လုယန်၏မူပိုင်ကြေး
Vol. 27 Ch. 393
ယွမ်ကျိသည် လက်ရှိခေတ်တာအိုပညာရပ်များတွင် အကျွမ်းကျင်ဆုံးဟု အဆင့်မြင့်ကျင့်ကြံသူများ သိထားသည်။ တာအိုပညာများသာမဟုတ် ကျမ်းစာတိုက်တွင် နာရီပေါင်းမရေမတွက်နိုင်အောင် လေ့လာခဲ့သည်။
တာအိုနည်းလမ်းပေါင်းသောင်းချီကို နားလည်သည်။
ကျင့်စဉ်တစ်ခုကို သူတတ်မထားလျှင်ပင် အနည်းဆုံး ကြားတော့ကြားဖူးသည်။
ချာလပတ်ရမ်းနေသည့်လက်ကို သူငြိမ်သက်စွာကြည့်နေသည်။ သူမြင်ခဲ့ကြားခဲ့သမျှအသိဗဟုသုတအားလုံး ပြန်သုံးသပ်သည်။ သို့သော် သူ့ဂျူနီယာလေ့ကျင့်နေသည့် ပညာရပ်ကို ခန့်မှန်းမရ။
သက်ပြင်းတစ်ချက်ချ၍ သူရှေ့တိုးသွားသည်။ လုယန်၏လက်ကာက်ဝတ်ကို ဖမ်ဆွဲပြီး လက်ဝါးလေဟာနယ်ထဲမှ ဆွဲထုတ်လိုက်သည်။
"ဟောဟဲ...ဟောဟဲ...အား..."
လုယန် ဒယိမ်းဒယိုင်ဖြစ်နေသည်။ သူ့မြင်ကွင်းများ နှစ်ထပ်ဖြစ်နေသည်။ လောကတစ်ခုလုံး ချာချာလည်နေသလို ခံစားရသည်။ ခေါင်းထဲတွင် မူးဝေထုံထိုင်းနေသည်။ မတ်တပ်ပင် ကောင်းကောင်းမရပ်နိုင်တော့သဖြင့် နဂါးခွေသစ်ပင်တစ်ပင်ကို မှီထားရသည်။
ရွှေသန္ဓေအဆင့်တွင် ကျင့်ကြံသူများသည် ကိုယ်တွင်းကလီစာများအား လိုသလိုထိန်းချုပ်ခြင်းဖြင့် ချာလပတ်ရမ်းမှုကြောင့်ဖြစ်လာသည့် မူးဝေထုံထိုင်းမှုမဖြစ်အောင် ကာကွယ်နိုင်သည်။ သို့သော် လေ့ကျင့်မှုတော့လိုသည်။ သို့သော်လုယန်အဖြစ်က ဘာမှထိန်းချုပ်ချိန်မရလိုက်ဘဲ ချာလပတ်ရမ်းသွားခြင်းဖြစ်သည်။
"လက်ဝါးထဲမှာ လေဟာနယ်ဖန်တီးတယ်ပေါ့။ ဗုဒ္ဓနိုင်ငံလက်ဝါးလို နတ်စွမ်းအားပညာမျိုး မင်းလေ့ကျင့်နေတာလား"
ဆင်တူသည့်အချက်များကို ယွမ်ကျိ သတိထားမိသည်။
လုယန် မျက်လုံးကိုမှိတ်၍ ကိုယ့်ကိုယ်ကို တည်ငြိမ်အောင်ထိန်းရင်း နဖူးကိုသစ်ပင်နှင့်ကပ်ထားသည်။ နည်းနည်းနေသာထိုင်သာရှိလာသည်။
"ဟုတ်တယ် ဟုတ်တယ်။ နတ်မယ်သင်ပေးတဲ့ စကြာဝဠာလက်ဝါးဆိုတဲ့ ပညာပါ။ ကျုပ်က အခြေခံလောက်ပဲ နားလည်သေးတာ"
လုယန်၏ သင်ယူမှုစွမ်းရည်ကိုသိထားသဖြင့် အဖြစ်အပျက်ကို ယွမ်ကျိ ချက်ချင်းဆက်စပ်စဉ်းစားမိသည်။
"အလတ်တန်းရွှေသန္ဓေအဆင့်နဲ့ဆိုတော့ မဆိုးပါဘူး။ ငါမရှိတဲ့အချိန်လည်း မင်းကဇွဲကောင်းကောင်းနဲ့ ကျင့်ကြံနေတဲ့ပုံပဲ"
"ဟူး"
လုယန်မျက်နှာကို ယွမ်ကျိ လေတစ်ချက်မှုတ်လိုက်သည်။ နွေဦးလေပြေတစ်ချက် ပွတ်တိုက်သွားသကဲ့သို့ သူ့ခေါင်းထဲတွင် ချက်ချင်းကြည်လင်သွားပြီး ပုံမှန်အတိုင်းဖြစ်လာသည်။
"အမယွမ် ပြန်ရောက်လာပြီလား"
"အင်း"
သိစိတ်နယ်မြေမှ အရသာခံ၍ကြည့်နေသည့် နတ်မယ်ကို လုယန်မကြေမနပ် တစ်ချက်စိုက်ကြည့်သည်။ ပြန်ရောက်ရောက်ချင်းမှာပင် သူချာလပတ်ရမ်းနေသည့်အဖြစ်မှကူညီကယ်ထုတ်ခဲ့သည့် ယွမ်ကျိနှင့် နတ်မယ်ကိုနှိုင်းယှဉ်ကြည့်မိသည်။
"ကျုပ်ချာချာလည်နေတုန်းက ဘယ်လောက်ကြာအောင် ခင်ဗျားရယ်နေခဲ့သလဲဆိုတာ ခင်ဗျားကိုယ်ခင်ဗျား ပြန်မေးကြည့်စမ်းပါဦး"
နတ်မယ် မလုံမလဲဖြင့် မျက်နှာလွှဲသွားသည်။
သူလုယန်ကို ကယ်ထုတ်ချင်ခဲ့ပါသည်။ သို့သော် လုယန်ချာလပတ်ရမ်းနေသည့်အဖြစ်က အတော်ရယ်ရသည်။ ထို့ကြောင့် ကြည့်ကောင်းကောင်းဖြင့် ကြည့်နေခဲ့ခြင်းဖြစ်သည်။
"သွားတော့။ ကျုပ်ရဲ့မူပိုင်ကြေးကိစ္စ မြန်မြန်သွားမေးလိုက်ပါ"
နတ်မယ်ကို အလွယ်တကူ သူအလွတ်မပေးနိုင်။ ခန္ဓာကိုယ်ကို ချက်ချင်းလွှဲပေးလိုက်သည်။
နတ်မယ်ငြင်းဆန်ရန်ကြိုးစားသော်လည်း လုယန်အတင်းလွှဲပေးနေသဖြင့် စိတ်မပါ့တပါ လက်ခံလိုက်ရသည်။
"ရှောင်ယွမ်၊ သွေးကပ်ဆိုးကို စစ်ဆေးမေးမြန်းပြီးပြီလား"
စကားလမ်းကြောင်းရှာ၍ နတ်မယ်မေးသည်။
"အင်း၊ အသုံးဝင်မယ့်အချက်အလက်တစ်ချို့ ကျွန်မရခဲ့တယ်။ သူ့ကိုနောက်ကွယ်က ထောက်ပံ့နေတဲ့လူက မဟာယုနိုင်ငံရဲ့ ဒုတိယနိုင်ငံ့ဆရာပါ။
ဒီနိုင်ငံ့ဆရာက မဟာရှားရဲ့နိုင်ငံ့ကံကြမ္မာစွားအားနဲ့ အကျိးသက်ရောက်မှုကို စမ်းသပ်ကြည့်ဖို့ သူ့ကိုညွှန်ကြားခဲ့တာ။ ဒါကြောင့် သူက စုစည်းခြင်းအဆင့်နှစ်ယောက်ကို ချင်းကျိုးပွဲတော်မှာ ဝင်နှောက်ယှက်ခိုင်းတာပါ။
ရှောင်လုသာ ကျွန်မကို မဆင့်ခေါ်ခဲ့ရင် သူ့အစီအစဉ် အောင်မြင်ခဲ့လောက်တယ်"
မဟာယု၏ နိုင်ငံ့ဆရာစနစ်သည် နိုင်ငံကျဆုံးရခြင်းအကြောင်းရင်းများထဲမှ တစ်ခုဖြစ်သည်။ သို့သော် မဟာယုစတည်ထောင်စဉ်က ထိုရာထူးစနစ် အလွန်အရေးပါခဲ့သည်ကိုတော့ ငြင်း၍မရ။
အထူးသဖြင့် ပထမနိုင်ငံဆရာနှစ်ယောက်က ပါရမီအလွန်ထူးခြားသည်။ နိုင်ငံကိုအုပ်ချုပ်နိုင်စွမ်းရှိသည်။ တည်ငြိမ်အောင်ထိန်းသိမ်းနိုင်စွမ်းရှိသည်။ ထို့ကြောင့် မဟာယုအင်အား တိုးတက်ခဲ့သည်။
ပထမနိုင်ငံ့ဆရာနှစ်ယောက်သည် မဟာယုနိုင်ငံတွင် ထူးထူးခြားခြားအရေးပါသည့် အဆင့်အတန်းမျိုးရှိသည်။ နှုတ်ပြောပုံပြင်များ မျိုးရိုးအဆက်ဆက်လက်ဆင့်ကမ်းခဲ့သဖြင့် နောက်ပိုင်းခေတ်တို့တွင် ဒဏ္ဍာရီပုဂ္ဂိုလ်များလို ဖြစ်လာသည်။
"ဒါပေမယ့် နိုင်ငံ့ဆရာကပဲ သူ့ကိုဆက်သွယ်တာ။ နိုင်ငံ့ဆရာဘယ်မှာရှိလဲ သူမသိဘူး။ မဟာယုခေတ်က ကူးဖြတ်ခြင်းအဆင့်တွေ ဘယ်နှစ်ယောက် ပြန်နိုးထလာပြီလဲဆိုတာလည်း သူမသိဘူး။
နိုင်ငံဆရာသူ့ကိုလုပ်ခိုင်းတဲ့ တာဝန်တွေအရဆို သူတစ်ယောက်တည်းမဟုတ်လောက်ဘူး။ အနည်းဆုံး နောက်ထပ်တစ်ယောက်တော့ရှိဦးမယ်တဲ့။ မဟာယုခေတ်စုစည်းခြင်းအဆင့်စွမ်းအားရှင်တွေအကြောင်း သူအတော်များများသိထားတယ်။
ဒီကိစ္စစုံစမ်းဖို့ တိုင်ပုဖန်နဲ့ မဟာရှားလော်ရွှေတပ်ကို လွှဲပေးလိုက်ပြီ။ ဒါပေမယ့် ဒီမဟာယုစုစည်းခြင်းကျင့်ကြံသူတွေက အတော်သတိရှိတယ်။ ချင်းကျိုးအဖြစ်အပျက်အကြောင်း သူတို့သိလို့ ထွက်ပြေးသွားလောက်ပြီ။
ဘယ်နှစ်ယောက်ဖမ်းနိုင်မလဲဆိုတာ ကံပေါ်မှာပဲမူတည်လိမ့်မယ်။။
သူ့တပည့်တွေထဲက အန္တရာယ်အများဆုံးဖြစ်တဲ့ 'သခင်စစ်သင်္ချိုင်းရိုး' အကြောင်း သူပြောတယ်။ အဲဒီ့လူရဲ့ကျင့်စဉ်အဆင့်က သိပ်မထူးခြားပေမယ့် ပျက်စီးနေတဲ့ ဝိညာဉ်တစ်သောင်းအလံတစ်ခု သူ့မှာရှိတယ်တဲ့။
အစက ဝိညာဉ်တစ်သောင်းအလံက အကောင်းပကတိပဲ။ သူဂူအောင်းအိပ်စက်နေတဲ့အချိန်အတွင်းမှာ ဒါကို ကာကွယ်မပေးနိုင်ခဲ့ဘူး။ ခေတ်အဆက်ဆက်ကြာတော့ မှော်အလံ ပျက်စီးလာတယ်။
အဲတော့ ပိတ်လှောင်ထားတဲ့ ဝိညာဉ်တွေ လွတ်ထွက်ပြီး အပြင်လောကမှာ ဒုက္ခပေးနေတယ်။
မဟာရှားရဲ့ နှစ်သုံးသိန်းခေတ်အတွင်း လျန်ကျိုးပြည်နယ်မှာ သရဲကပ်ဆိုက်တာ တစ်ခါကြုံဖူးတယ်။ မကောင်းဆိုးဝါးဝိညာဉ်တွေ လှုပ်ရှားနေတာကို မစစ်ဆေးပဲထားတော့ သာမန်ပြည်သူတွေ ကျီးလန့်စာစားဖြစ်ခဲ့ရတယ်။
ဘယ်သူမှ ညဘက်အပြင်မထွက်ရဲဘူး။ လျန်ကျိုးပြည်နယ်ကြီးတစ်ခုလုံး သရဲဝိညာဉ်တွေပြည့်နေတယ်။ နောက်တော့ တော်ဝင်ရုံးတော်က တပ်ဖွဲ့လွှတ်ပြီး သရဲကပ်ကို နှိမ်နှင်းခဲ့တယ်။
ဒါပေမယ့် အဲဒီတုန်းက ရှေးဟောင်းကျင့်ကြံသူတွေ ပြန်ရှင်သန်လာတာကို ရုံးတော်ကမသိသေးဘူး။ ဒီတော့ သရဲကပ်ဆိုက်ရတဲ့ အကြောင်းရင်းကို မစုံးစမ်းခဲ့ကြဘူး။ ဒါကြောင့် အန္တရာယ်ကို အမြစ်ပြတ်ရှင်းမထုတ်နိုင်ခဲ့ဘူး။
အဲဒီ့သရဲကပ်ဟာ သခင်စစ်သင်္ချိုင်းရိုးကြောင့် ဖြစ်ဖို့များတယ်။ သူနိုးထလာတဲ့အချိန်နဲ့လည်းလည်း ကိုက်ညီနေတယ်။
သင်္ချိုင်းရိုးက အခု ဝိညာဉ်တစ်သောင်းအလံကို ပြန်ပြင်နေတယ်။ ပြန်ပြင်ဖို့အတွက် သွေးစွမ်းအင်တွေ နာကျည်းဝိညာဉ်တွေ အများကြီးလိုတယ်။
ဒီလောက်ပမာဏမျိုးရဖို့ဆို သတ်ဖြတ်မှုတွေလုပ်ရမှာ သောချာတယ်။ သူ့ဝိညာဉ်အလံကို ပြန်ပြင်နေပြီဆိုတော့ လိုအပ်တဲ့သွေးစွမ်းအင်နဲ့ နာကျည်းဝိညာဉ်တွေ ထုတ်နိုင်မယ့်နေရာတစ်ခု တွေ့ထားတဲ့သဘောပဲ။
သူ့ကိုမြန်မြန်မရှာနိုင်ဘဲ ဝိညာဉ်တစ်သောင်းအလံ ပြန်ပြင်ပြီးတဲ့အချိန်ရောက်မှ သူ့ကိုဖမ်းမယ်ဆိုရင် နောက်ကျသွားပြီ။
အဆုံးစွန်ထိ ဒုက္ခပေးဖို့ သူရည်ရွယ်ထားရင် ဝိညာဉ်အလံကို ဖျက်ဆီးပြီး ပြည်နယ်တစ်ခုလုံး ကပ်ဆိုက်အောင် နာကျည်းဝိညာဉ်တွေကို လွှတ်ချင်လွှတ်ပစ်နိုင်တယ်"
စကားဆုံးခါနီးတွင် ယွမ်ကျိလေသံက ပို၍လေးနက်တည်ကြည်လာသည်။
လုယန် - "..."
နတ်မယ် - "..."
ဘာကြောင့် သခင်စစ်သင်္ချိုင်းရိုးဆိုသည်နာမည်ကို ရင်းနှီးသလိုလိုဖြစ်နေသည်မသိ။
နတ်မယ် ခဏစဉ်းစားနေပြီးနောက် ပြန်မေးသည်။
"အဲဒီ သခင်စစ်သင်္ချိုင်းရိုးက ဘယ်လိုပုံစံမျိုးလဲ'
သွေးနတ်ဆိုးက သူ့လက်အောက်ခံများအကြောင်း အသေးစိတ်ပြောခဲ့သည်။ ယွမ်ကျိ လက်ဖျောက်တစ်ချက်တီးလိုက်သည်။ မြူခိုးတစ်အုပ်ပေါ်လာသည်။
ထို့နောက် လုယန်ရော နတ်မယ်ပါရင်းနှီးနေသည့် မျက်နှာတစ်ခု ဖြစ်လာသည်။
ဆယ်ရက်လောက်ထမင်းမစားရသကဲ့သို့ ပိန်လှီခြောက်ကပ်နေသည့် အဘိုးအိုတစ်ယောက် စုတ်ပြဲနေသည့် အလံတစ်ခုကို ကိုင်ထားသည်။
"သူပဲ"
လုယန်နှင့်နတ်မယ် ပြိုင်တူအသံထွက်လာသည်။
"သူ့ကိုသိတယ်ပေါ့"
ယွမ်ကျိ နည်းနည်းအံ့ဩသွားသည်။
သခင်စစ်သင်္ချိုင်းရိုးသည် ပုန်းအောင်းနေသည့် မဟာယုကျင့်ကြံသူဖြစ်သည်။ သူဘယ်ပြည်နယ်တွင်ရှိနေသည်ကိုပင် အတည်မပြုနိုင်သေး။ ထို့နှစ်ယောက်က သူနှင့်ဘယ်လိုဆုံခဲ့သည်မသိ။
နတ်မယ်က ဆရာကြီးဟန်ပန်ဖြင့် တစ်ခုခုကိုတွက်ချက်နေသကဲ့သို့ လက်ကိုဟိုဆန့်ဒီဆန့်လုပ်နေသည်။ ဘေးလူအမြင်ဖြင့်ကြည့်လျှင် အကြောဆွဲနေသည်နှင့်တူသည်။
"လျန်ကျိုးမှာ နတ်ဆိုးကျင့်ကြံသူတစ်ယောက် ဒုက္ခပေးနေတာကို ဒီမသေမျိုး အာရုံရခဲ့တယ်။ ဒါကြောင့် ငါ့တပည့် မြေအောက်ကောင်းကင်ဘုရင်ကို ကိုးငရဲဂိုဏ်းနဲ့ ပူးပေါင်းပြီး အဲဒီ့နတ်ဆိုးကို သုတ်သင်ရှင်းလင်းဖို့ စေလွတ်ခဲ့တယ်။
သူ့ကိုခြေရာခံပြီး ဖမ်းဆီးလိုက်တယ်။ ပြီးတော့ ငါတို့ဂိုဏ်းနှစ်ဂိုဏ်းကြားက ဆက်ဆံရေးကို အလေးထားတဲ့အနေနဲ့ ကိုးငရဲဂိုဏ်းလက်ထဲကို လွှဲပေးခဲ့တယ်"
သူကြွားလုံးထုတ်သည့်စကားကို ယွမ်ကျိက စိတ်ထဲတွင် ဘာသာပြန်နေသည်။ အတိုချုပ်ပြောရလျှင် မဟာအကြီးအကဲနှင့်ဒုဂိုဏ်းချုပ်ကျောက်ရိုးတို့ အကြောင်းတစ်ခုခုကြောင့် သခင်စစ်သင်္ချိုင်းရိုးကို ဖမ်းနိုင်ခဲ့သည့်အဓိပ္ပါယ်ဖြစ်သည်။ လုယန်နှင့်နတ်မယ်က ဘေးကြည့်ပရိတ်သတ်သာဖြစ်မည်။
ဖမ်းဆီးနိုင်ပြီဆိုလျှင် အသေးစိတ်အကြောင်းအရာများက အရေးမကြီးတော့။
ယွမ်ကျိ လက်နှစ်ဘက်ဆုပ်၍ အရိုအသေပြုလိုက်သည်။
"ပဲဝါအရှင်ရဲ့အစီအစဉ်က တကယ်အံ့ဩစရာပါပဲ"
နတ်မယ်က လုယန်ကို ဝင့်ကြွားသည့်အမူအရာဖြင့် မျက်စပစ်ပြနေသည်။
"လုယန်နဲ့ပတ်သက်လို့ ငါမေးချင်တဲ့ကိစ္စလေးတစ်ခုရှိသေးတယ်"
"မေးပါ စီနီယာ"
"လုယန်က ရထားပျံအတွက် မူပိုင်ခွင့်လျှောက်ထားတယ်။ မူပိုင်ကြေးတွေ နင့်ဆီကိုလွှဲပြီးပြီလို့ ပဥ္စမအကြီးအကဲကပြောတယ်။ လုယန်ကို ဘာလို့မပေးသေးတာလဲ"
ကောင်းကင်ရုံးတော်ဂိုဏ်း၏ အကြီးအကဲဖြစ်၍ ကောင်ကင်ရုံးတော်ဂိုဏ်းချုပ်ကို ရင်ဆိုင်စကားပြောရာတွင် အားနာခြင်းလုံးဝမရှိ။
ယွမ်ကျိက တစ်ခုခုပြန်သတိရလာဟန်ဖြင့် တည်တည်ငြိမ်ငြိမ်ပြန်ဖြေသည်။
"ဪ...အဲဒီ့ကိစ္စလား"
"ဟုတ်တယ်။ လုယန်ကို မူပိုင်ကြေးဘာလို့မပေးသေးတာလဲ"
"မေ့နေလို့ပါ"
**********************************