( ရှီရှီရဲ့ လက်ဝါးချက်ရှေ့မှာ လက်သီးတစ်ချက် အတွက် အခွင့်အရေး လုံးဝမရှိဘူး!)
Vol. 3 Ch. 38
ကုန်းကြွယ်ယုံရဲ့ လက်နှစ်ဖက်လုံး တုန်ယင်သွားသည်။ သားဖြစ်သူက ဆိုင်ရဲ့ မြင့်မားလှတဲ့ ဈေးအကြောင်း ကြိုပြောထားသော်ငြား အခုလို မယုံနိုင်စရာ ကောင်းနေမယ်လို့ မထင်ခဲ့မိဘူး။
ဒီဆိုင်က တောင်ဓားပြတွေထက်တောင် ဆိုးရွာနေသေးသည်!
အရာရှိတွေဆီ တင်ပြမှာဖြစ်တော့မည်!
လာဘ်စားတဲ့ကုန်သည်တွေတောင် ဒီလောက် အရှက်မရှိစွာ ဈေးမတင်ရဲဘူး!
ဒါပေမဲ့ သူ စိတ်တိုစွာ ဆိုင်ကို ဆဲရေးတော့မည့် အချိန်မှာပဲ လည်ချောင်းက တင်းကျပ်လာခဲ့သည်။ သူ့ရဲ့ တစ်ကိုယ်လုံးက လဲကျတော့မလို ခံစားနေရ၏။
ဒီအချိန်မှာ လည်ချောင်းကို စိုစွတ်စေမဲ့အရာထက် အရေးကြီးတာ ဘာမှ မရှိတော့ဘူး။
သူ အမြန်ပဲ ငါးဗူးထုတ်လိုက်ပြီး ကောင်တာကို အပြေးသွားလိုက်၏။
“ ငါဒါတွေ အကုန်ဝယ်မယ်”
ကုန်းကြွယ်ယုံ သူ ပြန်သက်သာတာနဲ့ ဒီဆိုင်ကို သေချာပေါက် ပြန်ပေးဆပ်ခိုင်းမယ်လို့ စိတ်ထဲမှ ကြိန်းဝါးလိုက်သည်။
မိုရှီရှီက ကုန်းကြွယ်ယုံ ပေးနေတဲ့ ပိုက်ဆံထဲက ဝိညာဥ်ကျောက်တုံးသုံးတုံးကိုပဲ ယူကာ ကိုလာတစ်ဗူး ပေးလိုက်သည်။
ဟောင် အရင်က စကန်ဖတ်တဲ့ပုံစံကို မြင်ဖူးပြီးသားမို့ သူမ အလွယ်တကူ လုပ်နိုင်ခဲ့၏။
“ အဖိုး တစ်ရက်မှာ အမျိုးအစားတစ်ခုကို တစ်မျိုးပဲဝယ်နိုင်တယ်”
မိုရှီရှီ ပြောရင်း နံရံမှ ဘုတ်ပြားကို လက်ညိုး ထိုးလိုက်သည်။
ကျန်တဲ့လေးဗူးကိုပါ ပြောပြီးတာနဲ့ ပြန်ယူသွားပြီး ရေခဲသေတ္တာထဲ ထည့်လိုက်သည်။
ဘေးမှာ ရပ်နေရင်း ဟောင် စိတ်ကျေနပ်နေရ၏။ မိုရှီရှီက သူနဲ့ ပိုပိုပြီး တူလာတာပဲ။ ဆိုင်ရဲ့ စည်းကမ်းတွေကို သဘာဝကျကျ ပြောနိုင်နေတာကြောင့် ဟောင် ကျေနပ်မှုနဲ့ ခေါင်းတစ်ညိတ်ညိတ် ဖြစ်သွား၏။
ကလေးတွေ လုပ်တာမှန်တဲ့အချိန် ကျေနပ်သွားတဲ့အဖေတစ်ယောက်ရဲ့ ခံစားချက်က ဒါများလား?
ဆိုင်ရဲ့စစ်မှန်တဲ့အရောင်းဝန်ထမ်း တစ်ယောက် ပြုမူသင့်တဲ့ပုံစံပဲဒါက!
ထိုအချိန်မှာ ကုန်းကြွယ်ယုံကတော့ ဘုတ်ပြားကိုပဲ ကြည့်နေနိုင်တော့သည်။
ဒါဘယ် ခွေးချီးလို စည်းကမ်းချက်တွေလဲ?
တစ်ရက်မှာ တစ်မျိုးပဲဟုတ်လား?
သူ အမြင်မှားနေတာများလား? အစောက သောက်လိုက်တဲ့ ဆေးလုံးကြောင့် သူ့ရဲ့ စိတ်တွေ ရှုတ်ထွေးနေတာလား?
သူ သုံးကြိမ်တောင် မျက်တောင် ခတ်လိုက်၏။ ဒါပေမဲ့ ဘာမှမပြောင်းလဲ သွားပေ။
မဟုတ်ဘူး။ ဒါအမှန်တရားပဲ!
ဒါမှမဟုတ် ဒါကသေမျိုးတွေရဲ့ ရက်စက်တဲ့ စီးပွားရေး နည်းလမ်းတစ်ခုလား?
ပထမဆုံး ရောင်းကုန်ကို အဆမတန် ဈေးတင်ထားပြီး လူတွေကို ဝယ်ကြည့်ချင်စိတ် ပေါက်လာအောင် လုပ်ကြမယ်။ ပြီးတော့ လူတွေထပ်လိုချင်လာပြီဆိုရင် ကန့်သတ်ချက်တွေ ထားပစ်မယ်?
ဒါက သာမာန်ငွေညှစ်တာ မဟုတ်တော့ဘူး။ ငွေကိုတွက်ချက်ပြီးကို လိမ်စားနေကြတာပဲ!
“...ငါဒါကိုဘယ်လို ဖွင့်ရမှာလဲ?”
ကုန်းကြွယ်ယုံ ပြောလိုက်သည်။
မိုရှီရှီ ထိုသူ့ကို စိုက်ကြည့်လိုက်ပြီး ဘူးပေါ်က အဝိုင်းပြားလေးကို ပြလိုက်သည်။
“ ဒါကိုဆွဲမလိုက်ပြီး အနောက်ကိုဆွဲသွားလိုက်”
ကုန်းကြွယ်ယုံ ပြောတဲ့အတိုင်း လိုက်လုပ်လိုက်သည်။ ရှတတ အသံတစ်ခုနဲ့ အဖုံးပွင့်သွားချိန်မှာ သူ့ရဲ့မျက်လုံးတွေ ပြူးကျယ်သွားရ၏။
ဖုံးကွယ်ထားတဲ့ ပစ္စည်းတစ်မျိုးမျိုးလား?
ဒါပေမဲ့ သူ အရမ်းတွေးချိန် မရခဲ့ပေ။ သူ အရမ်းရေဆာနေပြီ။
တုံ့ဆိုင်းမှုမရှိ သူချက်ချင်းပဲ ခေါင်းစောင်းကာ တစ်ဗူးလုံးကို မော့ချလိုက်သည်။
အေးတယ်!
ချိုတယ်!
သူ့ရဲ့ လည်ချောင်းတစ်ခုလုံး လောင်ကျွမ်းသွားသလို ခံစားရပေမဲ့ တစ်ကိုယ်လုံး လန်းဆန်းသွားသည်!
သူ့ရဲ့မျက်လုံးတွေ ပိုပြူးကျယ်လာရသည်။
ဒါကဘာလဲ? ဒါက သူအရင်က သောက်ဖူးတဲ့ ဘယ်လိုအခါးရည်မျိုးနဲ့မှ မတူဘူး!
စက္ကန့်အနည်းငယ်အတွင်းမှာပဲ ကိုလာတစ်ဗူးလုံး ကုန်သွားပြီ။
“အား”
ကျေနပ်စွာ ရေရွတ်မှုအပြီးမှာ သူ့ရဲ့တစ်ကိုယ်လုံးကို အအေးဓာတ်က လွှမ်းခြုံသွားသည်။
ထို့နောက်မှာ တစ်ခုခုက ပြောင်းလဲသွားခဲ့သည်။
သူ့ရဲ့အသက်ရှုမှုက တည်ငြိမ်လာပြီး ကြွက်သားတွေ သန်မာလာ၏။
သူ့ရဲ့ခန္ဓာကိုယ်က… ပြန်ကောင်းလာခဲ့ပြီ!
မဟုတ်ဘူး ပြန်ကောင်းတာထက် ပိုတယ်!
သူ့ရဲ့အာရုံခံမှုက ပိုထက်လာပြီး လှုပ်ရှားမှုက ပိုမြန်လာတယ်!
သူလေထဲကို လက်သီးတစ်ချက် သွင်းလိုက်သည်။
မြန်လိုက်တာ!
သူ့ရဲ့ ခန္ဓာကိုယ်တုံ့ပြန်မှုက အနည်းဆုံးနှစ်ဆလောက် မြန်သွားခဲ့သည်!
ကုန်းကြွယ်ယုံရဲ့ မျက်နှာက မဲမှောင်သွားပြီး ဟောင်နဲ့ မိုရှီရှီဘက်ကို ချာခနဲ လှည့်ကြည့်လိုက်သည်။
“...မင်းတို့..ငါ့ကို ဘာသောက်ခိုင်းလိုက်တာလဲ?”
သူ ရှေ့တစ်လှမ်းတိုးလာပြီး အရှိန်အဝါတွေလဲ ပိုပြင်းထန်လာ၏။
“ ဒါက အဆိပ်လား?!”
မဟုတ်ဘူး.. ဒီအစွမ်းလောက်နဲ့ဆို.. တားမြစ် ဆေးလုံးများလား?!
သူ လှည့်စားခံလိုက်ရပြီ!
ယာယီ အစွမ်းတိုးစေပြီး တစ်သက်လုံး ထိခိုက်မှု ဖြစ်စေတော့မှာလား?!
သူ့ရဲ့ မျက်နှာက ဒေါသကြောင့် ရှုံ့မဲ့သွားပြီး
“ သူတောင်းစားတွေ! ငါ့ရဲ့တစ်ဘဝလုံးကို စုတ်ပြတ်စေမဲ့ အရာကို စားသုံးဖို့ လှည့်စားခဲ့တာလား?!”
သူ့ရဲ့ လူသတ်ငွေ့က ပြင်းထန်လာခဲ့သည်။
သူ့သားပြောတာမှန်သည်- ဒီဆိုင်က အန္တရယ်များတယ်!
သေမျိုးတွေပိုင်တဲ့ ဆိုင်ငယ်လေးတစ်ခုကများ ငါ့ကိုလှည့်စားရဲတယ်! ငါ့လို မြူခိုးပြာနတ်အိမ်တော်ရဲ့ ဒုတိယသခင်ကြီးကို?!
ကုန်းကြွယ်ယုံ ထို ကလိမ်ကကျစ် ဆိုင်ရှင်ကို ရိုက်နှက်ဖို့ ပြင်လိုက်သည်။
ဒါပေမဲ့ ဟောင် အကြည့်တစ်ချက်သာ ပေးလိုက်သည်။ တည်ငြိမ် အေးဆေးနေတဲ့ မျက်နှာတွင် ကြောက်ရွံ့မှုတစ်စက် မရှိချေ။
ကုန်းကြွယ်ယုံ တွန့်ဆုတ်သွားသည်။ ဒါက ယုံကြည်ချက်မြင့်နေတာလား? ဒါမှမဟုတ် ဒီကောင်က အရူးမလို့လား?
ရတယ်။ အရေးမကြီးဘူး။
ငါ ဘယ်လိုမှ နောက်ပြန်ဆုတ်မှာ မဟုတ်ဘူး!
နောက်ဆုံးချီစွမ်းအင်ကို သုံးပြီး သူ့ရဲ့အသန်မာဆုံး သိုင်းဖြစ်တဲ့ သံမဏိ ဖြိုခွင်းလက်သီးကို သုံးလိုက်သည်။ သူ့ရဲ့ လက်သီးချက်က အင်အားအပြည့်နဲ့ဟောင်ရဲ့ မျက်နှာတည့်တည့်ကို အပြေးသွားတော့သည်။
လက်သီးချက် ကျမလာခင်မှာပဲ ဟောင် အနောက်လှည့်ပြီး မိုရှီရှီကို ခေါင်းညိတ်ပြလိုက်၏။
ကုန်းကြွယ်ယုံကို အတွေးတစ်ချက်နဲ့ အင်အားမရှိတော့အောင် သူ လုပ်လိုက်လို့ရသည်။ ဒါပေမဲ့ အဲ့လို လုပ်လို့ ဘယ်ပျော်ဖို့ကောင်းမှာလဲ?
‘ ငါရဲ့ရှီရှီလေးကို ကိုင်တွယ်ခိုင်းလိုက်မှာပေါ့’
ကုန်းကြွယ်ယုံရဲ့ အန္တရာယ်သိစိတ်က နိုးကြွလာခဲ့သည်။
တစ်ခုခု တော့ မှားနေပြီ!
မိုရှီရှီရဲ့ နှုတ်ခမ်းတွေက ပြုံးသွား၏။
‘ အခုမှ တစ်ကယ့်အလုပ် လုပ်သလို ခံစားရတော့တယ်’
ထို့နောက်မှာ သူမ ပျောက်ကွယ်သွား၏။
ကုန်းကြွယ်ယုံ မတုံ့ပြန်နိုင်ခင်မှာပဲ မိုရှီရှီက အရှေ့ကနေ ဘွားခနဲ ပေါ်လာပြီး သူ့ရဲ့လက်သီးကို လမ်းတစ်ဝက်မှာ ဖမ်းလိုက်၏။
ကုန်းကြွယ်ယုံ လက်သီးထဲ ထည့်ထားသမျှ အားတွေအကုန်… ပျောက်သွားခဲ့ပြီ။
မိုရှီရှီရဲ့ လက်ဝါးထက်တွင် ဖျော့တော့သော အနက်ရောင်အမှတ်အသားတစ်ခု ထွက်ပေါ် လာခဲ့သည်။
“ မျက်လုံးတစ်ထောင် ကျိန်စာ”
ကုန်းကြွယ်ယုံရဲ့ အမြင်က နှောက်ယှက်ခံလိုက်ရပြီး ပတ်ပတ်လည်တစ်ခုလုံး မှုန်ဝါးသွားသည်။
ထို့နောက်မှာ…
မျက်လုံးတွေ..
နေရာတိုင်းပဲ!
မျက်တောင်ခတ်နေကြတယ်၊ ကြည့်နေကြတယ်၊ စိုက်ကြည့်နေကြတယ်..
သူ့ရဲ့ စိတ်ဝိညာဥ်ထဲကိုပါ ထိုးဖောက်ကြည့်နေ ကြသလိုပဲ!
ကုန်းကြွယ်ယုံ ဘယ်လောက်ပဲ ရုန်းကန်ပါစေ မိုရှီရှီရဲ့ စူးရှတဲ့ အကြည့်တွေကနေ မလွတ်မြောက်နိုင်ခဲ့ဘူး။ သူ့ရဲ့ စိတ်တွင်းမှာ ထွက်ပြေးဖို့ လှုံ့ဆော်နေကြသော်ငြား သူ့တစ်ကိုယ်လုံး မလှုပ်ရှားနိုင်ခဲ့ဘူး။
သူ့ကို တစ်စုံတစ်ရာ.. တစ်စုံတစ်ခုက စောင့်ကြည့်နေသလိုပဲ။
မဟုတ်ဘူး။ အရာအားလုံးက သူ့ကို စိုက်ကြည့်နေတာ!
သံသယလွန်ကဲစိတ်က သူ့အတွင်းစိတ်ကို ဗလာဖြစ်သွားစေကာ အတွေးတွေက ရစ်ပတ် နွယ်တက်လာပြီး အဆုံးမှာ ဒေါသကြီးလာရ၏။
မဟုတ်ဘူး…
မဟုတ်ဘူး မဟုတ်ဘူး မဟုတ်ဘူး!
သူ့ရဲ့ ခန္ဓာကိုယ်က တုန်ယင်လာခဲ့ပြီး ခြေထောက်တွေ ပျော့ခွေကြသွားသည်။
ဘုတ်!
သူ လဲကျသွားခဲ့သည်။
အေးစက်မှုက ကြီးစိုးလာ၏။
ဟောင် သက်ပြင်းချရင်း ခေါင်းအသာ ရမ်းလိုက်တော့သည်။
‘ ရှီရှီလေးက ကြမ်းတာပဲ’
ဒါပေမဲ့ သူမ အင်အားအနည်းပဲ သုံးရသေးတာ သူကောင်းကောင်း သိနေသည်။
“ ရှီရှီလေး သူ့ကိုပစ်ထုတ်လိုက်တော့။ အဲ့လို ပြသနာရှာတဲ့ ဈေးဝယ်တွေ မလိုဘူး”
ဟောင် မဲ့လိုက်သည်။
ကိုလာကိုများ အဆိပ်လို့ပြောရဲတယ်လား? သူဘာတွေ တွေးနေတာလဲ?
မိုရှီရှီ ကိုယ်ကိုငုံ့လိုက်ကာ လက်နှစ်ဖက်နဲ့ ကုန်းကြွယ်ယုံရဲ့ ခန္ဓာကိုယ်ကြီးကို မလိုက်၏။
တံခါးဖွင့်ပြီးနောက်မှာ သူမ ကုန်းကြွယ်ယုံကို မတ်တပ်ရပ်အနေအထားအတိုင်း ထားလိုက်သည်။
ထို့နောက်တွင် ကုန်းကြွယ်ယုံရဲ့ ဗိုက်ပေါ်ကို လက်တစ်ဖက် တင်လိုက်ပြီး
“ သွားစေ!”
ဘုန်း!
ကုန်းကြွယ်ယုံတစ်ယောက် အမြှောက်ဆံတစ်ခုလို အရှေ့ကို ပြေးထွက်သွားပြီး နံရံနဲ့ ဝင်ဆောင့်လေ၏။
“ဂါး..အား”
နာကျင်မှုက တစ်ကိုယ်လုံးပျံ့တက်လာချိန်မှာ မျက်လုံးနှစ်ဖက်က အကြောင်သားပြူးကျယ်ရုံသာ တတ်နိုင်တော့သည်။
မိုရှီရှီက လူကိုခုန်ပြန်စေတဲ့ သာမာန် ကျိန်စာကို သုံးခဲ့တာပင်။ ဒါပေမဲ့ ကုန်းကြွယ်ယုံ အစောပိုင်းက လက်သီးတွင်ထည့်ခဲ့တဲ့ အင်အား အကုန်လုံးကို စုပ်ယူထားပြီး အခုချိန်မှာ တွန်းကန်အားအဖြစ် ပြန်သုံးပေးခဲ့သည်။
မိုရှီရှီ လက်နှစ်ဖက် ပိုက်ထားရင်း ကုန်းကြွယ်ယုံကို အေးစက်စွာကြည့်လိုက်သည်။
‘ ငါ့သူဋ္ဌေးကို ဒုက္ခပေးချင်တယ်ပေါ့?’
သူမ မျက်နှာမဲ့ပြလိုက်ပြီး ဆံပင်ကို သပ်တင်လိုက်သည်။
‘ ငါအလျော့ပေးထားတာ ကံကောင်းသွားတယ်မှတ် အဖိုးကြီး’
အပြင်မှာ ဂနာမငြိမ်စွာ စောင့်နေခဲ့တဲ့ ကုန်းရှောက်ယန် အဖေကိုမြင်တာနဲ့ အမြန် ပြေးလာခဲ့သည်။
“ အဖေ! မဖြစ်ဘူး!”
အဖေဖြစ်သူရဲ့ဘေးမှာ သူဒူးထောက်ကျသွားကာ ပုခုံးများ တုန်ယင်နေ၏။
“ ဘယ်သူလုပ်တာလဲကွ? ငါ့အဖေကို ဘယ်ကောင်က..”
ဒါပေမဲ့ မျက်နှာကို မော့လိုက်တာနဲ့ မိုရှီရှီရဲ့ ကြောချမ်းဖွယ် အကြည့်ကြောင့် သူ့ရဲ့ပြောလက်စ စကားတွေ ရပ်တန့်သွားရတော့သည်။