ကမ္ဗည်းထိုးသမား
Vol. 23 Ch. 327
ဝိညာဥ်ဖမ်းသူ ဝမ်ဖူ အပါအဝင် တရားသူကြီး သုံးဦးသည် ဘေးပတ်ပတ်လည်ကို ကြည့်လိုက်ရာ ၎င်းတို့၏ မျက်နှာအမူအရာများလည်း ရုတ်တရက် ပြောင်းလဲသွားတော့သည်။ အနတ္တလေဟာပြင်ဘုံ ဆယ့်နှစ်ခုသည် မိုင်ထောင်ပေါင်းများစွာ ကျယ်ဝန်းပြီး အကန့်အသတ်မဲ့ စွမ်းအားများဖြင့် ဖုံးလွှမ်းထား၏။ တစ်ချိန်တည်းမှာပင် ကောင်းကင်အထက်မှ ပေထောင်ချီသော နတ်ဝိညာဥ်များကလည်း အရပ်ရပ်မှ ဆင်းသက်လာသည်။
ဤနတ်ဝိညာဥ်တို့သည် အနတ္တပြန်ခြင်းနယ်ပယ်က တန်ခိုးကြီးသူများ၏ နတ်ဝိညာဥ်များသာ ဖြစ်သည်။ ၎င်းတို့ ရွေ့သွားသောအခါ အနတ္တလေဟာပြင်ဘုံ ၁၂ခုကလည်း သူတို့နှင့်အတူ လှုပ်ရှား၍ ကြီးစွာသော ညှဉ်းဆဲတော့မည့် သဘောထားကို ပြသလာကြသည်။
တစ်ချိန်တည်းမှာပင် သူတို့အထက်က ကောင်းကင်ကြီးသည် ဖန်သားပြင်ကဲ့သို့ ရုတ်တရက် ကြည်လင်လာသည်။ အမြင့်ပေတစ်ရာရှိ ရုပ်သွင်တစ်ခုသည် ငါးမျှားပိုက်ကို ကိုင်ထားသကဲ့သို့ အစိမ်းရောင်ပိတ်စကိုကိုင်ကာ ခါးကိုလှည့်ကာ ပစ်ခတ်လိုက်သည်။
"ရွှား--"
အစိမ်းရောင် အလင်းတန်းများသည် ကောင်းကင်ကို လွှမ်းခြုံကာ ကောင်းကင်အထက်မှ ပြုတ်ကျလာသည်။ မိုင်ထောင်ချီသော အချင်းဝက်အတွင်း ကမ္ဘာကြီးကို လွှမ်းခြုံထားသည့် အစိမ်းရောင် အဖုံးကြီးတစ်ခု အသွင် ဖြစ်လာသည်။
ပေတစ်ရာမြင့်ပြီး ဒါဇင်နှင့်ချီသော ဘီလူးကြီးများသည် အလံကြီးများကို ကိုင်ဆောင်ကာ ပျံသန်းလာကြသည်။ အလံများက လေထဲတွင် တဖျပ်ဖျပ်ခတ်နေ၏။ ၎င်းတို့ ဆင်းသက်သောအခါ လက်ထဲက အလံကြီးများကို အစိမ်းရောင် အဖုံးတစ်ဝိုက်တွင် ထည့်သွင်းထားလိုက်သည်။
အလံထဲ၌ လျှပ်စီးကြောင်းများဖြင့် အစိမ်းရောင် နဂါးကြီးတစ်ကောင်သည် ဆယ်မိုင်ကျော်ရှည်သော ကိုယ်ထည်နှင့် ခုန်ထွက်လာခဲ့သည်။
ချန်ရှီသည် ရှင်းရှန်က ကျောက်မိသားစု၏ ကောင်းကင်နဂါးနတ်ဆိုး စည်းတံဆိပ် ပုံစံကို မြင်ဖူးသော်လည်း ယခုဖွဲ့စည်းမှုထက် အဆများစွာ သေးငယ်သည်။ ကျောက်မိသားစုသည် မပြည့်စုံသော ဖွဲ့စည်းမှုကိုသာ ရရှိထားပုံရသည်။
ကျောက်မိသားစု၏ ကောင်းကင်နဂါး နတ်ဆိုးစည်းတံဆိပ် ဖွဲ့စည်းမှုသည် မကောင်းဆိုးဝါး ဘုရားလောင်းကို ချိတ်ပိတ်ရန် သုံးခဲ့ပြီး ယခုစည်းတံဆိပ်ကတော့ တရားသူကြီး သုံးဦးနှင့် မရဏတမန်တွေကို ဖမ်းဆီးရန် ကြိုးစားနေခြင်း ဖြစ်သည်။
"ကောင်းကင်နဲ့မြေကြီးရဲ့ ပိုက်ကွန်က သက်ရှိကမ္ဘာကို တစ်ပြိုင်နက်တည်း ပိတ်ဆို့နေတာလား"
ချန်ရှီ အော်လိုက်သည်။
"သက်ရှိကမ္ဘာကို မပိတ်ဆို့ထားရင်တော့ သက်ရှိကမ္ဘာကို ဖြတ်ကျော်သွားနိုင်မှာပါ"
ဝိညာဉ်လိုက်ဖမ်း တရားသူကြီးနှင့် အခြားသူများ သက်ရှိကမ္ဘာသို့ မဝင်ရောက်နိုင်သော်လည်း ဟေးကော်ကတော့ ယင်နှင့်ယန်ကမ္ဘာကြားတွင် သွားလာနိုင်သည်။
ရုတ်တရက် ဝမ်ဖူလက်အောက်ရှိ မရဏတမန်တစ်ကောင်သည် အစိမ်းရောင် မီးခိုးများ ဖြစ်သွားပြီး ထွက်ပြေးရန် ကြိုးစားခဲ့သည်။ စူးရှသော အသံနှင့်အတူ အစိမ်းရောင်အခိုးအငွေ့များက ပိုးထည်အဖုံးကို ရိုက်ခတ်ကာ မရေမတွက်နိုင်သော လျှပ်စီးကြောင်းများကြား လဲကျသွားသည်။
"မကြိုးစားနဲ့...."
ဆံပင်ဖြူ အဘိုးကြီးတစ်ယောက် ရောက်လာပြီး ပြောလာသည်။
"ဝိညာဥ်ဖမ်း၊ အပြစ်ပေး၊ ဓားတောင်... တရားသူကြီး သုံးယောက်... ငါ့ယန်မိသားစုက မင်းတို့ကို ရှာနေတာကြာပြီ ဒီနေ့ မင်းတို့ကို တစ်ရှိန်ထိုး ဖမ်းနိုင်ပြီပေါ့"
ဓားတောင်တန်းတရားသူကြီး ကျူ့ရွှင့် : "မင်းရဲ့ ယန်မိသားစုနဲ့ ငါတို့ကို ထိန်းချင်နေတာလား ငါတို့ တရားသူကြီးတွေက ထိန်းရလွယ်တယ်လို့များ ထင်နေလား"
သူ တရားသူကြီးစုတ်တံကို ထုတ်လိုက်သည်- "ယန်မိသားစုက ဘုရင်အစစ်ကို သစ္စာဖောက်တယ်... ငါ့လက်ထဲမှာ တရားသူကြီးစုတ်တံ မရှိရင်တောင် မင်း ဓားတောင်ငရဲကို မထိန်းနိုင်ဘူး!"
သူ့ခန္ဓာကိုယ်က တုန်လှုပ်သွားကာ တခဏချင်းတွင်ပင် ရွှေစင်ဖြင့် သွန်းထားသည့် ထွန်းလင်းတောက်ပကာ ပေတစ်ထောင်ရှိ နတ်ဘုရားအဖြစ်သို့ ပြောင်းလဲသွားတော့သည်။ နံ့သာများ မွှေးပျံ့လာကာ ရုတ်တရက် ဝုန်းကနဲ အသံနဲ့အတူ အကန့်အသတ်မရှိသော ဓားတောင်ငရဲကြီး ထွက်ပေါ်လာလေသည်။
ဓားတောင်တန်းငရဲတွင် မရေမတွက်နိုင်သော သရဲတစ္ဆေများသည် ဓားနှင့်ပုဆိန်များပေါ်တွင် သွားနေကြသည်။ တချို့က လက်ခြေများပေါ်တွင် သွေးများဖြင့် စွန်းထင်းနေကာ ရုန်းကန်လှုပ်ရှားရင်း ဝမ်းနည်းစွာ အော်ဟစ်နေကြသည်။
ဤသည်မှာ သရဲတစ္ဆေများကို ဓားဖြင့် နှိပ်စက်သည့် ထူးခြားသော တစ္ဆေနယ်မြေ ဖြစ်သည်။ အစိတ်စိတ် အမွှာမွှာ အဖြတ်ခံရသော်လည်း သူတို့သည် တစ်ဖန်ပြန်ရှင်လာပြီး နှိပ်စက်ညှဉ်းပန်းမှုကို ထပ်ခါထပ်ခါ တွေ့ကြုံ ခံစားကြရလိမ့်မည်။
ကျူ့ရွှင့်သည် တရားသူကြီးတစ်ယောက်၏ စုတ်တံဆီမှ ကြီးမားသော မှော်အစွမ်းနှင့် မိုးခြိမ်းသံဖြင့် ငရဲဓားတောင်များ၏ စွမ်းအားကို ဖုံးကွယ်ထားခဲ့သည်။
"ရှင်းရှန်ဘုရင်ခံ ကျူ့ရွှင့်သည် ဘုရင်အစစ်ရဲ့ အမိန့်အရ ဒီနေ့ မရဏကမ္ဘာက နတ်ဆိုးများကို သုတ်သင်လိုက်မည်!"
ကျူ့ရွှင့်သည် စစ်မှန်သော ဘုရင်ခေတ်က ရဟန်းတစ်ပါးဖြစ်ပြီး ရှင်းရှန်ရဲ့ ဘုရင်ခံအဖြစ် ခန့်အပ်ခြင်းခံခဲ့ရသည်။ သူသည် သူ့သားသမီးများကဲ့သို့ လူများကို ချစ်သောကြောင့် ရှင်းရှန်ပြည်နယ်မှ လူများကလည်း သူ့အတွက် နတ်ကွန်းတစ်ခု ဆောက်ခဲ့သည်။
နတ်ဆိုးအသွင်ပြောင်းမှုတွင် ကျူ့ရွှင့်သည်လည်း တိုက်ပွဲအတွင်း သေဆုံးသွားခဲ့သည်။ ရှင်းရှန် လူမျိုးများသည် သူ၏ကြင်နာမှုကို ကျေးဇူးတင်ကြပြီး အလွန်နာမည်ကြီးခဲ့သော ရွှေရောင်ကိုယ်ထည်ကို တည်ဆောက်ပေးခဲ့ကြသည်။ ကျူ့ရွှင့်ဟာ မကြာခဏ လူကိုယ်တိုင်ပေါ်လာတတ်သဖြင့် ပြည်သူတွေရဲ့ ကိုးကွယ်မှုကလည်း မပြတ်ခဲ့ချေ။
ငရဲမင်းကြီး ဆယ်ပါး၏ လူ့ဇာတိခံသည် ငရဲပြည်သို့ ဆင်းသက်၍ မရဏတရားများကို ဆုံးဖြတ်သောအခါ မရဏတရား တရားသူကြီးတို့ကို မွန်မြတ်သော စေတနာဖြင့် ရွေးချယ်ခဲ၏။ ငရဲဘုရင်က သူ့ကို မရဏနတ်ဘုရားတွေကနေ ရွေးပြီး ဓားတောင်ငရဲရဲ့ တရားသူကြီးအဖြစ် တရားသူကြီးစုတ်တံကို ချီးမြင့်ခဲ့သည်။
စိတ်ဝိညာဉ်ဖမ်း တရားသူကြီး ဝမ်ဖူသည် ကျယ်လောင်စွာ ရယ်မောပြီး သူ့ရဲ့ ပေတစ်ထောင်ရှည်သော ရွှေရောင်ကိုယ်ထည်ကိုလည်း ပြသလာခဲ့သည်။ သူ့လက်ထဲက တရားသူကြီးစုတ်တံကို ဝေ့ယမ်းလိုက်၏။
"စစ်မှန်တဲ့ ဘုရင်ရဲ့ အမိန့်တော်အရ တလီတရားရုံးက ဝမ်ဖူ ဒီနေ့မရဏကမ္ဘာက နတ်ဆိုးများကို သုတ်သင်ပစ်မည်!"
သူသည် စစ်မှန်သော ဘုရင်ခေတ်၊ တလီဘုရားကျောင်း၏ အရာရှိများထဲတွင်လည်း သန်မာသူဖြစ်သည်။ တိုင်းပြည်အတွက် အလှူငွေများ စိုက်ထုတ်ခဲ့လို့ ရွှေရုပ်ထုကိုလည်း ထုလုပ်နိုင်ခဲ့သည်။ သူ သေဆုံးပြီးနောက်တွင် မရဏကမ္ဘာတွင်လည်း ထင်ရှားလာခဲ့သည်။
သူ့တာဝန်မှာ ဝိညာဉ်များကို လိုက်ရှာရန်၊ သက်ရှိကမ္ဘာက လေလွင့် ဝိညာဉ်များကို လိုက်ရန် ဖြစ်ပြီး မေ့လျော့ခြင်းမြစ်ရှိ မရဏတမန်များ အားလုံး၏ ဦးခေါင်းဖြစ်သည်။ သူသည် တစ္ဆေဘုရင်၊ နေ့ဘုရား၊ ညဘုရား၊ အဖြူအမည်း တမန်၊ နွားခေါင်း၊ မြင်းမျက်နှာ၊ ကျားသစ်အမြီး၊ ငှက်ပါးစပ်၊ ငါးပါးစပ်နှင့် ပျားဝါ အပါအဝင် မဟာမရဏဗိုလ်ချုပ်ကြီး ဆယ်ဦးကို ထိန်းချုပ်ထားသည်။
အပြစ်ပေး တရားသူကြီး ကျာယွမ်သည် ရှည်လျားသော ဟောက်သံကို ထုတ်လွှတ်လိုက်ပြီး ပေတစ်ထောင်မြင့်သော ရွှေရောင်ကိုယ်ထည်ကို ဖော်ထုတ်လိုက်သည်။ သူသည်လည်း တရားသူကြီးစုတ်တံကို မြှောက်လိုက်ပြီး။
"စစ်မှန်တဲ့ဘုရင်ရဲ့ အမိန့်တော်အရ ငါမသေမချင်း တာအိုဘာသာကို မပျက်စီးစေရဘူး... ကုံးထျန်းစီရင်စုက ကျာယွမ်မှ ကတိပြုပါသည်..."
သူသည်လည်း စစ်မှန်သော ဘုရင်ခေတ်တွင် ကြီးမြတ်သော ကုသိုလ်ကောင်းမှု ရှိသူဖြစ်သည်။ သူသည် မူလက ကုံးထျန်း စီရင်စု၏ စီရင်စုမှူးဖြစ်ပြီး မတရားသော အမှု၊ အမှားအယွင်း အမှုများကို တရားစီရင်ရာတွင် ကျွမ်းကျင်သည်။ သူ ကွယ်လွန်ပြီးနောက် ရဟန်းတော်များ၏ အပြစ်များကို စစ်ဆေး၍ ပြစ်ဒဏ်ကို ဆုံးဖြတ်ရန် အပြစ်ပေး တရားသူကြီးဟူ၍ ခေါ်ဆိုခဲ့သည်။
ချန်ရှီ တရားသူကြီး သုံးဦးကို ကြည့်လိုက်ရာ ၎င်းတို့၏ ရွှေရောင်ကိုယ်လုံးများက ရွှန်းလဲ့နေသော နတ်အလင်းရောင်များ ထုတ်လွှတ်နေသဖြင့် ကမ္ဘာကြီးကို တောက်ပလာစေကာ မြေအောက်ကမ္ဘာရှိ အခိုးအငွေ့များနှင့် မြူခိုးများကို ဖယ်ရှားပစ်တာ တွေ့လိုက်သည်။ ထို့နောက် မရဏကမ္ဘာရှိ သရဲတစ္ဆေများနှင့် နတ်ဆိုးများ တစ်ယောက်ပြီးတစ်ယောက် ဆုတ်ခွာသွားကာ တစ္ဆေများနှင့် နတ်ဘုရားများကလည်း ဝေးရာသို့ ဆုတ်သွားကြတာ တွေ့လိုက်ရသည်။
သူ နည်းနည်းတော့ စိတ်တိုသွားသည်။
တရားသူကြီး သုံးဦးသည် နှစ်ပေါင်းများစွာ ကတည်းက ကွယ်လွန်သွားခဲ့သော်လည်း ၎င်းတို့တွင် သရဲရောင်ဝါရှိရုံသာမက ဖြောင့်မတ်သော ရောင်ဝါနှင့် မြင့်မြတ်သော အသွင်အပြင်မျိုးလည်း ရှိနေခဲ့သည်။
၎င်းတို့သည် သူ ယခင်ကမြင်ဖူးသော မြေအောက်ကမ္ဘာရှိ သရဲများနှင့် တစ္ဆေ နတ်ဘုရားများနှင့် ကွဲပြားသည်။ မရဏကမ္ဘာရှိ သရဲတစ္ဆေများနှင့် နတ်ဘုရားများသည် အစွမ်းထက်သော တန်ခိုးများ ရှိတာတော့ သေချာသော်လည်း ၎င်းတို့သည် တစ္ဆေသရဲများ၊ နတ်ဆိုးစွမ်းအင်များနှင့်သာ ပြည့်နှက်နေပြီး လူတို့အား မကောင်းမှုကို ခံစားရစေသည်။
ဤတရားသူကြီး သုံးပါးတို့သည် တစ္ဆေနှင့် နတ်များ ဖြစ်ကြသော်လည်း ကုသိုလ်ဟု ခေါ်နိုင်သော ကုသိုလ်တရားများ ရှိသည်။ သူတို့သည် သေပြီးနောက် နတ်ဘုရားများ ဖြစ်လာနိုင်ခဲ့သော ကုသိုလ်ကောင်းမှု ကြီးမားသူများပင်။ တစ္ဆေနတ်ဘုရားများပင် ဖြစ်သော်ငြားလည်း ဖြောင့်မတ်ကြသည်။
"တရားသူကြီး ၃ ယောက်က တရားသူကြီး ၃ ယောက်ရဲ့ စုတ်တံကို တာဝန်ခံထားတယ်... ယန်မိသားစုက ဝိုင်းထားရင်တောင် ပြဿနာ မရှိလောက်ပါဘူး!"
ချန်ရှီ အနည်းငယ် သက်သာရာ ရသွားသည်။
အနတ္တပြန်ခြင်းနယ်ပယ်က သခင် ဆယ့်နှစ်ပါးသည် အမှန်တကယ်ပင် အစွမ်းထက်သော်လည်း တရားသူကြီးသုံးဦး၏ ခွန်အားသည် ပို၍ မကောင်းမွန်နိုင်ပေ။ ဒီတိုက်ပွဲမှာ ယန်မိသားစုရဲ့ သခင်တွေ အားလုံးကို ဒီမှာပဲ မြှုပ်နှံထားနိုင်လောက်သည်။
ထိုအချိန်တွင် အရိုးဖြူများက လှိုင်းလုံးများသဖွယ် ဤဘက်သို့ တိုးဝင်လာသည်။ ရုတ်တရက် မရေမတွက်နိုင်သော အဖြူရောင်အရိုးများ လွင့်ပျံလာကာ အရပ်ရှည်ရှည် အရိပ်တစ်ခု ပေါ်လာ၏။ ထိုတရားသူကြီး၏ လက်ထဲတွင် ရှည်လျားသော အဖြူရောင် အရိုးကြာပွတ်ကို ကိုင်ထားလေသည်။
ဤတရားသူကြီးသည် ယခင်က ကျုံးခွေနှင့် တိုက်ခိုက်ခဲ့ဖူးသော မြေတရားသူကြီးဖြစ်သည်။ သူက အလွန် အစွမ်းထက်သူပင်။
"ဝိညာဥ်ဖမ်းတရားသူကြီး... ငါ့ယန်မိသားစုရဲ့ မျိုးဆက်သစ်တွေအပြင် ငါတို့လည်း ဒီတိုက်ပွဲမှာ ပါဝင်မယ်!"
သူပြောပြီးသည်နှင့် မြေကြီးက အက်ကွဲကာ မြေပြင်လေပူများ ပေါက်ထွက်လာသည်။ မြေပြင်မှ ချော်ရည်မြစ်များ ပေါက်ထွက်ပြီးတဲ့အခါ မီးတရားသူကြီးသည် ချော်ရည်မြစ်ကို ဖောက်ထုတ်ပြီး ရှည်လျားသော ချော်ရည်မြစ်ကို ဓားအဖြစ် ဆွဲထုတ်ကာ လူသတ်နိုင်သော ရောင်ဝါများ အပြည့်ဖြင့် ထရပ်လိုက်သည်။
ဤတရားသူကြီးသည် ထိုနေ့တုန်းက ကျုံးခွေ ကို ဝိုင်းထားသော အခြားတရားသူကြီးပဲ ဖြစ်ပေသည်။
ချန်ရှီရဲ့ နှလုံးသားလည်း အနည်းငယ် ထိတ်လန့်သွားခဲ့သည်။
"မီးနဲ့ မြေကြီး တရားသူကြီးတွေ... သူတို့အားလုံး ယန်မိသားစုကလား...အစပိုင်းတုန်းက ကျုံးခွေကို လိုက်သတ်တာလည်း ယန်မိသားစုကပဲလား "
ဒါကို သူစဉ်းစားလိုက်တော့ မရဏတမန်အုပ်စု နောက်တစ်စု ရောက်လာပြန်သည်။ သူတို့မှာ ပြင်းထန်တဲ့ ရောင်ဝါမျိုး ရှိ၏။ ၎င်းတို့သည် မီးနှင့်မြေပြင်တရားသူကြီးများလောက် မကောင်းမွန်သော်လည်း အလွန်အစွမ်းထက်ကာ ဆယ့်ခုနစ်ယောက်လောက် ရှိလေသည်။
ဝမ်ဖူ၊ ကျူ့ရွှင့်နဲ့ ကျာယွမ်တို့ခမျာ ပို၍ ပို၍ စိတ်ဓာတ်ကျလာသည်။
နှစ်တွေကြာလာတာနဲ့အမျှ ယန်မိသားစုဟာ စစ်မှန်တဲ့ဘုရင်ခေတ်က ကျန်ခဲ့တဲ့ ယမနန်းတော်ကို တဖြည်းဖြည်း အားနည်းစေပြီး အစားထိုးဖို့ ကြိုးစားလုပ်ဆောင်ခဲ့သည်။ ဒီနေ့တော့ သူတို့ရဲ့ တာဝန်က နောက်ဆုံးမှာတော့ ပြီးသွားတော့မည်။
ခပ်ဝေးဝေးတွင် ဆံပင်နီ သရဲတစ္ဆေတစ်ကောင် တိမ်မည်းထဲတွင် ရပ်နေခဲ့သည်။ သခင်ငယ် ဝေယွဲ့သည် သူ့ပုခုံးပေါ်၌ ရပ်ကာ အဝေးကနေ လှမ်းကြည့်ရင်း ပြုံးလိုက်သည်။
"ဒီနေ့ ငါတို့ယန်မိသားစုက ငါ့အဖေ ဝေ့လင်အတွက် အတားအဆီး အားလုံးကို ရှင်းပစ်လိုက်ပြီ... မိသားစုဆယ့်သုံးစုရဲ့ ပန်းတိုင်က ရှေ့ကို ခြေတစ်လှမ်း တိုးသွားပြီ.... ခေါင်းမာတဲ့ နတ်အိုတွေက နောင်ကာလရဲ့ သာယာဝပြောမှုကို အတားအဆီး လုပ်နေကြတာ... ထူးဆန်းလိုက်တာ ချန်ရှီက ဘယ်လိုလုပ် ဝင်လာတာလဲ"
သူ အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။
ချန်ရှီသည် အမတမြို့ထဲ ရောက်လာသည်ဟု သူခန့်မှန်းထားသောကြောင့် တစ္ဆေများနှင့် နတ်ဘုရားများအား ချန်ရှီရဲ့ ယွမ်ချန် နန်းတော်ကို ပိတ်ဆို့ထားရန် အမိန့်ပေးခဲ့သည်။ မထင်မှတ်ပဲ ဒီကလေးက အမတမြို့ထဲက ပြေးထွက်ထာပြီး အပျော်သဘောပါဝင်ဖို့ ဒီကိုတောင် ရောက်လာခဲ့သေး၏။
"ဖွဲ့စည်းပုံ လှုပ်ရှားပြီးတာနဲ့ သူသေမှာ သေချာပါတယ်... ဒီလူက အရည်အချင်းရှိပေမယ့် ငါသူ့ကို အသုံးမချနိုင်တာတော့ သနားစရာပဲ"
ဆံပင်နီတစ္ဆေက :"သခင်ငယ် ချန်ရှီရဲ့ ခန္ဓာကိုယ်ထဲမှာ ရာနဲ့ချီတဲ့ နတ်ဆိုးတွေ ပုန်းအောင်းနေတယ်.... သူသေရင် အဲဒီနတ်ဆိုးတွေ ပေါက်ကွဲထွက်လာမှာပဲ ကြောက်ရတယ်..."
ဝေ့ယွဲ့က ပြုံးလိုက်သည်။
"ဒါက မရဏကမ္ဘာ... မရဏကမ္ဘာရဲ့ နေရာတိုင်းမှာ နတ်ဆိုးတွေ ရှိတယ်... သူတို့ကို လွှတ်လိုက်လည်း ငါ့ယန်မိသားစုရဲ့ အနှစ်တစ်ထောင်စီမံကိန်းက ချန်ရှီကြောင့် ရပ်တန့်သွားမှာ မဟုတ်ဘူး!"
စကားမဆုံးခင်မှာ တိုက်ပွဲကစနေပြီ။ မီးနှင့်မြေတရားသူကြီးသည် ရှည်လျားသော ကြာပွတ်ကိုဝှေ့ယမ်းကာ တရားသူကြီးသုံးဦးထံ ရိုက်ချလိုက်သည်။ တစ်ချိန်တည်းမှာပင် ယန်မိသားစုမှ မရဏတမန်နဲ့ ယင်ကျေးကျွန်တို့သည် တရားသူကြီး သုံးဦးကို တိုက်ခိုက်ရန် ၎င်းတို့၏ မှော်လက်နက်များကို တိုက်တွန်းနေခဲ့ပြီး ယန်မိသားစု၏ သခင်ဆယ့်နှစ်ပါးသည်လည်း သက်ရှိကမ္ဘာပေါ်ကနေ တစ်ပြိုင်နက်တည်း တိုက်ခိုက်နေခဲ့ကြသည်။
ယန်မိသားစုသည် ဤတိုက်ပွဲကို အချိန်အတော်ကြာ စီစဉ်ခဲ့ပြီး ယမနန်းတော်၏ အုပ်စိုးမှုအာဏာကိုလည်း သိမ်းပိုက်ရန် ချည်နှောင်ထားခဲ့သည်။
ဝမ်ဖူ၊ ကျူ့ရွှင့်နဲ့ ကျာယွမ်တို့သည် လေးနက်သော မျက်နှာထားများ ပေါ်လာသည်။ သူတို့ အသီးသီးသည် ၎င်းတို့၏ မြင့်မြတ်သော စွမ်းအားကို ပြင်းထန်စွာ မြှင့်တင်လိုက်ကြပြီး ရန်သူကို ရင်ဆိုင်ရန် ပြင်းပြင်းထန်ထန် တိုက်ခိုက်လိုက်သည်။
စစ်မှန်သောဘုရင်ခေတ်တွင် သွေးထွက်သံယိုတိုက်ပွဲများ ကြုံတွေ့ခဲ့ရပြီးနောက် ဘုရင်ခေတ်၏ နောက်ပိုင်းတွင် သာယာဝပြောရေးကို ဦးတည်စေခဲ့သည်။ သို့ရာတွင် နောက်ပိုင်းမျိုးဆက်များမှ လူများသည် ၎င်းတို့၏ကိုယ်ပိုင်တန်ခိုးအတွက် သူတို့၏ မြင့်မြတ်သော တန်ခိုးကို လိုချင်နေကြလိမ့်မည်ဟု မမျှော်လင့်ခဲ့ပါ။
ဝမ်ဖူသည် မီးတရားသူကြီး၏ ချော်ရည်နီကြာပွတ်ကို ဖြတ်တောက်ရန် သူ့စုတ်တံကို လှံအဖြစ် အသုံးပြုခဲ့သည်။ လှံက လှုပ်ခါလိုက်တာနဲ့ ချော်ရည်ကြာပွတ်ကို သုံးပိုင်းခွဲပစ်သည်။ ၎င်းက လှည့်ပြီး ပျံသန်းသွားကာ မီးတရားသူကြီးရဲ့ နဖူးကို ထိသွား၏။
သူ၏ တရားသူကြီးစုတ်တံ ပြုတ်ကျမသွားမီ မှော်ပညာများနှင့် မှော်အစွမ်းများအပြင် မှော်လက်နက်များက သူ့ကို ဗုံးကြဲတိုက်ခိုက်နေကြပြီ။
ချင်းလော် အဖုံးအကာအောက်မှာ ကြောက်စရာကောင်းတဲ့ စွမ်းအားများက လှိုင်းထန်နေသည်။ ဖျက်ဆီးခြင်း စွမ်းအားသည် ချန်ရှီနဲ့ ဟေးကော် ကို သိမ်းပိုက်လုနီးနီး အချိန်တွင် ချင်းလော် အဖုံးမှ ကျောက်ပြားကြီးတစ်ချပ်သည် ကောင်းကင်မှ ပြုတ်ကျကာ ပေါက်ကွဲသံနှင့်အတူ ဆင်းသက်လာခဲ့သည်။
မရဏကမ္ဘာရှိ ကျောက်တုံးများ အက်ကွဲ ပျံသန်းသွားကာ မရဏအရာရှိများခမျာ ပြုတ်ကျလာသော ကျောက်တုံးများ၏ ရိုက်ခတ်မှုကြောင့် နောက်ပြန်ဆုတ်ရင်း တုန်လှုပ်သွားကြသည်။
ကျောက်စာတိုင်သည် ချန်ရှီ၏ ရှေ့တွင် ပြုတ်ကျပြီး သူ့အတွက် မှော်စွမ်းအင်၏ အကျိုးသက်ရောက်မှုကို တားဆီးထားလိုက်သည်။
ချန်ရှီသည် မူလက ဟေးကော်နှင့်အတူ သက်ရှိကမ္ဘာသို့ ထွက်ပြေးရန် စီစဉ်ထားခဲ့ပြီး မရဏကမ္ဘာရှိ သရဲတစ္ဆေများနှင့် နတ်ဘုရားများကြား တိုက်ပွဲကို ရှောင်ရှားရန် စီစဉ်ခဲ့သည်။ ဤကျောက်ပြားကို မြင်သောအခါ အံ့အားသင့်သွားပြီး သက်ရှိကမ္ဘာသို့ ပြန်သွားရန် စိတ်ကူးကို ချက်ချင်း လက်လွှတ်လိုက်သည်။ ကျောက်တုံးကြီးတစ်လျှောက် လှမ်းကြည့်လိုက်၏။
ကျောက်ပြားတွင် အခြေတစ်ခု ရှိပြီး ကျောက်တုံးဖြင့် ထွင်းထုကာ မာကျောသော အသွင်အပြင်နှင့် အလွန်ပြန့်ပြူးအောင် ပွတ်တိုက်ထားသည်။ မျက်နှာပြင်ပေါ်ရှိ လေးထောင့်ဘောင်ကြီးတစ်ခုကို ဓားဖြင့် ခွဲထားပုံက သင်္ချိုင်းဂူတစ်ခုက ခေါင်းတလားအတိုင်းပင်။
ကွယ်လွန်သူ၏အမည်ကို စတုရန်းဘောင်ထဲတွင် ရေးထွင်းထားသည်။ သားသမီးများနှင့် မြေးများ သတိထားမိအောင် ကွယ်လွန်သူ၏ ဘဝဇာတ်ကြောင်းကို ကျောက်ပြားပေါ်တွင် ရေးထိုးထားမည် ဖြစ်သည်။
ယခုအချိန်တွင် ဤသင်္ချိုင်းကျောက်တုံးပေါ်တွင် အမည်သစ်မျဉ်းတစ်ခု ရှိနေသည်။
ကျားကျင့် သက္ကရာဇ် ၆၅၈၇ ခုနှစ်တွင် မွေးဖွားသော ယန်ရှစ်ကျီးသည် သက္ကရာဇ် ၆၆၄၃ ခုနှစ် ဆဋ္ဌမလ လေးရက်နေ့ ပထမမိနစ်တွင် ကွယ်လွန်ခဲ့သည်။
ဒါကို မြင်လိုက်တာနဲ့ ရုတ်ချည်းဆိုသလိုပဲ ယန်မိသားစုရဲ့ တန်ခိုးကြီးတဲ့ နေရာက ကျာယွမ်ရဲ့ တိုက်ခိုက်မှုကို ခံလိုက်ရလေသည်။ သူ့ခန္ဓာကိုယ်က ဆွေးမြေ့သွားပြီး သွေးတစ်လုတ်အန်ရင်း မြေပေါ်လဲကျသွား၏။
"ရှစ်ကျီး!" သူ့ဘေးနားက အဘိုးအိုက ဝမ်းနည်းစွာ အော်ဟစ်နေခဲ့သည်။
ချန်ရှီ အံ့အားသင့်သွားသည်- "လူသေ ယန်ရှစ်ကျီး ဟုတ်လား... သင်္ချိုင်းကျောက်တုံးပေါ်မှာ သေတဲ့ အချိန်နဲ့ အတူတူပဲ"
သူသည် သင်္ချိုင်းဂူကို မျှော်ကြည့်လိုက်သောအခါ ထူထဲသော လက်ဆစ်များနှင့် ရှည်လျားကြမ်းတမ်းသော လက်ချောင်းများရှိသည့် ပိန်ပိန်ပါးပါး လက်ကြီးကို တွေ့လိုက်ရသည်။ ထိုလက်ကြီးအတိုင်း လှမ်းကြည့်လိုက်တော့ လျှိုမြောင်များနှင့် လျှိုများရှိသည့် အဘိုးကြီး၏ မျက်နှာကို သူ တွေ့လိုက်ရသည်။
အဘိုးအို၏ မျက်နှာသည် လေနှင့်မိုးများအား နှစ်ပေါင်းများစွာ ဖြတ်သန်းခဲ့ရသဖြင့် အသက်ကြီးရင့်လာကာ အဆိုးအကောင်းများကို ပြသနေသည်။ သူ့မျက်နှာသည် ကောင်းကင်အထက်တွင် ဖုံးလွှမ်းနေတာမို့ အလွန်ကြီးမားပုံ ပေါက်နေသည်။
"ကျောက်မိုင်းထဲက အဘိုးကြီး!"
ချန်ရှီ အံ့သြသွားသည်။
တိုက်ပွဲဝင်နေသော လူများသည် လဲကျနေသော ကျောက်ပြားကို မြင်ပြီး ထိတ်လန့်သွားသော်လည်း လုံးဝ မရပ်နိုင်ဘဲ ဆက်လက်တိုက်ပွဲဝင်နေခဲ့သည်။
"အဲဒီအဘိုးကြီးကို သတ်ဖို့ လူတချို့ကို သက်ရှိကမ္ဘာကို ပို့လိုက်စမ်း!"
မြေတရားသူကြီးက ကျယ်လောင်စွာ အော်ပြောလိုက်သည်။
ချက်ချင်းပင် ယန်မိသားစုမှ သခင်တစ်ဦး သက်ရှိကမ္ဘာသို့ ပြန်ရောက်လာသည်။ တစ်စုံတစ်ယောက်သည် ကျောက်ခဲနှင့်တူသော ကောင်းကင်ယံကို ဝင်တိုက်ပြီးနောက် ငြီးတွားသံတစ်သံ ထုတ်လိုက်၏။
"ယန်ရှစ်ချွမ့်... ကျားကျင့် နန်းစံ ၆၅၉၂ ခုနှစ်တွင် မွေးဖွားခဲ့ပြီး သက္ကရာဇ် ၆၆၄၃ ခုနှစ် ဆဋ္ဌမလ စတုတ္ထနေ့ ပထမနာရီတွင် ကွယ်လွန်ခဲ့သည်...."
ဓားခုတ်သံ ရုတ်တရက် ရပ်တန့်သွားတာနဲ့ ကောင်းကင်မှ ကြီးမားသော ကျောက်ပြားကြီးတစ်ချပ်သည် ပေါက်ကွဲသံနှင့်အတူ ပြုတ်ကျလာခဲ့သည်။ မြေပြင်နှင့် ထိမိသည့်အခိုက်တွင် ယန်မိသားစု၏ အခြားအဘိုးကြီးသည်လည်း အော်ဟစ်ကာ ဒွာဟပေါက်ခုနစ်ပေါက်မှ သွေးထွက်ကာ သေဆုံးသွားခဲ့သည်။
ပုတ်ခတ်သံများက ထပ်ပြီး ထွက်ပေါ်လာဆဲ။ တစ်ဆက်တည်း အဘိုးအိုရဲ့ အသံသည် လေထဲတွင် ထွက်ပေါ်လာပြန်သည်-
"ယန်ကျင့်... ကျားကျင့် နန်းစံ ၆၅၈၂ ခုနှစ်တွင် မွေးဖွားခဲ့ပြီး သက္ကရာဇ် ၆၆၄၃ ခုနှစ် ဆဋ္ဌမလလေးရက်နေ့ ပထမနာရီတွင် ကွယ်လွန်ခဲ့သည်..."
နောက်ထပ် ကျောက်ပြားတစ်ချပ်ဟာ ကောင်းကင်မှ ပေါက်ကွဲသံနှင့်အတူ ပြုတ်ကျလာသည်။
ကျူ့ရွှင့်ကို ပြင်းပြင်းထန်ထန် ရိုက်နှက်ခဲ့သော အဘွားအိုသည်လည်း ခုနစ်ပေါက်စလုံးမှ သွေးထွက်ကာ မြေပြင်ပေါ်၌ တည့်မတ်စွာ ဒူးထောက်ရင်း မလှုပ်မယှက်ဖြင့် ခေါင်းပြုတ်ကာ သေဆုံးသွားခဲ့သည်။
"သွား.... မြန်မြန် သတ်လိုက်!"
ဦးလေးခြောက်က ကျယ်လောင်စွာ အမိန့်ပေးလေသည်။
ဓားခုတ်သံ ထွက်ပေါ်လာပြီးနောက် ယန်ချင်းဟူရဲ့ မျက်နှာက မည်းမှောင်လာပြီး တရားသူကြီး သုံးဦးကို ဂရုမစိုက်နိုင်တော့ပေ။ သူသည် မရဏကမ္ဘာကို ရုတ်တရက် ဖြတ်သွားကာ သက်ရှိကမ္ဘာထဲ ပြန်သွားခဲ့သည်။ လရောင်က တောက်ပနေပြီး နှင်းများနှင့် ရေခဲများထဲတွင် အဖိုးအိုတစ်ဦး ရပ်နေ၏။ နေရာတိုင်း၌ သင်္ချိုင်းဂူများ ဝန်းရံထားသည်။ သူသည် ပုဆိန်နှင့် စောက်ကို လှုပ်ယမ်းကာ အုတ်ဂူကျောက်စာများပေါ်တွင် စကားလုံးများကို ထွင်းထုနေသည်။
"ရပ်စမ်း!"
ယန်ချင်းဟူ သူ့မှော်အစွမ်းကို တွန်းအားပေးပြီး တစ်ခဏချင်းမှာပဲ ကောင်းကင်မှ နှင်းပွင့်တွေအားလုံး မိုင်တစ်ရာလောက်အထိ ရပ်တန့်သွားသည်။ နှင်းပွင့်များသည် အချွန်ဆုံးဓားများအဖြစ်သို့ ပြောင်းလဲသွားပြီး အဖိုးအိုဆီသို့ ဖြတ်ပြေးသွားကုန်၏။
ဤသည်မှာ ယန်မိသားစု လင်ရှန်းခန်းမစုစည်းမှုထဲက ရေခဲနှလုံးဖျက်နတ်ဆိုး မှော်စွမ်းအင်ဖြစ်သည်။
ယခုအချိန်တွင် တစ်ဖက် အဘိုးအိုသည် အုတ်ဂူတစ်ခုကို ထွင်းထုထားပြီ။
"ကျားကျင့် ၆၅၅၆ ခုနှစ်တွင် မွေးဖွားသော ယန်ချင်းဟူသည် ၆၆၄၃ ခုနှစ် ဆဋ္ဌမလ လေးရက်မြောက်နေ့ တစ်နာရီတွင် သေဆုံးသွားခဲ့သည်"
ယန်ချင်းဟူလည်း သူ့ခန္ဓာကိုယ်ရှိ တက်ကြွမှုအားလုံး ဆုံးရှုံးသွားသလို ရုတ်တရက် ခံစားလိုက်ရသည်။ သူ့ခန္ဓာကိုယ်က ရုတ်ချည်း အိုမင်းလာပြီး မျက်စိတစ်မှိတ်အတွင်း သေဆုံးသွားတော့မည်။
"လူဆိုးခြောက်ယောက်ထဲက ကမ္ဗည်းထိုးသမား တုယိရန်!"
ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားပုံရပြီး သူ့မျက်လုံးထဲ အလင်းရောင်တစ်ခု လင်းလက်လာသည်။ သူ့အသံက စိတ်အားထက်သန်နေတဲ့ လူတစ်ယောက်လို အဘိုးကြီးဆီ လျှောက်လှမ်းဖို့ ကြိုးစားနေ၏။
"သေခြင်းရှင်ခြင်း စာအုပ်က မင်းလက်ထဲမှာပဲ... ငါ့ကိုပေး!"
ဒီစကားကို ပြောပြီးတာနဲ့ ခွန်အားတွေ ဆုံးရှုံးသွားပြီး ဗုန်းကနဲ လဲကျသွားတော့သည်။ သူ့မှော်စွမ်းအင်များ ထိန်းမနိုင်သိမ်းမရ ဖြစ်လာသည်။ သူ ထုတ်ထားတဲ့ မှော်စွမ်းအင်က လေချွန်သံအဖြစ်သို့ ပြောင်းလဲသွားကာ ကောင်းကင်အထက်က နှင်းပွင့်တွေကြား ပျံ့ကာ ပျောက်ဆုံးသွားခဲ့သည်။
အဘိုးအိုက သူ့ကို လျစ်လျူရှုပြီး ပုဆိန်ကို ဆွဲကိုင်ကာ နောက်ကျောက်ပြား တစ်ချပ်ကို ဆက်လက် ထွင်းထုလိုက်သည်။
"ဗုန်း!"
နောက်ထပ် ကျောက်ပြားတစ်ချပ် ကောင်းကင်ကနေ ပြုတ်ကျပြီး မြေအောက်ကမ္ဘာထဲကို ကျသွားခဲ့၏။ ကောင်းကင်မှ ထွက်ပေါ်လာသော အသံအိုတစ်ခုနှင့်အတူ ယန်မိသားစု၏ သန်မာသော အမျိုးသားတစ်ဦး ပွဲချင်းပြီး သေဆုံးသွားခဲ့သည်။
လူတိုင်း တုန်လှုပ်သွားကြသည်။ မြေတရားသူကြီးက ကျယ်လောင်စွာ အော်လိုက်ပြီး ရှည်လျားသော ကြာပွတ်ကို ဝှေ့ယမ်းပစ်လိုက်သည်။ အဘိုးအိုက ကျောက်တုံးကို မရဏကမ္ဘာထဲ ပစ်ချလိုက်တာနဲ့ ရှည်လျားတဲ့ ကြာပွတ်ဟာလည်း အဘိုးအိုဆီ လိပ်ဝင်သွားခဲ့တော့သည်။
အဘိုးအို၏ ဦးခေါင်းနောက်တွင် အလင်းတန်းတစ်ခု ပေါ်လာသည်။ အလင်းထဲက နတ်ဝိညာဥ်၏ လက်သည် မိုင်ပေါင်းများစွာ လှမ်းလာခဲ့ပြီး ချော်ရည်ကြာပွတ်ကို ထိတွေ့လိုက်သည်။
အဘိုးအိုက သူ့ခန္ဓာကိုယ်ကို အနည်းငယ် ခါယမ်းကာ နှင်တံကို အမှန်တကယ် လုယူလိုက်လေ၏။
"မဟာယာနနယ်ပယ်!"
မီးတရားသူကြီးက တင်းတင်းမာမာနဲ့ ကြာပွတ်ကို ဖယ်လိုက်တော့သည်။
"အားလုံး မြန်မြန် ပြန်ဆုတ်ကြ!"
သူသည် ကျန်ရှိသော ယန်မိသားစု သခင်များကို လှိမ့်ကာ မီးနဂါးကို မောင်းထုတ်လိုက်လေသည်။ မြေတရားသူကြီးနှင့် အခြား မရဏတမန်တွေလည်း ဒါကို မြင်တော် စစ်မတိုက်ဝံ့တော့ဘဲ ထွက်ပြေးသွားကြသည်။
အဘိုးအိုသည် အခြားကျောက်ပြား တစ်ချပ်ကို ချလိုက်သော်လည်း မီးတရားသူကြီးက ယန်မိသားစုအား ကျောက်ပြား၏ အကွာအဝေးထဲမှ လွတ်မြောက်အောင် ဦးဆောင်နေပြီ ဖြစ်သောကြောင့် ထိုကျောက်ပြားက ထိရောက်မှုမရှိတော့ပေ။
တရားသူကြီးသုံးဦးခမျာ ဒဏ်ရာများဖြင့် ဖုံးလွှမ်းသွားခဲ့ပြီ။ တုန်လှုပ်ချောက်ချားမှုမှ ပြန်လည် ကောင်းမွန်လာပြီးနောက် အနည်းငယ် စိတ်ရှုပ်ထွေးနေကြဆဲ ဖြစ်သည်။
ချန်ရှီ ကျေနပ်စွာ ပြုံးပြလိုက်သည်။
"မထွက်သွားနဲ့ ခင်ဗျားတို့သုံးယောက် ကျနော့်ကို ဒီမှာစောင့်နေပေးပါ!"
သူက ထိရောက်မှုမရှိသော ကျောက်ပြားကို လှမ်းကြည့်ရင်း ပြောလိုက်သေးသည်။
"တရားသူကြီးဝမ်... ဒီကျောက်ပြားကို ကောင်းကောင်း ထိန်းသိမ်းထားပေးပါလား"
စိတ်ဝိညာဉ်ဖမ်း တရားသူကြီး ဝမ်ဖူ စကားပြောခါနီးတွင် ချန်ရှီ သူ့ခွေးနဲ့အတူ သက်ရှိထဲသို့ ပြေးဝင်နေပြီ ဖြစ်သည်။ ရေခဲနှင့် နှင်းထုထဲတွင် အဖိုးအိုသည် ကျောက်ပြားတစ်ချပ်ကို ချန်ထားခဲ့ကာ ပျောက်ကွယ်သွားခဲ့သည်။
ချန်ရှီ ကျောက်မိုင်းဆီသို့ ချက်ချင်း ပြေးသွားရာ မကြာမီ ကျောက်မိုင်း အပြင်ဘက်သို့ ရောက်လာခဲ့သည်။
"ချန်ယင်တူးမြေး ချန်ရှီ ဦးလေးတုကို ဂါဝရပြုပါတယ်!"
ကျောက်မိုင်းတွင်းမှ အသံဟောင်းတစ်သံ ထွက်လာသည်-
"အဲဒီလူဆိုး ချန်ယင်တူးက မင်းကို မသင်ပေးခဲ့ဘူးလား... ငါ့ကို အဘိုးတု လို့ခေါ်သင့်တယ်... ငါက အဘွားရှားနဲ့ မတူဘူး.... သူမက အသက်ကြီးတာကို လက်မခံပေမယ့် ငါ လက်ခံတယ်"