စက္ကူဖြူဦးထုပ်နှင့်လူ
Vol. 27 Ch. 402
"မင်းတို့နှစ်ယောက် တစ်ခြားဒေသကလာတာမဟုတ်လား"
လုယန်တို့ အရိုင်းမြေနှင့် မရင်းနှီးသေးကြောင်း အရာရှိရိပ်စားမိသည်။ ထို့ကြောင့် စေတနာဖြင့် သတိပေးသည်။
"နောက်ကိုစက္ကူဖြူဦးထုပ်ဆောင်းတဲ့ လူတစ်ယောက်ယောက်တွေ့ရင် သတိထားပါ။ ဒီခွေးသူတောင်းစားက နယ်မြေတစ်ခုလုံးမှာ ဒုက္ခပေးနေတာ။ အလွန်ဖမ်းရခက်တဲ့ကောင်ပါ"
"ဘာကိုပြောချင်တာလဲ"
လုယန်တို့ နားမလည်ကြ။
"ငါတို့ ဒီကောင့်ကို အမဲလိုက်နေတာ အတော်ကြာပြီ။ ဒါပေမယ့် လုံးဝမဖမ်းနိုင်ခဲ့ဘူး။ သူရုတ်တရက်ပေါ်လာပြီး အရိုင်းနယ်မြေမှာ လှုပ်ရှားနေတာ အခုဆို နှစ်အတော်ကြာပြီ။
ဒီနယ်မြေထဲက သူရွေးချင်တဲ့ နေရာတစ်ခုကိုရွေးတယ်။ အဲဒီ့နေရာမှာ ရာဇဝတ်မှုတွေ ကျူးလွန်တယ်။ ဒီတစ်ခါကတော့ ချင်မင်တည်းခိုခန်းကို တရားမဝင်ခိုးဖွင့်တာပေါ့လေ။
ပြီးခဲ့တဲ့တစ်ခေါက်တုန်းက သူ့ကြံရာပါတွေကို ပစ္စည်းခိုးဖို့ အစီအစဉ်ချပေးတယ်။ ကြံရာပါတွေက အလိုရှိစာရင်းဝင်သွားတယ်။ အဲဒီ့အချိန်ကျမှ ဒီကောင်က သူ့လူတွေအကြောင်း သတင်းပေးပြီး ဆုကြေးထုတ်တယ်။
ပိုဆိုးတာက ဆုကြေးထုတ်သွားတဲ့လူဟာ သူဆိုတာ ငါတို့လုံးဝမသိလိုက်တာပဲ။
တစ်ခါကလည်း သူ့ကိုယ်သူ လူသေအလောင်းလိုရပ်ဖျက်ပြီး အလောင်းထိန်းသမားဆီရောင်းတယ်။ အလောင်းထိန်းတဲ့လူက သူ့ကိူသန့်စင်တော့မယ်လုပ်မှ အလောင်းကထလာတော့ ဟိုသနားစရာကောင် သေမတတ်ကြောက်သွားတာပေါ့။
စက္ကူဦးထုပ်နဲ့ကောင် ထွက်သွားတဲ့အထိ သူအကြောက်မပြေဘူး။ ဖုတ်ကောင်အသက်ဝင်တယ်ထင်ပြီး ရက်အတော်ကြာအောင် ကျမ်းစာတွေရွတ်ခဲ့တယ်။ နောက်မှ သူအလိမ်ခံရမှန်းသိသွားတာ။
ပြီးတော့တစ်ခါ အရိုင်းနယ်မြေနယ်စပ်မှာ လူကုန်ကူးမှုတစ်ခုရှိနေတယ်ဆိုပြီး အရိုင်းမျိုးနွယ်က လာတိုင်တယ်။ လက်စသတ်တော့ အဲဒါကလည်း သူ့လက်ချက်ဖြစ်နေတယ်။
ဒီခွေးသူတောင်းစားက ငွေရဖို့ဆို ဘာမဆိုလုပ်တာ။ သူ့ကိုဖမ်းနိုင်ရင် ငါတို့အားလုံး နှစ်တိုင်း တာဝန်ချိန်ငါးရက်စာလောက်လျော့သွားမှာ"
ထိုလူအကြောင်းတွေးရုံဖြင့် တပ်မှူးဒေါသဖြစ်သည်။ ပြောလေလေ ဒေါသထွက်လေဖြစ်လာသည်။ ယခုအချိန် စက္ကူဦးထုပ်နှင့်လူ ပေါ်လာလျှင် အစိမ်းလိုက်ဝါးစားမိလောက်သည်။
ထိုလူကိုဖမ်းလိုသည်မှာ သူတစ်ယောက်တည်းဆန္ဒမဟုတ်။ အရိုင်းနယ်မြေတစ်ခုလုံး၏ ဆန္ဒဖြစ်သည်။
"ဒီခွေးသူတောင်းစားက ထူးခြားချက်တစ်ခုရှိတယ်။ တစ်ခါတစ်ခါ နေရာနှစ်ခုမှာ တစ်ပြိုင်တည်းပေါ်လာတတ်တယ်။ နှစ်ကိုယ်ခွဲထားသလိုဖြစ်နေတယ်။ အမွှာညီအကိုတွေဘာတွေရှိလားတော့မသိဘူး။
ပြီးတော့ ခုနက တည်းခိုခန်းကိုငါတို့ဝိုင်းတော့ မင်းတို့နှစ်ယောက်လည်း တံခါးဝမှာရှိနေတာပဲ။ သူထွက်သွားတာကို မင်းတို့မြင်လိုက်လို့လား"
လုယန်တို့နှစ်ယောက် ခေါင်းငြိမ့်ကြသည်။ သူတို့ကျင့်စဉ်အဆင့်အရ သာမန်ကျင့်ကြံသူများ၏ လှုပ်ရှားမှူသည် သူတို့အာရုံစက်ကွင်းမှမလွတ်နိုင်။ ကျွမ်းကျင်သည့်သူခိုးတစ်ယောက်ပင် မလွတ်နိုင်ပေ။
ထိုအခြေအနေမျိုးတွင် ထွက်ပြေးသွားနိုင်သည်ဆိုလျှင် စက္ကူဦးထုပ်နှင့်လူသည် ထူးခြားသည့်ကျင့်စဉ်တစ်ခု ရှိခြင်းဖြစ်မည်။ သို့မဟုတ် သူ့ကျင့်စဉ်အဆင့်က အားလုံးထင်ထားသည်ထက် မြင့်နေ၍ဖြစ်ရမည်။
"နတ်မယ်၊ အဲဒီ့လူဘယ်ကိုပြေးသွားလဲ ခင်ဗျားရောမြင်လိုက်လား"
နတ်မယ်က မျက်စောင်းထိုးသည်။ လုယန်သူ့ကို အထင်သေးလွန်းသည်ဟု ခံစားရသည်။
"သူအနောက်ဘက်ကိုပြေးသွားတာ။ ဒါပေမယ့် ဒီအရာရှိတွေ လိုက်ဖမ်းနိုင်ဖို့ မမျှော်လင့်နဲ့။ နင်တို့နှစ်ယောက်ကူညီရင်တောင် ဘာမှအကျိုးမထူးနိုင်ဘူး။ အချိန်ကုန်ရုံပဲ အဖတ်တင်လိမ့်မယ်။ သူထွက်ပြေးတဲ့နည်းလမ်းက သာမန်မဟုတ်ဘူး။
ပြီးတော့ နင်တို့သူ့ကို ဖမ်းမိရင်တောင် သူ့ကိုယ်ပွားခန္ဓာပဲဖြစ်မှာ။ ဘာမှမထူးဘူး"
လုယန် အံ့အားသင့်သွားသည်။ နတ်မယ်ထိုသို့အကဲဖြတ်သည်ဆိုလျှင် ထိုလူသည် သူထင်ထားသည်ထက်ပင် ပိုစွမ်းအားကြီးနေပုံရသည်။
မုတ်ဆိတ်တပ်မှူးက သူ့တည့်များကို တည်းခိုခန်းတစ်ဝိုက် ပိတ်ဆို့ဝန်းရံ၍ သဲလွန်စရှာခိုင်းသည်။
"မှော်စက်ဝန်းတွေနဲ့ ကာထားဖို့မမေ့ကြနဲ့"
သူအော်ဟစ်အမိန့်ပေးလိုက်သည်။
"ခေါင်းဆောင်၊ အဲလိုလုပ်လို့ရော ထူးခြားပါ့မလား။ သူကအမြဲတမ်း မှော်အတားအဆီးတွေကို ချိုးဖျက်ပစ်တာလေ"
ဥပဒေကို ပေါ်ပေါ်ထင်ထင် မထေမဲ့မြင်ပြုရဲသည်ဆိုလျှင် မှော်စက်ဝန်းကာထားလည်း မရနိုင်။ အားလုံးချိုးဖျက်ပြီး တည်းခိုခန်းကို ပြန်ဖွင့်ပေလိမ့်မည်။
တပ်မှူးက သူ့လက်ထောက်ကို ဒေါသဖြင့် စိုက်ကြည့်သည်။
"ငါခိုင်းတဲ့အတိုင်းပဲ လုပ်စမ်းပါ။ မှော်စက်ဝန်းတွေကို သူဖျက်ဆီးရင် နောက်ထပ်ပုဒ်မတစ်ခုထပ်တိုးလို့ရတယ်ကွ"
"ကျုပ်တို့ သွားတော့မယ်နော်"
လုယန်နှင့်မုန်ကျင်းကျိုး မုတ်ဆိတ်တပ်မှူးကိူ နှုတ်ဆက်သည်။
ထွက်မသွားမီ လုယန်က စေတာဖြင့် အကြံပေးသည်။
"စက္ကူဦးထုပ်နဲ့လူက အနောက်ဘက်ကိုပြေးသွားတယ်လို့ ကျုပ်ထင်တယ်"
တပ်မှူးက လုယန်ကို တအံ့တဩပြန်ကြည့်သည်။ သို့သော် ဘာမှထပ်မပြောတော့။
....
"အရိုင်းနယ်မြေဟာ တကယ်လူထူးလူဆန်းတွေနဲ့ ပြည့်နေတာပဲ။ ငါ့ကျိန်စာကိုဖျက်နိုင်မယ့်နည်းလမ်းတစ်ခုတော့ ရှာနိုင်လောက်ပါတယ်"
မုန်ကျင်းကျိုး သက်ပြင်းချသည်။ အမြင်ကျယ်ဖို့အတွက် သူတို့ မကြာခဏခရီးထွက်သင့်သည်ဟု ထင်မိသည်။ အရိုင်းနယ်မြေကို ရောက်ရုံရှိသေးသည်။ ထူးဆန်းသည့်အဖြစ်အပျက်နှင့် ထူးဆန်းသည့်လူများကို ကြုံရသည်။
"ငါတို့ တစ်နေကုန်လျှောက်သွားနေတာတောင် တည်းခိုစရာနေရာ မတွေ့သေးဘူးနော်"
လုယန် လက်ရှိပြဿနာကို အာရုံစိုက်ရန် မုန်ကျင်းကျိုးကို သတိပေးသည်။
မုန်ကျင်းကျိုးက သူ့မြင်းအိုကျောပြင်ကို ပုတ်၍ပြောသည်။
"မြင်းအို၊ ကျုပ်တို့အနားယူဖို့ ရွာတစ်ရွာရှာပေးနိုင်မလား"
မြင်းအိုက အမြီးတစ်ချက်ခတ်၍ လမ်းဘေးမှ လတ်ဆတ်သည့်မြက်များကို ကိုက်ဝါးလိုက်သည်။ ထို့နောက် အနီးဆုံးရွာဆီသို့ ရထားကိုဆွဲသွားသည်။
မကြာမီ မြင်းအိုကျေးဇူးကြောင့် အနီးဆုံးရွာသို့ ရောက်လာသည်။ ရွာအဝင်ကျောက်ပြားကြီးတစ်ခုပေါ်တွင် "ကျန်းရှီရွာ"ဟု ရေးထားသည်။
"အသံတိတ်လှချည်လားဟ"
နှစ်ယောက်သား ရထားပေါ်မှဆင်းသည်။ ညဘက်အနားယူဖို့ နေရာရှာသည်။ သိပ်မကြာမီ ရွာထဲမှအိမ်တိုင်း တံခါးပိတ်ထားသည်ကိုတွေ့ရသည်။ ဆီမီးအိမ်များ ထွန်းထထားသည်။ သို့သော် အသံလုံးဝမကြားရ။ ရွာလမ်းပေါ်တွင်လည်း လုံးဝရှင်းလင်းနေသည်။
အမှန်ဆိုလျှင် ဘာပွဲလမ်းသဘင်မှ မရှိသည့်နေရာတစ်ခုတွင် ယခုလိုညအချိန်၌ အိမ်တိုင်းတံခါးဖွင့်ထားပြီး တစ်အိမ်နှင့်တစ်အိမ်လည်ပတ်၍ စကားစမြည်ပြောဆိုနေသင့်သည်။
"သူတို့ တစ်ခုခုကို ကြောက်နေတာဖြစ်မယ်။ အတော်ထူးဆန်းတာပဲ"
လုယန် မျက်မှောင်ကျုံ့နေသည်။
မုန်ကျင်းကျိုးက ရွာထဲမှအကြီးဆုံးအိမ်ကိုရွေး၍ တံခါးခေါက်သည်။
"အိမ်ရှင်တို့၊ ကျုပ်တို့က ညဘက်တည်းခိုဖို့နေရာတစ်ခု ရှာနေတာပါခင်ဗျ"
"ကျွီ"
တံခါးနည်းနည်းဟသွားသည်။ အဘိုးအိုတစ်ယောက်က သူတို့ကို သံသယမျက်လုံးဖြင့် ခေါင်းပြူ၍ကြည့်လာသည်။
"မင်းတို့ဘယ်သူလဲ"
မုန်ကျင်းကျိုးက ချိုသာစွာပြုံးပြသည်။ အသားကင်ဆိုင်တွင် ညပေါင်းများစွာအလုပ်လုပ်ပြီးနောက် ကျွမ်းကျင်လာသည့်အကျင့်တစ်ခုဖြစ်သည်။
"ကျုပ်တို့က ခရီးသွားတွေပါ။ မိုးချုပ်နေလို့ ဒီမှာမှတစ်ညလောက်တည်းခိုချင်ပါတယ်။ အခကြေးငွေလည်း ပေးမှာပါ"
အဘိုးအိုက အလိုမကျဟန်ဖြင့် သူတို့ကိုမောင်းထုတ်သည်။
"သွားကြ၊ သွားကြ။ ကျန်းရှီရွာက အပြင်လူတွေကို လက်မခံဘူး။ မင်းတို့မြန်မြန်ထွက်သွားတာကောင်းမယ်။ မဟုတ်ရင် လူသေတွေက မင်းတို့ကိုစားလိမ့်မယ်"
"လူသေတွေ...ဟုတ်လား။ ခင်ဗျားတို့ရွာမှာ လူသေအလောင်းတွေရှိလို့လား။ ကျုပ်တို့ကကျင့်ကြံသူတွေပါ။ သူတို့ကိုရှင်းဖို့ ကျုပ်တို့ကူညီပေးနိုင်ပါတယ်"
မုန်ကျင်းကျိုးက ကမ်းလှမ်းသည်။
သူ့စကားကြောင့် အဘိုးအို ပို၍ဂဏာမငြိမ်ဖြစ်လာသည်။
"မင်းတို့အကူအညီကို ငါတို့မလိုဘူး။ အခုချက်ချင်းဒီကထွက်သွားပါ"
ပြောပြီးနောက် တံခါးကိုဝုန်းခနဲပိတ်သွားသည်။
"အင်း..အတော်ရိုင်းတာပဲ"
မုန်ကျင်းကျိုး မကျေမနပ်ပြောသည်။ သူက အကူအညီပေးဖို့သာဖြစ်သည်။ ယခု မောင်းထုတ်ခံလိုက်ရသည်။
"အိမ်ထဲမှာ မိန်းမတွေရှိလို့ အဘိုးကြီးက မင်းကိုအဝင်လက်မခံတာဖြစ်မှာပေါ့"
လုယန် မပွင့်တပွင့်ပြုံး၍ စနောက်သည်။
"တော်စမ်းပါကွာ"
မုန်ကျင်းကျိုး လက်မလျှော့ချင်သေး။ တစ်ခြားအိမ်တံခါးများကို လိုက်ခေါက်သည်။ တုံ့ပြန်မှုက အတူတူသာဖြစ်သည်။ တစ်ချို့က မောင်းထုတ်သည်။ တစ်ချို့က လုံးဝတံခါးမဖွင့်။
"ဒီလူတွေ တကယ်ဧည့်ဝတ်မကျေကြတာပဲ"
မုန်ကျင်းကျိုး သူ့ဘာသာရေရွတ်သည်။
"ဒါဆို၊ တစ်ခြားရွာကို သွားကြည့်ကြမလား"
လုယန်မေးလိုက်သည်။
မုန်ကျင်းကျိုး သက်ပြင်းချသည်။
"ဒုက္ခများလွန်းတယ်ကွ။ ခုနက ရွာဂိတ်တံခါးဘေးမှာ နေရာတစ်ခုတွေ့ခဲ့တယ်။ နတ်စင်လား ဘိုးဘေးခန်းမလားမသိဘူး။ သန့်သန့်ရှင်းရှင်းပဲ။ အခုထိ အဲဒီ့နေရာကို သုံးနေကြတုန်းထင်တယ်။ ငါတို့ဒီည အဲဒီမှာ တည်းလို့ရလောက်တယ်"
"အဆင်ပြေတာပေါ့"
လုယန် သဘောတူသည်။ ချင်မင်တည်းခိုခန်းမှ မောင်းထုတ်ခံရသည်။ ယခု ကျန်းရှီရွာကလည်း သူတို့ကိုလက်မခံ။ နောက်တစ်ရွာဆက်သွားလည်း အခြေအနေက မရေရာလှ။
ခေါက်တုံ့ခေါက်ပြန်သွားနေခြင်းထက် ယနေ့ည ဤနေရာတွင် စတည်းချပြီး နေ့လင်းပေါ်မှ ထွက်စုံစမ်းသည်က ပို၍သဘာဝကျသည်။
ဘိုးဘေးခန်းမသို့ သူတို့သွားကြသည်။ ရသာသုံးပါးမီးတောက်ဖြင့် မီးအိမ်များကို ထွန်းညှိလိုက်သည်။ ခန်းမတစ်ခုလုံး လင်းထိန်သွားသည်။
သူတို့နှစ်ယောက် ဘိုးဘေးကမ္ဗတည်းတိုင်များကို အရိုသေပေးကြသည်။
"တောင်းပန်ပါတယ်ဘိုးဘေးတို့။ ကျုပ်တို့ ဒီတစ်ညပဲနေမှာပါ"
........
ကျန်းရှီရွာအစွန်ရှိ သင်္ချုင်းထဲမှ ကျောက်တုံးများ တုန်ခါလာသည်။ မြေသားများပွတက်လာသည်။ မြေအောက်တွင် တစ်ခုခုလှုပ်ရှားနေဟန်ရှိသည်။
ခြောက်ကပ်နေသည့်လက်တစ်ဘက် မြေသားကိုထိုးခွဲ၍ ထွက်လာသည်။
မကြာမီ နောက်ထက်လက်များ မြေကြီးထဲမှ တစ်ခုပြီးတစ်ခု ထိုးထွက်လာကြသည်။ အရေအတွက် အတော်များသည်။
***************************************