← Chapters

( အ​ဖေနဲ့သားနဲ့ တစ်ပုံစံထဲပဲ.. ဒါမျိုးရိုးဗီဇများလား?)

Vol. 3 Ch. 37

( အ​ဖေနဲ့သားနဲ့ တစ်ပုံစံထဲပဲ.. ဒါမျိုးရိုးဗီဇများလား?)

Vol. 3 Ch. 37

ထိုသူရဲ့ လက်တစ်ဖက်တွင် ဈေးကြီးပြီး တောက်ပလှသော ခေါက်ယပ်တောင်တစ်ခုကို ကိုင်ထား၏။ ယပ်တောင်ရှိ အလှဆင်ထားတဲ့ ကျောက်စိမ်းနဲ့ ရွှေတွေကြောင့် အကြာကြီးစိုက်ကြည့်ရင် မျက်စိကျိန်းလွန်းပြီး မျက်လုံးပါ နာသွားစေလောက်သည်။

ထိုသူက အရှေ့နောက်တစ်လှမ်းတိုးလိုက်ရင်း နဖူးကချွေးကို သုတ်လိုက်သေး၏။ ချွေးစက်တွေက တောက်ပြောင်နေတဲ့ ကြမ်းပြင်ပေါ်ကို ဝဲဖြာကျသွားသည်။

“ ရေ…ငါ ရေလိုတယ်..အခု!”

သူ့ရဲ့ အသံက ကန္တာရကြီးတစ်ခုလုံးကို မြိုချထားရသလို ခြောက်သွေ့နေခဲ့သည်။

ဟောင် မျက်လုံးများမှေးကျဥ်းပြီး အနီးကပ် လေ့လာလိုက်၏။ သူပိုကြည့်လေလေ မျက်စိထဲ ပိုရင်းနီးသလို ခံစားရလေလေပဲ။

တစ်ချိန်လုံး တိတ်ဆိတ်နေတဲ့ မိုရှီရှီက နောက်ဆုံးတော့ ခပ်တိုးတိုး စကားဟလာခဲ့သည်။

“ သူဋ္ဌေး..သူ့မျက်နှာက တစ်ယောက်ယောက်နဲ့ တူနေတယ်”

“ အင်း ရှီရှီးလေး.. သူ့ပုံစံက..”

ဟောင်ရဲ့ စကားမဆုံးခင်မှာပဲ ထိုသူက အသက်ပြင်းပြင်းရှုပြီး မတ်တပ်ရပ်လိုက်သည်။ ချက်ချင်းပဲ မောပန်းနေတဲ့ အသွင်ကနေ အာဏာဆန်တဲ့ ဟန်ပန်ကို ပြောင်းသွားလေ၏။ လူသစ်တစ်ယောက် ပြောင်းသွားသလိုပင်။

“ ငါ့နာမည်က ကုန်း​ကြွယ်ယုံ၊ မြူခိုးပြာ နတ်အိမ်တော်စံအိမ်ရဲ့ ဒုတိယသခင်ကြီးပဲ။ မင်းတို့ရဲ့ အကောင်းဆုံး သောက်စရာ ယူလာခဲ့။ ပိုက်ဆံက အရေးမကြီးဘူး”

“.....”

ဟောင် ရုတ်တရက် မှတ်မိသွားပြီး တစ်ချက် ရယ်လိုက်ကာ

“ အိုး ငါအခု မှတ်မိပြီ”

(လွန်ခဲ့တဲ့အစောပိုင်းတစ်ချိန်က…)

ကုန်စုံဆိုင် အပြင်တွင် ရပ်နေရင်း ကုန်းကြွယ်ယုံရဲ့ မျက်နှာက မဲမှောင်နေခဲ့၏။

သားဖြစ်သူ ကုန်းရှောက်ယန်သည် မနေ့ညက အိမ်ကို ဒေါသတကြီးရောက်လာခဲ့ပြီး ဆိုင်ပိုင်ရှင်တစ်ယောက်ထံမှ စော်ကားခံလိုက် ရကြောင်း တိုင်လာခဲ့သည်။

သူ့ရဲ့သားကို အမြဲတမ်းအလိုလိုက်ခဲ့တဲ့ အဖေတစ်ယောက်အနေနဲ့ ဒီလိုမျိုး ဘယ်အဖြစ်ခံနိုင်ပါ့မလဲ? ဒီနေ့ သူ စာရင်းရှင်းဖို့ ရောက်လာခဲ့တာပင်။ ဆိုင်ရှင်ကို သူနဲ့ တန်တဲ့နေရာ ပြန်ပြပေးမည်။

ဒါပေမဲ့ သူတို့ ရောက်တဲ့အချိန်မှာ မထင်ထားတာ တစ်ခုဖြစ်လာခဲ့သည်။

ကုန်းကြွယ်ယုံ တံခါးဖွင့်မရခဲ့ပေ။

အစက သူ မျက်မှောင်ကြုတ်သွား၏။ အခြေခံ အစီအရင်တစ်ခုခုနဲ့ ပိတ်ထားတာများလားဟု သူ တွေးခဲ့သည်။ သူ့ရဲ့လက်ကို တံခါးပေါ်တင်ပြီး အားနှင့်တွန်းကြည့်သေး၏။

ဘာမှမထူးလာခဲ့ဘူး။

သူ ချီစွမ်းအင် အနည်းငယ် စုပြီးပါ တွန်းကြည့်သေး၏။

အသံတစ်ခုတောင် မထွက်လာခဲ့ဘူး။

သူ့ရဲ့ မျက်ခုံးတွေ တွန့်လိမ်သွားသည်။

ဒီတော့ သူတံခါးကို မတွန်းတော့ဘဲ ဆွဲကြည့်လိုက်သည်။ ဒါလဲ မထူးဘူး။

သူ့ရဲ့မျက်လုံးတွေက ဘေးရှိ မှန်နံရံကြီးတွေ အပေါ်ကျရောက်သွားပြီ။ ဒီဆိုင်က ထူးခြားမှန်း သူ့သားပြောပြီးပြီ ဖြစ်သော်ငြား အခုလောက်ထိ ခုခံစွမ်းရည်က ထိပ်သီး ရတနာ ဖြစ်နေမယ် မထင်ထားမိဘူး။

သားဖြစ်သူရဲ့စကားကို ကုန်းကြွယ်ယုံ အရင်က အဖက်မလုပ်ခဲ့ဘူး။ ဒါပေမဲ့ အခု မှန်အပေါ်မှာ လက်ဝါးတင်ပြီးအာရုံခံကြည့်လိုက်ချိန်မှာ တစ်ခါမှ မကြုံခဲ့ဖူးတဲ့ ခုခံမှုမျိုးကို ခံစားလို​က်ရသည်။

ဒါကသာမာန် မှန်မဟုတ်ဘူး။ ကြောက်ဖို့ကောင်းတဲ့ လက်ရာမြောက် ပစ္စည်း တစ်ခုပဲ!

သူ့ရဲ့နဖူးပြင်မှာ ချွေးအေးတစ်ထပ် ရွှဲသွားသော်ငြား သူ လက်မလျော့ချင်သေးဘူး။ ထို့ကြောင့် ပြင်းထန်တဲ့ လက်ဝါးရိုက်ချက်သိုင်းကို သုံးလိုက်၏။

ကျယ်လောင်သောအသံနဲ့ စွမ်းအင်များက အပြင်ဘက်ကိုပါ လှိုင်းထသွားသည်။ ဒီရိုက်ချက်က ကြီးမားတဲ့ ကျောက်တုံးကြီး များကိုပင် ကွဲကြေသွားစေလောက်သည်။

သို့ပေမဲ့ မှန်နံရံက အစင်းရာတစ်ခု မရှိသေးပေ။

“...ဟမ့်! စိတ်ဝင်စားဖို့ကောင်းတယ်”

သိုင်းသူတော်စင်နယ်ပယ် သိုင်းသမား တစ်ယောက်ရဲ့ မာနက သူ့ကိုအရှုံးဝန်ခံဖို့ ခွင့်မပြုသေးဘူး။

သူ့ရဲ့ သိုလှောင်လက်စွပ်ထဲမှ သန်မာမှု တိုးစေတဲ့ ဆေးလုံးကို ထုတ်ယူလိုက်၏။ သိုင်းသူတော်စင်နယ်ပယ် ပထမအဆင့်ရှိတဲ့ ကျင့်ကြံဆင့်အပြင် ဆေးလုံးပါ ထပ်ပေါင်းလိုက်ရင် ဘယ်တံခါးပေါက်ကမှ သူ့ကို မတားနိုင်တော့ဘူးလို့ ယုံကြည်ချက်ရှိသည်။

ဆေးလုံးက ချက်ချင်းပဲ ပျော်ဝင်သွားသည်။ သွေးကြောတွေ လှိုင်းထလာပြီး ချီစွမ်းအင်က ခန္ဓာကိုယ်အတွင်းကို ထိုးတက်လာတော့၏။

ဒီလိုနဲ့ ရှိသမျှ အားကုန်သုံးကာ ရိုက်ချလိုက်လေသည်။

ရလဒ်ကတော့…

သူ့ရဲ့လက်ပဲ ကျိုးကြေသွားလေ၏။

ကျယ်လောင်တဲ့ အသံတစ်ခုနဲ့ ကုန်းကြွယ်ယုံ ခြေလှမ်းတွေ အနောက်ဆုတ်သွား၏။ သူ့ရဲ့ မျက်နှာက မယုံနိုင်မှုကြောင့် အေးခဲနေခဲ့ပြီ။

ဘာမှမထိခိုက်ဘူး။ ခြစ်ရာတစ်ခုတောင်မှ!

နာကျင်မှုက လက်မောင်းအထိ ထိုးတက်လာခဲ့ပြီး နှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ်အဖြစ် ပင့်သက် ရှိုက်မိသွားသည်။

ဘယ်လို မကောင်းဆိုးဝါးကများ ဖန်တီးထားလို့လဲ? မဟုတ်ဘူး။ ဒါက သေမျိုးတစ်ယောက် လုပ်နိုင်စွမ်းထက် ကျော်လွန်နေပြီ!

အစီအရင် မဟာဆရာကြီးတစ်ယောက် လုပ်ထားတာ ဖြစ်မလား?

သူ့ရဲ့ အသက်ရှုနှုန်းက ပြင်းထန်လာ၏။ ချီစွမ်းအင် ကုန်လုနီးပါးဖြစ်နေရုံအပြင် လက်တစ်ဖက်လဲ ကျိုးကြေနေပြီး သူ့ရဲ့မာနကလဲ ဒယိမ်းဒယိုင် ဖြစ်နေရပြီ။

တံခါးပေါက်က သူ့ကို လာလှောင်နေသလိုပဲ။

သူ့ရဲ့အကြည့်က သားဖြစ်သူဆီကို ရွေ့သွားသည်။

“ ကုန်းရှောက်ယန်”

“ မင်းငါ့ကိုလိမ်နေတာလား?”

သားဖြစ်သူက သတိကြီးစွာ ခြေတစ်လှမ်း ဆုတ်လိုက်ပြီး

“ အဖေ ကျွန်တော်…”

“ ပိတ်ထားစမ်း” ကုန်းကြွယ်ယုံ အံကြိ​တ်လိုက်သည်။

သူ့သားပြောတာက ဒီဆိုင်ကို သေမျိုးတစ်ယောက် ပိုင်တာတဲ့။ ဒါပေမဲ့ ဒီမချိုးဖြတ်နိုင်တဲ့တံခါးကို ကြည့်ပြီး သူ မယုံနိုင်တော့ဘူး။

သူ့ရဲ့သားက ဂိုဏ်းကြီးတစ်ခုခုကိုများ ပြဿနာရှာမိထားတာလား? ဒါမှမဟုတ် လှည့်ပတ်သွားလာနေတဲ့ တာအိုပညာရှင်ကြီးကိုများလား? ဒါမှမဟုတ် ဆိုင်ရှင်ဟန်ဆောင်နေတဲ့ အလွန့်အလွန်ထူးချွန်တဲ့ သိုင်းသမားကိုလား?

သူ့ရဲ့ စိတ်ထဲမှာ ဖြစ်နိုင်ချေအားလုံးကို တွက်ချက်လိုက်သည်။ သူ ပိုတွေးမိလေလေ၊ ပိုဒေါသထွက်လာရလေလေပဲ။

“ ဒါမင်းအမှားပဲ”

သူ ဒေါသတကြီး ရွတ်လိုက်သည်။

စိတ်ပျက်စွာနှင့် ကုန်းရှောက်ယန်ကို ဘေးကို တွန်းထုတ်လိုက်၏။

သူ့ရဲ့သားဖယ်လို​က်တာနဲ့…

တံခါးက အင်အားသုံးစရာမလိုဘဲ ချက်ချင်း ပွင့်သွားတော့၏။

“....”

ပွင့်နေသော တံခါးချပ်ကို သားအဖ နှစ်ယောက် အကြောင်သား ကြည့်နေမိသည်။

ကုန်းကြွယ်ယုံ အေးစက်စွာဖြင့် နားလည်သွားလေပြီ။

ပြဿနာက သူ့သားဖြစ်နေတာပဲ!

ဒီတစ်ချိန်လုံး သူမဝင်နိုင်ရတဲ့ အကြောင်းအရင်းက…

ဘာလို့ဆို အသုံးမဝင်တဲ့ ငါ့သားက နီးနီးလေးမှာ လာရပ်နေလို့ပဲ!

သူ့ရဲ့နဖူးပြင်က သွေးကြောတွေ ထောင်ထလာခဲ့သည်။

လက်တစ်ဖက်လဲ ကျိုးခဲ့တယ်၊ အဖိုးတန် ဆေးလုံးကိုလဲ ဖြုန်းခဲ့တယ်၊ ဒါ့အပြင် ချီစွမ်းအင်က ကုန်လုနီးနီးဖြစ်နေခဲ့ပြီ…

ဒါတွေအကုန် သူ့သားကြောင့်ပဲ!

အဆိုးဆုံးက တံခါးအပေါက်ရှေ့မှာ အရူးတစ်ယောက်လို ကြိုးစားနေခဲ့ရတာပဲ!

ကုန်းရှောက်ယန် သူ့အဖေကို ကြည့်လိုက်သည်။

“ အဖေ …ကျွန်..ကျွန်တော်”

“ တော်! မင်းနဲ့ငါ ပြီးမှစကားပြောမယ်”

ကုန်းကြွယ်ယုံ သားဖြစ်သူကို အကြည့်တစ်ချက်တောင် မပေးတော့ပေ။

ထို့နောက်တွင် သူ့ရဲ့ဝတ်ရုံကို တစ်ချက်ဆွဲဆန့်ပြီး သိုလှောင်လက်စွပ်ထဲမှ ခေါက်ယပ်တောင်ကို ထုတ်လိုက်ကာ အထဲဝင် သွားလိုက်၏။ ဒါပေမဲ့ အထဲကို ဝင်လိုက်တာနဲ့ သူ့ရဲ့အသက်ရှုနှုန်းက ပိုလေးလံလာသည်။

ဆေးလုံးရဲ့ ဘေးထွက်ဆိုးကျိုး စပြနေပြီ ဖြစ်သည်။

ယာယီ သန်မာမှုမြှင့်တင်ပေးတဲ့ ဆေးလုံးတွေရဲ့ ဘေးထွက်ဆိုးကျိုးက အစွမ်းကုန်တာနဲ့ ခန္ဓာကိုယ်ကို ကန့်သတ်ချက် ကျော်သည်အထိ လွန်စွာမောပန်းစေသည်။

( လက်ရှိကို ပြန်ရောက်လာပြီ…)

‘ ဒီတော့ဒါက ငါတို့မနေ့က ကန်ထုတ်ခဲ့တဲ့ သခင်လေးရဲ့အဖေပေါ့?’

လယ်ဗယ်ထပ်မြင့်တဲ့ ဘော့စ်ရောက်လာမယ်လို့ ဟောင် မျှော်မှန်းပြီးသားပါ။ ဒါပေမဲ့ ဒီလောက်မြန်မယ် မထင်ခဲ့မိဘူး။

ပိုသန်မာတဲ့ မိသားစုဝင်တွေ ပေါ်မလာခင် ကြားထဲ အချိန်ခဏတော့ ပေးကြရတယ် မဟုတ်ဘူးလား?

ဟောင် ဝင်ပါရမလား၊ မိုရှီရှီနဲ့ လွှတ်ထားရမလား တွေးနေစဥ်မှာပဲ သူမက ပြောလိုက်၏။

“ ဖျော်ရည်က ဟိုဘက်စင်မှာပါ အဖိုး”

မိုရှီရှီက မှန်ရေခဲသေတ္တာကို လက်ညိုး ထိုးပြလိုက်သည်။

“....”

ကုန်းကြွယ်ယုံ ကြားလိုက်ရသော စကားကြောင့် မျက်လုံးတွေ တွန့်လိမ်သွား၏။

‘အဖိုး?’

ဒီကလေးမက ငါ့ကို အဖိုးလို့ခေါ်ရဲတယ်? ငါ့လို ဂုဏ်သရေရှိ သိုင်းသူတော်စင်နယ်ပယ် ကျင့်ကြံသူကိုလေ?

ငါ့ရဲ့စကားတစ်ခွန်းနဲ့တင် ဂိုဏ်းငယ်တွေကို တုန်လှုပ်အောင် လုပ်နိုင်တယ်။ ဒီလို လေးစားစရာ ပုဂ္ဂိုလ်တစ်ယောက်ကို အဖိုးလို့ ခေါ်လိုက်တာလား?

သူ့ရဲ့မျက်နှာက မဲမှောင်သွားပေမဲ့ ချက်ချင်းပဲ ပြန်ထိန်းလိုက်သည်။ သူ့မှာရန်ဖြစ်ဖို့ အား မကျန်တော့ဘူး။

ဒါပေမဲ့ ဒီကလေးမက နေရာကို ညွှန်ပြရမှာ မဟုတ်ဘဲ သူ့ကို ဖျော်ရည်ယူပေးသင့်တာ မဟုတ်ဘူးလား?

ဒီဘတ်ခေတ် လူငယ်တွေရဲ့ အခြေခံ ယဥ်ကျေးမှုတွေဘယ်ရောက်ကုန်တာလဲ?

စိတ်တိုမှုကို ဖိနှိပ်ရင်း ကုန်းကြွယ်ယုံ ရေခဲသေတ္တာနားကို အတင်းသွားလိုက်သည်။

အနည်းဆုံးတော့ သူ သောက်စရာကို တွေ့နေရပြီပဲ။

ထူးဆန်းသော အနီရောင်ဗူးများကို သပ်ရပ်စွာ တန်းစီထားသည်။ ကုန်းကြွယ်ယုံ သူကြည့်နေမိတဲ့အရာကို ဘာမှန်းမသိတော့ချေ။

ဒါကတစ်ကယ်ပဲ လန်းဆန်းစေမှာလား?

ထို့နောက်တွင် သူ့ရဲ့မျက်လုံးက ဈေးနေရာကို ရောက်သွားသည်။

“....”

ဝိညာဥ်ကျောက်တုံးသုံးတုံး။

သောက်စရာတစ်ခုအတွက်ကို…

သောက်စရာတစ်ခုကိုလေ!

ဝိညာဥ်ကျောက်တုံးသုံးတုံးတောင်!

သူတို့ရဲ့ နတ်အိမ်တော်မှာတောင် ဈေးအကြီးဆုံး အခါးရည်က ဒီလောက် ဈေးမကြီးဘူး။

All Chapters