← Chapters

ကောင်းကင်ပြက္ခဒိန်နှစ် ၁၀,၀၄၀

Vol. 018 Ch. 1723

ကောင်းကင်ပြက္ခဒိန်နှစ် ၁၀,၀၄၀

Vol. 018 Ch. 1723

ကောင်းကင်ပြက္ခဒိန်နှစ် ၁၀,၀၄၀...

ကောင်းကင်အာဏာစက်ကျောင်းတော် ဖွဲ့စည်းပြီးသည်မှာ လေးနှစ်ကြာမြင့်ခဲ့လေပြီ။

ထိုလေးနှစ်အတွင်းတွင် ကောင်းကင်အာဏာစက်ဘုံသည် ယခင်ခေတ်အဆက်ဆက်ထက်ပင် ပို၍ငြိမ်းချမ်းခဲ့သည်။ ရှန်ကလန်နှင့်တိုက်ပွဲပြီးသည့်နောက် မည်သူမျှ ကောင်းကင်အာဏာစက်ဘုံအား မထိပါးဝံ့တော့ပေ။

ကောင်းကင်အာဏာစက်ဘုံအတွင်းတွင် ကောင်းကင်အာဏာစက်ကျောင်းတော်သည် အဓိကဖြစ်၍ ကောင်းကင်အာဏာစက်ဘုံအတွင်းမှအင်အားစုများသည် တစ်ခုနှင့်တစ်ခုမဟာမိတ်ပြုထားကြသည်။ လူသားများ၏ကျင့်ကြံခြင်းဘုံနှင့် မိစ္ဆာဘုံများမှာ ပြသနာများမဖြစ်ပွားတော့ဘဲ အတူတကွကျင့်ကြံကြလေသည်။ ကျင့်ကြံခြင်းဘုံတွင် မရေမတွက်နိုင်သော အငြင်းပွားမှုများ နေ့စဥ်ဖြစ်ပွားနေသော်လည်း အင်အားစုများကြားမှ ယှဥ်ပြိုင်မှုများမှာ မရှိကြတော့ပေ။

ကောင်းကင်အာဏာစက်ဘုံတစ်ခုလုံးသည် ငြိမ်းချမ်းသောခေတ်အဖြစ် သတ်မှတ်နိုင်လေသည်။

ကောင်းကင်အာဏာစက်ဘုံ၏ သမိုင်းအား လူများက ခေတ်အမျိုးမျိုးခွဲခြားထားလေသည်။ ယခင်ခေတ်အား စစ်နတ်ဘုရားများအုပ်စိုးသောခေတ်ဟု ယူဆလျှင် ယနေ့ခေတ် ကောင်းကင်အာဏာစက်ဘုံသည် ကောင်းကင်အာဏာစက်ကျောင်းတော်မှဦးဆောင်သောခေတ်သို့ ရောက်ရှိနေခြင်းဖြစ်ကြောင်း ပြောနိုင်လေသည်။

ကောင်းကင်အာဏာစက်ဘုံတစ်ခုလုံးသည် ကောင်းကင်အာဏာစက်ကျောင်းတော်ကို ဗဟိုပြုနေလေသည်။

လွန်ခဲ့သောနှစ်အနည်းငယ်အတွင်း ကောင်းကင်အာဏာစက်မြို့မှ ကျင့်ကြံသူအရေအတွက်မှာ လျှင်မြန်စွာတိုးတက်လာပြီး လူဦးရေများပြားလာသောကြောင့် ကျင့်ကြံဆင့် အားမကောင်းသောသူများမှာ ဤနေရာတွင် ခြေကုပ်မယူနိုင်ပေ။ ရှန့်ထိုအဆင့်အောက်မှလူများသည် မိသားစုနောက်ခံသာမရှိလျှင် ကောင်းကင်အာဏာစက်မြို့ရှိ ကျင့်ကြံရေးလောကတွင် အစွန်အဖျား၌ပင်နေစရာမရှိပေ။

ယနေ့သည် ကောင်းကင်အာဏာစက်ကျောင်းတော်၏ ပင်မတပည့်ရွေးချယ်မည့်နေ့ဖြစ်သည်။ နှစ်စဥ် ဤအချိန်တွင် နေရာလွတ်တချို့ခွင့်ပြုပေးသောကြောင့် တပည့်များအနေဖြင့် ကျောင်းတော်၏ပင်မတပည့်အဖြစ် ဝင်ရောက်ခွင့်ရနိုင်ပေသည်။

ကျောင်းတော်မှကျင့်ကြံသူများသည် ကျောင်းတော်၏အတွင်းပိုင်းတွင် ကော့တေးဟုခေါ်သောနေရာရှိကြောင်း သိထားကြသည်။ ထိုနေရာမှာ ရီဖူရှင်း၏အုပ်ချုပ်မှုအောက်တွင် တိုက်ရိုက်ရှိနေသည့် ကောင်းကင်အာဏာစက်ကျောင်းတော်၏ ပင်မအင်အားဖြစ်လေသည်။ ရှန်ကလန်နှင့်တိုက်ပွဲအတွင်း ထွက်ပေါ်လာခဲ့သော အက်ကြောင်းမဲ့နတ်ဝင်ရိုးပိုင်ဆိုင်ထားသူများအားလုံးသည် ကော့တေးမှတပည့်များဖြစ်ကြလေသည်။

ထိုအချိန်တွင် ကျောင်းတော် အတွင်း၌ ကြီးမားသော ပြိုင်ပွဲစင်မြင့်ကြီးရှိနေလေသည်။ တိုက်ပွဲစင်မြင့်များစွာရှိနေပြီး လူများစွာက ထိုနေရာတွင် တိုက်ခိုက်နေကြလေသည်။

အရှေ့ဘက်စင်မြင့်တွင် လူအနည်းငယ်ကထိုင်နေကြပြီး ပင်မတပည့်ရွေးချယ်ရာတွင် ကြည့်ရှုအကဲဖြတ်ပေးနေကြသည်။

သူတို့သည် စုစုပေါင်း ကိုးယောက်ရှိလေသည်။ အကြီးအကဲခုနှစ်ယောက်အပြင် လူငယ်နှစ်ယောက်လည်း ပါဝင်လေသည်။

ကျောင်းတော်မှ တပည့်အများစုမှာ စုဝေးသည့်နေရာတွင် စုရုံးရောက်ရှိနေကြသည်။ သူတို့သည် ရွေးချယ်ခံစာရင်းတွင်မပါဝင်ကြလျှင်ပင် သူတို့က ပင်မတပည့်ရွေးချယ်ပွဲအတွက် စိတ်အားထက်သန်နေကြလေသည်။

"ဒါက စီနီယာအကိုချူးယွီကို ဒီလိုလူစုလူဝေးမျိုးမှာ ပထမဆုံးအကြိမ်မြင်ဖူးတာပဲ" အဝေးမှနေ၍ တပည့်များက  အားကျစွာပြောလိုက်သည်။

ချူးယွီသည် အခြားလူများကဲ့သို့ပင် ကျောင်းတော်ပြန်လည်ထူထောင်ပြီးနောက် ဝင်ရောက်ခဲ့သည်။

သို့သော်လည်း သူတို့က ပထမဆုံးအုပ်စုဖြစ်လေသည်။ ရှန်ထျန်းကျောင်းတော် စတင်တည်ထောင်ခဲ့စဥ်က ရွှေရောင်နတ်ပြည်ထောင်၏အရှင်သခင် ကိုက်ထန်နှင့် ရှန်ကလန်မှကျင့်ကြံသူများက အင်အားစုများစေလွှတ်ခဲ့သောကြောင့် ကျောင်းတော်သို့တက်ရောက်ဝံ့သည့်သူ မရှိသလောက်ရှားပါးခဲ့လေသည်။ ချူးယွီသည် ကျောင်းတော်သို့ ပထမဆုံးဝင်ရောက်ခဲ့သော သုံးယောက်ထဲမှတစ်ယောက်ဖြစ်လေသည်။ ထိုအချိန်မှစ၍ သူသည် တစ်နေ့တွင်ခေါင်းဆောင်တစ်ယောက်နေရာကိုယူရမည့် အရေးပါသောသူတစ်ယောက်အဖြစ် သတ်မှတ်ခံခဲ့ရသည်ဟု လူအများစုက ခန့်မှန်းထားကြသည်။

"စီနီယာအကိုချူးယွီက အင်ပါယာရီနဲ့သိကျွမ်းခဲ့လို့မဟုတ်ဘဲ ကောင်းကင်အာဏာစက်ကျောင်းတော်ထဲက အဲ့ဒီနေရာကို ပထမဆုံးဝင်ရောက်နိုင်ခဲ့တဲ့ တပည့်လို့ ငါကြားထားတယ်" တစ်ယောက်က ညင်သာစွာပြောလိုက်သည်။

လူအများစုက သူဆိုလိုသော ထိုနေရာအားသိကြလေသည်။ ကျောင်းတော်၏အတွင်းထဲမှ ကော့တေးသည် ပြင်ပကမ္ဘာသို့ချပြထားခြင်းမရှိသည့် ထူးခြားဆန်းကြယ်သောနေရာတစ်ခုဖြစ်သည်။

သို့သော် ကျောင်းတော်တွင်ကျင့်ကြံနေကြသူများသည် ထိုနေရာအကြောင်းအား အနည်းနှင့်အများသိရှိထားလေသည်။

လွန်ခဲ့သောနှစ်အနည်းငယ်က လူများစွာက ကော့တေးသို့ဝင်ရောက်ခဲ့သော်လည်း ချူးယွီတစ်ယောက်သာလျှင် ရီဖူရှင်းနှင့်သိကျွမ်းခဲ့ခြင်းမရှိဘဲ သူ၏ကိုယ်ပိုင်အရည်အချင်းဖြင့် ကော့တေးသို့ဝင်ရောက်နိုင်ခဲ့သည့် ပထမဆုံးလူဖြစ်လေသည်။

"အဲ့ဒီတော့ စီနီယာအစ်ကိုချူးယွီက အဲ့ဒီ နတ်ဝင်ရိုးကို ဖွဲ့စည်းပြီးသွားတာဖြစ်နိုင်တယ်..." တချို့၏မျက်လုံးများသည်တောက်ပသွားပြီး သူတို့၏စိတ်ထဲ၌ မှန်းဆချက်အမျိုးမျိုးပေါ်ပေါက်လာကြသည်။

" အကိုချူးယွီက ကောင်းကင်အာဏာစက်မြို့မှာ အရင်ကတည်းက အလွန်နာမည်ကြီးခဲ့တဲ့လူတယောက်ပဲ။ ကောင်းကင်အာဏာစက်မင်းမျိုးနွယ်က အိမ်ရှေ့စံမင်းသားရီထျန်းယွီကတောင် ချူးယွီကိုသူနဲ့အတူ ကျင့်ကြံဖို့ ဖိတ်ခေါ်ခဲ့ဖူးတယ်။ အဲ့တာကြောင့် သူရဲ့ပါရမီက သံသယဖြစ်စရာမလိုဘူး။ ဒါပေမဲ့ အင်ပါယာရီနဲ့ တခြားသူတွေက ကောင်းကင်အာဏာစက် မင်းဆက်နဲ့ သူရဲ့ပတ်သတ်မှုကို လုံးဝဂရုမစိုက်ကြဘူး" လူတချို့သည် သူ့အားတိတ်တဆိတ်လေးစားနေကြလေသည်။

ကောင်းကင်အာဏာစက်ကျောင်းတော်၏ စီမံခန့်ခွဲမှုမှာ အလွန်ပွင့်လင်းမြင်သာလေသည်။ ထိုအချက်က ရီဖူရှင်းနှင့်ကျောင်းတော်မှ အကြီးအကဲတို့၏ စိတ်သဘောထားကြီးမြတ်မှုကို ပြသနေခြင်းဖြစ်လေသည်။

သူတို့သည် ဝင်ရောက်ယှဥ်ပြိုင်သူများ၏ နောက်ခံနှင့်အတိတ်ကိုအများကြီး ဂရုမစိုက်ကြပေ။

ကောင်းကင်အာဏာစက်မြို့ရှိ ချူးကလန်သည် ချူးယွီအားနောင်လာမည့်ကလန်ခေါင်းဆောင်အဖြစ်သတ်မှတ်ထားသည်ဟုပြောကြလေသည်။

"စီနီယာအစ်မဖေးရွှီက ဒီလောက်အသက်ငယ်ငယ်လေးနဲ့ အင်ပါယာတပါးဖြစ်လာတာပဲ။ ရှန်ကလန်နဲ့ ဖြစ်တဲ့ပြသနာက အမဖေးရွှီကြောင့် ဖြစ်တာမဟုတ်ဘူးလား" တစ်ယောက်က အပေါ်တွင်ထိုင်နေသော ငယ်ရွယ်လှသည့်ဖေးရွှီအား ကြည့်ကာပြောလိုက်သည်။

"စီနီယာအမဖေးရွှီက တကယ်တော့အဲ့လောက်မငယ်တော့ဘူး။ ဒါပေမဲ့သူမက မကြာခဏ အကြာကြီးအိပ်စက်သွားလေ့ရှိတယ်လို့ပြောကြတယ်။သူမရဲ့လှုပ်ရှားမှုတွေက အဲ့အချိန်မှာရပ်တန့်သွားသလိုပဲ။ အခုသူမကို ရှန်ကလန်ရဲ့ပြိုင်ဘက်ကင်း နတ်မိမယ်ဖြစ်တဲ့ရှန်လော့ရွှီက လမ်းညွှန်ပေးနေတာဆိုတော့ သူမက ဘယ်လိုလုပ်ပြီး အင်ပါယာတပါးဖြစ်မလာပဲနေပါ့မလဲ" တစ်ယောက်ကပြောလိုက်သည်။"ပြီးတော့ အဲ့ဒါအပြင် အဲ့ဒီမှာ..."

ဘေးမှလူများက ခေါင်းငြိမ့်လိုက်ကြသည်။ ဖေးရွှီတွင် သူမ၏ကိုယ်တွင်း၌နတ်လက်နက် တစ်ခုရှိနေကြောင်း ကောလဟာလများရှိနေပြီး ထို့အပြင် သူမသည်ရီဖူရှင်းဆရာ၏သမီးလည်း ဖြစ်နေသေးသည်။ ထို့ကြောင့် သူမ အင်ပါယာတပါးဖြစ်လာသည်မှာ အလွန်ကျိုးကြောင်းဆီလျော်လှပေသည်။

ထိုအချိန်တွင် စင်မြင့်ပေါ်၌စစ်ဆေးမှုအောင်မြင်ခဲ့သော လူတစ်ယောက်က တက်လာပြီးသူ၏ရှေ့မှ လူကိုးယောက်ကိုကြည့်လိုက်သည်။

" ဟယ်ဖန်၊ ပြန်လည်မွေးဖွားခြင်း ရှန့်ထိုအဆင့်" အလယ်တွင်ထိုင်နေသော အဘိုးအိုကပြောလိုက်သည်။ "အကယ်၍ တစ်နေ့မှာ မင်းက ရန်ဟောင်တစ်ပါးဖြစ်လာပြီး ကောင်းကင်အာဏာစက်ကျောင်းတော်က လွန်ခဲ့တဲ့လေးနှစ်ကလို ကျောင်းတော်ကိုစစ်တပ်ကြီးစေလွှတ်ခံခဲ့ရတဲ့ အခက်အခဲမျိုးနဲ့ ကြုံတွေ့ရမယ်ဆိုပါစို့။ မင်းကတိုက်ပွဲမှာ ပါဝင်မယ်ဆိုရင် မင်းရဲ့အသက်ကိုဆုံးရှုံးရနိုင်တယ်။ မင်းဘယ်လိုလုပ်မလဲ"

" ကျောင်းတော်က အဲ့ဒီတိုက်ပွဲမှာနိုင်မယ်လို့ထင်ရင် ကျွန်တော်တိုက်ခိုက်မယ်။ မနိုင်ဘူးလို့ထင်ရင် ကျွန်တော်ထွက်ပြေးမယ်။တစ်နေ့မှာ ကျွန်တော့်မှာ လက်တုံ့ပြန်နိုင်တဲ့စွမ်းရည်ရှိပြီဆိုရင် ကျွန်တော်လက်တုံ့ပြန်မယ်။ အဲ့လိုစွမ်းရည်မရှိသေးဘူးဆိုရင် ကျွန်တော်ဆက်ပြီးတိတ်တဆိတ်ကျင့်ကြံဖို့ရွေးချယ်မယ်" ဟယ်ဖန်ကပြန်ဖြေလိုက်သည်။

အကြီးအကဲက အခြားသူများကိုကြည့်လိုက်သည်။ အထူးသဖြင့်ဖေးရွှီကိုဖြစ်သည်။ ထို့နောက် ဟယ်ဖန်ကိုကြည့်၍ ခေါင်းငြိမ့်လိုက်သည်။ " ဂုဏ်ယူပါတယ် မင်းစစ်ဆေးမှုအောင်မြင်သွားပြီ"

ဟယ်ဖန်က လူတိုင်းအား အသာအယာဦးညွှတ်လိုက်ပြီး ဘေးသို့ရပ်လိုက်သည်။

ထို့နောက်တွင် တစ်ခြားတစ်ယောက်က ရှေ့သို့တက်လာကာ မေးခွန်းများက ရိုးရှင်းနေပေသေးသည်။

သို့သော်လည်း ရလဒ်များမှာမူ ကွဲပြားခြားနားကြပေသည်။ တချို့က အောင်မြင်ကြပြီး တချို့က မအောင်မြင်ကြပေ။

ဤအဆင့်သို့ရောက်လာသောသူများသည် ပါရမီအရည်အချင်းစစ်ဆေးမှုကို အောင်မြင်ပြီးသောသူများဖြစ်သည်။ ဤ လူကိုးယောက်၏ သဘောတူညီမှုကို ရရှိပြီးလျှင် သူတို့သည် ပင်မ တပည့်ဖြစ်လာနိုင်ပေသည်။

ဒီနှစ်၏ စစ်ဆေးမှုပုံစံမှာ အရင်နှစ်များနှင့်မတူပေ။ ဤသည်မှာ အမှန်တကယ်ပင် အရိုးရှင်းဆုံးဖြစ်လေသည်။ မေးခွန်းအနည်းငယ်မျှ သို့မဟုတ် မေးခွန်းတစ်ခုမျှသာဖြစ်သည်။

ဤတကြိမ်တွင် နောက်တစ်ယောက်ကရှေ့သို့ထွက်လာသည်။ ထိုသူသည် ဝင်းလက်တောက်ပသော နတ်ရောင်စဥ်ကိုထုတ်လွှတ်ထားပြီး သာမန်ထက်ထူးကဲသောအရှိန်အဝါရှိနေကာ သူသည်ရန်ဟောင်တပါးဖြစ်ပေသည်။

ကောင်းကင်အာဏာစက်ကျောင်းတော်သို့ဝင်ရောက်ကြသောလူအများစုမှာ ရှန့်ထိုအဆင့်တွင်ဖြစ်ကြသော်လည်း ရန်ဟောင်အချို့လည်းပါဝင်ပေသည်။

ကောင်းကင်အာဏာစက်ကျောင်းတော်တွင် လေ့ကျင့်သင်ကြားခဲ့ပြီး ရန်ဟောင်ဖြစ်လာသောသူများလည်းပါဝင်သည်။ ရန်ဟောင်မှန်သမျှ ကောင်းကင်အာဏာစက်ကျောင်းတော်သို့ ဝင်ရောက်နိုင်ခြင်းမျိုးမဟုတ်ပေ။ ကျောင်းတော်၏ စည်းကမ်းများမှာ တစ်သမတ်ထဲပင်ဖြစ်ပြီး သူတို့သည်လည်း ဝင်ခွင့်ဖြေရန်လိုအပ်ပေသည်။

"နေမင်းဘုံ ယင်ဟွမ်၊ ပထမအတန်းအစား နတ်ဝင်ရိုး၊ ရတနာအဆင့် နတ်ဝင်ရိုးကို ဖွဲ့စည်းခြင်း" လူအိုကြီးက သူ့အားကြည့်၍ပြောလိုက်သည်။ " မင်းကဘာလို့ နေမင်းနန်းတော်ကို ကျင့်ကြံဖို့မဝင်ရောက်ဘဲ ကောင်းကင်အာဏာစက်ကျောင်းတော်ကို ဝင်ရောက်ဖို့ ရွေးချယ်ခဲ့တာလဲ"

" ကောင်းကင်အာဏာစက်ကျောင်းတော်က. ဘုံကိုးခုလုံးမှာ ကျော်ကြားတဲ့အတွက် ကျွန်တော်က တခြားအကြောင်းပြချက်လိုပါဦးမလား" ယင်ဟွမ်က အပြုံးနှင့်တုံ့ပြန်လိုက်သည်။

"မင်းအနေနဲ့ ကောင်းကင်အာဏာစက်ကျောင်းတော်မှာ ကျင့်ကြံတဲ့အခါမှာ စိတ်ကျေနပ်မှုမရခဲ့ဘူးဆိုရင် အဲ့တာက အကူညီသိပ်ဖြစ်မှာမဟုတ်ဘူး။ ဘာလို့လဲဆိုတော့ မင်းက ရန်ဟောင်အဆင့်ကိုရောက်နေပြီးသားဖြစ်တဲ့အတွက် မင်းရဲ့ကျင့်ကြံစဥ်နဲ့ပတ်သတ်ပြီး လမ်းညွှန်ပေးနိုင်တဲ့ တခြားအစွမ်းထက်တဲ့ အကြီးအကဲတွေမရှိကြလို့ပဲ။ အဲ့လိုဆိုပေမဲ့ ဝန်ခံရမယ်ဆိုရင် အနာဂတ်မှာ မင်းက ကျောင်းတော်အတွက်တစ်ခုခုလုပ်ပေးဖို့ လိုလာခဲ့ဦးမယ်ဆိုရင်ရော မင်းကလုပ်ပေးနိုင်မလား..." လူအိုကြီးကမေးလိုက်သည်။

ထိုမေးခွန်းမှာအလွန်ပွင့်လင်းလှပြီး အကယ်၍ကောင်းကင်အာဏာစက်ကျောင်းတော်သည် သူ၏ကျင့်ကြံခြင်းတွင်များများစားစား မကူညီနိုင်သည့်အခါ သူကကျောင်းတော်သို့တက်ရောက်၍ ကျောင်းတော်၏အခက်အခဲကို ကူညီဖြေရှင်းပေးလိုသည်လားဟု သူ့အားမေးလိုက်ခြင်းဖြစ်သည်။

ယင်ဟွမ်က ချက်ချင်းမဖြေဆိုပေ။ သူ၏မျက်လုံးများက အနည်းငယ်စူးရှသွားသည်။ သို့သော်လည်းသူက ပုံမှန်အတိုင်းပြုံးလိုက်၍ " ကျွန်တော်က ကျောင်းတော်ကိုဝင်ရောက်ပြီးဖြစ်တဲ့အတွက် ကောင်းကင်အာဏာစက်ကျောင်းတော်ရဲ့ တပည့်တစ်ယောက်ဖြစ်နေပြီလေ။ တကယ်လို့ကျောင်းတော်က တစ်ခုခုလိုအပ်တာရှိမယ်ဆိုရင် သေချာတာပေါ့...ကျွန်တော်ကအတတ်နိုင်ဆုံး ကူညီပေးမှာပါ။"

"တကယ်လို့ အဲ့တာက အန္တရာယ်ရှိမယ်ဆိုရင်ရော..." လူအိုကြီးက ထပ်၍မေးလိုက်သည်။

" အဲ့ဒီအန္တရာယ်က အရမ်းကြီးမယ်ဆိုရင်တော့ ကျွန်တော်အဲ့ဒါနဲ့ပတ်သတ်ပြီး စဥ်းစားရလိမ့်မယ်။ ဒါပေမဲ့ အန္တရာယ်က သိပ်ပြီးမကြီးဘူးဆိုရင်တော့ အဲ့ဒါကိုရင်ဆိုင်ဖို့ ကျွန်တော့မှာဆန္ဒရှိပါတယ်..." ယင်ဟွမ်က ပြန်ပြောလိုက်သည်။

လူအိုကြီးက ခေါင်းငြိမ့်လိုက်ပြီး အသံတိတ်သတင်းစကားများဖလှယ်နေသကဲ့သို့ တခြားသူများကိုကြည့်လိုက်သည်။

ခနကြာပြီးနောက် လူအိုကြီးကပြောလိုက်သည်။ " ယင်ဟွမ် စစ်ဆေးမှုကျရှုံးတယ်"

"..."

အဝေးမှရှိသောတပည့်များ၏ မျက်လုံးများကပြူးကျယ်သွားကြသည်။ကျရှုံးသွားသည်တဲ့လား...

ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ...

ယင်ဟွမ်ရဲ့ကျင့်ကြံဆင့်က သာမန်မဟုတ်ဘဲ ထူးကဲလှပြီး အဆင့်တူများကြားထဲတွင် သူသည် အတော်လေးနာမည်ကျော်ကြားသူဖြစ်သည်။ သူ၏အင်အားမှာလေးစားခံထိုက်၍ သူ၏အမူအကျင့်မှာသီးသန့်နေတတ်ပေသည်။

သို့သော်လည်း သူသည် အမှန်တကယ်ပင် ပင်မတပည့်များရွေးချယ်ခြင်းအဆင့်၌ ကျရှုံးခဲ့လေသည်။

သူ၏အဖြေနှင့်ပတ်သတ်၍ မည်သည့်အရာများမှားယွင်းနေခဲ့သနည်း။

ယင်ဟွမ်သည်လည်း အံသြတုန်လှုပ်သွားလေသည်။ သူ၏မျက်လုံးများက မီးတောက်များမီးလျံများထွက်လာသကဲ့သို့ လင်းလက်လာပြီး သူသည် လူအိုကြီးကိုစိုက်ကြည့်ကာမေးလိုက်သည်။ "ဘာလို့လဲ..."

" မင်းကအနာဂတ်မှာ အခွင့်အရေးရှိပါသေးတယ်" အဘိုးအိုက တိုက်ရိုက်မတုံ့ပြန်ဘဲ အပြုံးဖြင့်ပြန်ပြောလိုက်သည်။

သူသည် ဤစစ်ဆေးပွဲအတွက် အလယ်ခုံတွင်ထိုင်နေသော်လည်း အမှန်တကယ် ဆုံးဖြတ်ချက်ချသည့်သူမှာ သူ၏ဘေးတွင်ထိုင်နေသော ဖေးရွှီဖြစ်ပေသည်။ သူမသည် ဤစစ်ဆေးမှု၏ နောက်ဆုံးပိုင်းအတွက်ရလဒ်များကို ဆုံးဖြတ်ချက်ချပေးသူဖြစ်ပေသည်။

အချက်ကျကျပြောရလျှင် တခြားသူများကဖေးရွှီ၏ ဆုံးဖြတ်ချက်ကို သိပ်နားမလည်လျှင်တောင်မှ ဤနေရာတွင်ထိုင်နေကြသော ပုဂ္ဂိုလ်အားလုံးသည် ကောင်းကင်အာဏာစက်ကျောင်းတော်၏အဓိကအဖွဲ့ဝင်များဖြစ်သောကြောင့် သူတို့သည် ထိုကဲ့သို့ မြင့်မားသောဆုံးဖြတ်ချက်များကို သံသယဝင်လိမ့်မည်မဟုတ်ပေ။

ယင်ဟွမ်၏ ကျဆုံးမှုနောက်တွင်ရှိနေသော အကြောင်းပြချက်မှာ တကယ်တော့အလွန်ရိုးရှင်းပေသည်။ အဘယ်ကြောင့်ဆိုသော် ဖေးရွှီက သူ၏အဖြေအားလုံးမှာ အလိမ်အညာဖြစ်နေမှန်း မြင်လိုက်ရ၍ ဖြစ်သည်။

ကောင်းကင်အာဏာစက်ကျောင်းတော်သည် ထိုကဲ့သို့သော တပည့်မျိုးကိုရွေးချယ်မည့်အစား ပါရမီနည်းသော တပည့်များကိုသာရွေးချယ်ပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ထိုကျင့်ကြံသူများက ကောင်းကင်အာဏာစက်ကျောင်းတော်၏ပင်မအဖွဲ့အစည်းကို ထိုးဖောက်ဝင်ရောက်လိုသောကြောင့်သာ လာရောက်ကြခြင်းမျိုးဖြစ်ပေသည်။ ပင်မတပည့်များသည် အနာဂတ်တွင် ကျောင်းတော်၏အဓိကအင်အားစုများဖြစ်လာပေမည်။

" ကျုပ်က အကြောင်းပြချက်ကိုသိချင်တယ်..." ယင်ဟွမ်က ငြင်းဆန်လိုက်သည်။

အဖိုးအိုက မျက်မှောင်ကြုံ့လိုက်သော်လည်း ဖေးရွှီက ပြန်ဖြေလိုက်လေသည်။"မင်းကနေမင်းနန်းတော်က ကျင့်ကြံသူဟုတ်တယ်မဟုတ်လား..."

ယင်ဟွမ်၏ မျက်လုံးများကကြုံ့သွားပြီး သူသည် အဘိုးအို၏ဘေးတွင်ထိုင်နေသော ဖေးရွှီကိုကြည့်လိုက်လေသည်။

သူ၏အဖြေတွင် ပြသနာရှိနေကြောင်း သူမကမည်သို့သိရှိသွားခဲ့လေသနည်း...။

" ကောင်းကင်အာဏာစက်ကျောင်းတော်က နောက်ခံကိုမကြည့်ဘဲနဲ့ တပည့်အသစ်တွေကိုရွေးချယ်မယ်လို့ပြောခဲ့တာပဲလေ။ အဲ့ဒီတော့ကျုပ်က နေမင်းနန်းတော်ကတပည့် ဟုတ်တယ်မဟုတ်ဘူးဆိုတာက ဘာဆိုင်လို့လဲ..." ယင်ဟွမ်က အဖြေမပေးပဲ ဖေးရွှီကိုကြည့်ကာ ထိုသို့ပြောလိုက်သည်။

"ဟုတ်တယ် ငါတို့ကမင်းရဲ့နောက်ခံကိုမေးခွန်းမထုတ်ဘူး။ မင်းကနေမင်းနန်းတော်က တပည့်ဖြစ်ခဲ့မယ်ဆိုရင်လည်း မင်းကကျောင်းတော်ကိုကောင်းကောင်းဝင်ရောက်နိုင်လိမ့်မယ်။ ဒါပေမဲ့မင်းက မင်းရဲ့ ဇစ်မြစ်ကိုဖုံးကွယ်ဖို့ကြိုးစားပြီး လိမ်ညာခဲ့တဲ့အတွက်ကြောင့် မင်းရဲ့ရည်ရွယ်ချက် အစစ်အမှန်ကပိုပြီးတော့သံသယဖြစ်စရာကောင်းနေတယ်..." ဖေးရွှီကပြောလိုက်သည်။ "ငါက ဒီကိစ္စကိုကျောင်းတော်ကိုတင်ပြရလိမ့်မယ်..."

အဝေးမှကြည့်နေသောတပည့်များအားလုံး ကြောင်အကုန်ကြသည်။ ယင်ဟွမ် အမှန်တကယ်ပင် နေမင်းနန်းတော်မှ တပည့်တစ်ယောက်ဖြစ်နေလေသည်။

သို့သော်အဘယ်ကြောင့်သူသည် ဖုံးကွယ်ထားခဲ့သနည်း။

" နှုတ်ဆက်ပါတယ်..." ယင်ဟွမ်သည်နောက်သို့လှည့်၍ ထွက်ခွာရန်ပြင်လိုက်သည်။ သူက ကျရှုံးခဲ့ပြီဖြစ်၍ ကောင်းကင်အာဏာစက်ကျောင်းတော်မှထွက်ခွာသွားရတော့မည်။ ကြည့်ရသည်မှာ ကောင်းကင်အာဏာစက်ကျောင်းတော်သည် သူ့အား တိတ်တဆိတ်စုံစမ်းနေဟန်ပေါ်သည်။

" ယင်ဟွမ်...ကောင်းကင်အာဏာစက်ကျောင်းတော်ကနေ ရက်ပိုင်းအတွင်း ဘယ်မှမသွားပါနဲ့" နောက်ထပ်အသံတစ်ခုကိုကြားလိုက်ရပြီး ထိုပြောလိုက်သည့်သူမှာ ချူးယွီဖြစ်လေသည်။

ယင်ဟွမ်က နောက်သို့လှည့်၍ ချူးယွီကိုကြည့်ကာပြောလိုက်သည်" မင်းကငါ့ကို အမိန့်ပေးခွင့်မရှိဘူး။"

ထို့နောက်သူသည် အရှေ့သို့လှမ်းလိုက်လေသည်။

သို့သော်လည်း ချူးယွီက မတ်တပ်ရပ်လိုက်၍ ပြင်းထန်သော မဟာလမ်းစဥ်စွမ်းအားက ယင်ဟွမ်အားဖုံးလွှမ်းကာဆီးသွားသည်။

ယင်ဟွမ်၏မျက်နှာက အနည်းငယ်ပြောင်းလဲသွားပြီး သူကချုးယွီဘက်သို့လှည့်လိုက်သည်။ "ငါက  ကောင်းကင်အာဏာစက်ကျောင်းတော်မှာကျင့်ကြံနေချိန်အတွင်း မင်းနာမည်ကိုအကြိမ်ပေါင်းများစွာကြားခဲ့ရတယ်။ ဒီနေ့တော့ ငါကိုယ်တိုင် မင်းဘယ်လောက်စွမ်းလဲဆိုတာ ကြည့်ခွင့်ရတော့မယ်ထင်ပါရဲ့"

"မင်းက မထိုက်တန်ဘူး..." ချူးယွီကပြောလိုက်သည်။ သူသည်လေထဲသို့လှမ်းလိုက်ပြီး ကြောက်မက်ဖွယ် နတ်ဝင်ရိုး၏စွမ်းအားက သူ၏ခန္ဓာကိုယ်မှထွက်ပေါ်လာကာ ယင်ဟွမ်ထံသို့ ပြေးဝင်သွားပြီး သူ၏နတ်ဝင်ရိုးအား တုန်လှုပ်သွားစေ၍ ဖိနှိပ်ထားလိုက်လေသည်။

ဘန်း...

ချူးယွီကရှေ့သို့တလှမ်းတက်လိုက်ပြီး ယင်ဟွမ်က နောက်သို့ပြင်းပြင်းထန်ထန်ပြုတ်ကျသွားလေသည်။

"မင်းက ကောင်းကင်အာဏာစက်ကျောင်းတော်ကို လျှို့ဝှက်အကြံအစည်တွေနဲ့ ဝင်ရောက်ခဲ့တယ်လို့ ငါသံသယရှိတယ်။ ပြီးတော့အဲ့ဒီအကြောင်းကိုတရားစီရင်ရေးခန်းမကို စစ်ဆေးဖို့အကြောင်းကြားရလိမ့်မယ်။ မင်းက အမိန့်မရဘဲ ထွက်ခွာသွားမယ်ဆိုရင် မင်းလုပ်ခဲ့တဲ့ကိစ္စအရပ်ရပ်အတွက် တာဝန်ယူရမယ်ဆိုတာသိထားပါ" ချူးယွီကပြင်းပြင်းထန်ထန် ပြောလိုက်ပြီး ရုတ်တရက် ယင်ဟွမ်၏အကြည့်က အလွန်အမင်းစိတ်ဓာတ်ကျသွားပုံပေါ်သည်။

ထိုနေရာတွင်ထိုင်နေသော အကြီးအကဲမှာယခုအချိန်တွင်ပို၍တည်ငြိမ်နေလေသည်။ ယခင်နှစ်အနည်းငယ်က ကောင်းကင်အာဏာစက်ကျောင်းတော်မှာ အလွန်လျင်မြန်စွာတိုးတက်ကြီးပွားလာခဲ့သည်။ ပြင်ပတွင်ငြိမ်းချမ်း၍ ကြွယ်ဝချမ်းသာသယောင် မြင်ရသော်လည်း တခြားကျင့်ကြံရာနယ်မြေများမှ ရည်ရွယ်ချက်မျိုးစုံဖြင့် ထိုးဖောက်ဝင်ရောက်မှုများရှိနေလေသည်။ ကြည့်ရသည်မှာ သူတို့သည် ထိုကိစ္စအား သေချာကိုင်တွယ်စဥ်းစားရန် လိုအပ်နေလေသည်။

***

All Chapters