ခေတ်ရှေ့ပြေးကြသည်။
Vol. 27 Ch. 404
တစ်ညအိပ်ရုံဖြင့် အလောင်းများနှင့် နှစ်ကြိမ်ကြုံရသည်။
ဤအလောင်းကောင်များက ဂေါ်ပြား၊ ထွန်ခြစ်နှင့် တစ်ခြားလယ်ယာပစ္စည်းများ ကိုင်ထားသည်။ ထိုပစ္စည်းများက ရွာထဲရှိအိမ်များမှ ယူခဲ့ဟန်တူသည်။ ယခု အန္တရာယ်များသည့် လက်နက်များအဖြစ် ပြောင်းလဲသွားသည်။
"ဒါမျိုးကို အရိုင်းနယ်မြေမှာပဲ ကြုံတွေ့နိုင်တယ်ဆိုတာတော့ မင်းဝန်ခံလိုက်ပါ။ တစ်ခြားနေရာတွေမှာ ဘယ်တွေ့နိုင်မလဲ။ အတော်လေးအမြင်ကျယ်ရပါတယ်"
လုယန်က စနောက်၍ ချင်ဖုန်းဓားကိုထုတ်လိုက်သည်။ သူ့အမူအရာက စိတ်အေးလက်အေးရှိသည်။ ဓားရောင်က ဖယောင်းမီးအလင်းအောက်တွင် တလက်လက်တောက်ပနေသည်။
အလောင်းကောင်အရေအတွက်ကများသည်။ လက်နက်ကိုင်ထားကြသည်။ ဘိုးဘေးခန်းမကို ဝိုင်းရံထားသည်။သို့သော် လုယန်ရော မုန်ကျင်းကျိုးပါ ရွှေသန္ဓေအဆင့်များဖြစ်သည်။ အပြင်လောကတွင် မိသားစုတစ်ခု သိုမဟုတ် ဂိုဏ်းတစ်ဂိုဏ်းပင် တည်ထောင်နိုင်စွမ်းရှိကြသည်။
ကျေးလက်တောရွာမှ အလောင်းကောင်များ ပိတ်ဆို့ခံရဖို့ဆိုသည်မှာ ဖြစ်နိုင်စရာအကြောင်းမရှိ။
"ရွာသားတွေ ငါတို့ကိုမနေစေချင်တာ မဆန်းတော့ပါဘူး။ ဒုက္ခရောက်မှာ စိုးရိမ်ကြလို့ဖြစ်မယ်"
ရွာသားများနှင့်ထုတ်ခံရသော်လည်း မုန်ကျင်းကျိုးအညှိုးမထားပါ။ သူတို့ပြဿနာကို ဖြေရှင်းပေးဖို့လည်း ပြဿနာမရှိနိုင်ဟု ယူဆသည်။
"ကြည့်လိုက်၊ သူတို့ထဲမှာ မိန်းမတစ်ယောက်ပါတယ်"
လုယန် ဆံပင်ဖရိုဖရဲအလောင်းတစ်ခုကို လက်ညှိုးထိုးပြီး တအံ့တဩပြောလိုက်သည်။
မုန်ကျင်းကျိုး နားမလည်နိုင်အောင်ဖြစ်သွားသည်။
"အဲဒါ ဘာထူးဆန်းနေလို့လဲကွ။ သေတဲ့လူက ယောက်ျားမဟုတ်ရင် မိန်းမပဲဖြစ်မှာပေါ့။ မိန်းမအလောင်းပါလာတာ မဆန်းပါဘူး"
"ငါပြောချင်တာကဒီလိုပါ။ မင်းအခု တန်ပြန်ကျိန်စာသင့်လို့ မိန်းမတွေအနား ကပ်လို့မရဘူးလေ။ ဒါပေမယ့် အဲဒါက သက်ရှိတွေနဲ့ပဲဆိုင်လောက်တယ်။ လူသေတွေ နတ်ဆိုးတွေ အကျုံးမဝင်လောက်ဘူး။
တကယ်လို့ အရိုင်းနယ်မြေမှာ မင်းကျိန်စာကို မဖျက်နိုင်ရင်လည်း ဝိညာဉ်ပြောင်းအဆင့်ရောက်တဲ့အထိ နတ်ဆိုးနယ်မြေမှာ မင်းသွားနေလို့ရတယ်လေ"
"သွားစမ်းပါကွာ။ ငါအမယွမ်နဲ့ မတွေ့နိုင်ဘူးဆိုတာ မယုံဘူး"
မုန်ကျင်းကျိုး ဒေါသထွက်လာပြီး အလောင်းအုပ်စုထံ အရင်ဆုံးပြေးဝင်သွားည်။
"တောင်ဖြိုလက်သီး'
လက်သီးနှစ်ဘက်ကို တင်းတင်းဆုပ်၍ ရှေ့တက်သွားသည်။ လက်မောင်းနှစ်ဘက်ကို ဦးချိုသဏ္ဍာန်ကွေးပြီးနောက် အားအပြည့်ဖြင့် ထိုးချလိုက်သည်။
'ဘုန်း"
အလောင်းတစ်ခု ပေါက်ကွဲထါက်သွားသည်။ လက်သီးအရှိန်ကြောင့် ရှေ့တိုးလာသည့် တစ်ခြားအလောင်းများလည်း လွင့်ထွက်သွားပြီး လမ်းကြောင်းတစ်ခုပေါ်လာသည်။
"ဟ...ဒီအလောင်းတွေက ငါထင်ထားတာတက် ပိုမာကျောတာပဲ"
မုန်ကျင်းကျိုး အံ့ဩသွားသည်။ သာမန်အလောင်းများဟုသာ သူထင်ခဲ့သည်။ ခုနကလက်သီးချက်သည် အလောင်းအားလုံးကိုဖျက်ဆီးနိုင်လောက်အောင် ပြင်းထန်သည်။
"နတ်မယ်၊ ဒီအလောင်းတွေမှာ ကူးစက်ရောဂါတော့ မရှိဘူးမဟုတ်လား"
ခုနက အန္တရာယ်ရှိမရှိ အရင်သုံးသပ်ဖို့ မုန်ကျင်းကျိုးကို တားဆီးချင်ခဲ့သည်။ သို့သော် တားချိန်မရလိုက်။
"ကူးစက်ရောဂါ...အဲဒါဘာကိုပြောချင်တာလဲ"
နတ်မယ် လုယန်အမေးကို နားမလည်။
"သက်ရှိလူတစ်ယောက် အကိုက်ခံရရင် သူလည်း ဖုတ်ကောင်ဘဝပြောင်းသွားတဲ့ ရောဂါမျိုးပေါ့"
နတ်မယ်က လုယန်ကို ထူးဆန်းစွာ ကြည့်နေသည်။ အရူးတစ်ယောက်ကို ကြည့်သည့် အကြည့်ဖြစ်သည်။
"ဘယ်လိုရှိနိုင်မှာလဲ။ ဒါမျိုး ငါတစ်ခါမှတောင်မကြားဖူးဘူး။ နင်ဘာလို့အဲလိုထင်တာလဲ"
"စိတ်ကူးပေါ်လာလို့ပါ"
လုယန်စိတ်သက်သာရာရသွားသည်။ ကူးစက်ရောဂါအန္တရာယ် မရှိကြောင်းသေချာသဖြင့် တိုက်ပွဲထဲသို့ ရဲရဲဝင်သွားသည်။
စတိုက်ခိုက်သည်နှင့် ထိုအလောင်းများ၏ခန္ဓာကိုယ်သည် ထူးထူးခြားခြားမာကျောနေကြောင်း ချက်ချင်းသတိထားမိသည်။ ကျွမ်းကျင်သူတစ်ယောက်က သန့်စင်ထားမှန်းသိသာသည်။
"ဒီအစွမ်းလောက်နဲ့ ငါတို့ကိုစားလို့ရမယ်လို့ ထင်နေတာလား။ ဟာသပဲ"
သူတို့နှစ်ယောက် အလောင်းများကို ဘိုးဘေးခန်းမထဲမှ လွှင့်ထုတ်ရင်း ရယ်မောနေကြသည်။
ဖုတ်ကောင်များက လုယန်တို့နှစ်ယောက်ကို ဝိုင်းထားသယောင်ရှိသည်။ သို့သော် လုယန်တို့အမြင်အရ သူတို့ကသာ အလောင်းများကို ဝိုင်းရံပိတ်ဆို့ထားခြင်းဖြစ်သည်။
"ဒီနေ့မင်းတို့ တစ်ယောက်မှ မလွတ်စေရဘူး။ ဒီရွာရဲ့ အန္တရာယ်ကို အပြတ်ရှင်းလင်းမယ်"
နှစ်ယောက်သား အော်ဟစ်ကြုံးဝါး၍ အဆင့်မြင့်ပညာစွမ်းအား ထုတ်သုံးပြီး အလောင်းအားလုံးရှင်းထုတ်ရန်ပြင်နေချိန်တွင် အဝေးမှ အဘိုးအိုတစ်ယောက်အသံ ပေါ်လာသည်။
"လူလေးတို့၊ ငဲ့ညှာပေးပါ။ သူတို့က အန္တရာယ်ပေးဖို့လာတာမဟုတ်ပါဘူး"
အစောပိုင်းက သူတို့ကိုနှင်ထုတ်ခဲ့သည့် အဘိုးအိုဖြစ်သည်။
"သူတို့က လူတွေကိုမစားပါဘူး။ ကျုပ်က မင်းတို့ကို တမင်ခြောက်လှန့်လိုက်တာပါ။ သူတို့က ဘိုးဘေးခန်းမမှာ လှူထားတဲ့အစားအသောက်တွေ စားဖို့လာတာပါ။ မင်းတို့နှစ်ယောက်က ဘိုးဘေးခန်းမထဲမှာ ရှိနေတာနဲ့တိုက်ဆိုင်သွားလို့ပါ"
လုယန်ရော မုန်ကျင်းကျိုးပါ မင်သက်မိသွားကြသည်။ ပြန်စဉ်းစားကြည့်လျှင်လည်း ဟုတ်နေသည်။ အလောင်းများက သူတို့ကို တိုက်ခိုက်ဖို့ လုံးဝမကြိုးစားခဲ့ကြ။
တိုက်ခိုက်မှုကို သတိဖြင့် ရပ်လိုက်သည်။ အလောင်းများက သူတို့ကို တကယ်အရေးမစိုက်။ သူတို့ကိုရှောင်ကွင်း၍ ဘိုးဘေးခန်းမထဲဝင်သွားသည်။
အလောင်းအားလုံး ခန်းမထဲရောက်ပြီးနောက် သူတို့နှစ်ယောက် အကျိုးအကြောင်းနားထောင်ရန် အဘိုးအိုဆီလျှောက်သွားသည်။
အဘိုးအိုက သက်ပြင်းချသည်။
"ကျုပ်က ကျန်းရှီရွာရဲ့ ရွာသူကြီးပါ။ ဒီအလောင်းတွေရဲ့အခြေအနေကို မင်းတို့ယုံဖို့ခက်လိမ့်မယ်။ မင်းတို့ကိုယ်တိုင်ကြည့်တာ ပိုကောင်းပါတယ်"
အလောင်းများက အငွေတထောင်းထောင်းထနေသည့် ပေါက်စီများကို ဝန်းရံလှည့်ပတ်နေသည်။ သိပ်မကြာမီ ပေါက်စီများ အေးလာသည်။ အပူငွေ့အားလုံး ပျောက်သွားသည်။ ထိုအချိန်ကျမှ အလောင်းများရပ်သွားသည်။
အလောင်းများ ဘိုးဘေးခန်းမထဲမှထွက်ချိန်တွင် သူတို့ဂေါ်ပြားများ၊ ထွန်ခြစ်များ၊ ထယ်သွားများကို ကောက်ကိုင်၍ ကျန်းရှီရွာထဲမှ တစ်စုတစ်ဝေးတည်း ထွက်သွားသည်။
သုံးယောက်သား နောက်မှလိုက်သွားသည်။ အလောင်းများက ဝေးဝေးသို့မသွား။ လယ်ကွင်းများဆီရောက်လာချိန်တွင် သူတို့ရပ်သည်။ ပါလာသည့်ပစ္စည်းကိရိယာများဖြင့် မြေပြင်ကိုတူးကြဆွကြသည်။
တစ်ချို့အလောင်းများက မြစ်ထဲမှရေကို သွားသယ်သည်။ ဇွဲကောင်းကောင်းဖြင့် လယ်ကွင်းများကို ရေဖြန်းသည်။
ပစ္စည်းလက်နက်မပါသည့် အလောင်းများက ဒူးထောက်၍ ပေါင်းမြက်များဆွဲနှုတ်သည်။ အင်းဆက်ပိုးမွှားများကို ဖိချေသည်။
ဝီရိယကောင်းသည့် လယ်သမားများကဲ့သို့ စနစ်တကျ အလုပ်လုပ်နေကြသည်။
လယ်အလုပ်များပြီးသည်နှင့် ပစ္စည်းများကောက်ကိုင်၍ လယ်ကွင်းထဲမှ ရွာဂိတ်တံခါးဆီ ပြန်လျှောက်သည်။ ထို့နောက် ရွာစွန်တစ်ဘက်မှ သင်္ချိုင်းထဲသို့ဝင်သည်။ ထိုနေရာတွင် မြေတွင်းများတူး၍ သူတို့ကိုယ်သူတို့ ပြန်၍မြေမြှုပ်ကြသည်။
လုယန် - "..."
မုန်ကျင်းကျိုး "..."
နှစ်ယောက်သား နားထင်နှစ်ဘက်ကိုပွတ်၍ မယုံနိုင်အောင်ဖြစ်နေသည်။ အာရုံမှောက်မှားသလို ဖြစ်နေသည်။
"အရိုင်းနယ်မြေကလူတွေအားလုံး ဖုတ်ကောင်အလောင်းတွေကို လယ်လုပ်ဖို့သုံးကြတာလား"
နည်းလမ်းက တစ်ခြားနယ်မြေများထက် များစွာပိုအဆင့်မြင့်သည်။ သူတို့တာအိုလမ်းစဉ်ဂိုဏ်းပင် မယှဉ်နိုင်။
တာအိုလမ်းစဉ်ဂိုဏ်းတွင် လယ်ယာလုပ်ငန်းတွက် မျက်လုံးပြာကျွဲမျိုးနွယ်နှင့် တတိယအကြီးအကဲကို သုံးကြသည်။
ရွာသူကြီးက သက်ပြင်းချ၍ ထပ်ရှင်းပြသည်။
"မင်းတို့ထင်သလိုမဟုတ်ပါဘူး။ ငါတို့က သာမန်လူတွေပါ။ ဒီလောက်များတဲ့အလောင်းတွေကို ငါတို့ဘယ်လိုထိန်းသိမ်းနိုင်မှာလဲ။
အမှန်အတိုင်းပြောရရင် ဒီအလောင်းတွေ ဘယ်ကရောက်လာလဲဆိုတာတောင် ငါတို့မသိဘူး။ အစက လူတိုင်းကြောက်နေကြတယ်။ ဒီအလောင်းတွေ ငါတို့ကို တိုက်ခိုက်တော့မယ်လို့ ထင်ကြတယ်။
ဒါပေမယ့် နောက်ပိုင်းတော့ သူတို့က အန္တရာယ်မပေးဘူးဆိုတာ နားလည်လာတယ်။ သူတို့လှုပ်ရှားမှုတွေ ရပ်သွားတာပဲရှိတယ်။ စွမ်းအင်ကုန်သွားလို့ဖြစ်မှာပေါ့။
ငါတို့ရွာမှာက အလောင်းထိန်းသမားလည်း တစ်ယောက်မှမရှိဘူး။ ဒါပေမယ့် ငါငယ်ငယ်က အလောင်းထိန်းသမားတစ်ယောက်နဲ့ ခဏအတူနေရင်း အခြေခံသဘာတရားတွေ သင်ဖူးတယ်။
ဒါကြောင့် အလောင်းတွေကို ပူပူနွေးနွေးပေါက်စီတွေ ကျွေးကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်။
ထင်တဲ့အတိုင်းပါပဲ။ အလုပ်ဖြစ်သွားတယ်။ အလောင်းတွေ ပြန်လှုပ်ရှားလာတယ်။ နောက်တော့ ရွာသားတစ်ယောက်က သူတို့ကို လယ်လုပ်ငန်းမှာသုံးဖို့ အကြံပြုတယ်။
ဒီစိတ်ကူးကောင်းတယ်လို့ ငါတွေးလိုက်တယ်။ ဒါကြောင့် ငါတို့ကို ကူညီလာအောင် သူတို့ကို လမ်းညွှန်ပေးခဲ့တာပါ။
အခုဆို နေ့ခင်းဘက်မှာ ငါတို့အနားယူတယ်။ ညနေပိုင်းမှာ ပေါက်စီတွေပေါင်းတယ်။ ဘိုးဘေးခန်းမထဲမှာ သွားထားတယ်။
ညရောက်တာနဲ့ အလောင်းတွေ သင်္ချိုင်းထဲကထွက်လာပြီး ပေါက်စီတွေထဲက ယန်စွမ်းအင်ကိုစုပ်ယူတယ်။ ပြီးရင် လယ်လုပ်ငန်းတွေစလုပ်တယ်။
လုပ်ငန်းပြီးတော့ သူတို့ဘာသာ ပြန်မြေမြှုပ်တယ်။ ညတိုင်းအဲလိုပါပဲ။
ပြောရရင် အလောင်းတွေ လယ်လုပ်ပေးတဲ့အချိန်ကစလို့ ငါတို့ဘဝတွေ ပိုပြီးလွယ်ကူလာတယ်။ အခုဆို တစ်ခြားအလုပ်တွေလုပ်ဖို့ ငါတို့အချိန်ပိုရတယ်လေ"
"ဒါဆို ခင်ဗျားဘာလို့ကျုပ်တို့ကို တည်းခိုခွင့်မပေးခဲ့တာလဲ"
မုန်ကျင်းကျိုးကမေးသည်။
ရွာသူကြီးက ရိုးသားစွာ ပြန်ဖြေသည်။
"ဒီအလောင်းတွေမှာ ပိုင်ရှင်မရှိတာ မင်းတို့သိသွားပြီး အာဏာပိုင်တွေဆီ သတင်းပို့လိုက်မှာကို စိုးရိမ်လို့ပါ။ အဲလိုဆိုရင် အရာရှိတွေက အလောင်းတွေအတွက် သင့်တော်တဲ့ပိုင်ရှင်ကိုရှာမယ်။
ငါတို့လည်း လယ်ထဲပြန်ဆင်းပြီး ကိုယ့်ဘာသာလယ်လုပ်ကြရတော့မှာလေ။ မင်းတို့ကိုခြောက်လှန့်ဖို့ ငါတို့ကြိုးစားခဲ့တယ်။ ဒါပေမယ့် မင်းတို့က ထွက်မသွားတဲ့အပြင် ဘိုးဘေးခန်းမကိုမှ ရွေးပြီးအိပ်လိမ့်မယ်လို့ ဘယ်သူထင်ထားမှာလဲ။
အမှန်တရားကို ဖုံးကွယ်လို့မရတော့ဘူးဆိုတာ ငါနားလည်လာတယ်။ ဒါကြောင့် အလောင်းတွေကို မင်းတို့ထိခိုက်အောင်မလုပ်ခင် အားလုံးကိုရှင်းပြလိုက်ဖို့ ဆုံးဖြတ်ခဲ့တာပါ"
*****************************************