( ဂတုံးပြောင် ဆေးလုံးကျင့်ကြံသူ ဆိုင်ထဲသို့ ဝင်လာခြင်း)
Vol. 3 Ch. 32
မိုရှီရှီ ထွက်သွားပြီးနောက်မှာ ဟောင် တစ်ယောက်ထဲ ပျော်မွေ့ဖို့ အချိန်ခဏသာ ရခဲ့သည်။ ဈေးဝယ်များ ရောက်လာကြလေ၏။ ရင်းနီးပြီးသား သူများပင်။
လင်ယွီကျွင်း၊ ရှောင်လျန်ဖန်း၊ ဟွာဖေးရှုနဲ့ ယွဲ့ရှုယန်တို့ သတိထားမိရဲ့လားပင် မသိချေ။ သူတို့တွေက ဆိုင်ရဲ့ ပုံမှန်ဖောက်သည် ဖြစ်လာကြပြီ။ ဆိုင်က သူတို့ရဲ့ ပုံမှန်ဗိုက်ဖြည့်ရာ နေရာဖြစ်လာတော့၏။
ကောင်းကင်ဘုံက အစားအသောက်တမျှ အရသာရှိရုံတင်မကပဲ ကမ္ဘာ့ ထိပ်သီး အစွမ်းမျိုး ပိုင်ဆိုင်ထားတဲ့ ရောင်းကုန်သည် ဒီဆိုင်တစ်ဆိုင်မှာပဲ ရှိသည်။
လေးယောက်လုံးသည် ဈေးဝယ်ရင်း ကျေးဇူးတင်စကားများ ပြောကြသည်။ အကုန်လုံးက ကိုလာရဲ့ အရမ်းမိုက်တဲ့ အစွမ်းကို ချီးကျူးကြသည်။
နောက်ဆုံးတစ်ခေါက် အမဲလိုက်ပွဲသည် သူတို့အတွက် အောင်မြင်မှုကြီး ဖြစ်ခဲ့ပြီး အမြတ်အများကြီး ပေးသွားသည်။
ထိုကျေးဇူးကြောင့် သူတို့ အချိန်ခဏအထိ အပြင်ထွက် အမဲလိုက်ဖို့ လိုအုံးမှာ မဟုတ်တော့ပေ။
သူတို့လေးယောက်သည် ကြက်သားအရသာ ခေါက်ဆွဲလေးဗူး၊ အမဲသားအရသာ ခေါက်ဆွဲလေးဗူးနဲ့ ကိုလာလေးဗူး ဝယ်လိုက်ကြပြီး ဟောင် ဝိညာဥ်ကျောက်တုံး နှစ်ဆယ် ရလိုက်သည်။
ရောင်းပြီးတာနဲ့ သူ့ရဲ့ မစ်ရှင်တိုးတက်မှုကို ဟောင် စစ်ဆေးလိုက်သည်။
………….
ပင်မမစ်ရှင်- ခေါက်ဆွဲဗူး နှစ်ဆယ်ရောင်းရန်။
တိုးတက်မှု- 8/20 မှ 16/20
အခြေအနေ- မပြီးမြောက်သေး။
……………
အရန်မစ်ရှင် တစ်- ကိုလာမှ ဝိညာဥ်ကျောက်တုံး သုံးဆယ်စုရန်။
တိုးတက်မှု- 12/30 မှ 24/30
အခြေအနေ- မပြီးမြောက်သေး။
…………..
အရန်မစ်ရှင် နှစ်- ပထမဆုံးအကူငှားပါ။ အရာအားလုံးတစ်ယောက်ထဲ လုပ်ဖို့ စဥ်းစားနေတာ မဟုတ်ဘူးမလား?
တိုးတက်မှု- 1/1
အခြေအနေ- အောင်မြင်ပြီး။
……………
ဟောင် မေးစေ့ ပွတ်လိုက်သည်။
‘ အင်း ဒီပုံအတိုင်းဆို ငါမစ်ရှင်တွေကို ဒီနေ့ မဟုတ်ရင် မနက်ဖြန် ပြီးမှာပဲ’
ပိုအရေးကြီးတာက သူ နည်းနည်း စိတ်လှုပ်ရှားမိသည်။ ပင်မ မစ်ရှင်ပြီးဖို့ အရမ်း နီးကပ်နေပြီဆိုတော့ ဆိုလိုတာ အရသာအသစ်တွေ ရောက်တော့မှာပဲ!
လက်ရှိ ခေါက်ဆွဲက အရမ်းစားကောင်းပေမဲ့ အခုက အစပ်အရသာ မလား? အခု မတူတာ စားရတော့မည်လေ။
အစပ်အရသာက လုံးဝကို မတူတာပင်။ ပါးစပ်ထဲ ပူပြီးဝင်သွားမဲ့အပြင် စိတ်ထဲ ကျေနပ်သွားစေမှုက နောက်တစ်လုပ်ကို တောင့်တစေသည်။ အဲ့ဒါက အကောင်းဆုံး အသင့်စား ခေါက်ဆွဲစားရတဲ့ အတွေ့အကြုံပေးနိုင်တယ်။
သူ အရမ်း မျှော်လင့်နေမိပြီ။
လုပ်စရာ မရှိသည်မို့ ဟောင် ရှေးခေတ်တွင် စင်ပေါ် ပစ္စည်းစီခြင်း အနုပညာကို ကျွမ်းကျင်သည်အထိ လေ့လာနေလိုက်သည်။ သူ ဂရုတစိုက်ဖြင့် ခေါက်ဆွဲဗူးကို ဘယ်ဘက်သို့ လက်မအနည်းငယ် တိုးလိုက်သည်။
အင်း ကျေနပ်သွားပြီ…
မရသေးဘူး.. မကျေနပ်ဘူး။
သူ ညာဘက်ကို နည်းနည်း ပြန်တိုးလိုက်ပြန်သည်။ သူ ရှေ့တိုး နောက်ဆုတ် လုပ်နေစဥ်မှာပဲ တံခါးက ပွင့်လာတော့၏။
ဈေးဝယ်အသစ်တစ်ယောက် ရောက်လာခဲ့သည်။
ဝင်လာသော သူတွင် သာမာန်အသွင်အပြင် ရှိသည်။ ပုံမှန်ရုပ်ရှည်ကြောင့် လူကြားထဲသာဆို ထင်းထွက်နေမှာ မဟုတ်ဘူး။
ထိုသူသည် ဂတုံးပြောင် ခေါင်းကို ခေါင်းစွပ်တစ်ခု ဖုံးထားပြီး ရွှေရောင် စူးရှရှ မျက်လုံးတွေကိုသာ မြင်ရသည်။
ထိုသူသည် ရွှေရောင်ကို အနက်ဘက်ဖောက်တဲ့ ဆေးလုံးကျင့်ကြံသူတွေ ဝတ်ကြသော လက်ပြတ် ဝတ်ရုံ ဝတ်ဆင်ထားတာမို့ သူ့ရဲ့ ကောင်းကောင်း ထုဆစ်ထားသော လက်မောင်းကြွက်သားများကို အထင်းသား မြင်နိုင်သည်။
ထိုသူမှာ ပိုင်ချန်း ဖြစ်သည်။
အမှန်တော့ ဒီနာမည်သည် သူများမေးရင် သူ ပြန်ဖြေပေးနေကြ နာမည်ဖြစ်၏။
သူ့ရဲ့ နာမည်အစစ်လား? သူ့ရဲ့ နာမည်အစစ်သည် ကျီယွင်ကျစ် ဖြစ်သည်။
ထိုသူသည် မျက်နှာချေ ချယ်ထားသော ကျင့်ကြံသူ ဖြစ်သည်။ ပိုထူးဆန်းသည်က မျက်နှာချေ ချယ်ထားသော ဆေးလုံး ကျင့်ကြံသူဖြစ်သည်။
ကျီယွင်ကျစ်သည် အဆုံးမဲ့တဲ့ အရင်းအမြစ်တွေ ရှိသော ဆေးလုံးကျင့်ကြံရေး ဂိုဏ်းများမှ မဟုတ်ပေ။ ကိုယ်ပိုင်အစွမ်းအစနှင့် စွန့်ပစ်ထားတဲ့ ဆေးလုံးဖန်တီးရေး သိုင်းများကို ရှာဖွေ စုဆောင်းရင်း လေ့လာမှုပြုသည်။ ကိုယ်ပိုင် တိုးတက်မှုကို ရှာဖွေသည့်သူပင်။
ယနေ့တွင် အကြီးဆုံးမြို့တော်ရဲ့ အနောက်လမ်းကြားတွေ လာပြီး ဆေးလုံးဖန်တီးခြင်း ကိရိယာများနှင့် စာအုပ်များကို အောက်ဈေးနဲ့ ရှာတွေ့မလား လာကြည့်တာပင်။ ဒီလိုနှင့် ဒီဆိုင်လေးကို သတိထားမိသွားသည်။
မမြင်ရတဲ့ လမ်းကြားထဲမှာ ပုန်းလျှိုးကွယ်လျှိုး တည်ရှိနေရတဲ့ အကြောင်းအရင်းသာမက အတွင်းဘက်ကို မမြင်ရတဲ့ အချက်ကလဲ သူ့ကို စိတ်ဝင်စားစေခဲ့သည်။
ကျီယွင်ကျစ် အထဲဝင်လိုက်ပြီး စူးစမ်းကြည့်လိုက်သည်။
လမ်းကြားတွင် မီးရောင်ဖျော့ဖျော့သာ ရှိပြီး သတိမပြုမိဖွယ် ဖြစ်သော်ငြား ဆိုင်အတွင်းကတော့ လင်းထိန်ပြီး အစက်အပျောက်မရှိ သန့်ရှင်းနေသည်။
ထူးဆန်းသော မီးလင်းတုံးများကို အပေါ်မှ ချိတ်ဆွဲထားသည်။ ကျောက်တုံးအစီအရင် တစ်ခုခုနှင့် အလင်းစွမ်းအင် ပေးထားတာ ဖြစ်နိုင်သည်။ အဆင့်မြင့် ကျင့်ကြံမှုရှိမှသာ အခုလို အရည်အသွေးမြင့် အစီအရင်ကို ဖန်တီးနိုင်မှာပင်။
သူ့ရဲ့မျက်လုံးတွေက ထောင့်မှာထိုင်နေသော ကျင့်ကြံသူလေးယောက်ထံ ကျရောက်သွားသည်။
သူ့ရဲ့ မျက်ခုံးတွေ တွန့်သွားသည်။ တစ်ခုခုက မှားနေတယ်။
သူတို့တွေက မလှုပ်နေကြဘူး…
သူတို့တွေက စကားလဲမပြောနေကြဘူး…
သူတို့တွေက အဲ့ဒီနေရာမှာ လှုပ်ရှားမှုမရှိ ထိုင်နေကြပြီး လုံးဝကို အသက်မဲ့နေသလိုပဲ။
ရုတ်တရက် ကျီယွင်ကျစ်ရဲ့ အရိုးထဲထိ အအေးဓာတ်က စိမ့်ဝင်သွားသည်။
သူတို့တွေ ကျင့်ကြံနေတာလား? ဒါမှမဟုတ် အဲ့ဒီနေရာမှာ ထိုင်ရင်းသေသွားကြတာလား?
သူ့ရဲ့နှုတ်ခမ်းတွေ တွန့်လိမ်သွားသည်။
‘ ငါနတ်ဆိုးကျင့်ကြံရေးဂိုဏ်း တစ်ခုထဲ လမ်းလျှောက်ဝင်လာမိတာလား?’
သူ အတွေးမလွန်သေးခင်မှာပဲ အသံတစ်ခုကြောင့် အသိစိတ် ပြန်ကပ်သွားသည်။
“ ကြိုဆိုပါတယ်”
ကျီယွင်ကျစ် အနောက်လှည့်လိုက်ချိန်မှာ နှုတ်ဆက်နေသောဆိုင်ရှင်ကို မြင်လိုက်ရ၏။
ဆိုင်ရှင်ရဲ့ ရုပ်ရည်သည် ပုံမှန်ထက် အနည်းငယ် ကြည့်ကောင်းရုံသာ ရှိသည်။ ဒါပေမဲ့ ကျီယွင်ကျစ် အအံ့သြဆုံးသော အရာက ထိုလူရဲ့ ချီစွမ်းအင် တစ်စက်မှ မရှိသော ကျင့်ကြံဆင့်ပင်။
မူလကတော့ ဆိုင်ရှင်သည် သူ့လိုမျိုး ကျင့်ကြံဆင့်ကို ဖုံးကွယ်ထားသူဟု ကျီယွင်ကျစ် တွေးခဲ့သည်။ ဒါပေမဲ့ သူ ပိုကြည့်လေလေ ပိုပြီး ထူးဆန်းလာလေလေပဲ။
ကျီယွင်ကျစ်သည် သူ့ရဲ့ စစ်ဆေးသည့် အရည်အချင်းကို အမြဲ ယုံကြည်ချက် ပြည့်ခဲ့သည်။ သူသာ အာရုံစိုက်လိုက်လျှင် သူ့ထက် ကျင့်ကြံမှုနယ်ပယ် တစ်ချို့မြင့်သော ကျင့်ကြံသူများပင် စစ်ဆေးမှုက မလွတ်မြောက်နိုင်ဘူး။
ဒါပေမဲ့ သူ ဆိုင်ရှင်ကို ဘယ်လောက်ပဲ စစ်ဆေးကြည့်ကြည့်၊ သေမျိုးတစ်ယောက်လို့သာ မြင်မိသည်။
အချိန်အကြာကြီး တိတ်ဆိတ်ပြီးနောက်မှ ကျီယွင်ကျစ် ဖြည်းဖြည်းပဲ ခေါင်းညိတ်ပြလိုက်သည်။
“....အမ်း”
သူ ခပ်တိုတိုသာ ဖြေလိုက်သည်။ မလိုအပ်ပဲ စကားပြောရင်း အချိန်မဖြုန်းချင်ဘူး။
အခု သူ အထဲကိုရောက်လာပြီဖြစ်၍ ပစ္စည်းတိုင်းကို သေချာ ကြည့်ရှုလိုက်သည်။
ဆိုင်မှာရောင်းသော ပစ္စည်းက အမျိုးအစား နှစ်ခုသာ ရှိလေ၏။ အပေါ်တွင် အရောင်စုံ အဖုံးများပါသော ထူးဆန်းသည့် ဗူးများနှင့် နောက်ထပ် ထူးဆန့်သည့်အသွင်ရှိသော သတ္ထုဗူးတစ်ခုဖြစ်သည်။
‘ ဒါ..ဘာတွေလဲ?’
နဲနဲ အဝကျယ်သော ရောင်စုံအဖုံး ဗူးသည် ပစ္စည်းထည့်သော ဗူးနှင့် ဆင်တူသော်ငြား အတွင်းကို ထင်းနေအောင် မမြင်ရဘူး။ သတ္ထုဗူးက ပိုတောင် ထူးဆန်းသေးသည်။
သူ အနားကို လျှောက်သွားပြီး ဈေးကို စစ်ဆေးလိုက်သည်။
“.....”
ဝိညာဥ်ကျောက်တုံးသုံးတုံး?!
သူ ဒေါသပင် ထွက်လာသလိုပဲ..
ဝိညာဥ်ကျောက်တုံး သုံးတုံးနဲ့ဆိုရင် ဆေးလုံးအတွက် ပါဝင်ပစ္စည်းအများကြီး ဝယ်လို့ရသည်။ များစွာတဲ့ ဆေးလုံးတွေ ဖန်တီးနိုင်တဲ့အပြင် ဆေးဖက်ဝင် အပင်တစ်ချို့ရဲ့ အဆီအနှစ်ကိုလဲ စမ်းသပ်လို့ရသည်။ ဆေးလုံးတွေ ရောစပ် စမ်းသပ်ကြည့်လို့ရသည်။
ဒါပေမဲ့ ဒီ သတ္ထုလိုလို ဘာလိုလို ပစ္စည်းက မသိရင် အထဲမှာ ကောင်းကင်ဘုံကို ဆန့်ကျင့်မဲ့ ပစ္စည်း ပါနေသလိုလိုပဲ။ ဈေးက ခေါင်ခိုက်နေသည်။
‘ ဒါ လိမ်လည်နည်း တစ်ခုလား?’
တစ်ကယ်ပဲ အလိမ်ဆိုရင် ထိုလေးယောက်က အဘယ်ကြောင့် ဆိုင်ထဲ ရှိနေရတာလဲ? သူတို့ရဲ့ ရှေ့က စားပွဲတွင် ဆိုင်ရဲ့ရောင်းကုန် အသီးသီး ရှိနေ၏။ ဒါက သူတို့ ဝယ်စားထားကြတယ်ဆိုတဲ့ သက်သေပဲ။
ကျီယွင်ကျစ် ထို ကျင့်ကြံသူ လေးယောက်ကို တစ်ချက်လျှိုးလိုက်သည်။
‘ ဒီလေးယောက်ရဲ့ မျက်နှာတွေက ထူးထူးဆန်းဆန်းကို… ပီတိဖြာနေတာပဲ’
သူ မျက်မှောင်ကြုတ်သွားသည်။
သူ ဘယ်လိုဆိုင်ထဲ ဝင်လာမိတာလဲ?
ကျီယွင်ကျစ် နောက်ဆုံးတော့ ပြောလိုက်သည်။
“ ဆိုင်ရှင်… ဒီဟာကဘာလဲ..ကိုလာ?”
ဟောင် ထိုလူ့ကို သာမာန်ကာလျှံ ကြည့်လိုက်သည်။
‘ ဒီလူက ရေက စိုလားလို့ လာမေးနေတာလား?’
“ အဲ့ဒါလား? သောက်ရတဲ့ဟာလေ”
ကျီယွင်ကျစ်ရဲ့ မျက်ခုံးများ တွန့်လိမ်သွားသည်။
“ သောက်ရတဲ့ဟာ?”
“ အင်း”
ဒါပဲလား? ဒီလောက်ပဲ ရှင်းပြတာလား?
ဆိုင်ရှင်များ ရှင်းပြမလား မျှော်လင့်စွာဖြင့် ကျီယွင်ကျစ် ကြည့်လိုက်သော်ငြား…
ဟောင်သည် စင်ဘက်ကိုပဲ အာရုံပြန်ရောက် သွားသည်။
‘ဘာလဲ? ဒါပဲလား? ဒီလူ အရမ်းတွေ ကျင့်ကြံမှုလုပ်လိုက်လို့ ခေါင်းထိသွားတာတော့ မဟုတ်ဘူးမလား? ဒါမှမဟုတ် ငါ ဒီတိုင်း အပေါက်ဆိုးတဲ့ ငါးစိမ်းသည်လိုလူနဲ့ လာတွေ့နေတာလား?
ကျီယွင်ကျစ် ခပ်ဖြည်းဖြည်း လေမှုတ်ထုတ်လိုက်သည်။
“ ဒါက ဈေးနဲ့တန်လို့လား?”
“ အင်း တန်တယ်”
“ ပြီးတော့ ကြိုပြောမယ်။ ဝယ်ပြီးရင် ငွေပြန်လဲတာ၊ ပစ္စည်းပြန်ပေးတာ လက်မခံဘူးနော်”
ကျီယွင်ကျစ် ကြားလိုက်ရတဲ့စကားကိုပင် မယုံနိုင်ခဲ့ချေ။ ဈေးက အင်မတန် မြင့်နေရုံတင် မကသေးဘူး။ ဒီဈေးသည်က ကိုယ့်ဘာကိုယ် ဆုံးဖြတ်ပြီးမှ ဝယ်ဆိုတဲ့ သဘောနဲ့ ပြောသွားသေးတာ မလား?
ဒါပေမဲ့ သူ့ရဲ့ သံသယက ပိုကြီးထွားလာသလိုမျိုး သိချင်စိတ်ကလဲ ကြီးထွားလာခဲ့သည်။ ဝိညာဥ်ကျောက်တုံး သုံးတုံးကတော့ သူ တတ်နိုင်ပါသေးသည်။ ဒီကျင့်ကြံသူလေးယောက်က ဘာကြောင့် အခုထိ ထိုင်ခုံက မထကြသေးရတာလဲ?
အဆုံးမှာတော့ ကျီယွင်ကျစ် ဝယ်လိုက်တော့သည်။