( စတိုးဆိုင်ရဲ့ ဒုတိယထပ်!)
Vol. 3 Ch. 29
စနစ်ရဲ့ ကန့်သတ်ချက်တစ်ခု ထပ်တိုးလာခဲ့သည်။ ကုန်းရှောက်ယန် ဘယ်လောက်ပဲ သန်မာလာပြီး ဘယ်လို လှည့်ကွက်တွေပဲ သုံးသုံး၊ ကုန်းရှောက်ယန် စတိုးဆိုင်အတွင်းသို့ လုံးဝ ခြေချနိုင်တော့မည် မဟုတ်ပေ။
စတိုးဆိုင်မှ သူ့ကို ဝင်ခွင့်ပိတ်လိုက်တာပင်။
“ ဆိုင်ပိတ်ရအောင် ရှီရှီလေး ငါတို့ နားစို့”
ဟောင် တံခါးနားကို သွားလိုက်ပြီး သစ်သားပြားကို လှန်လိုက်သည်။
တံခါးအပြင်ဘက်တွင် ‘ပိတ်သည်’ ဆိုသော စာလုံးကို မြင်နိုင်သည်။
ဟောင် မိုရှီရှီကို ဂိုထောင်ထဲ ခေါ်သွားလိုက်ပြီး လှေကား ပေါ်တက်လိုက်သည်။
သူတို့တွေ ဒုတိထပ်ကို ရောက်တာနဲ့ ကျယ်ပြန့်သော လူနေဆောင်တစ်ခုကို မြင်လိုက်ရ၏။
မိုရှီရှီရဲ့ မျက်လုံးတွေ ပြူးကျယ်သွားသည်။
ဒါက သူမသုံးခဲ့ဖူးသမျှ အခန်းတွေနဲ့ လုံးဝကို မတူညီပေ။
အမိုးတွင် နူးညံ့သော အလင်းမီးများ ရှိနေပြီး ထိုအရာများက အလင်းထုတ်ပေးသော ကျောက်တုံးများနှင့် တူညီသည်။ မီးအိမ်ရဲ့ မီးအလင်းလိုမျိုး မှိတ်တုတ် မှိတ်တုတ် မဟုတ်ဘဲ အခုအလင်းသည် တည်ငြိမ်သည်။
အခန်းထဲက ပရိဘောဂများသည်လည်း ပုံစံဆန်းများဖြစ်ပြီး အထက်တန်းဆန်ပုံပေါက်သည်။ အခန်း အလယ်တွင် အနက်ရောင် ခုံတန်းရှည်ကြီး တစ်ခုရှိသည်။ ထိုင်ခုံတစ်ခုအတွက် အလွန်ကို ဇိမ်ခံပုံပေါက်အောင် ကြီးမားလှသည်။
‘ ဒါဘယ်လို ပညာရပ်မျိုးနဲ့ လုပ်ထားတာများလဲ?’
ထိုဘေးတွင် သစ်သားစားပွဲတစ်ခုရှိပြီး စားပွဲခုံလေးတွေ ပါရှိသည်။ သစ်သားစင် အလွတ်တစ်ခုလဲ ရှိသေးသည်။
မရင်းနီးသော ပုံစံတွေ ဖြစ်နေတာကလွဲရင် အရာအားလုံးကို သပ်ရပ်စွာ နေရာချပေးထားတာကို တွေ့ရသည်။ အခန်းသည် နွေးထွေးစွာ ကြိုဆိုပေးနေသည့်နှယ် ရင်ထဲကို သက်တောင့်သက်သာရှိစေသည်။
သူမ လှည့်ပတ်ကြည့်လိုက်သည်။
‘ ဒီနေရာက… ထင်ထားတာထက် အရမ်း ကြီးတာပဲ’
ဂိုထောင်ရဲ့ နေရာချဲ့တဲ့ အစီအရင်ကို သူမ သတိထားမိပြီးသားပင်။ အခု ဒုတိယထပ်ကလဲ အတူတူပဲ။ ဒီနေရာမှာလဲ နေရာချဲ့တဲ့ အစီအရင် ရှိရမည်။
ဂိုထောင်ရဲ့ အပြင်ဘက် ပုံစံသည် အတွင်း အခန်းအကျယ်နဲ့ မကိုက်ညီလှပေ။
သူမ အခန်းထဲ မနေရသေးခင်မှာပဲ ဟောင်က သူမကို လမ်းကြားငယ်ထဲ လိုက်ခဲ့ဖို့ ပြောလာ၏။
‘ ဒီလမ်းပဲ’
သူမတို့ တံခါးတွေကို ကျော်ဖြတ်နေရင်း ဟောင် ပြောလိုက်သည်။
“ ဒါက အိပ်ခန်း။ ဟိုနားက ရေချိုးခန်းပဲ။ ပြီး ဒီတံခါးနဲ့ မီးဖိုချောင်ကို သွားလို့ရတယ်”
မိုရှီရှီ ဗလာဖြစ်စွာ ခေါင်းညိတ်လိုက်သည်။ သူမ ခေါင်းက အရာအားလုံးကို လိုက်မှီဖို့ ကြိုးစားနေရတုန်းပင်။
“ မင်းရဲ့ ကိုယ်ပိုင်အခန်းက အခု မရသေးဘူး။ ဒီတော့ မင်း ငါ့ရဲ့ အိပ်ခန်းမှာ အခု အိပ်ရမယ်”
သူမ တုံ့ပြန်ဖို့ ပြင်လိုက်ချိန်မှာပဲ ဟောင် ဆက်ပြောလိုက်သည်။
“ စိတ်မပူနဲ့။ ငါက ဧည့်ခန်းက ဆိုဖာမှာ အိပ်မှာ”
“...”
မိုရှီရှီ လမ်းလျှောက်နေတာ ရပ်လိုက်သည်။
“...ဘာလဲ? ဆိုဖာက? ဧည့်ခန်းဆိုတာကကော?”
ဟောင် ဧည့်ခန်းရှိ အမည်းရောင် ခုံအရှည်ကြီးကို လက်ညိုးထိုးပြလိုက်သည်။
“ အဲ့နားက ခုံအရှည်အမဲကြီးကို ဆိုဖာလို့ ခေါ်တယ်။ ထိုင်ခုံအိအိလေးပဲ။ မင်း အဲ့မှာ ထိုင်လို့ရသလို အိပ်လို့လဲ ရတယ်”
မိုရှီရှီ ဗလာဖြစ်စွာ စိုက်ကြည့်လိုက်သည်။
“ ဧည့်ခန်းဆိုတာက ငါတို့ အရင်ဆုံး ရောက်ခဲ့တဲ့ အခန်းကျယ်ကြီးပဲ။ အနားယူဖို့နဲ့ ဧည့်သည်လက်ခံဖို့ နေရာပေါ့”
ဟောင်ရဲ့ စကားတွေကို လိုက်မှတ်နေရင်း.မိုရှီရှီ မျက်မှောင်ကြုတ်လိုက်သည်။
“ နေအုံး! ခင်ဗျားဘာလို့ ဆိုဖာမှာ အိပ်မှာလဲ? သူဋ္ဌေးက ဆိုင်ရှင်လေ။ ငါက အလုပ်သမား လေးပဲ”
“ တစ်ခြားပုံစံ ဖြစ်ရမှာ မဟုတ်ဘူးလား?”
ဟောင် လက်ယမ်းပြလိုက်ကာ
“ တစ်ရက်ပဲ။ မင်းရဲ့ ကိုယ်ပိုင်အခန်းက မနက်ဖြန်ကျ ရလာလိမ့်မယ်။ ဒီတော့ စိတ်မပူနဲ့”
မိုရှီရှီ လက်ပိုက်လိုက်သည်။
“ မဟုတ်ဘူး။ သူဋ္ဌေး အိပ်ယာမှာ အိပ်ပါ။ ငါဆိုဖာမှာ အိပ်မယ်”
‘ မနက်ဖြန်တဲ့ ဘယ်လိုဖြစ်နိုင်မှာလဲ?’
ဒီနေရာမှာ အခန်းတစ်ခုကို တစ်ရက်ထဲနဲ့ ဆောက်ဖို့ မဖြစ်နိုင်ဘူး။ တစ်ခြားနေရာမှာပဲ ဖြစ်ရမယ်။ ဒီလိုမှ အဓိပ္ပါယ်ရှိမှာလေ။
ဒါပေမဲ့လဲ အခုလို ဆုံးဖြတ်ပုံကို သူမ အလွယ် လက်မခံချင်ပါချေ။
ဟောင် ခေါင်းရမ်းလိုက်ကာ
“ မဟုတ်တာ။ မင်း ကောင်းကောင်း နားဖို့ လိုတယ်”
“ ငါ ဆိုဖာမှာ အေးဆေး နားတတ်တယ်”
“ မင်း မသက်မသာဖြစ်နေလိမ့်မယ်”
“ ငါ ဂရုမစိုက်ဘူး”
“ မင်း ဂရုစိုက်သင့်တယ်”
“ မစိုက်ဘူး”
“ ငါ စိုက်တယ်အေ”
မိုရှီရှီ ဆူပုတ်သွားကာ
“ ဟူး ဟုတ်ပြီဟုတ်ပြီ။ ဒါဆိုလဲ ညတစ်ဝက်ကျရင် နေရာလဲမယ်”
“...”
‘ ငါတို့ကဘာတွေလဲ? တောနက်ထဲမှာ ညဆိုင်းလဲစောင့်တဲ့ စစ်သည်တော်တွေ မလို့လား? ငါ မီးမွှေးပြီး သားရဲတွေပါ စောင့်ကြည့်ပေးလိုက်ရမလား?’
“ မလဲဘူး”
“ ဒါဆိုလဲ အနည်းဆုံး ခဏလောက် ဆိုဖာမှာ အိပ်ခွင့်ပေးဟာ”
“ မရဘူး”
“ဘာလို့လဲ?”
“ ဘာလို့ဆို ငါ မရဘူးမို့ပဲ”
မိုရှီရှီ စိတ်ပျက်စွာ စူးစိုက်ကြည့်လိုက်၏။
“ သူဋ္ဌေး ဒါမတရားဘူး! ခင်ဗျားက ကိုယ့်အလုပ်သမားကို အရမ်းကောင်းနေတယ်”
ဟောင် ပုခုံးတွန့်လိုက်သည်။
“ အဲ့တော့?”
မိုရှီရှီ ပါးစပ်ဟလိုက်သည်။ ထို့နောက်မှာ ပြန်ပိတ်လိုက်သည်။
သူမ တုံ့ပြန်စရာ စကားလုံး ရှာမတွေ့တော့ဘူး။
ဒါပေမဲ့ သူမ လက်မလျော့ချင်သေးဘူး။
“ ငါအရင်က ကြမ်းပြင်မှာ အိပ်ခဲ့ပြီးသား။ ဆိုဖာမှာ အိပ်လို့အဆင်ပြေပါတယ်ဆိုနေ”
သူမ အမှန်တိုင်းပြောနေတာ ဖြစ်သည်။ ပြန်စရာ အိမ်မရှိတော့သည့်အပြင် အားကိုးစရာ လူလဲ မရှိတော့သည့်အတွက် အေးစက်မှောင်မဲတဲ့ လမ်းကြားတွေရဲ့ ကျောက်ခင်းပေါ်မှာသာ သူမ ညပေါင်းများစွာ အိပ်ခဲ့ရသည်။
အေးစက်မှုက သူမအတွက် ပြဿနာတစ်ခု မဟုတ်ချေ။ ကျင့်ကြံသူတစ်ယောက်မလို့ သူမအနေနဲ့ တစ်လလောက် မအိပ်ပဲလဲ နေနိုင်သည်။
ဒါပေမဲ့ ဟောင် ချက်ချင်းပဲ တုံ့ပြန်လိုက်၏။
“ ဒါကြောင့်မို့ မင်းပိုပြီး အိပ်ယာအစစ်မှာ အိပ်သင့်တယ် ရှီရှီလေး”
မိုရှီရှီရဲ့ မျက်နှာက အနည်းငယ် ရှုံ့သွားသည်။
ထိုလူရဲ့ ပုံမှန်ဆန်စွာ ပြောသွားပေမဲ့ နွေးထွေးမှုတစ်ချို့ ထူးခြားစွာ ပါဝင်နေသော စကားက သူမ မရင်းနီးတဲ့ ခံစားချက်တစ်ချို့ကို ခံစားရစေသည်။
သူမ တုံ့ဆိုင်းသွားသည်။
ထို့နောက်မှာ ဟောင် သည် စနောက်မှု တစ်ခုဖြင့် စကားဝိုင်းကို အဆုံးသတ်လိုက်သည်။
“ မင်း ဆက်ငြင်းနေရင် ငါမင်းကို ဆိုင်ပြင် မောင်းထုတ်ပြီး သော့ခတ်ထားမှာနော်”
မိုရှီရှီ တောင့်တင်းသွားသည်။
သူမ ဆူပုတ်စွာ အကြည့်လွှဲလိုက်သည်။
“ ကောင်းပြီ သူဋ္ဌေး ဒါပေမဲ့ ဒီတစ်ညပဲနော်”
သူမရဲ့ အသံက တိုးညှင်းနေပေမဲ့ သူမရဲ့ နှလုံးသားထဲက လေးလံနေခဲ့သည်။
သူမကို ဘယ်သူမှ ဒီလိုမျိုး မဆက်ဆံခဲ့ဘူး။ သူမ ကောင်းကောင်း အိပ်သည်ဖြစ်စေ၊ မအိပ်ဘူးဖြစ်စေ ဘယ်သူကမှ ဂရုမစိုက်ဖူးဘူး။
သူမ ဘယ်လို တုံ့ပြန်ရမယ် မသိတော့ချေ။
သူမရဲ့ စိတ်က စိတ်တိုဖို့ ပြောနေသည်။ ဒါပေမဲ့ လမ်းကြားထဲမှာ ပုန်းခိုခဲ့ရပြီး သက်သာခြင်းကို မသိရှိခဲ့တဲ့ ကလေးငယ်ရဲ့ အတွင်းစိတ် တစ်နေရာကတော့ သူမ တစ်ဘဝလုံးမှာ ပထမဆုံး ကြုံဖူးသော အေးချမ်းမှုနှင့် နွေးထွေးမှုကို ခံစားနေရ၏။
သူမရဲ့ လည်ချောင်းထဲက စကားတွေကို မြိုချရင်း တောင့်တင်းစွာ ခေါင်းညိတ်လိုက်သည်။
ဒါပေမဲ့ မိုရှီရှီ တိတ်ဆိတ်စွာ ဆုံးဖြတ်ချက် တစ်ခု ချလိုက်၏။
အကယ်၍ မနက်ဖြန် အခန်းမရသေးရင် သူမရဲ့သူဋ္ဌေးကို ဆိုဖာမှာ လုံးဝအိပ်ခိုင်းတော့မှာ မဟုတ်ဘူး။
“ အရင် ရေသွားချိုးလိုက်”
ရေချိုးခန်းရဲ့ နေရာကို သိပြီးပြီမို့ သူမ ခေါင်းသာ ညိတ်ပြလိုက်သည်။ သင်္ကေတ တစ်ခုလိုမျိုး ထိုအခန်း၏ တံခါးတွင် ရေစက်ပုံလေး ပါရှိသည်။
အခန်းထဲ ဝင်လိုက်သောအခါတွင် နေရာသုံးခု ခွဲထားတာ မြင်လိုက်ရ၏။
ပထမဆုံးအကန့်ထဲတွင် မှန်အကြီးကြီး တစ်ချပ်ရှိပြီး ဘေးမှာ အဖြူရောင် ဇလုံကြီးတစ်ခု ပါရှိသည်။ သူမ စိုက်ကြည့်နေရင်း ရှုတ်ထွေးသွားသည်။ ဒီရေတွေက.. ဘယ်က ရောက်လာတာလဲ? ဒါပေမဲ့ ရေတွေကအရမ်း တိမ်လွန်းနေသည်။
ဒုတိယနေရာက ပိုတောင်ကျဥ်းသေးသည်။ အလယ်မှာ ထူးဆန်းပုံရှိသည့် အဖြူရောင် ခုံတစ်လုံးချထားသည်။ ဒီခုံက တရားထိုင်ဖို့လား?
ဒါပေမဲ့ အလယ်မှာဘာလို့ အပေါက်ကြီး ဖြစ်နေတာလဲ? ဖြစ်နိုင်တာ အမှိုက်ဖြစ်တဲ့ ပုံးတစ်ခုခုများလား?
နောက်ဆုံး အကန့်က ရှုတ်ထွေးဖို့ အကောင်းဆုံးပင်။ ချောမွေ့နက်စောက်သော ဇလုံတစ်ခုက နံရံကနေ ရှည်ထွက်နေသည်။ ထူးဆန်းတဲ့ ပိုက်ပုံစံ အမြှောင်းကြီးက ထိုထဲမှ ထွက်လာပြီး နံရံကို တက်သွားသည်။ ဘေးမှာ ဘာအရည်တွေ ဖြည့်ထားမှန်း မသိသော ဗူးလေးတွေ စီထားသေးသည်။
မိုရှီရှီ အားလုံးကို အဖြေရှာနေလိုက်တာ နာရီဝက်လောက် ကြာသွားသည်။