← Chapters

(ကလေးတစ်ယောက်လား? မဟုတ်ဘူး သူမက ကျိန်စာဖြူနတ်ဆိုးကျင့်ကြံရေးဂိုဏ်းရဲ့ အမွေဆက်ခံသူပဲ!)

Vol. 3 Ch. 35

(ကလေးတစ်ယောက်လား? မဟုတ်ဘူး သူမက ကျိန်စာဖြူနတ်ဆိုးကျင့်ကြံရေးဂိုဏ်းရဲ့ အမွေဆက်ခံသူပဲ!)

Vol. 3 Ch. 35

ဟောင်က သူမရဲ့ သူဋ္ဌေးဖြစ်နေလို့ အခုလို ငြိမ်ခံခြင်း မဟုတ်ပေ။

ဟောင်က သူဋ္ဌေးမလို့ သူ့ကိုအကုန် နာခံရမယ်ဆိုပြီးလဲ သူမ မတွေးဘူး။

သူမရဲ့ အတွင်းစိတ်တစ်နေရာက… ဒါကို ဂရုမပြုတော့ဘူး။ ထူးထူးဆန်းဆန်း အခုလို ခေါင်းပုတ်ပေးခံရတာက သူမအတွက် သက်တောင့်သက်သာ ဖြစ်နေခဲ့သည်။

‘ ဟမ့်! ဒါက ဒီလောက်လဲ မဆိုးပါဘူး’

သူမ အရမ်းကြီး သည်းခံထားရဟန် ဆောင်ရင်း သက်ပြင်းတစ်ချက်ပါ ချလိုက်သေး၏။

“ သူဋ္ဌေးငါ့ကို ကလေးလို ဆက်ဆံနေတာလား?”

ဟောင် ပြုံးလိုက်ကာ

“ မင်းက ကလေးမဟုတ်လို့လား?”

မိုရှီရှီ လက်မောင်းနှစ်ဖက်ကို ပိုက်လိုက်သည်။

“ ငါက ဆယ့်သုံးနှစ်ရှိပြီ”

“ အတိအကျကို” ဟောင် သူမရဲ့ ဆံပင်ကို အနည်းငယ် ဖွလိုက်ပြီးမှ ခြေပြန်ဆုတ်လိုက်ရင်း

“ ကလေးပဲပေါ့”

မိုရှီရှီ နှာမှုတ်လိုက်ကာ စူထော်နေတဲ့ နှုတ်ခမ်းနဲ့ ဆံပင်ကိုပြန်ပြင်လိုက်သည်။ သို့ပေမဲ့ သေချာကြည့်လျှင် အနည်းငယ် အနီရောင်သန်းနေသော သူမရဲ့နားရွက်လေးကို မြင်နိုင်ပါ၏။

လင်ယွီကျွင်းတို့ အုပ်စုက စားရင်းသောက်ရင်း အလုပ်ရှုပ်နေကြသည်မို့ မိုရှီရှီတို့ဘက်ကို မကြည့်အားချေ။ ယွဲ့ရှုယန်မှ လွဲ၍ပေါ့…

ယွဲ့ရှုယန်ရဲ့ အကြည့်သည် ဟောင်နှင့် ဝတ်စုံတူ ဝတ်ထားသော ကလေးမ ထံတွင်ပဲ တစ်လျှောက်လုံးကျရောက်နေ၏။

‘ အကူအသစ်လား?’

အတွေးဝင်လိုက်ပေမဲ့ သိပ်မကြာလိုက်ချေ။ ဘာကြောင့်ရယ်မသိ ကလေးမလေးရဲ့ မျက်နှာကို သူမ ရင်းနီးနေသည်။ ယွဲ့ရှုယန် မျက်မှောင်ကြုတ်လိုက်သည်။ သူမ ထိုကလေးကို သေချာပေါက် တစ်နေနေရာမှာ မြင်ဖူးသော်ငြား မှတ်ဉာဏ်က ဇဝေဇဝါ ဖြစ်နေ၏။

ထိုအချိန်မှာ လင်ယွီကျွင်းလဲ သတိထားမိပြီး ယွဲ့ရှုယန် ကြည့်နေရာကို လိုက်ကြည့်လိုက်သည်။

မိုရှီရှီကို မြင်လိုက်တာနှင့် သူ့ရဲ့တူကို လွတ်ကျမလိုဖြစ်သွားရုံမက တစ်ကိုယ်လုံးပါ တောင့်တင်းသွားသည်။

နေအုံး…

သူ အဲ့ဒီမျက်နှာကိုသိသည်။ သေချာပေါက် မြင်ဖူးသည်။ သူ့ဆရာပြဖူးတဲ့ ပုံတူပန်းချီမှ မြင်ဖူးတာပဲ။

ထိုအချိန်မှာ သူအလွန် အံ့အားသင့်သွား၏။

ဒါကသာမာန် ကလေးမဟုတ်ဘူး။ ကျိန်စာဖြူနတ်ဆိုးကျင့်ကြံသူဂိုဏ်းရဲ့ အရမ်းကို တော်တဲ့ ဆက်ခံသူ မိုရှီရှီပဲ!

လင်ယွီကျွင်းရဲ့ နောက်ကျောက တောင့်တင်းသွားပြီး နဖူးမှာပါ ချွေးစို့လာခဲ့သည်။

ကျိန်စာဖြူဂိုဏ်းက သာမာန်ဂိုဏ်း မဟုတ်ဘူး။ ကျိန်စာတွေ၊ ပြုစားတာတွေ၊ တားမြစ်သိုင်းတွေ အသုံးပြုတာတွေမှာ ဆရာတစ်ပါးလို တော်တဲ့ဂိုဏ်းပဲ။

သူတို့ရဲ့နည်းလမ်းတွေက အရမ်းကြောက်ဖို့ ကောင်းသည်။ လူတစ်ယောက်ကို ဖြည်းဖြည်းချင်း ညှင်းပန်းပြီး သတ်တာတို့၊ ကျင့်ကြံသူတစ်ယောက်ရဲ့ သိုင်းတွေကို အခွံချွတ်သလို ဆွဲခွာပစ်တတ်တာတို့ပင်။ သူတို့တွေ အောင်မြင်စဥ်ကဆို ထိပ်သီး အမှန်တရားဂိုဏ်းတွေပင် ရန်စရဲကြတာ မဟုတ်ဘူး။

ပြီးတော့ မိုရှီရှီ…

သူမက သာမာန်ဂိုဏ်းဝင်လေးမဟုတ်ဘူး။ ဂိုဏ်းရဲ့ အမွေဆက်ခံသူ!

အသက်လေးနဲ့မှမလိုက် ဂိုဏ်းရဲ့ သေစေနိုင်တဲ့ သိုင်းပညာတွေကို အမွေဆက်ခံခဲ့တဲ့ မကောင်းဆိုးဝါး ပါရမီရှင်ပဲ!

ဒါပေမဲ့ ဒီနေရာ ဒီအချိန်မှာ သူမက ဆိုင်ဝန်ထမ်း ဝတ်စုံကိုဝတ်ထားပြီး ကလေးလို ဆံပင်ပါစည်းထားသေးတယ်ပေါ့?

လင်ယွီကျွင်း ယွဲ့ရှုယန်ကို စိတ်ထဲမှ ဆက်သွယ်လိုက်သည်။

‘ အမယွဲ့… ဒီကလေးက ကျိန်စာဖြူ နတ်ဆိုးကျင့်ကြံသူဂိုဏ်းက ဆက်ခံသူမလား?!”

လင်ယွီကျွင်းရဲ့ စကားကိုကြားတာနဲ့ ယွဲ့ရှုယန် မိုရှီရှီကို လှမ်းကြည့်လိုက်သည်။

အခုတော့ သူမ မှတ်မိသွားပြီ!

ဟုတ်တယ်။ ဒီကလေးမက မိုရှီရှီပဲ!

ကျရှုံးသွားပြီဖြစ်ပေမဲ့ တစ်ချိန်က သေလောက်အောင် ကြောက်ဖို့ကောင်းခဲ့တဲ့ ဂိုဏ်းတစ်ခုရဲ့ ဆက်ခံသူ! ဂိုဏ်းရဲ့ တည်ရှိမှုလေးနဲ့တင် ကောင်းကင်ပြာ တိုက်ကြီးတစ်ခုလုံးကို တုန်လှုပ်စေခဲ့သည်။

နှင်းပွင့်လွှာဂိုဏ်းရဲ့ ပင်မတပည့် စုဝေးပွဲတစ်ခုတွင် သူမ ပုံတူမြင်ဖူးခဲ့သည်။ ဂိုဏ်းအကြီးအကဲများက သူမကို မြင်တာနဲ့ ဖမ်းနိုင်လျှင်ဖမ်းပြီး၊ မဖမ်းနိုင်လျှင် ရှောင်ထွက်ခိုင်းထားတာပင်။

ကျိန်စာဖြူဂိုဏ်းက ကျသွားပြီဆိုသော်ငြား မိုရှီရှီက လူများစွာရဲ့အမြင်တွင် အန္တရာယ်တစ်ခု ဖြစ်နေဆဲပဲ။

သတင်းတွေအရ မိုရှီရှီက ငယ်သေးမှန်း ယွဲ့ရှုယန် သိပါသည်။ ဒါပေမဲ့ အခုလို ကလေးမလေး ဖြစ်လိမ့်မယ်လို့တော့ မမျှော်လင့်ထားမိဘူး။

‘ ငါ မသေချာဘူး’

‘ သူမက ဒီလောက်ငယ်တယ်လား?’

‘ အမယွဲ့သိတယ်မလား ငါက မှတ်ဉာဏ်ကောင်းတယ်ဆိုတာ.. သူမက ကျိန်စာဖြူဂိုဏ်းရဲ့ ဆက်ခံသူလို့ ငါထင်တယ်နော်’

လင်ယွီကျွင်း တံတွေးမြိုချလိုက်သည်။

‘ ငါ့ဆရာပြတဲ့ ပုံတူက အတုသာ မဟုတ်လို့ကတော့ သူမက သေချာပေါက် ဆက်ခံသူပဲ’

ယွဲ့ရှုယန်ရဲ့ မျက်နှာက ဖတ်မရအောင် တည်ငြိမ်နေခဲ့သည်။

‘ အခု တိတ်တိတ်နေအုံး’

မိုရှီရှီဆီကနေ သူတို့တွေ အကြည့်လွှဲဖို့ လုပ်လိုက်ချိန်မှာပဲ မသိနိုင်သော ဖိအားတစ်ခုက ကျရောက်လာခဲ့သည်။ သူတို့ရဲ့ ခန္ဓာကိုယ်တွေ တောင့်တင်းသွားလေ၏။

သူတို့တွေ ဇွတ်လှုပ်ရှားလိုက်လို့ရသည်.. ဒါပေမဲ့ သူတို့သာ လှုပ်ရှားလို​က်မိရင် သေချာပေါက် သေလိမ့်မယ်လို့ တစ်ယောက်ယောက်က ပြောနေသလိုပဲ။

သူတို့တွေ မိုရှီရှီနဲ့ အကြည့်ချင်း ဆုံမိသွား၏။

လင်ယွီကျွင်းရဲ့ နှလုံးက ဆောင့်ခုန်သွားသည်။

‘ချီးပဲ!’

သူတို့တွေ မိသွားပြီလား?

မိုရှီရှီက မျက်လုံးမှား မှေးစင်းလာခဲ့ပြီး

‘ သူတို့ငါ့ကိုသိတာလား?’

သူမရဲ့ လက်တွေက အနည်းငယ် တင်းကျပ်သွားသည်။ သူတို့တွေ သူမနောက်လိုက်ဖို့ ရောက်နေကြတာလား?

မဟုတ်ဘူး။ အဲ့လိုပုံမပေါက်ဘူး။ သူမ ဆိုင်ထဲဝင်လာတုန်းက သူတို့တွေ ပုံမှန်လို စားသောက်နေကြတာလေ။

ထိုအချိန်မှာ ဟောင် နောက်ဆုံးတော့ တစ်ခုခု ထူးဆန်းနေတာ သတိထားမိခဲ့ပြီ။ ယွဲ့ရှုယန်နဲ့ လင်ယွီကျွင်းက မျက်နှာချင်းဆိုင်ကို စိုက်ကြည့်နေပြီး သူတို့ရဲ့မျက်နှာတွေက တောင့်တင်းနေခဲ့၏။

ဟောင် မျက်မှောင်ကြုတ်သွားသည်။

‘ နေအုံး.. သူတို့တွေ မိုရှီရှီကို သိတာလား?’

‘ ဒါဆို..မကောင်းတော့ဘူးမလား?’

ကိစ္စတွေ ပိုမဆိုးလာခင် ဟောင် လက်ခုတ်တစ်ချက်တီးကာ ကြားဝင် စကားပြောဖို့ ပြင်လိုက်သည်။

“ အိုး မင်းတို့တွေ ဒီကလေးကို မသိသေးဘူးမလား?”

ရုတ်တရက် အသံထွက်လာခဲ့တော့ ဟွာဖေးရှုနဲ့ ရှောင်လျန်ဖန်းပင် ခေါက်ဆွဲစားနေရာမှ ရပ်သွားခဲ့သည်။ သူတို့တွေ လှည့်ကြည့်လာကြပြီး ခေါင်းထဲမှာ ရှုတ်ထွေးမှုတွေ ပြည့်သွား၏။

ထိုအချိန်မှာ လင်ယွီကျွင်းနဲ့ ယွဲ့ရှုယန်အပေါ် ကျရောက်နေတဲ့ ဖိအားက ချက်ချင်းပဲ မရှိခဲ့သလို ပျောက်ကွယ်သွားတာကို ခံစား မိလိုက်သည်။

ဟောင် မိုရှီရှီကို သာမာန်လို လက်ယမ်းပြလိုက်ပြီး

“ ဒါကရှီရှီလေးပါ။ ငါတို့ဆိုင်ရဲ့ ပထမဆုံး အကူပေါ့”

ဟောင် ပြုံးလိုက်ရင်း

“ မင်းတို့ငါ့ကို လေးစားကြသလို သူမကိုလဲ လေးလေးစားစား ဆက်ဆံကြပါ”

“ မှတ်ထားပေါ့။ ငါမရှိတဲ့အခါမျိုးဆို သူမက တာဝန်ရှိသူပဲ”

ခေါက်ဆွဲစားနေရင်းတန်းလန်းမှ ဟွာဖေးရှု အရင် ပါးစပ်ထဲ သွင်းလိုက်သည်။ ပြီးမှ မိုရှီရှီကို လှည့်ကာ ပြုံးပြလိုက်၏။

“ အို့ ရှလွတ်! ဟီးဟီး မင်္ဂလာပါ ရှီရှီလေး”

“ မင်းက ချစ်စရာလေး”

သူမ နောက်တစ်လုပ် သွင်းလိုက်ပြန်သည်။

“ ဆိုင်ရှင် သူမကို ဖမ်းခေါ်လာတာတော့ မဟုတ်ဘူးမလား?”

လင်ယွီကျွင်း ထိုင်ခုံကနေ ထခုန်မိတော့မည်။ ဟွာဖေးရှုက ဆိုင်ရှင်လိုမျိုးပါ ‘ရှီရှီလေး’ လို့ ခေါ်လိုက်သေးတယ်?!

နေရာမှာတင် အလောင်းဖြစ်သွားမှာ သူမ မကြောက်တာလား?

လင်ယွီကျွင်း ကိုယ်ကို မတ်ကာ အမြန်ပြောလိုက်သည်။

“ အဟမ်း”

“ မင်္ဂလာပါ ရှီရှီမိန်းကလေး ငါတို့ကို စိတ်မရှိပါနဲ့”

“ ငါတို့က ဆိုင်ရဲ့ အရမ်းကောင်းတဲ့ ဟင်းလျာတွေကို လာစားကြတဲ့ သာမာန် ဈေးဝယ်တွေပါ”

“ မှန်တယ်နော်? သူဋ္ဌေးဟောင်”

‘ မိန်းကလေး ရှီရှီတဲ့?’ ဟောင် ရယ်ချင်သွားသည်။

“ ဟုတ်တယ် ရှီရှီလေး။ သူက ယွင်ကျင်းတဲ့ ဆိုင်ရဲ့ ပထမဆုံးသော ဈေးဝယ်”

“ ပြီးဟိုနားက အသံကျယ်ကျယ်နဲ့ တစ်ယောက်က ဖေးရှု”

ယွဲ့ရှုယန်လဲ အနည်းငယ် ခေါင်းညိတ်ပြလာပြီး

“ တွေ့ရတာ ဝမ်းသာပါတယ် ရှီရှီ”

“ ငါက နှင်းပွင့်လွှာဂိုဏ်းက ယွဲ့ရှုယန်ပါ”

သူမက ဟွာဖေးရှုဘက်ကိုပါ တစ်ချက်လှည့်ပြီး ပြုံးပြလိုက်သည်။

“ ငါ့ညီမလေးကို စိတ်မရှိပါနဲ့။ သူမက စကားမပြောခင်မတွေးတတ်ဘူး”

“ သူမ စကားအပြောအဆိုမတတ်လို့ စည်းကျော်မိတာ ရှိခဲ့ရင် ငါတို့ မရည်ရွယ်ပါဘူး”

လင်ယွီကျွင်းနဲ့ ယွဲ့ရှုယန်က အကြည့်ဖလှယ်စရာ မလိုဘဲ ဘာလုပ်သင့်တယ်ကို သိသည်။

သူတို့ မိုရှီရှီကို အလွန့်အလွန် လေးစားသမှုနဲ့ ဆက်ဆံမှဖြစ်မည်!

သူမက သူတို့ထက် သန်မာလို့တစ်ခုတည်းနဲ့ မဟုတ်ဘူး။ သူမက ကျဆုံးသွားတဲ့ ကျိန်စာဖြူဂိုဏ်းရဲ့ ဆက်ခံသူဖြစ်နေတာ တစ်ခုထဲကြောင့်ပဲ မဟုတ်ဘူး။

အဓိက အကြောင်းအရင်းက ဆိုင်ရှင်ရဲ့ ကြေညာပေးမှုကြောင့်ပဲ။

မိုရှီရှီကို ဆိုင်ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် အတိအလင်းကြေညာလိုက်တာက သူမကို ထိတဲ့သူမှန်သမျှ အကိုဟောင်ကို စော်ကားတာပဲလို့ ဆိုလိုတာပဲ။

ဟောင်က ဘယ်သူမလို့လဲ?

ကျင့်ကြံရေးတိုးစေတဲ့ ခေါက်ဆွဲရောင်းပေးနေတဲ့ သတ်မှတ်လို့မရတဲ့ ပုဂ္ဂိုလ်မြတ်တစ်ယောက်လေ!

All Chapters