← Chapters

(ဆေးလုံးကျင့်ကြံသူနဲ့ ဆန်းကြယ် ကိုလာနဲ့ တွေ့ဆုံခြင်း!)

Vol. 3 Ch. 33

(ဆေးလုံးကျင့်ကြံသူနဲ့ ဆန်းကြယ် ကိုလာနဲ့ တွေ့ဆုံခြင်း!)

Vol. 3 Ch. 33

ကိုလာဗူးကို ယူလိုက်ပြီး ကျီယွင်ကျစ်က ထိုကျင့်ကြံသူလေးယောက်နဲ့ ခပ်ဝေးဝေးက ခုံမှာ သွားထိုင်လိုက်သည်။ ဒီ သောက်စရာ ဆိုတဲ့အရာကို မသုံးဆောင်ခင် သူ သေချာ လေ့လာမှုပြုဖို့ လိုနေပြီလေ။

ဒီဗူးနဲ့ ပတ်သတ်ပြီး အရင်ဆုံး သတိထားမိသည်က ရွှေရောင်စာလုံးဖြင့် ရေးသားထားသော ‘ကိုလာ’ ဆိုတဲ့ နာမည်ပင်။ ရိုးရှင်းသလိုနဲ့ ဆန်းကြယ်သည်။ သူ မြို့များစွာကို ခရီးသွားဖူးပေမဲ့ ဒီလိုနာမည်မျိုး တစ်ခါမှ မကြားဖူးခဲ့ဘူး။

ဒုတိယ စိတ်ဝင်စားစရာအချက်ကတော့ ဗူးရဲ့ပုံစံပဲ။ ကိုင်လိုက်တဲ့အချိန်အအေးဓာတ်ကို ခံစားရပြီး သတ္ထုမျက်နှာပြင်က ချောမွေ့နေသည်။

သူသည် ဖန်တီးပညာရှင် တစ်ယောက် မဟုတ်ပါချေ။ ဒါပေမဲ့ ဒီဗူးကို ပြုလုပ်ဖို့ အလွန်အဆင့်မြင့်တဲ့ ကျင့်ကြံမှု လိုအပ်တာကိုတော့ သေချာပေါက် ပြောနိုင်သည်။

ဒီဗူးကို ဖန်တီးထားပုံက အလွန်ပြီးပြည့်စုံသည်။ ဆက်ထားတဲ့ နေရာ တစ်ခုတောင် မမြင်ရဘူး။ အလွန်ကျွမ်းကျင် ပညာရှင်များ ဖန်တီးထားတဲ့ အဆင့်မြင့် ဆေးလုံးထည့်သည့် ဗူးများပင် အခုလောက် ပြစ်ချက်ကင်းမည် မထင်။

ကျီယွင်ကျစ် လေ့လာနေရင်းဖြင့် ဒီဗူးကို လွယ်ကူစွာ ဖွင့်နိုင်မည့် နည်းလမ်းကိုပါ ရှာဖွေလို​က်သည်။ လက်ချောင်းကို သေးငယ်သော သတ္ထုကွင်းထဲ ထိုးထည့်ရင်း ဖွင့်လိုက်လေတော့၏။

ရှီး!

အစီအရင် ပြိုကွဲသွားတာနဲ့ အသံတစ်ခု ထွက်လာတာပဲ!

ထိုထူးဆန်းသော အသံပြီးတာနဲ့ ချက်ချင်းပဲ အမြုပ်သေးသေးလေးများ အပေါ် တက်လာခဲ့သည်။

ကျီယွင်ကျစ် မျက်မှောင်ကြုတ်သွားသည်။ သူ့ရဲ့ ဆေးလုံးဖန်တီးခြင်း အသိဉာဏ်က နိုးထလာလေပြီ။ ဤအရာက ဖိအားပေးပြီး ထည့်ထားရာကနေ ဖြစ်ပေါ်တဲ့ တုံ့ပြန်မှုမျိုးပဲ။ စိတ်ဝိညာဥ်စွမ်းအား အဆီအနှစ်များ ပြည့်ကျပ်ပြီး ထည့်ထားရာကနေ အစီအရင် ဖယ်လိုက်တာနဲ့ တွန်းကန်ထွက်လာတတ်သော အဆင့်မြင့် ဆေးလုံးများကိုပင် သူ သတိရသွားခဲ့သည်။

သူ့ရဲ့ မျက်နှာက တည်တံ့သွား၏။ ဒီသောက်စရာကို အထူးနည်းလမ်းတစ်ချို့နဲ့ သန့်စင်ထားတာများလား?

ကျီယွင်ကျစ် သတ္ထုပြားအသေးလေးကို အဆုံးထိ ဆွဲလိုက်သည်။ ထို့နောက်တွင် ဗူးကို မလိုက်ပြီး အနံ့ခံကြည့်လိုက်၏။

စူးရှရှ ဓာတ်တစ်ချို့ ကိန်းဝင်နေသော ချိုမွှေးတဲ့ ရနံ့က သူ့ရဲ့အာရုံခံ အင်္ဂါထဲ ဝင်လာခဲ့သည်။ ဒါက ဆေးဖက်ဝင်အပင်တွေရဲ့ ခါးသက်သက် အနံ့မဟုတ်သလို ကျိုထားတဲ့ ဆေးလုံးတစ်ခုရဲ့ အချဥ်ဓာတ်လဲ မဟုတ်ဘူး။

အဲ့ဒီအစား ဒီအနံ့က လူကို လန်းဆန်းသွားစေပြီး အဆိပ်ကင်းသွားစေသည်။

သူ့ရဲ့မျက်လုံးတွေ ကျဥ်းမြောင်းသွားသည်။ ဒီဟာက သူမြင်ဖူးတဲ့ ဆေးလုံးတွေ၊ ဆေးရည်တွေနဲ့ မတူညီဘူး။

သူအထဲကို ချောင်းကြည့်လိုက်သည်။ အထဲမှ အမဲရောင်အရည်များက အလင်းအားလုံးကို စုပ်ယူထား၏။ အဆုံးမဲ့တဲ့ ချောက်နက်ကြီးကို စိုက်ကြည့်နေမိသလို ခံစားရသည်။

သာမာန်သူအတွက် ဒီလောက်ဆို လေ့လာစရာ ကုန်ပြီပင်။ ဒါပေမဲ့ ကျီယွင်ကျစ်က အများနဲ့ မတူတဲ့လူစားဖြစ်သည်။

သူ့ရဲ့ ဖန်တီးခြင်းမျက်လုံးသိုင်းကို အသက်သွင်းလိုက်သည်။ ဤသိုင်းသည် သူ နှစ်ပေါင်းများစွာ လေ့လာမှုပြုရင်း ပြုပြင်ရင်းဖြင့် ကိုယ်တိုင်တည်ထွင်ခဲ့သော သိုင်းတစ်ခုဖြစ်၏။

ထိုသိုင်းကို လေဟာနယ်ဖောက်ခွင်းမျက်လုံးသိုင်းနဲ့ အဆီအနှစ်အမြင်သိုင်း နှစ်ခုမှ ပေါင်းစပ် ဖန်တီးထားသည်။ လေဟာနယ်​ဖောက်ခွင်း မျက်လုံးသိုင်းသည် ပုံရိပ်ယောင်တွေကို ဖောက်မြင်နိုင်အောင် ကူညီပေးနိုင်ပြီး တည်ငြိမ်မှုမရှိသော သိုင်းတစ်ခုဖြစ်၏။ အဆီအနှစ်အမြင်သိုင်းသည်လည်း ဆေးလုံးတွေရဲ့ မသန့်စင်မှုတွေကို ရှာဖွေရာမှာ ကူညီပေးနိုင်သော်ငြား စွမ်းအင် အစားများသည့်အတွက် လက်တွေ့သုံးဖို့ မကိုက်ညီဘူး။

ထိုသိုင်းနှစ်ခုကို ပေါင်းစည်းပြီးသည့်အပြင် သန့်စင်မှုတစ်ချို့ပါ ဖန်တီးလိုက်သည့်အတွက် ကျီယွင်ကျစ် သိုင်းအသစ်တစ်ခုကို ရရှိသွားခဲ့သည်။ ဖန်တီးခြင်းမျက်လုံးသိုင်းသည် သူ့ကို ဆေးတစ်ခုရဲ့ ပါဝင်မှု၊ ဖွဲ့စည်းထားမှုနဲ့ တည်ဆောက်ပုံအဆင့်ဆင့်ကို နားလည်စေသည်။

သူ့ရဲ့မျက်လုံးသိုင်း အသက်သွင်းပြီးနောက်မှာ အမဲရောင်အရည်က ကြည်လင်သွားခဲ့သည်။ အဆုံးမရှိတဲ့ လှုပ်ရှားမှုနဲ့ လျင်မြန်စွာ ကခုန်နေကြသော အမြုပ်သေးသေးလေးများကိုပင် သူ မြင်နိုင်လေသည်။

အရည်က အသက်ရှိနေပြီး ဆက်တိုက်လှုပ်ရှားနေရုံမကပဲ အထဲမှာ မသိရသော စွမ်းအင်တစ်ခုကို သယ်ဆောင်ထား၏။

ဒီဆေးရည်က တစ်ကယ်ပဲ ဘာများလဲ?

ကျီယွင်ကျစ် မထိန်းနိုင်တော့စွာ တစ်ငုံ သောက်ကြည့်လိုက်သည်။

စူးရှတဲ့ အချိုဓာတ်က လျှာဖျားမှာ ပေါက်ကွဲထွက်သွားပြီး အချိုဓာတ်ပြီးတာနဲ့ လန်းဆန်းစေတဲ့ ခံစားမှုက အာရုံထဲ တန်းဝင်ရောက်လာသည်။

ထို့နောက်မှာ… ကျီယွင်ကျစ် ခံစားမိလိုက်သည်။

အရမ်းကို သေးငယ်ပြီး သတိမပြုမိလောက်ဖွယ် ပြောင်းလဲမှုသာ ဆိုပေမဲ့ ဆေးလုံးကျင့်ကြံသူအနေနဲ့ သူသည် ခန္ဓာကိုယ်တွေနဲ့ အလွန်အကျွမ်းဝင်သည်။ သူ့ရဲ့ ခန္ဓာကိုယ်ထဲမှာ အနည်းငယ် ပြောင်းလဲသွားတာကို ခံစားမိလိုက်သည်။

သူ သေချာမပြောနိုင်သေးတာမို့ နောက်တစ်ခေါက် ပိုများများ သောက်လိုက်၏။

သူ့ရဲ့မျက်လုံးတွေ ကျုံ့သွားသည်။

သူ့ရဲ့ အသိအာရုံက ပိုစူးရှလာသည်!

ဒီအရည်က တုံ့ပြန်မှုကို တိုးအောင် လုပ်ပေးနိုင်စွမ်းရှိနေတယ်!

ဒီလိုဆိုရင် ဘယ်လိုပစ္စည်းတွေ သုံးထားလို့ ဒါမျိုးအစွမ်းရတာလဲ?

အာရုံကို မြှင့်တင်ပေးနိုင်စွမ်းရှိသော သွေး​မြစ်ဂျင်ဆင်းကို သုံးထားတာများလား? သူထင်ခဲ့ပေမဲ့ အဲ့လိုလဲ မဟုတ်နိုင်ဘူး။ သွေးမြစ်ဂျင်ဆင်းကို သုံးထားခဲ့လျှင် ခါးသက်သက်အရသာ ရှိရမှာပင်။ ဒါပေမဲ့ ဒီအရည်က ချိုပြီး လန်းဆန်းစေသည်။

ဒါဆို ငွေလကြာပွင့်ဖြူ များလား?

စိတ်ဝိညာဥ် အသိတရားကို သန့်စင်ပေးတဲ့နေရာမှာ နာမည်ကြီးကြာပန်းပဲ။ ဒါပေမဲ့ အရသာ နေရာမှာ လွဲပြန်သည်။ ငွေလကြာပွင့်ဖြူမှာ အနည်းငယ်သာ အအေးဓာတ်ရှိသည်။ ဒီအရည်က အလွန်ကို အေးမြနေပြီး စွမ်းအင်ပြည့်ဝစေသည်။

သူ မသိလိုက်ခင်မှာပဲ ဗူးကို မော့နေမိလေပြီ။

ဂလုဂလုဂလု။

ဂွက်!

ကျီယွင်ကျစ် ဗူးအလွတ်ကို စားပွဲပေါ်တင်လိုက်ရင်း မျက်တောင် တစ်ဖြတ်ဖြတ် ခတ်လိုက်သည်။

သွားပြီ။ တစ်စက်တောင် မကျန်တော့ဘူးပဲ။

ဒါပေမဲ့ အရေးမကြီးပေ။ အရည်ရဲ့အစွမ်းက သူ့ရဲ့ကိုယ်တွင်းမှာ ရှိနေသေးပြီး ပိုကြီးထွားလာတာကို ခံစားလို့ရနေဆဲပဲ။ သူ့ရဲ့ခန္ဓာကိုယ်ထဲ နက်ရှိုင်းစာ အမြစ်တွယ် နေတာကို သူခံစားလို့ရသည်။

သူ့ရဲ့ လျင်မြန်နှုန်းက နှစ်ဆ မြန်လာခဲ့ပြီး ပတ်ဝန်းကျင်က အရာအားလုံးကို တစ်ခါမှ မကြုံဖူးတဲ့ ရှင်းလင်းမှုမျိုးနဲ့ ကြည့်ရှု နိုင်နေပြီ။

သူ့ရဲ့လက်တွေ တုန်ယင်သွားသည်။ ဒါက ရူးချင်စရာပဲ!

ဆေးလုံးကျင့်ကြံရေးလောကမှာ သန့်စင်ထားတဲ့ အကောင်းဆုံး အစွမ်းမြှင့်တင်ရေး ဆေးဝါးတွေတောင်မှ ဆယ်ရာခိုင်နှုန်းလောက်သာ မြှင့်တင်နိုင်စွမ်း ရှိကြသည်။ အဲ့ဒီလောက်ဆိုရင်ကို အရမ်း ဆန်းကြယ်နေပြီလို့ ပြောနိုင်ပြီ။

ဒါပေမဲ့ ဒီသောက်စရာ ကိုလာက?!

ဒါက လုံးဝ မဖြစ်နိုင်တာပဲ!

ကျီယွင်ကျစ် မတ်တပ်ရပ်ကာ ကောင်တာဆီ လျှောက်သွားလိုက်သည်။

“ ဆိုင်ရှင်!”

“ မင်းက ဒီဆေးကို ဖန်တီးထားတဲ့သူများလား?”

ဟောင် မော့ကြည့်လိုက်သည်။

“ မဟုတ်ဘူး”

ကျီယွင်ကျစ်ရဲ့ မျက်လုံးတွေ လက်သွားသည်။ ဆေးလုံးကျင့်ကြံသူ တစ်ယောက်အနေနဲ့ သူ များစွာသော ကုန်သည်အတုတွေကို မြင်ဖူးသလို လိမ်ညာတတ်တဲ့ ကျင့်ကြံသူတွေနဲ့လဲ ကြုံဖူးသည်။ သူ့ရဲ့ မြင့်မားတဲ့ အာရုံခံမှုကြောင့် အသေးဆုံးသော အမှားဆိုရင်တောင် သူ အမြဲရှာတွေ့ခဲ့သည်။

ဒါပေမဲ့ ဆိုင်ရှင်ရဲ့ လေသံကနေ သူ ဘယ်လို လိမ်ညာမှုကိုမှ အာရုံမခံမိဘူး။

ဆိုင်ရှင်က ကိုလာ လုပ်တဲ့သူ မဟုတ်ဘူးပဲ။

ဒါဆိုဘယ်သူလဲ? ဘယ်လို ဆရာသခင်က ဒီဆေးရည်ကို ဖန်တီးခဲ့တာလဲ?

ဟောင် ကောင်တာအနောက်မှာ ရပ်နေရင်း လုံးဝကို စိတ်ပူဟန်မရှိချေ။

သေချာပေါက် သူနဲ့ဆိုင်တာ ဘာမှမရှိနေဘူးလေ။

ဆန်းကြယ် ပစ္စည်းကို ရောင်းပေးနေတဲ့ ဟောင်က ကောင်တာအနောက်မှာ ပူပန်မှုမရှိ ရပ်မြဲရပ်နေလေ၏။

…. သေချာပေါက် သူနဲ့ဆိုင်တာ ဘာမှမှ မရှိတာပဲ။

ကိုလာက စနစ်ဆီက လာတာဖြစ်ပြီး ဟောင်က သာမာန်ဆိုင်ရှင်လေးတစ်ယောက်ပင်။ ပစ္စည်းတွေ ရောက်လာရင် သူက ရောင်းပေးရသည်။ စနစ်ကို အထူးတလည် သွားမမေးသ၍ ဒါတွေကို ဘယ်လိုလုပ်ထားလဲ သူ မသိဘူး။

သူ့ရှေ့ကို ဒယ်အိုးတစ်ခုနဲ့ အကောင်းဆုံး ဆေးပင် လာချပေးရင်တောင် သူ လုပ်တတ်တာက ရေနွေးတည်တာပဲ။

ကျီယွင်ကျစ် စိတ်ထဲမှ သက်ပြင်းချလိုက်သည်။ ဖန်တီးသူကို ဘယ်လို မေးရတော့မလဲ? ထုတ်မေးလိုက်ရင် အရမ်း မသင့်တော်ရာကျသွားလိမ့်မည်။

ကျင့်ကြံရေးလောကမှာ ပစ္စည်းတစ်ခုရဲ့ ဇစ်မြစ်ကိုမေးမြန်းတာက ဖန်တီးသူရဲ့ လျှို့ဝှက်နည်းလမ်းကို ရယူဖို့ကြိုးစားတာလို့ မှတ်ယူကြသည်။ ဂိုဏ်းတစ်ခုရဲ့ လျှို့ဝှက်သိုင်း အရင်းအမြစ်ကို မေးမြန်းတာနဲ့ ကွာခြားမှု မရှိပေ။ မေးမြန်းတာက မသင့်တော်သလို တစ်ဖက်လူကို စော်ကားရာကျသည်။

ကျီယွင်ကျစ် က ထိုအချက်ကို ကောင်းကောင်း နားလည်သည်မို့ သိချင်စိတ်ကို ချိုးနှိမ်ရင်း စင်တွေဘက်ကို ပြန်လှည့်လိုက်သည်။

ဟောင် ကောင်တာမှာ မှီလိုက်တော့သည်။ ဘာဆက်ဖြစ်မလဲ သူ ကြိုသိနေပြီ။

ကျီယွင်ကျစ်က ကိုလာနောက်တစ်ဗူးကို ယူလာပြီးငွေရှင်းဖို့ အသင့်ဖြစ်နေခဲ့သည်။

ကျီယွင်ကျစ် စကားမဟလာခင်မှာပဲ ဟောင် ပိတ်ပြောလိုက်သည်။

“ မရဘူး”

“ မင်းဒီနေ့အတွက် တစ်ခုယူပြီးပြီ”

ဟောင် နံရံမှ ဘုတ်ပြားကို လက်ညိုးထိုးပြလိုက်သည်။

စည်းကမ်းနံပါတ်တစ်… နေ့စဥ် ပစ္စည်းက အကန့်အသတ်ရှိပါတယ်။

ကျီယွင်ကျစ်, “.....”

လက်မလျော့ချင်စွာဖြင့် ကျီယွင်ကျစ်က ဈေးပိုပေးဖို့ ကမ်းလှမ်းဖို့ ပြင်လိုက်သည်။

ဟောင် ခေါင်းရမ်းလိုက်သည်။

“ မ..ရ..ဘူး”

ကျီယွင်ကျစ် တိတ်ဆိတ်သွားပြီး ဝမ်းနည်းမတတ် ဖြစ်သွားသည်။

ဆိုင်ရဲ့စည်းကမ်းက နောက်ထပ်နစ်နာသူ တစ်ယောက်ကို အသဲခွဲလိုက်လေပြီ!

All Chapters