တာအိုလမ်းစဉ်ဂိုဏ်းရတနာတိုက်
Vol. 27 Ch. 394
ယွမ်ကျိ ထိုကိစ္စ တကယ်မေ့နေသည်။ တာအိုလမ်းစဉ်ဂိုဏ်းတွင် အဓိကဝင်ငွေလမ်းကြောင်းကြီး နှစ်ခုရှိသည်။ တစ်ခုက သန့်စင်မှုတစ်ရာတောင်ထိပ်မှ မူပိုင်ကြေး။
နောက်တစ်ခုက ဆေးအိုးတောင်ထိပ်မှ ဆေးပညာမူပိုင်ကြေး(ဉာဏ်ပူဇော်ကြေး)ဖြစ်သည်။ ထိုဝင်ငွေနှစ်ခုပေါင်းလျှင် ဂိုဏ်းလုပ်ငန်းများတစ်ဝက်ခန့်နီးပါး လည်ပတ်အောင် ထောက်ပံ့ပေးနိုင်သည်။
အကြီးအကဲငါးနှင့်အကြီးအကဲခုနစ်တို့က ဝိညာဉ်ကျောက်များကို ယာယီဂိုဏ်းချုပ်ယွမ်ကျိထံ လစဉ်လွှဲပေးသည်။ အကြီးအကဲငါးသည် လုယန်၏မူပိုင်ကြေးအပါအဝင် မူပိုင်ကြေးမျိုးစုံကိုစီမံဆောင်ရွက်သည်။
ယွမ်ကျိက လုပ်ငန်းအကြောင်း သိပ်နားမလည်သဖြင့် အပေါ်ယံသာစစ်ဆေးခဲ့သည်။
ယခု ငွေစာရင်းစာအုပ်များကို ပြန်စစ်ကြည့်သည်။ လုယန်၏မူပိုင်ကြေးကို တွေ့သည်။
"ရထားပျံမူပိုင်ကြေးနှစ်လစာ စုစုပေါင်း ဝိညာဉ်ကျောက် ၁၁၀၀၀၀ ပါ"
ရထားပျံက ဈေးကွက်တင်စဖြစ်၍ သိပ်ပြီးလူသိမများသေး။ ကနဦးမူပိုင်ကြေးက နည်းသေးသည်။
"မူပိုင်ကြေးထုတ်ဖို့ ငါနဲ့အတူ ရတနာတိုက်ကို လိုက်ခဲ့ပါ"
လုယန်၏ မူပိုင်ကြေးများကို ဂိုဏ်း၏ရန်ပုံငွေထဲတွင်ထည့်ထားသဖြင့် စာရင်းဇယားအတိုင်း ထုတ်ယူဖို့လိုသည်။
"ရတနာတိုက်..."
လုယန်ရော နတ်မယ်ပါ အံ့ဩသွားသည်။ တာအိုလမ်းစဉ်ဂိုဏ်းတွင် ရတနာတိုက်ရှိမည်ဟု ထင်မထားကြ။
သေချာစဉ်းစားကြည့်လျှင်လည်း သဘာဝကျပါသည်။ သူတို့လောက်အဆင့်မရှိသည့် ကိုးငရဲဂိုဏ်းပင် ရတနာတိုက်ရှိသည်။ တာအိုလမ်းစဉ်ဂိုဏ်းတွင်လည်း ရှိနေသည်မှာ မဆန်းလှ။
ရတနာတိုက်မရှိလျှင် ဂိုဏ်း၏ပိုင်ဆိုင်မှုများကို ဘယ်နေရာသွားထားမည်နည်း။
ထိုနေရာသို့ လုယန်တစ်ခါမှမရောက်ဖူး။
"သွားရမှာဝေးလား"
"ဒီကောင်းကင်ဂိတ်တောင်ထိပ်မှာပါပဲ"
ယွမ်ကျိက သူတို့ကို ကွေ့ကောက်နေသည့် လမ်းကျဉ်းလေးအတိုင်း ထင်းရှူးတောကိုဖြတ်၍ ဦးဆောင်ခေါ်သွားသည်။ ထိုနေရာသည် တစ်ချိန်က ဝစီပိတ် ချုပ်နှောင်ခံရသည့်နေရာဖြစ်သည်။
တောအုပ်မှထွက်၍ မီတာနှစ်ရာခန့်ဆက်လျှောက်ပြီးနောက် သူတို့ရောက်လာသည်။
"ဒီနေရာပဲ"
လုယန်နှင့်နတ်မယ်တို့ မျက်စိရှေ့မှာပင် ယွမ်ကျိက ကျောက်နံရံကို အသာခေါက်လိုက်သည်။ မျက်နှာပြင်တွင် အက်ကြောင်းများပေါ်လာပြီး နံရံတစ်ခုလုံး ဝုန်းခနဲကြေမွပျက်စီးသွားသည်။
"ဒါက ရတနာတိုက်ပေါ့"
ဂိုဏ်းရတနာတိုက်က ကောင်းကင်ဂိတ်တောင်ထိပ်တွင် တကယ်ရှိနေကြောင်း သိလိုက်ရသဖြင့် လုယန်အံ့အားသင့်သွားသည်။ ပို၍အံ့ဩရသည်က ဂိုဏ်း၏ဓနအင်အားဖြစ်သည်။
ရတနာတိုက်ကို မှော်စက်တန်းများစွာဖြင့် တင်းတင်းကြပ်ကြပ် ကာကွယ်ထားသည်။ သို့သော် အစောင့်တစ်ယောက်မှ ရှိဟန်မတူ။
ဂိုဏ်းအကာအကွယ်မဟာမှော်စက်ဝန်းသည် အပြင်ရန်သူကို ကြောက်စရာမလို။ သို့သော် အတွင်းလူများ ရတနာတိုက်သို့ ခိုးဝင်မည်ကို မစိုးရိမ်ကြလေသလားမသိ။
ယွမ်ကျိသည် တောင်ထိပ်တွင် တစ်ချိန်လုံးနေနိုင်သူမဟုတ်။ ကိစ္စမျိုးစုံအတွက် အပြင်သို့မကြာခဏထွက်ရသည်။
လုယန်အတွေးကို အာရုံခံမိသဖြင့် နတ်မယ်က တခစ်ခစ်ရယ်သည်။
"အစောင့်မရှိဘူးလို့ ဘယ်သူပြောလဲ"
"အစောင့်ကဘယ်သူလဲ"
နတ်မယ် မပွင့်တပွင့်ပြုံးနေသည်။ လုယန်ဘယ်လောက်မေးမေး ပြန်မဖြေ။
ခန္ဓာကိုယ်တစ်ခုတည်းပေါင်းနေကြသည့် လူနှစ်ယောက် ရတနာတိုက်သို့ဝင်သည့်လမ်းတစ်လျှောက် ဆူညံစွာငြင်းခုန်နေသည်။ သို့သော် အထဲရောက်သည်နှင့် ချက်ချင်းအသံတိတ်သွားကြသည်။
ရတနာတိုက်ထဲတွင် လုယန်တစ်ခါမှမမြင်ဖူးသည့် ရတနာမျိုးစုံရှိသည်။ ရှားပါးရတနာများ အရည်အသွေးအဆင့်ဆင့်ရှိသည့်ရတနာများ စွမ်းအင်အဆင့်နှင့် အသုံးပြုနည်း ခန့်မှန်းမရသည့် ထူးထူးဆန်းဆန်းလက်နက်များ...
သို့သော် နတ်မယ်က ထိုပစ္စည်းများအကြောင်း သိနေသည်။
"ဟိုရှုခင်းပန်းချီမှာ တောင်တန်းနဲ့မြစ်တွေပါတယ်။ ပန်းချီတာအိုရှင်တစ်ယောက်ဆွဲထားတာ။ နိုင်ငံတစ်ခုရဲ့ ရေမြေအနေအထားကို တည်ငြိမ်အောင်လုပ်နိုင်တဲ့စွမ်းအားရှိတယ်။ ရှေးဟောင်းရတနာပဲ။
ဒါပေမယ့် ဒီပန်းချီရဲ့ အကျိုးသက်ရောက်မှုက နိုင်ငံ့ကံကြမ္မာစွမ်းအားသဘောနဲ့ ဆန့်ကျင်ဘက်ဖြစ်နေတယ်။ မဟာယုခေတ်ကပစ္စည်းဖြစ်မယ်။
..ဟိုအနီရောင်ဆေးအိုးလေးကိုမြင်လား။ အဲဒါ သွေးကြောသံနဲ့လုပ်ထးတာ။ ဒီသံမျိုးက အန္တရာယ်အများဆုံးနေရာတွေမှာရှိတယ်။ ပင်လယ်ရေနက်ပိုင်းတွေ၊ ရေခဲတောင်အောက်တွေ ဒါမှမဟုတ် ကြယ်သန္ဓေထဲတွေမှာပေါ့။
သဘာဝတွင်းထွက်မျိုးပဲ။ ဒီသံပေါ်က သွေးကြောတွေဟာ ကောင်းကင်ကလာတယ်လို့ တစ်ချို့ကပြောကြတယ်။ တမင်ချဲ့ကားကြတာ ဖြစ်မှာပါ။ သွေးကြောသံက အရမ်းရှားတယ်။
လက်သည်းခွံလောက်လေးရဖို့တောင် စုစည်းခြင်းကျင့်ကြံသူတွေ အလုအယက်တိုက်ခိုက်ကြမှာ။ ဒီကြေးအိုးက နှိုင်းယှဉ်စရာမရှိတဲ့ ရတနာပဲ။
ပြီးတော့ ဟိုနားက သစ်သီး။ ကျောက်စိမ်းလိုဆွတ်ဆွတ်ဖြူနေလို့ အထင်မသေးနဲ့။ ချင်မင်ကျောက်စိမ်းသစ်သီးလို့ခေါ်တယ်။
အဲဒီ့သစ်သီးတစ်လုံးဟာ အဆင့်နိမ့်ဓာတ်ငါးမျိုးဝိညာဉ်မြစ်ကို အသန့်စင်ဆုံး တစ်ကိုယ်တော်ဝိညာဉ်မြစ်ဖြစ်အောင် ပြောင်းလဲနိုင်တယ်။ ပြီးတော့ သူ့ရဲ့အထူးခြားဆုံးအချက်က ကိုယ်လိုချင်တဲ့ ဝိညာဉ်မြစ်ကို ရွေးချယ်နိုင်တာပဲ။"
"ဟိုဟာက ပင်လယ်ဝိညာည်သန္ဓေသလင်း..."
"မိုးမြေကမ္ဘာဦးစွမ်းအင်သန္ဓေနဲ့ လုပ်ထားတဲ့ ဒိုင်းကာ..."
"အားလုံးက ထူးခြားတဲ့ရတနာတွေပါလား"
နတ်မယ် အံ့ဩသည့်လေသံဖြင့်ပြောသည်။ ရတနာတိုက်ထဲမှ ပစ္စည်းများက သူထင်မထားလောက်အောင် အဆင့်အတန်းမြင့်သည်။
ထိုရတနာတိုက်ထက် အဆင့်မြင့်သည်မှာ မသေမျိုးတို့၏ ရတနာတိုက်များသာရှိတော့သည်။
နတ်မယ်သည် ရှေးခေတ်မသေမျိုးငါးယောက်၏ခေါင်းဆောင်ဖြစ်သော်လည်း ထိုငါးယောက်ထဲတွင် အဆင်းရဲဆုံးဖြစ်သည်။ ကြယ်ကမ္ဘာတစ်ချို့၊ နယ်မြေတစ်ချို့နှင့် ပူဇော်ပစ္စည်းအနည်းငယ်သာ ပိုင်ဆိုင်သည်။
တစ်ခါတစ်ရံ ပူဇော်သည့်ငွေများရဖို့ သေချင်ယောင်ဆောင်ခဲ့ရသည့်အချိန်များပင် ရှိသည်။
သို့သော်လည်း တာအိုလမ်းစဉ်ဂိုဏ်းထက်တော့ ချမ်းသာပါသေးသည်။
ရှေးဟောင်းခေတ်တွင် မသေမျိုးငါးယောက်အပြင် ကူးဖြတ်ခြင်းအဆင့်ကျင့်ကြံသူများလည်း အတော်များများရှိသည်။ ထိုကျင့်ကြံသူများက ဂိုဏ်းကြီးဂိုဏ်းငယ်များ တည်ဆောက်ခဲ့ကြသည်။
တာအိုလမ်းစဉ်ဂိုဏ်း၏ ရတနာတိုက်က ထိုဂိုဏ်းများထဲမှ အချမ်းသာဆုံးရတနာတိုက်များနှင့် တန်းတူအဆင့်ရှိသည်။
လုယန် ဂုဏ်ယူမိသဖြင့် သူ့လေသံနည်းနည်းမြင့်သွားသည်။
"တာအိုလမ်းစဉ်ဂိုဏ်းဟာ နှစ်ပေါင်းတစ်သိန်းနှစ်သောင်းကြာအောင် ရပ်တည်ခဲ့တာ။ ဂိုဏ်းဘိုးဘေးတွေဖြစ်တဲ့ မူလတာအိုရှင်၊ ကွေ့ယန်သခင်နဲ့ ဟန်ဟိုင်သခင်တို့ ရှိခဲ့တာပဲ။ ကျုပ်တို့မှာ ဒီလိုရတနာတွေရှိနေတာ မဆန်းပါဘူး"
သူ့စကား ကြောင်းကျိုးဆီလျော်ကြောင်း နတ်မယ်ဝန်ခံရသည်။
လုယန် ကြွားလုံးထုတ်နေသည်ကို ကြားသဖြင့် ယွမ်ကျိက သတိပေးသည်။
"ငါတို့တာအိုလမ်းစဉ်ဂိုဏ်းက အမြဲတမ်း ဒီလိုချမ်းသာခဲ့တာမဟုတ်ပါဘူး။ လွန်ခဲ့တဲ့နှစ်ငါးသောင်းက သခင်ဟန်ဟိုင်ခေတ်မှာ ဂိုဏ်းအခြေခံအင်အားက ဒီလောက်မခိုင်မာသေးဘူး။
လွန်ခဲ့တဲ့ နှစ်နှစ်ထောင်သုံးထောင်လောက်ကလည်း ဂိုဏ်းအခြေအနေ ကျဆင်းခဲ့တယ်။ ဂိုဏ်းဆက်ပြီး ရပ်တည်နိုင်ဖို့အတွက် ငါတို့ရဲ့ အဖိုးတန်ရတနာတွေ အများကြီးသုံးလိုက်ရတယ်။
တကယ်တော့ အခုဒီမှာရှိနေတဲ့ရတနာအများစုဟာ လွန်ခဲ့တဲ့နှစ်ကိုးရာက ကိုးငရဲဂိုဏ်းကနေ လိမ်ယူထားတာတွေပါ"
လုယန် - "..."
ယခုမြင်ရသည်က ရတနာတိုက်၏ အပြင်ပိုင်းဖြစ်သည်။ ယွမ်ကျိက သူတို့ကို အတွင်းပိုင်းသို့ ခေါ်သွားသည်။ ရှေ့ဆက်သွားသည်နှင့် ပစ္စည်းများ၏တန်ဖိုးက မယုံနိုင်လောက်အာင် တဖြေးဖြေးတိုးတက်လာသည်။
လမ်းတစ်ဝက်ရောက်ချိန်တွင် ယွမ်ကျိ ခြေလှမ်းရပ်လိုက်သည်။ ဘေးတစ်ဘက်တစ်ချက်တွင် ထိပ်တန်းဝိညာဉ်ကျောက်များဖြင့် ဖွဲ့စည်းထားသည့် တောင်ကုန်းနှစ်ခုရှိသည်။
ယွမ်ကျိက အဆင့်မြင့်ဝိညာဉ်ကျောက်များကို အသာဆွဲယူသည်။ တန်ဖိုးဖြတ်မရအောင် များပြားသည့် ဝိညာဉ်ကျောက်တုံးပုံကြီးနှင့်ယှဉ်လျှင် ဆွဲယူလိုက်သည့် အဆင့်မြင့်ဝိညာဉ်ကျောက်များက ဘာမှမပြောပလောက်။
အမှိုက်သရိုက်လိုဖြစ်နေသည်။
အဆင့်မြင့်ဝိညာဉ်ကျောက်တစ်ခု၏ ဈေးကွက်တန်ဖိုးသည် အဆင့်နိမ့်ဝိညာဉ်ကျောက် တစ်သိန်းနှင့်ညီမျှသည်။
သို့သော် တကယ်လက်တွေ့ လဲလှယ်ရာတွင် အဆင့်နိမ့်ဝိညာဉ်ကျောက်ကို အဆင့်မြင့်ဝိညာဉ်ကျောက်အဖြစ်ပြောင်းလိုလျှင် အာမခံကြေးတစ်ခုပေးရသည်။
ထို့ကြောင့် အဆင့်မြင့်ဝိညာဉ်ကျောက်ဆယ်တုံးသည် အဆင့်နိမ့်ဝိညာဉ်ကျောက် တစ်သိန်းတစ်သောင်းလောက် တန်ဖိုးရှိသည်။
လက်ရှိတွင် နတ်မယ်က လုယန်ခန္ဓာကိုယ်ကို ထိန်းချုပ်ထားဆဲဖြစ်သည်။ ထို့ကြောင့် ယွမ်ကျိက အဆင့်မြင့်ဝိညာဉ်ကျောက်များ နတ်မယ်ကိုလှမ်းပေးသည်။
သို့သော် နတ်မယ်က ရတနာတိုက်အတွင်းဘက်သို့ ငေးကြောင်၍ကြည့်နေသည်။
တာအိုလမ်းစဉ်ဂိုဏ်း၏ ဓနအင်အားကို သူလျှော့တွက်ခဲ့မိကြောင်း နားလည်လာသည်။ ဤရတနာတိုက်သည် သူ့ပိုင်သည့်ရတနာတိုက်ထက် တန်ဖိုးများစွာမြင့်နေလောက်သည်။
အပြင်ပိုင်းတွင် စုစည်းခြင်းအဆင့်နှင့် ကူးဖြတ်ခြင်းအဆင့်ကျင်ကြံသူများအတွက် အသုံးဝင်သည်ပစ္စည်းများသာထားသည်။ ဤထိပ်တန်းဝိညာဉ်ကျောက်တောင်ကုန်းနှစ်ခုသည် အပိုင်းအခြားနေရာဖြစ်သည်။
ထိုမှရှေ့ဆက်သွားလျှင် မသေမျိုးတစ်ဝက်အဆင့် ရတနာများ၊ မှော်အဆောင်များနှင့် မသေမျိုးတစ်ဝက်အဆင့်ကျင့်ကြံသူများအတွက်ပင် တန်ဖိုးကြီးသည့် သဘာဝရတနာများစွာရှိသည်။
ရတနာတိုက်၏ အတွင်းအကျဆုံးအပိုင်းတွင် ခပ်မှိန်မှိန်အလင်းရောင်များ တဖျတ်ဖျတ်တောက်နေသည်။ ဘယ်လိုရတနာများမှန်း နတ်မယ်မခွဲခြားနိုင်။
သို့သော် သူတို့စွမ်းအင်ရောင်အရ အရိယဖလပုံပွားသန္ဓေနှင့် ဆင်တူသည်။...မဟုတ်သေး...စွမ်းအင်ရောင်က အခြေခံအရိယဖလအဆင့်ထက် များစွာပိုပြင်းထန်သည်။
"နတ်မယ်၊ နတ်မယ်"
လုယန် နှစ်ကြိမ်ဆက်ခေါ်လိုက်မှ သူအသိပြန်ဝင်လာသည်။
"ခင်ဗျားဘာဖြစ်သွားတာလဲ"
လုယန် စပ်စုသည်။
"ဘာမှမဟုတ်ပါဘူး။ နင်တို့ဂိုဏ်းရဲ့ ပိုင်ဆိုင်မှုက အကျော်ကြားဆုံးရှေးဟောင်းခေတ်မသေမျိုးဆိုတဲ့ ငါ့ဂုဏ်ပုဒ်နဲ့ ကိုက်ညီလုနီးပါးအဆင့်မျိုးရှိတယ်ဆိုတာ သိလိုက်လို့ပါ"
နတ်မယ် ရင်ကော့ခေါင်းမော့၍ ပြောသည်။
ရတနာတိုက်မှထွက်လာပြီးနောက် နတ်မယ်က လုယန်ကို ခန္ဓာကိုယ်ပြန်လွှဲပေးလိုက်သည်။ လုယန်မျက်နှာ ချက်ချင်းသွေးဆုတ်ဖြူရော်သွားသည်။
"ဟာ..သွားပြီ၊ ကျုပ်က ရွာလက်ဝါးစွမ်းအားကို တစ်ချိန်လုံး အသက်သွင်းထားခဲ့တာပဲ"
ရွာလက်ဝါးပညာကို ထိန်းထားဖို့ ဝိညာဉ်စွမ်းအားသိပ်မကုန်သော်လည်း အချိန်ကြာမြင့်စွာသုံးခဲ့ရသဖြင့် သူခြေကုန်လက်ပန်းကျသွားသည်။
မှော်အစွမ်းကို ချက်ချင်းရပ်လိုက်သည်။ သူ့လက်ဝါးထဲတွင် စုစည်းထားသည့် ကျောက်တုံးများ၊ သစ်ကိုင်းများနှင့် တဂတ်ဂတ်မြည်နေသည့်ဘဲတစ်ကောင် ထွက်ကျလာသည်။
တောင်ပံတဖျတ်ဖျတ်ခတ်၍ လှည့်ပတ်သွားနေသည့်ဘဲကို လုယန် ငြိမ်၍ကြည့်နေသည်။
ကောင်းကင်ဂိတ်တောင်ထိပ်သည် နတ်မယ်တစ်ယောက်နှင့်ပင် ဒုက္ခများနေပြီဖြစ်သည်။ ဘဲတစ်ကောင်ကို စောင့်ရှောက်ဖို့ အပိုခေါ်မထားနိုင်။
......
ညရောက်လာသည်။ ဘဲကင်နံ့က လေထဲတွင် သင်းပျံ့နေသည်။
ခဏစိတ်လွန်ဆွဲနေခဲ့ပြီးနောက် အရင်ဆုံး လုယန် ဘဲကိုဖမ်းခဲ့သည်။ ထို့နောက် နတ်မယ်နှင့် အဆင်ပြေအောင် ညှိနှိုင်းသည်။ နတ်မယ်မီးဖိုချောင်တွင် ညစာချက်ပြုတ်ခွင့်ရခဲ့သည်။
စိတ်ရှည်ရှည်စောင့်နေသည့် သူ့အမယွမ်ကျိရှေ့သို့ ဘဲကင်ကို ချပေးလိုက်သည်။
*********************************