခန်းမကို ဝိုင်းရံထားသည်ကိုတွေ့ရသည်။ ထွက်လမ်းလုံးဝမရှိ။

"ဘာလို့ အရိုင်းနယ်မြေက နေရာတိုင်းမှာ ဖုတ်ကောင်အလောင်းတွေပြည့်နေတာလဲကွာ"

******************************************

All Chapters