(မင်းအခု တစ်ကယ်.. နတ်ပြည်ရောက်သွားပုံပဲ!)
Vol. 3 Ch. 30
မိုရှီရှီ အဖုလေးတွေကို လှည့်ကြည့်ကာ ခလုတ်ဖွင့်လိုက်၏။ ရုတ်တရက်ကြီး ရေနွေးများ သူမအပေါ်က ကျလာသောအခါ သူမ အလွန်ကြောက်သွားသည်။
ထို့နောက်မှာ သူမ ဗူးတစ်ခုကို ယူပြီး သေချာကြည့်လိုက်သည်။ ဗူးပေါ်က စာတော်တော်များများကို သူမ မရင်းနီးသော်ငြား စာလုံးခပ်ကြီးကြီးနှင့် ရေးထားသော နာမည်ကိုတော့ ဖတ်တတ်ပါသေးသည်.. ကိုယ်တိုက်ဆပ်ပြာရည်။
ဒါဆို ဒါက ခန္ဓာကိုယ်ကို ဆေးကြောဖို့ အတွက်ဖြစ်မည်။ သူမ ဂရုတစိုက် ကိုင်ထားရင်း အနံ့ခံကြည့်လိုက်သည်။ လန်းဆန်းသော အမွှေးနံ့ တစ်ခုသာ ရလိုက်ပြီး ဘယ်လို အဆိပ်ကိုမှ သူမ အာရုံမခံမိပေ။ လုံခြုံသည်။
ဒုတိယတစ်ဗူးတွင် သူမ နားမလည်တဲ့ စာလုံးတွေ ပိုတောင် များသေးသည်။ ထုံးစံအတိုင်း သူမ နာမည်ကို ဖတ်ကြည့်လိုက်သည်.. ခေါင်းလျှော်ရည်။
ခေါင်းအတွက် သီးသန့် ဆပ်ပြာလား? ဒါနည်းနည်း အပိုလုပ်တာပဲ။ ဒါပေမဲ့ သူမ ညွှန်ကြားချက်တွေအတိုင်းပဲ လုပ်လိုက်ပါသည်။
ဆပ်ပြာရည်သည် အလွန်ချွဲကျိကျိ ဖြစ်ပြီး ရေနှင့် ထိလိုက်သောအခါ အမြုပ်ကြီးများ ထသွားသည်။ သူမရဲ့ အသားရည်က ပိုချောမွေ့လာပြီး ကြည်လင်လာသလို ခံစားရသည်။
ခေါင်းလျှော်ရည်က ပိုတောင် ဆန်းကြယ်သေးသည်။ သူမရဲ့ ဆံပင်ကို ပိုအိသွားစေပြီး နူးညံ့သွားလေတော့သည်။ သူမ လက်ချောင်းနှင့် ထိုးဖွကြည့်လိုက်သည်။
မိုက်လိုက်တာ…
နူးညံ့သော အဖြူရောင်တစ်ဘတ်လေးနှင့် အခြောက်သုတ်ပြီးနောက်မှာ သူမရဲ့ ဝတ်စုံကို မကြည့်လိုက်သည်။ ဝတ်စုံက သန့်ရှင်းနေဆဲပင်။
ငါ တစ်ကယ် အသစ်လဲဖို့ လိုလို့လား?
ဒါပေမဲ့ ဟောင်က ရှင်းလင်းစွာ ပြောထားပြီးသားပင်။
‘ ရေချိုးပြီးရင် အဝတ်သန့်ကို သေချာပေါက်လဲရမယ်!’
ထိုစကားကို မှတ်မိနေတာမို့ သူမ နောက်တစ်စုံ လဲလိုက်တော့၏။
အင်္ကျီလဲပြီးနောက်မှာ မိုရှီရှီ ဧည့်ခန်းကို ပြန်လာခဲ့သည်။ ထိုင်ခုံမှာ ထိုင်နေသော ဟောင် က သူမကိုလဲ လာထိုင်ဖို့ အချက်ပြလိုက်သည်။
သူမ ဝင်လာတည်းက ဟောင် ကြည့်နေတာပင်။ ဟောင် ရဲ့ မျက်နှာတွင် အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
“ ကောင်းတယ် ရှီရှီလေး။ အခု မင်းကိုယ်မင်း ကြည့်လိုက်။ မင်းတစ်ကယ် နတ်ပြည်ရောက်သွားအောင် မွှေးနေပါ့လား?”
“ ချွေးတွေ ဖုန်တွေ မပေနေတော့ ငါမင်းကိုတောင် မမှတ်မိတော့မလို့”
ဟောင် ရဲ့ ချီးကျူးစကားကို ကြားသောအခါမှာ မိုရှီရှီရဲ့ မျက်နှာက အနီရောင် သန်းလာသည်။ ဒါပေမဲ့ သူမရဲ့ စိတ်ထဲက ဂုဏ်ယူနေမှုကို မဖိသိပ်ထားနိုင်ပါချေ။
သူမ သူဋ္ဌေးကို ခပ်စူးစူးကြည့်လိုက်ပြီး
“ ငါက မနံပါဘူးနော်”
“ အရင်က သူဋ္ဌေးရဲ့ နှာခေါင်းက အလုပ်မလုပ်ဘူးနဲ့ တူတယ်”
“ ဒါပေါ့ ဒါပေါ့ ဟားဟား။ အခုတော့ မင်းက လုံးဝ လူသစ်ဖြစ်သွားပြီ။ လန်းဆန်းမွှေးကြိုင်နေတာပဲ”
ဟောင် ရယ်လိုက်ရင်း သူမကို စားပွဲမှာ ထိုင်ခိုင်းလိုက်သည်။
“ ထိုင်လေ။ မအိပ်ခင် ညစာ စားကြမယ်”
“ တောက်လျှောက်ဆိုတော့ မင်း ဗိုက်ဆာနေလောက်ပြီ”
‘ ဗိုက်ဆာတယ်? ငါတို့ အစောကမှ စားထားတာ မဟုတ်ဘူးလား သူဋ္ဌေး?’
မိုရှီရှီ တွေးမိသွားပေမဲ့ အခု သူမ တစ်ရက်မှာ သုံးခါစားခွင့်ရှိတာကို တွေးမိသွားတော့ ခေါင်းညိတ်လိုက်သည်။
သူမ ထိုင်ပြီးတာနှင့် ဟောင် က အမဲသားအရသာ ခေါက်ဆွဲဗူးကို အရှေ့တိုး ပေးလိုက်သည်။
သူမတို့ စားလိုက်ချိန်မှာ မိုရှီရှီ ချက်ချင်းပဲ ပြောစရာ ပျောက်ဆုံးသွားရ၏။ ခေါက်ဆွဲက သူမ အရင်က စားဖူးတဲ့ ကြက်သားအရသာ ခေါက်ဆွဲအတိုင်းပဲ အရမ်း စားကောင်းလှသည်။
အထူးကောင်းမွန်တဲ့ အရသာ ရှိသည့်အပြင် သူမ ကိုယ်တွင်းကို ချီစွမ်းအင်က စီးဆင်းသွားသေးသည်။ သူမ အရမ်း မဆာလောင်နေသော်ငြား အမြန်ပဲ ခေါက်ဆွဲဗူးကို မကာ နောက်တစ်လုပ် သွင်းလိုက်တော့၏။
သူမရဲ့ အကြိုက်ဆုံးက ကြက်သားအရသာ ဖြစ်ပေမဲ့ နှစ်ခုလုံးက အလွန်စားကောင်းသည်။ သူမ နှစ်ခုလုံးကို သဘောကျသည်။
စားပြီးချိန်မှာ ဟောင် သည် သူ့ရဲ့ဆိုဖာမှာ သွားလှဲလိုက်သည်။ မိုရှီရှီသည် အလင်းပွင့်တဲ့ အခြေအနေကို ရောက်သွားခဲ့လေပြီ။
သူမ အသိစိတ် ပြန်ကပ်လာချိန်မှ သဘောပေါက်သွား၏။ ဒီခေါက်ဆွဲတွင်လဲ အရင်က သူမစားဖူးတဲ့ ကြက်သားခေါက်ဆွဲလို သန်မာမှုကို အများကြီးတိုးစေတဲ့ အစွမ်းရှိတာပဲ။
သူမ ကောင်းကင်ဘုရင် နယ်ပယ်ရဲ့ အဆင့်ငါးကို တက်သွားခဲ့ပြီ!
အဆင့်ငါးကိုလေ! သူမရဲ့အသက်က ဆယ့်သုံးနှစ်သာ ရှိသေးတာကိုလေ?
အသက်နှစ်ဆယ်အောက်နဲ့ ကောင်းကင်ဘုရင် နယ်ပယ်ကို ဝင်နိုင်သူ ဒီအကြီးဆုံးမြို့တော်မှာ ဘယ်နှစ်ယောက်များ ရှိလို့လဲ?!
သူမ လက်တစ်ဖက်နဲ့ ရေတွက်ရင်တောင် လူမပြည့်ဘူး။ ဒါပေမဲ့ သူမက ကောင်းကင်ဘုရင်နယ်ပယ်ကို ရောက်ရုံမက အဆင့်ငါးကိုပါ တက်သွားခဲ့ပြီ!
ကျင့်ကြံခြင်းနဲ့ အဆင့်တက်သွားခြင်းက မိုရှီရှီအတွက် ဘဝမှာ အပျော်ရွှင်ရဆုံး အချိန်ပင်။ ဒါပေမဲ့ သူမရဲ့ အရင်က အခြေအနေကြောင့် တိုးတက်မှုက ရပ်တန့်ခဲ့ရသည်။ ဒါပေမဲ့ အခုတော့…
မိုရှီရှီ မျက်ရည်မထွက်ဘဲ ငိုချင်လာလေပြီ။
သူမရဲ့ သူဋ္ဌေးကို အလွန်ကျေးဇူးတင်မိပြီး အလွန်လဲပျော်မိသည်။ တစ်ရက်ထဲနဲ့ ထိုသူသည် သူမရဲ့ကမ္ဘာကို ပြောင်းပြန် လှန်သွားပေးသည်!
ဒါနဲ့ သူ ဘယ်ရောက်သွားတာလဲ? သူမ လိုက်ရှာလိုက်ချိန်မှာ ဆိုဖာမှာ အိပ်နေပြီဖြစ်သော ဟောင် ကို မြင်လိုက်ရသည်။
သူ့ရဲ့ခြေထောက်တွေက ဆိုဖာအစွန်ကို ငေါထွက်နေပြီး မျက်နှာတစ်ပြင်လုံးကိုလဲ ဆံပင်များလွှမ်းနေသည်။ ထိုသူက သွားရည်ပါကျနေသေးသည်။ မျက်နှာတစ်ခြမ်းကလဲ ဆိုဖာမှာ နစ်ဝင်နေပြီး သူမ မနက်ကတွေ့ခဲ့တဲ့ ဂုဏ်သရေရှိတဲ့ ပုဂ္ဂိုလ်နဲ့ လားလားမှ မသက်ဆိုင်တော့ပေ။
သူမရဲ့ နှုတ်ခမ်းကနေ ရှားပါးသော ရယ်သံဖျော့ဖျော့ ထွက်လာခဲ့သည်။ သူမ အတွေးပျောက်သွားသည်။ ဘာဆက်လုပ်ရမည် မသိတော့ချေ။ သူမ အရမ်းပျော်ရွှင်နေခဲ့သည်။ သူမရဲ့ ဦးနှောက်ကလဲ ပျော်ရွှင်မှုကို မလိုက်နိုင်တော့ ပုံပင်။
ဒါက အိပ်မက်တစ်ခုနှင့် တူပေမဲ့ လက်တွေ့ ဖြစ်နေခဲ့သည်။ သူမ လက်ခံပစ်ဖို့လဲ မရဲသေးဘူး။
မိုရှီရှီ သူမရဲ့အိပ်ခန်းဆီကိုသာ သွားလိုက်သည်။ တံခါးဖွင့်လိုက်တာနဲ့ သူမရဲ့ အကြည့်က အိပ်ယာပေါ် ကျသွား၏။
အိပ်ယာအကြီးကြီးသည် အဖြူရောင် အခင်းခင်းထားပြီး အိစက်နေပုံရှိသည်။ ဘေးတွင် သစ်သားစားပွဲလေးရှိကာ စားပွဲပေါ်ရှိ မီးအိမ်ငယ်မှ မှိန်ဖျော့ဖျော့ အလင်းက အခန်းထဲ အလင်းပေးနေသည်။
သူမ ဒီလိုပုံစံမျိုးတစ်ခါမှ မမြင်ဖူးခဲ့ဘူး။ အိပ်ယာ၏ အိစက်စက် အထိအတွေ့က တိမ်စိုင်တွေလိုမျိုး သက်တောင့်သက်သာ ဖြစ်စေပြီး ခေါင်းအုံးတွေ… ခေါင်းအုံးတွေက အိပ်လိုက်တာနဲ့ သူမရဲ့တစ်ကိုယ်လုံးကိုပါ နစ်မြုပ်သွားစေနိုင်သည်။
ထူးဆန်းပြီး ကလေးဆန်သော ဆန္ဒတစ်ခု သူမစိတ်ထဲ ပေါက်ဖွားလာသည်။ သူမ ထိုအိပ်ယာပေါ် ခုန်ပေါက်ချင်လာ၏။
“ ငါ..ငါက ကလေး မဟုတ်တော့ဘူး!”
သူမရဲ့ စိတ်ဆန္ဒကို မောင်းထုတ်ရင်း တစ်ယောက်ထဲ ပြောလိုက်သည်။ ဒါပေမဲ့ သူမရဲ့ ဆန္ဒက အရမ်းပြင်ထန်နေသည်။ သူမ အပြေးတိုးသွားပြီး အိပ်ယာပေါ် ပစ်လှဲချလိုက်တော့သည်။
ဘုတ်!
အိပ်ယာရဲ့ အိစက်မှုက သူမကို လန့်သွားစေသည်။ တစ်ကိုယ်လုံး နစ်ဝင်သွားရုံမက မသိလျှင် တိမ်စိုင်တွေရဲ့ ပွေ့ဖက်ထားခြင်း ခံရသလိုမျိုး နွေးထွေးမှုကို ခံစားရစေသည်။
သူမ မထိန်းနိုင်ခင်မှာပဲ တခစ်ခစ် ရယ်မိသွားသည်။
“ ငါအခု…”
သူမရဲ့ မျက်နှာက အနီရောင်ပြောင်းလာပြီး ချက်ချင်းပဲ ခေါင်းအုံးထဲ ပုန်းကွယ်ရင်း ရှက်ရွံ့မှုကို တားဆီးလိုက်သည်။
အင်အားကြီးတဲ့ ကျင့်ကြံသူတစ်ယောက် ဖြစ်ပေမဲ့.. အခုချိန်မှာ မိုရှီရှီ ကောင်းကင်ဘုံကို ရောက်မတတ် ပျော်ရွှင်နေရ၏။ သူမလို ကျင့်ကြံသူတစ်ယောက်အနေနဲ့ ဒီလို အိပ်ချင်စိတ်မျိုး မခံစားရသင့်ဘူး။ အထူးသဖြင့် လောလောလတ်လတ် အဆင့်တက်ထားတဲ့ အခြေအနေမျိုးမှာပေါ့။
ဒါပေမဲ့ နွေးထွေးမှုနဲ့ သက်တောင့်သက်သာ ရှိမှုအပြင် သူမကို ပေးစွမ်းနေတဲ့ လုံခြုံတဲ့ စိတ်ခံစားချက်တို့ကြောင့် သူမ မခုခံနိုင်တော့ဘူး။ သူမ မသိလိုက်ခင်မှာပဲ အိပ်ပျော်သွားခဲ့သည်။
ဖြစ်နိုင်တာ ရပ်ပေါင်းများစွာ မနားမနေ နေခဲ့ရတဲ့ ပင်ပန်းမှုကြောင့်လော?
ဒါမှမဟုတ် တွေ့ကြုံခဲ့ရသမျှ ကိစ္စတွေရဲ့ စိတ်ပိုင်းဆိုင်ရာ မောပန်းနွမ်းနယ်လာမှု ကြောင့်လော?
သူမ အရင်က မရေမတွက်နိုင်တဲ့ အန္တရာယ်တွေ ကြုံတွေ့ခဲ့ရသည်။ ဒါပေမဲ့ အခုတော့.. သူမ လုံခြုံသွားလေပြီ။
သူမရဲ့ နှလုံးသားမှာ ပူပင်မှုတွေ မရှိတော့ဘဲ အမြဲခြိမ်းခြောက်နေတဲ့ အန္တရာယ် အငွေ့အသက်က ပျောက်ကွယ်သွားခဲ့သည်။ သူမရဲ့ သူဋ္ဌေးနဲ့တွေ့တာ တစ်ရက်ပဲ ရှိသေးပေမဲ့ ပုံမှန်မဟုတ်စွာ လုံခြုံမှုကို ခံစားရလေ၏။
ထူးဆန်းပေမဲ့ သူမ မေးခွန်းထုတ်ဖို့ မကြိုးစားတော့ချေ။ သူမ သက်သာစွာ လက်ခံလိုက်တော့သည်။
မနက်ရောက်တဲ့အခါမှာ မိုရှီရှီရဲ့မျက်လုံးတွေ ပွင့်လာခဲ့သည်။ သူမရဲ့ ခန္ဓာကိုယ်က အလွန်အားအင် ပြည့်ဝနေသည်။ အရင်က ဒီလောက်ထိ အနားမယူဖူးသလို ခံစားရသည်။ အိပ်ရတာ ဒီလောက်ကောင်းတဲ့အရာလား?
သူမ အိပ်ယာထဲမှာ ထထိုင်လိုက်ပြီး လက်နှစ်ဖက်ကို အကြောဆန့်လိုက်သည်။ သူမရဲ့ လက်နှစ်ဖက်ကို ဆုတ်ကြည့်လိုက်သည်။
“ မနေ့က… တစ်ကယ်လား?”
သူမရဲ့ ခန္ဓာကိုယ်ကို စစ်ဆေးပြီးနောက်မှာ ပြုံးသွားလေသည်။
“ ငါအခု ဒီဆိုင်ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်လာပြီပဲ”