( ဆိုင်ရဲ့ နေထိုင်သူအသစ်များနဲ့ သံပုရာ ဂက်စ်ဖျော်ရည်)
Vol. 3 Ch. 40
ကြောင်မဲလေးနှစ်ကောင်သည် အမေဖြစ်သူရဲ့ အနောက်မှ ချောင်းကြည့်လာ၏။ ဟောင်ကိုစပ်စုစွာ လေ့လာနေရင်း အမဲရောင် အမြှီးလေးနှစ်ခုက တယမ်းယမ်း ဖြစ်နေခဲ့သည်။
ထိုနှစ်ကောင်က တစ်ဖြည်းဖြည်းနဲ့ တစ်လက်မဆီ အရှေ့တိုးလာသည်။ တစ်ကောင်က အရင်ဆုံး ဟောင်ရဲ့ အင်္ကျီလက်ကို ရဲတင်းစွာတိုးဝှေ့လိုက်၏။ ကျန်တစ်ကောင်ကလဲ ထို့နောက်မှ ဟောင်ရဲ့ လက်ကိုနှာခေါင်းတစ်ရှုံ့ရှုံ့ လုပ်လိုက်ပြီး သေးငယ်တိုးညှင်းတဲ့ အသံလေး ထုတ်ပေးလာသည်။
ဟောင် မျက်တောင်ခတ်လိုက်သည်။ သူ့ရဲ့ လက်က တွန့်သွား၏။
“....အရမ်းချစ်ဖို့ကောင်းတာပဲ”
သူကြောင်မဲလေးတစ်ကောင်ကို ပွေ့လိုက်သည်။ ကြောင်မဲလေးက သေးလွန်းတော့ သူ့ရဲ့လက်ဖဝါးထဲ ကွက်တိ ဝင်သွားသည်။ အကောင်သေးလေးက ဟောင်ကို အရင်ဆုံး စိုက်ကြည့်လိုက်သေးသည်။ ပြီးတာနဲ့ ရဲတင်းစွာ ကလေးသွားလေးတွေနဲ့ တတိတိ ကိုက်လေတော့၏။
ဟောင် ကူကယ်ရာမဲ့စွာ ရယ်လိုက်သည်။
“ အို့ ငါက အစားအစာ မဟုတ်ဘူးနော်”
ကြောင်အမေကြီးက အရှေ့တိုးလာပြီး နူးညံ့စွာတို့လိုက်ချိန်မှာ ဟောင်လဲ သူ့ရဲ့ ဒူးခေါင်းပေါ်က အထိအတွေ့ကို ခံစားလိုက်ရသည်။
ထို့ကြောင့်သူ အောက်ငုံ့ကြည့်လိုက်သည်။
နောက်ထပ် ကြောင်အမဲတစ်ကောင်ကလဲ သူ့အပေါ်ခုန်တက်လာပြီး အင်္ကျီမှာ လက်သည်းနဲ့ တွယ်ကပ်ထားသေး၏။ အမြှီးတယမ်းယမ်းနဲ့ ဟောင်ကို အပြူးသား ကြည့်နေသည်။
ဟောင် သက်ပြင်းချလိုက်ရင်း
“ မင်းကော လာချင်တာလား?”
ကြောင်လေးသည် သူ့ခေါင်းနဲ့ အင်္ကျီကို ပွတ်သပ်နေရင်း သူလဲ ပွေ့ဖက်တာ လိုချင်ကြောင်း ရှင်းလင်းစွာ ဖြေကြားလိုက်သည်။
ကြောက်မက်ဖွယ် စိတ်ဝိညာဥ်သားရဲ မိသားစုမှ သူဋ္ဌေးဖြစ်သူကို တွယ်တက်စရာ အရုပ်တစ်ခုလို ကစားနေပုံကို မိုရှီရှီ တိတ်ဆိတ်စွာ ကြည့်နေလိုက်၏။
သူမရဲ့သူဋ္ဌေးက ကြောင်ကလေးတွေဆီက အနိုင်ကျင့်ခံနေရတာပဲ!
ကြောင်မဲတစ်ကောင်သည် ဟောင်ကို အပြည့်အဝ လေ့လာပြီးနောက်မှာ တစ်ခြားဘက်ကို အာရုံပြောင်းသွား၏။
လက်သည်းသေးသေးလေးများက ကြမ်းပြင်ပေါ် လျှပ်တိုက်ရင်း
မိုရှီရှီထံ တည့်တည့်ပြေးလေတော့သည်။
မိုရှီရှီ နေရာတင် တောင့်တင်းသွား၏။
ကြောင်မဲလေးသည် သူမရဲ့ဖိနပ်တည့်တည့်မှာ ရပ်သွားပြီး ခေါင်းလေးစောင်းရင်း သူမကို မျက်လုံးဝိုင်းများနဲ့ ကြည့်နေလေသည်။ အမြှီးလေးကလဲဝှေ့ယမ်းနေရင်း..
မိုရှီရှီ စိုက်ကြည့်လိုက်သည်။
ကြောင်မဲလေးလဲ စိုက်ကြည့်နေသည်။
တစ်ယောက်မှ မလှုပ်ရှားကြချေ။
“အာ.. သူဋ္ဌေး?”
ဟောင် လှည့်ကြည့်ရင်း ပြုံးသွားပြီး
“ အိုး? သူလေးက မင်းဆီက အပုတ်ခံချင်နေပုံပဲ”
“ပုတ်..ပေးရမယ်?”
ဟောင်ရဲ့ စကားကို အတည်ပြုတဲ့အနေနဲ့ ကြောင်မဲလေးက သေးငယ်တဲ့ ညည်းသံလေး ထုတ်ပေးလာပြီး ခေါင်းနဲ့ မိုရှီရှီရဲ့ ဖိနပ်ကို ပွတ်သပ်လိုက်သည်။
ကြောက်မက်ဖွယ် ကျိန်စာဖြူဂိုဏ်းရဲ့ မကောင်းဆိုးဝါး ဆက်ခံသူ မိုရှီရှီသည် လုံးဝကို တောင့်တင်းနေရပြီ။ အကြောင်းအရင်းကတော့ ကြောင်မဲလေး တစ်ကောင်က သူမဆီက ကြင်နာမှု တောင်းခံနေလို့ပင်…
ဟောင် ရယ်လိုက်ကာ
“ လုပ်ပါ ရှီရှီလေးရဲ့သူက မကိုက်ပါဘူး”
မိုရှီရှီ သက်ပြင်းချလိုက်ပြီး ထိုင်ချလိုက်ကာ တွန့်ဆုတ်ဆုတ်နဲ့ လက်လှမ်းလိုက်သည်။
သူမရဲ့ လက်ချောင်းတွေနဲ့ နူးညံ့တဲ့အမွှေးအမျှင်တွေနဲ့ ထိတွေ့ချိန်မှာပဲ ကြောင်မဲလေးက ကျေနပ်စွာ ညည်းလာပြီး ကိုယ်ကို ပိုတိုးခွေ့လိုက်သည်။
ဒါက…ခံစားရတာ မဆိုးဘူးပဲ။
မနက်ခင်းကုန်သွားတဲ့ အချိန်အထိ ဈေးဝယ်အသစ်တွေလဲ မလာခဲ့တာမို့ ဟောင်နဲ့ မိုရှီရှီ ကြောင်လေးတွေနဲ့သာ အချိန်ဖြုန်းနေလိုက်သည်။
နေ့လည်စာစားချိန်တွင် သူတို့တွေ ခေါက်ဆွဲပြုတ်လိုက်ကျပြီး အနည်းငယ်ကို ကြောင်လေးတွေကိုပါ ခွဲကျွေးလိုက်သည်။ အသင့်စား ခေါက်ဆွဲက ကြောင်လေးတွေအတွက် ကောင်းမလား ဟောင် မသေချာပေမဲ့ အရင်က အမေကြီး စားခဲ့တာကို မြင်ဖူးထားတာမို့ ကြောင်လေးတွေကို မထိခိုက်စေလောက်ဘူးဟုသာ ယူဆလိုက်သည်။
နေ့လည်စာစားပြီးချိန်မှာ မိုရှီရှီက ပုံမှန်လို အလင်းပွင့်သွားသည်။
ဒါပေမဲ့ ထိုအချိန်မှာ မထင်ထားတာ တစ်ခု ဖြစ်လာ၏။
ဟောင်ရဲ့ ဘေးမှာ ကြောင်မဲလေးတွေလဲ အငြိမ်သား ထိုင်နေကြသည်!!!
ပြီးပြည့်စုံစွာ တရားထိုင်နေတဲ့ အနေအထားမှာ ရှိနေပြီး သူတို့ရဲ့ ခန္ဓာကိုယ် သေးသေးလေးတွေမှာ အလင်းရောင် အနည်းငယ်ပင် ဖြာနေသေး၏။
“ဘာလဲ?”
‘ သူတို့တွေကော အလင်းပွင့်ကြတာလား?’
သူတို့တွေက သာမာန်ကြောင်ကော ဟုတ်ရဲ့လား? ဒါမှမဟုတ် ခေါက်ဆွဲကြောင့် တစ်ခုခု တိုးတက်သွားတာများလား?
ဟောင် ကြောင်အမေကြီးကို လှည့်ကြည့်လိုက်သည်။ သူမက အနည်းငယ် အဝေးမှာ ထိုင်နေပြီး အပြာရောင် မျက်လုံးတောက်များဖြင့် ကြောင်လေးများရဲ့ ပြောင်းလဲမှုကို လေ့လာနေ၏။
ဒါဆို ကြောင်အမေကြီးကဘာလို့ အလင်း မပွင့်တာလဲ?
ကြောင်အမေကြီးက ခေါက်ဆွဲကို လုံလောက်အောင် မစားရလို့လား?
ဒီလိုနဲ့ အချိန်တွေကုန်သွားပြီး ထိုသုံးယောက်ရဲ့ မျက်လုံးတွေ ပြန်ပွင့်လာခဲ့ပြီ။ မိုရှီရှီရဲ့ မျက်လုံးတွေ ပြန်ပွင့်လာတာနဲ့ သူမရဲ့ အရှိန်အဝါက ပိုပြီးသန်မာလာခဲ့သည်။
သူမ ကောင်းကင်ဘုရင် နယ်ပယ် အဆင့် ၆ နီးနီး ရောက်နေခဲ့ပြီ။
ထိုအချိန်မှာ… ကြောင်မဲလေးနှစ်ကောင်လဲ အတူတူပင်။ မြင်သာအောင် ပြောင်းလဲခြင်း တစ်ခုမှ မရှိဘူး။ သူတို့တွေ ရိုးရှင်းစွာ အကြောဆန်လိုက်ကြပြီး ညည်းသံပေးရင်း အမေကြောင်မဆီကို ချက်ချင်း ပြေးသွား ကြသည်။
ဒါက ဟောင်ရဲ့ အတွေးသာဖြစ်သည်။
ဒါပေမဲ့ မိုရှီရှီကတော့ တစ်ခုခု မတူတာကို ခံစားမိသည်။ သူတို့ရဲ့လက်သည်းတွေက အနည်းငယ် ပိုရှည်ပြီး သန်မာလာတာပဲ!
ဒီလိုနဲ့ ညဘက် ရောက်လာခဲ့သည်။
မိုရှီရှီရဲ့ နေ့ဆိုင်းချိန်ပြီးပြီမို့ ဟောင် သူမကို နားခိုင်းလိုက်သည်။ ဒါပေမဲ့ သူမက နားရမဲ့အစား ကြောင်လေးတွေအတွက် ဂိုထောင်မှ သူမတွေ့ထားတဲ့ တစ်ခုခုကို သွားယူလာခဲ့သည်။
ကြောင်လေးတွေက ကတ်ထူဗူးတွေထဲ အိပ်ရတာ ကြိုက်တာပဲ!
သူမ ဂိုထောင်က ယူလာတဲ့ ဗူးအလွတ်တစ်ခုချလိုက်တာနဲ့ ကြောင်လေးတွေက အထဲတန်းဝင်လာပြီး ကုတ်ခြစ်သေးသည်။ ကြောင်အမေကြီးကတော့ ပြောနေစရာမလို၊ အထဲမှာ တန်းနေရာယူလိုက်၏။
မိုရှီရှီ ထိုကြောင်မိသားစုကို အချိန်အကြာကြီး စိုက်ကြည့်နေမိသည်။
ဆိုင်ပိတ်ချိန် ရောက်လာပြီဖြစ်ပြီး ဈေးဝယ် အသစ်လဲရောက်မလာသေးဘူး။
ဟောင် ကြောင်လေးတွေကို စိုက်ကြည့်လိုက်သည်။ အတွေးတစ်ချို့ အပြီးမှာ သူ ဆုံးဖြတ်ချက် ချလိုက်၏။
သူ ဒီကြောင်လေးတွေကို မွေးစားလိုက်မည်။
ကြောင်အမေကြီးကို နာမည် ဘယ်လိုပေးရမလဲ? ခူရိုမီ..
ကြောင်ထီးလေးကိုကော? ရိုယူ..
ကြောင်မလေးကိုကျရင်.. ဆူကီ။
နာမည်အသစ်လေးတွေကို ကြောင်မိသားစုလဲ သဘောကျပုံပင်။ ခူရိုမီက မျက်တောင်ခတ်ပြလာသလို ရိုယူလေးက မြှောင်သံသေးသေးလေး ထုတ်လာ၏။ ဆူကီလေးက ဟောင်ရဲ့ လက်ဖဝါးကို ပွတ်သပ်လာခဲ့သည်။
“ ကောင်းပြီ စတိုးမှကြိုဆိုပါတယ် ကလေးတို့”
ဆိုင်ပိတ်ပြီးနောက်မှာ ဟောင် ကြောင်မိသားစုကို တတိယထပ်ကို ခေါ်သွားပြီး သူနဲ့အတူအိပ်ခိုင်းဖို့ စီစဥ်လိုက်သည်။
ဒါပေမဲ့…
ထိုသုံးယောက်လုံးက ဟောင်ရဲ့ နူးညံ့တဲ့မွေ့ယာကို လုံးဝ လျစ်လျူရှုလိုက်ပြီး အစောက ကတ်ထူဗူးထဲသာ ဝင်သွားလေ၏။
ခူရိုမီက အထဲမှာ အရင်ဝင်ခွေလိုက်ပြီးနောက်မှာ ရိုယူနဲ့ ဆူကီလဲ ဝင်လာပြီး အမေ့ရင်ခွင်ထဲ တိုးဝှေ့ကြသည်။
ဟောင် ငေးကြည့်နေမိသည်။
“...အတည်ကြီးလား?”
ဟောင် သူ့ရဲ့နဖူးကို ပွတ်သပ်ရင်း သက်ပြင်း ချလိုက်၏။
သူ အခုတင် ကြောင်သုံးကောင်ကို မွေးစားဖို့ ပြင်ဆင်ခဲ့သည်။ ဒါပေမဲ့ ထိုကြောင်သုံးကောင်က သူ့ရဲ့ နူးညံ့တဲ့ မွေ့ယာကို လျစ်လျူရှုပြီး ကတ်ဗူးကို ပိုနှစ်သက်ကြတယ်ပေါ့?
ဒါပေမဲ့ ကြောင်လေးတွေ အေးချမ်းစွာ အနားယူနေကြပုံကို မြင်တော့ သူ့မျက်နှာထက်တွင် အပြုံးတစ်ခု ပေါ်လာခဲ့သည်။
“...ကောင်းပြီ။ မင်းတို့နိုင်တယ်”
ဒီလိုနဲ့ အပြိုင်ကမ္ဘာကုန်စုံဆိုင်တွင် နေထိုင်သူ သုံးယောက် ထပ်မံရောက်ရှိလာတော့၏။
ဟောင် ပျင်းရိစွာ အကြောဆန့်လိုက်သည်။ ညအိပ်ခါနီးမှာ လုပ်နေကျ အကျင့်တစ်ခုအတိုင်း စနစ်ကို စစ်ဆေးလိုက်သည်။
သူဒီနေ့ ကောင်းကောင်း လုပ်ခဲ့တာပဲ။
……….
အရန်တာဝန်တစ်- ကိုလာမှ ဝိညာဥ်ကျောက်တုံးသုံးဆယ် စုဆောင်းရန်။
တိုးတက်မှု- 24/30မှ 30/30
ဆုလာဘ်- ရောင်းကုန် အသစ်ပွင့်မည်။ သံပုရာဂက်စ်ဖျော်ရည်။
(အလုပ်ချိန်ပြီးလျှင် ဂိုထောင်သို့ ပို့ပေးထားပါ့မည်)
အနေအထား- ပြီးမြောက်ပါပြီ! ဆုလာဘ်ကို ယူတော့မည်လော?
………………..
ဟောင် ပုံရိပ်ယောင် မျက်နှာပြင်မှ ‘ယူမည်’ ကို နှိပ်လိုက်သည်။
နောက်ဆုံးတော့ သူ့ရဲ့မျက်နှာတွင် ကျေနပ်သော အပြုံးတစ်ပွင့် ထွက်ပေါ်လာခဲ့သည်။
သံပုရာဂက်စ်ဖျော်ရည် ပေါ်လာပြီပေါ့!
အခုတော့ သူ့အနေနဲ့ ဖျော်ရည်ရွေးလို့ ရသွားပြီ။ ကိုလာနဲ့ ယှဥ်ကြည့်မယ်ဆိုရင် သံပုရာရည်မှာ ပြီးပြည့်စုံတဲ့ အချိုဓာတ်နဲ့ အချဥ်ဓာတ်ကို ခံစားနိုင်မည်!
နောက်တစ်နေ့ ရောက်လာခဲ့သည်။ သာမာန်နေ့တစ်နေ့ မဟုတ်ဘဲ ထူးခြားတဲ့ နေ့တစ်နေ့ပင်!
ဟောင် မနက်အစော ထလိုက်သည်။
သူ အစောထတာ စနစ်ရဲ့ မိုးကြိုးဒုက္ခကို ကြောက်လို့မဟုတ်ဘူးနော်…
အမှန်တော့ နည်းနည်း ကြောက်တာပေါ့။
ဒါပေမဲ့ ဒီနေ့ အစောထရတာ စနစ်နဲ့ မဆိုင်ဘူး။
သံပုရာရည်ကြောင့်ပဲ!
မိုရှီရှီနဲ့ ကြောင်လေးတွေ အိပ်နေတုန်းမှာပဲ ဟောင် ဂိုထောင်ဆီကို ဆင်းသွားခဲ့သည်။ အသစ်ရောက်နေတဲ့ ကတ်ဗူးတွေကို မြင်တာနဲ့ အမြန်ဖောက်ကြည့်လိုက်သည်။
ထင်တဲ့အတိုင်းပဲ ကြက်သားအရသာဗူး၊ အမဲသားအရသာဗူးနဲ့ ကိုလာဗူးများကို တွေ့ရသည်။
ဒါပေမဲ့ ဟောင် အဲ့ဒါတွေကို ရှာနေခဲ့တာ မဟုတ်ဘူး။
ထို့နောက်မှာ သူတွေ့သွားပြီ။
သံပုရာဂက်စ်ဖျော်ရည်။
ဗူးများကို သပ်ရပ်စွာ စီထားပြီး မီးရောင်အောက်မှာ တောက်ပြောင်နေကြသည်။
တစ်ချက်ကြည့်လိုက်လျှင် ဗူးရဲ့အရွယ်နဲ့ ပုံစံက ကိုလာနဲ့ ဆင်တူသည်။ တူညီတဲ့ သတ္ထုဗူးဖြစ်ပြီး အပေါ်မှာ ဆွဲဖွင့်စရာ အဝိုင်းပြားလေးပါ၏။ ဒါပေမဲ့ ဒီဇိုင်းက..
ဒီဇိုင်းက လုံးဝကို ကွဲပြားသည်။