← Chapters

( စနစ် ကျီယွင်ကျစ်က ဘာလို့ ဂတုံးဖြစ်နေတာလဲ?)

Vol. 3 Ch. 34

( စနစ် ကျီယွင်ကျစ်က ဘာလို့ ဂတုံးဖြစ်နေတာလဲ?)

Vol. 3 Ch. 34

ကျီယွင်ကျစ် နောက်ဆုံး နားလည်လို​က်ပြီ။ သူဘယ်လောက်ပဲ ပိုကမ်းလှမ်းမှုလုပ်လုပ် ဆိုင်ရှင်က စည်းကမ်း ဖောက်မှာ မဟုတ်ဘူး။

ဆိုင်ရှင်ရဲ့ ပုံစံအရ သူက စည်းမျဥ်းတွေကို တန်ဖိုးထားသည့်ပုံပေါက်သည်။ သူ့ရဲ့ စည်းမျဥ်းကိုလဲ လေးစားမှုရှိစေချင်ပုံပင်။

နောက်တစ်ဗူး ဝယ်လို့မရတဲ့အတွက် သူ အရမ်း စိတ်မကောင်းမဖြစ်မိသော်ငြား အဘယ်ကြောင့်တစ်ရက်မှာ တစ်ခုပဲ ဝယ်ဖို့ ကန့်သတ်ထားလဲ သိချင်မိသည်။ ဒါပေမဲ့ အတွေးများနေတာက သူ့ကိုပိုပြီးပဲ စိတ်ညစ်စေသည်။

အဆုံးမှာ တွေးနေတာတွေ ခဏဖယ်လိုက်ပြီး နောက်ထပ်မေးခွန်းမေးဖို့ပဲ ဆုံးဖြတ်လိုက်တော့သည်။

“ ဒီဗူးခွံကို ငါနဲ့အတူယူသွားလို့ရလား?”

“ ငါထပ်ပြီးလေ့လာချင်တယ်”

ဆေးလုံးကျင့်ကြံသူအနေနဲ့ သူက ပစ္စည်းတွေကို တစ်စဆီလုပ်တဲ့နေရာမှာ ကျွမ်းကျင်သည်။ ဆေးလုံးဖြစ်ဖြစ်၊ ဆေးရည်ဖြစ်ဖြစ် ကိစ္စမရှိဘူး။ ဗူးကို တစ်စဆီ လုပ်ကြည့်ရရင်ကို သဲလွန်စတစ်ချို့ ထွက်လာနိုင်သည်။

အထဲမှာ ကိုလာတစ်စက်လောက် ကျန်နေတာမျိုးလဲ ဖြစ်နိုင်သလို အဆီအနှစ် အကျွင်းအကျန်လေး ကပ်နေတာမျိုးလဲ ဖြစ်နိုင်တာပဲ။ ဒါက အ​ခြေခံဖြစ်ရိုး​ဖြစ်စဥ်ပဲ။

ထိုအမေးကို ကြားလိုက်ချိန်မှာ ဟောင် ချက်ချင်းအဖြေမပေးလိုက်ဘဲ စိတ်ထဲမှ အရင်ဆက်သွယ်လိုက်သည်။

‘ စနစ် ယူခိုင်းလို့ရလား?’

( ရတယ်။ ကိုလာက အပြင်ယူလို့ရတဲ့ ပစ္စည်းတွေထဲက တစ်ခုပဲ။ ဝယ်ပြီးသွားပြီဆိုတော့ ဒါကသူနဲ့ သက်ဆိုင်သွားပြီ)

ဟောင် ပုခုံးတွန့်ပြလိုက်သည်။

“ ယူလေ”

ကျီယွင်ကျစ် အရင် ယဥ်ကျေးစွာ ခေါင်းညိတ်ပြလိုက်ပြီးမှ ကိုယ့်ကိုယ်ကို မိတ်ဆက်လိုက်သည်။

“ ငါ့နာမည်က ကျီယွင်ကျစ်ပါ သာမာန် ဆေးလုံးကျင့်ကြံသူတစ်ယောက်ပေါ့”

ဟောင် ရယ်ချင်စိတ် ဖြစ်သွားတာကို မနည်း ထိန်းလိုက်ရသည်။

ဂတုံးပြောင် ဆေးလုံးကျင့်ကြံသူပေါ့?

ဆိုင်ထဲကို ဝင်လာတဲ့ သူတွေ အများကြီး မြင်ဖူးခဲ့ပေမဲ့ အခုလို ဆံပင်တစ်မွှေးမှ မရှိတဲ့ ဆေးလုံးကျင့်ကြံသူနဲ့ ကြုံရတာတော့ ဒါပထမဆုံးပဲ။

သူ မကူးပြောင်းလာခင်ကလဲ များစွာတဲ့ ဝတ္ထုတွေ၊ စာစဥ်တွေ ဖတ်ဖူးပါသည်။ ဒါပေမဲ့ အခုလို ဂတုံးကျင့်​ကြံသူကတော့ ပထမဆုံးပဲ။

ပိုဆိုးတာက ကျီယွင်ကျစ်ရဲ့ အဝတ်အစားကလဲ သူ့ကို လုံးဝ မျက်နှာသာ မပေးနေဘူး။ ဆေးလုံးကျင့်ကြံတဲ့ ဆရာတစ်ယောက်ဆိုတာထက် သူ့ပုံစံက တိုက်ပွဲကနေ အခုမှပြန်လာတဲ့ တိုက်ခိုက်ရေး သမားနဲ့ ပိုတူသည်။ သူ့ရဲ့ကျောပြင်မှာ ဓားမကြီးတစ်ချောင်းသာ ထားပေးလိုက်။ ဒီလိုဆိုရင် သူ့ပုံစံက လုံးဝ စစ်သည်တော် ရုပ်ပေါက်သွားမှာ။ လက်စားလာချေတဲ့ ရန်သူလို့တောင် အထင်မှားသွားနိုင်သည်။

ဟောင် မျက်နှာတည်ဖြင့် နေနိုင်ဖို့ အစွမ်းကုန် ကြိုးစားလိုက်ရသည်။

သူ တစ်ယောက်ထဲ မဟုတ်ဘဲ ဘေးမှာ သူငယ်ချင်းတစ်ယောက်ယောက် ရှိနေလို့ကတော့ လုံးဝ ကပ်ဘေးဆိုက်မှာပဲ။ အကြည့်တစ်ချက်စုံမိတာနဲ့ သူတို့ အူလိမ့်နေအောင် ရယ်မိသွားမှာပင်။

“ ဟောင် ပါ”

ဟောင် အတိုချုံးသာ ရှင်းပြလိုက်သည်။ စကားတွေ ထပ်ပြော​နေရင် သူ ရယ်မိလိမ့်မည်။

ကျီယွင်ကျစ် ခေါင်းညိတ်ပြလိုက်ရင်း မှတ်ဉာဏ်ထဲမှာ မှတ်ထားလိုက်သည်။ သူ တစ်ခါထဲ သက်ပြင်းချလိုက်သည်။ သူ့ရဲ့ နာမည်ရင်းကို တစ်ခါထဲ မိတ်ဆက်ပေးခဲ့တာ ကောင်းသွားသည်။

ဆိုင်ရှင် သူ့ကို ကြည့်လာပုံက မသိရင် သူ့ကိုလုံးဝ ဖောက်ထွင်းမြင်နေနိုင်တဲ့ အတိုင်းပဲ။

ဟောင် က ကိုလာကို ကိုယ်တိုင် မဖန်တီးခဲ့သော်ငြား ဖန်တီးရှင်နဲ့ နီးစပ်သော ဆက်သွယ်မှုရှိသည်။

ဒီဆိုင်ရှင်ကလဲ သာမာန် သေမျိုးတစ်ယောက် မဖြစ်နိုင်ဘူး။

ဆရာကြီးတစ်ယောက်က ကျင့်ကြံဆင့်ဖုံးပြီး သေမျိုးဟန်ဆောင်တာ ဖြစ်လောက်လား? မဖြစ်နိုင်တာလဲ မဟုတ်ချေ။ ဒါပေမဲ့ သူဆက်ပြီး မတူးဆွချင်တော့ဘူး။

သူ့မှာ အရေးကြီးလုပ်စရာ ကိစ္စတွေ ရှိနေသေးသည်။

ကျီယွင်ကျစ် နှုတ်ဆက်ပြီးတာနဲ့ ဆိုင်ထဲက အပြေးထွက်သွားလိုက်သည်။ ပြီးတာနဲ့ သူ ပိုက်ဆံ တတ်နိုင်တဲ့ထဲက အကောင်းဆုံး ပစ္စည်း ဖန်တီးသူကို ဆက်သွယ်ဖို့ လုပ်တော့၏။

ထို ဂတုံးဆေးလုံးကျင့်ကြံသူ ဆိုင်မှ ထွက်သွားသည်အထိ ဟောင် ကြည့်နေလိုက်သည်။

သူဘာလို့ အဲ့ဒီလို ဖြစ်နေတာလဲ?

ငါ့ရဲ့ သိချင်စိတ်ကို ဖြည့်တင်းပေးဖို့ ဝိညာဥ်ကျောက်တုံးတစ်တုံးလောက် စတေး လိုက်ရမလား?

‘ ဒီလူရဲ့ အပြင်အဆင်နဲ့ ပတ်သတ်ပြီး သိချင်ရင် ဘယ်လောက်ပေးရမှာလဲ?’

( အဲ့ဒီအတွက် ဝိညာဥ်ကျောက်တုံးတစ်တုံး ကျမယ်။ ပိုင်ရှင်ရဲ့ လက်ရှိ ပမာဏက 1.3 ဝိညာဥ်ကျောက်တုံး ရှိတယ်)

'ကျွတ် ဒါလေးအတွက်နဲ့ ဝိညာဥ်ကျောက်တုံး တစ်တုံးတောင် ပေးရမှာလား?’

‘ မင်းဟာက ဘယ်လိုတောင် ဓားပြ တိုက်နေတာလဲ? ငါ့ကို နည်းနည်းလောက် လျှော့ဈေးပေးလေကွာ’

( ပိုင်ရှင် ဒါမျှမျှတတ လုပ်ထားတာ။ ဟုတ်ပြီလား? စပ်စုချင်ရင် ပိုက်ဆံကုန်မှာပဲ)

‘ ဒါဆို သူ့ရဲ့ဇစ်မြစ်အကြောင်းကို နည်းနည်းပြောရင်ကော?’

( အဲ့ဒါလဲ ဝိညာဥ်ကျောက်တုံးတစ်တုံး ကျမှာပဲ)

‘ မဟုတ်တော့ဘူး။ မသိရင် ပိုက်ဆံပေးပြီး ဆော့ရတဲ့ ဂိမ်းကျနေတာပဲ။ ငါ့နှယ်! အသက်ရှုတာကအစ ပရီမီယမ်အဆင့်မြှင့်ပြီးမှ လုပ်လို့ရမှာလားပဲ’

( ပိုင်ရှင် မစပ်စုချင်နေပေါ့။ လွတ်လပ်စွာ ရွေး..ချယ်..ခွင့်..ရှိတယ်)

‘ ကောင်းပြီ။ ယူယူ.. အဲ့ဒီလူဘာလို့ အဲ့ပုံဖြစ်နေလဲ ငါသိချင်တယ်။ ဘာလို့ ဂတုံးဖြစ်နေလဲပါ ပြောပြရမှာနော်’

( အင်းရတယ် ပိုင်ရှင်။ အဲ့ဒါလဲပြောပြပေးမယ်)

( တောင်းဆိုမှုကို လက်ခံပြီးပါပြီ။ အခု ပိုင်ရှင့်ရဲ လက်ရှိပမာဏက 0.3 ဝိညာဥ်ကျောက်တုံးပါ)

ဟောင် ရဲ့ မျက်နှာရှေ့တွင် ပုံရိပ်ယောင် မျက်နှာပြင်တစ်ခု ပေါ်လာခဲ့သည်။

( ကျီယွင်ကျစ်က ဂတုံး တုံးချင်လို့ကို တုံးထားတာပဲ။ သူက ဆံပင်တစ်မျှင်တိုင်းက စိတ်ရှုတ်စရာလို့ မြင်တယ်။ ဆံပင်ကို မီးစွဲတာတွေ၊ အထိမခံနိုင်တဲ့ စမ်းသပ်မှုထဲ ရောကုန်တာတွေ၊ ဆေးလုံးဓာတ်တွေ စုပ်ယူတာတွေ များစွာဖြစ်နိုင်တာကြောင့် ပြောင်ရှင်းနေတဲ့ ခေါင်းကို အမြဲပြုလုပ် ထားတတ်တယ်)

( သူ့ရဲ့ လက် မပါတဲ့ဝတ်စုံကလဲ အတူတူပဲ။ ဆေးရည်တွေ၊ မီးတွေ နားမှာဆိုရင် ဝတ်စုံ တွဲလောင်းတွေက ဒုက္ခဖြစ်စေနိုင်တယ်။ အန္တရာယ်တစ်ခုခုကြောင့် မီးစွဲတာ ခံရမဲ့အစား ပြဿနာတွေကို အတတ်နိုင်ဆုံး ထိန်းချုပ်ဖို့ သူက ရိုးရှင်းတဲ့ ဝတ်ရုံတစ်ခုသာ ဝတ်ဆင်တယ်)

( အော်…ပြီးတော့ သူက လက်အိတ်ရှည်တွေ၊ အကာတွေလဲ ဝတ်တတ်တယ်။ ဘာလို့ဆို လောင်ကျွမ်းမှုတွေ၊ တိုက်စားခံရတာတွေက ဆေးလုံးတီထွင်မှုမှာ ဖြစ်နေကျ ကိစ္စတွေပဲ။ သူ့ရဲ့ ဖိနပ်ဆိုလဲ သာမာန်ဆေးလုံးကျင့်ကြံသူတွေ ကြိုက်တတ်တဲ့ နုနုရွရွ ဖိနပ်မျိုး မဟုတ်ဘူး။ လေးလံတဲ့ဖိနပ်အထူတွေကြောင့် ပေါက်ကွဲ ဒဏ်ခံနိုင်သလို အက်ဆစ်ဒဏ်လဲ ခံနိုင်တယ်)

‘ ဒီတော့…လုံခြုံမှုကြောင့် ဂတုံးတုံးတာပေါ့။ ဒီလူ အရမ်းတော်တာပဲ’

‘ ဒါကိုအရင်က ဘယ်ဆေးလုံးကျင့်ကြံသူမှ မတွေးခဲ့ကြတာလဲ?’

‘ ဆံပင်မရှိရင် မီးလောင်စရာ မရှိတော့ဘူးလေ’

ဆေးလုံးကျင့်ကြံသူတွေ တည်ရှိလာတာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ။ ဒါပေမဲ့ အခုလို အလွန်အကျွံ ကာကွယ်မှုလုပ်တဲ့သူမျိုးကို မြင်ဖူးတာ ကျီယွင်ကျစ်နဲ့မှပဲ။

ဝိညာဥ်ကျောက်တုံးကို ကောင်းကောင်း သုံးလိုက်ရတာပဲ။

ဟောင် ထိုသို့သာ တွေးလိုက်သည်။ သူဒါကို ဆုံးရှုံးမှုတစ်ခုအဖြစ် မတွေးတော့ဘူး။

သူသာ တွေးမိရင် နောင်တရနေရုံအပြင် မရှိတော့ဘူး။

အချိန်တွေ ကုန်သွားသလို ဟွာဖေးရှု၊ ယွဲ့ရှုယန်၊ လင်ယွီကျွင်းနဲ့ ရှောင်လျန်ဖန်းတို့လဲ အလင်းပွင့်တာကနေ နိုးလာခဲ့သည်။ စကား ခဏပြောပြီးတာနဲ့ ခေါက်ဆွဲပွဲတော်ကို ဒုတိယတစ်ကြိမ် စတင်တော့၏။

ထိုအချိန်မှာပဲ မိုရှီရှီလဲ ဈေးဝယ်ပြီး ပြန်လာခဲ့ပြီပင်။

“ ငါပြန်ရောက်ပြီ သူဋ္ဌေး”

“ ဘယ်လိုလဲ?”

“ အဆင်ပြေခဲ့တယ်။ ငါ အတွင်းဝတ်တွေကော၊ ဝတ်စုံတွေ အများကြီးကော ဝယ်လာခဲ့တယ်။ အချိန်ခဏလောက်အထိ ဘာမှ ဝယ်ဖို့ မလိုတော့ဘူး”

“ ပြီး ငါ ဝိညာဥ်ကျောက်တုံး တစ်တုံးတောင် သုံးလာတာနော်”

မိုရှီရှီအတွက် ဝိညာဥ်ကျောက်တုံးတစ်တုံး သုံးပစ်ခြင်းသည် ဇိမ်ခံတဲ့အနေအထားကို ရောက်နေပြီပင်။ သူမ ဒီနေ့ အလုပ်လုပ်ပြီးသွားရင် ဝိညာဥ်ကျောက်တုံး နှစ်တုံး ပြန်ရှာမှာဆိုတဲ့အတွက် ကိုယ့်ကိုယ်ကို အဝတ်ကောင်းကောင်းလေးဝယ်နိုင်ဖို့ ဝိညာဥ်ကျောက်တုံး တစ်တုံးလုံး သုံးခွင့် ပေးထားခဲ့သည်။

ဟောင် မိုရှီရှီရဲ့ ခေါင်းလေးကို ပုတ်ပေးလိုက်သည်။

“ တော်တယ်။ ရှီရှီလေး ဒါမင်းလုပ်သင့်တဲ့ အရာပဲ”

သူမရဲ့ အခုလို တက်ကြွပျော်ရွှင်နေပုံကို မြင်ရတာဟောင့်ရဲ့ စိတ်ထဲလဲ ပျော်ရွှင်လာခဲ့သည်။ မိုရှီရှီက ငယ်ငယ်လေးနဲ့ အခက်အခဲများစွာကို ကြုံခဲ့ရတာလေ။

အနည်းဆုံး သူမအခုချိန်မှာ တည်ငြိမ်မှု တစ်ချို့ ခံစားသင့်နေပြီ။

မိုရှီရှီ မျက်တောင်ခတ်သွားသည်။

ဟောင်ရဲ့ လက်ကို သူမ အလွယ်လေး ရှောင်လိုက်လို့ရသည်။ ကျင့်ကြံသူတစ်ယောက်အနေနဲ့ သူမရဲ့ အသိစိတ်က​ ရှောင်ဖို့ပြောနေခဲ့သည်..ဒါပေမဲ့ ဘာကြောင့်ရယ်မသိ၊ သူမ မရှောင်နိုင်ခဲ့ပေ။

(အခုချိန်မှာ အားလုံးသိချင်နေတဲ့ မေးခွန်းကိုဖြေပေးမယ်.. ဆိုင်ရှင်က ဂွေးမတိုပါ။ ဂွေးတိုကြိုက်သည့်သူများ drop နိုင်ပါပြီ။

-Zeus)

All Chapters