← Chapters

( စိတ်ကို ပိုသန်မာစေတဲ့ ဆိုဒါဖျော်ရည်..)

Vol. 3 Ch. 41

( စိတ်ကို ပိုသန်မာစေတဲ့ ဆိုဒါဖျော်ရည်..)

Vol. 3 Ch. 41

သံပုရာဖျော်ရည်ဗူးရဲ့ အရောင်သည် အောက်ခြေတွင် ကျောက်စိမ်းရောင် အစိမ်းတောက်တောက် ရှိပြီး အပေါ်ကို တစ်ဖြည်းဖြည်းတက်သွားတာနဲ့ အပြာဖျော့ရောင်ဘက်ကို ပြောင်းသွားခဲ့သည်။

ဗူးရဲ့အလယ်တွင် ‘ သံပုရာဆိုဒါ’ ဟု အနည်းငယ် စောင်းပြီးရေးထားသော စာလုံးကြောင့် အသက်ဝင်နေသလို ခံစားရသည်။ စာလုံးရဲ့ အပေါ်တွင် ပူပေါင်းလေးတွေ ဝန်းရံထားတဲ့ သံပုရာစိတ်ပုံလေးတွေ ပါရှိသည်။ ဒီဇိုင်းနဲ့တင် မြင်တာနဲ့ လူကို လန်းဆန်းစေသည်။

ဟောင် မစောင့်နိုင်တော့ပေ။ သူ တစ်ဗူးကောက်ယူပြီး အဖုံးဖွင့်လိုက်တော့၏။

ရှီး!

မနက်အစောမှာ သောက်လိုက်လဲ ဘာမှ မဖြစ်ဘူးမလား?

ပြီးတော့ အပြိုင်ကမ္ဘာကုန်စုံဆိုင်က ပစ္စည်းက ကမ္ဘာပေါ်က သာမာန်ဖျော်ရည်တွေနဲ့ ဘယ်တူမလဲ? ဟိုဖျော်ရည်တွေက ကြည့်ရုံနဲ့တင် မင်းကို ဆီးချိုတက်စေလိမ့်မယ်။ ဒါပေမဲ့ ဒါတွေက မတူဘူးလေ။

သူ တစ်ငုံသောက်ကြည့်လိုက်သည်။

အေးမြတဲ့ စူးရှရှဓာတ်က လျှာဖျားကိုဝင်မွှေပြီး လည်ချောင်းထဲထိ အေးစက်သွားသည်။ လန်းဆန်းမှုက ဦးနှောက်ထဲ ပေါက်ကွဲထွက်သွားသည့်အပြင် စိတ်တစ်ခုလုံး ကြည်လင်သန့်စင်သွားသည်။ အချိုဓာတ် အနည်းငယ်ကိုပါ ခံစားနိုင်သည်။ လုံးဝကို အနေတော်သံပုရာအေးအေးလေးကို ဆိုဒါရောပြီး သောက်လိုက်ရသလိုပဲ။

ဟောင် မသိခင်မှာပဲ တစ်ဗူးလုံးကုန်သွားတော့၏။

ဟောင် ကျေနပ်စွာ သက်ပြင်းတစ်ချက်ချလိုက်သည်။

“ အခုမှ လန်းသွားတော့တယ်”

ကမ္ဘာပေါ်မှာ ရှိစဥ်က သူသည် ရေလူသားအဖွဲ့ရဲ့ ဂုဏ်ယူဖွယ် အဖွဲ့ဝင် တစ်ယောက်ဖြစ်ခဲ့၏။ ရေနဲ့ထမင်းပဲ။ အချိုရည်တွေ လုံးဝ မသောက်ဘူး။ ဒါပေမဲ့ အခုတော့လား? အခုတော့ သူအရမ်း စွဲလန်းနေပြီ။

ဟောင် ခေါင်းရမ်းလိုက်ရင်း ဗူးအသစ်တွေကို နေရာချဖို့ ပြင်လိုက်တော့သည်။ ရေခဲသေတ္တာ ဖွင့်လိုက်ပြီး ကိုလာဗူးတွေရဲ့ဘေးမှာ သံပုရာဆိုဒါကိုပါ သပ်သပ်ရပ်ရပ် စီထားလိုက်၏။

အချိန်အနည်းငယ်ကြာပြီးနောက်မှာ မိုရှီရှီနဲ့ ကြောင်လေးတွေလဲ နိုးလာပြီး သူတို့တွေ မနက်စာ အတူစားလိုက်ကြသည်။

အသင့်စားခေါက်ဆွဲတွေရဲ့ အစွမ်းက အရမ်းကောင်းသည်။ မိုရှီရှီ အနည်းငယ်လောက်သာ ထပ်စားနိုင်ရင် သေချာပေါက် အဆင့်တက်တော့မှာပဲ။

ထို့နောက်မှာ သူမ ထပြီးကိုလာတစ်ဗူးယူဖို့ သွားလိုက်သည်။ ထိုအချိန်မှာ ရေခဲသေတ္တာထဲက တစ်ခုခုကို သူမ သတိထားမိသွားသည်။

ပစ္စည်းအသစ်ရောက်နေတာပဲ။

သူမရဲ့ မျက်လုံးများက အချိုရည်နှစ်မျိုး ကြားမှာ တောက်ပနေလေ၏။ ကိုလာကို​က ကောင်းလွန်းနေခဲ့ပြီ။ အရသာက ချိုမွှေးပြီး ကျေနပ်ဖို့ကောင်းလွန်းသည်။ ဒါ့အပြင် အံ့ဖွယ် အစွမ်းပါ ရှိနေသေးသည်။

အခု ဖျော်ရည်အသစ်ပါ ထပ်ရောက်နေပြီလား!

သူမ ခဏ တွန့်ဆုတ်သွားပြီးနောက်မှာ အချိုရည်အသစ်ဆီကို လက်လှမ်းလိုက်သည်။ သူမ အနေနဲ့ ဒီဖျော်ရည်ကို သောက်လိုက်ရင်တောင် ကိုလာနောက်ထပ် သောက်လို့ရသေးတာမို့ အဆင်တော့ ပြေပါသေးသည်။

ဗူးအသစ်ကို ကိုင်ထားရင်း သူမ လေ့လာလိုက်သည်။

“ သံပုရာဆိုဒါ”

ကိုလာအတိုင်းပဲ ‘ သံပုရာဆိုဒါ’ ​ဆိုတဲ့ နာမည်ကို မိုရှီရှီ နားမလည်ခဲ့ဘူး။

ဒီဇိုင်းက ရိုးရှင်းပြီး မြင်တာနဲ့ သူမရဲ့ စိတ်ထဲက တစ်စုံတစ်ခုကို နှိုးဆွသွားသလို လန်းဆန်း သွားစေသည်။

နူးညံ့စွာပဲ သူမ အဖုံးဖွင့်လိုက်၏။

ရှီး..

လေထဲသို့ ဂက်စ်နံ့တွေ ပျံ့လာတာက နှာခေါင်းဝကိုပါ ကျီစယ်သွားတာမို့ ချက်ချင်းပဲ လန်းဆန်းသွားရသည်။ ကိုလာရဲ့ ပြင်းရှရှ အချိုဓာတ်နဲ့ နှိုင်းယှဥ်ရရင် ဒီဖျော်ရည်ကလဲ စူးရှပေမဲ့ ပိုချောမွေ့မှုကို ခံစားနိုင်သည်။ မသိလျှင် စိတ်ဝိညာဥ်သစ်သီးမှည့်ကို နူးညံ့တဲ့ အချိုဓာတ်လေး စွတ်ထားတဲ့ စွဲလန်းဖွယ် အရသာ အတိုင်းပဲ။

စိတ်ဝိညာဥ်သစ်သီးသည် အစိမ်းဖျော့ရောင် ရှိပြီး နွယ်ပင်များတွင် ပေါက်တတ်သည်။ လန်းဆန်းစေမှုအတွက် အထူးအသုံးပြုကြသည်။ ဒါပေမဲ့ စိတ်ဝိညာဥ်သစ်သီးကနေ လုပ်ထားတဲ့ ဖျော်ရည်က သောက်ပြီးတိုင်း အဖန်ဓာတ်ကို ခံစားရသည်။ ဒါပေမဲ့ ဒီသံပုရာဆိုဒါကတော့ သောက်ပြီးတာနဲ့ လည်ချောင်းထဲ ရှင်းလင်းချောမွေ့သွားပြီး နောက်တစ်လုပ် ထပ်သောက်ချင်စိတ် ပေါ်စေသည်။ ဒါက အနည်းဆုံးဆယ်ဆလောက် ပိုကောင်းသည်။

ဒီသံပုရာဆိုဒါကလဲ ကိုလာလိုမျိုးပဲ လည်ချောင်းထဲကို ရှတတနဲ့ ခံစားလို့ကောင်းစေသည်။

သူမရဲ့ မျက်လုံးများ အနည်းငယ် ပြူးကျယ် သွားပြီး

“မဆိုး..ပါဘူး”

ထို့နောက်မှာ သူမလက်ထဲက သံပုရာဆိုဒါဗူးကို ရှုတ်ထွေးစွာ ငုံ့ကြည့်လိုက်သည်။

“ ဒါလဲကောင်းတယ်.. ဒါပေမဲ့ ကိုလာလောက်တော့ မကောင်းဘူး”

သူမ ခေါင်းညိတ်လိုက်ပြီး ကိုယ့်ရဲ့ သစ္စာရှိမှုကို အနည်းငယ် တုံ့ဆိုင်းစွာ သက်သေပြလို​က်သည်။ သူမ ကိုလာကို သစ္စာဖောက်ပါ့မလား?

သူမ ဗူးကို အောက်ချလိုက်သည်။

စသောက်စဥ်တည်းက တစ်ခုခု မတူတာကို ခံစားမိပေမဲ့ အခုမှ ပိုပြီးစတင်လာတော့တာပင်။

သူမရဲ့ အာရုံစိုက်မှုက ပိုကောင်းလာတာပဲ!

သူမရဲ့ အတွေးတွေက ကြည်လင်လာပြီး သတိထားမှုက ပိုမြင့်လာသည်။ မသိလျှင် သူမ တစ်ချိန်လုံး မမြင်နိုင်ခဲ့တဲ့ မြူခိုးလွှာကြီးက ရုတ်တရက် ပျောက်ကွယ်သွားသလိုပဲ။

သံပုရာဆိုဒါနဲ့ ပတ်သတ်ပြီး သူမ ဟောင်ကို မေးကြည့်ချင်ပေမဲ့ ကိုယ်တိုင်တွေ့ကြုံ ခံစားလိုက်တာက ပိုကောင်းကြောင်း သူမ သိသည်။

“ ငါဒီနေ့ ညဆိုင်းယူမယ် သူဋ္ဌေး”

ဟောင် သူမကို တစ်ချက်ကြည့်လိုက်ပြီး ခွင့်ပြုတဲ့အနေနဲ့ ခေါင်းညိတ်ပြလိုက်သည်။ မိုရှီရှီလဲ နောက်ထပ်တစ်ခွန်းမှ မပြောတော့ဘဲ ကျင့်ကြံဖို့ရန် အပေါ်တက်သွားတော့သည်။

အသင့်စားခေါက်ဆွဲတွေက သူမကို အစွမ်းတိုးမြှင့်ပေးထားပြီး အဲ့ဒါက ဘေးထွက်ဆိုးကျိုးလဲ မရှိဘူး။ သူမ ရရှိထားတဲ့ အတွေးအမြင်တွေက ခိုင်မာပြီး ပြည့်ဝတာ သိသည်။

ဒါပေမဲ့ မိုရှီရှီ အရေးကြီးအချက်ကိုလဲ သဘောပေါက်ပါသည်။ ပြင်ပ အစွမ်းတိုးမြှင့်မှုတွေကိုပဲ အားကိုးနေတာက အကျင့်ကောင်းတစ်ခု မဟုတ်ဘူး။

ကျင့်ကြံခြင်းဆိုတာ အဆင့်တက်ဖို့အတွက်ပဲ မဟုတ်ဘူး။ ကျင့်ကြံခြင်းဆိုတာ ကိုယ့်ကိုယ်ကို သန့်စင်မှု၊ ခိုင်မာတဲ့ အခြေအမြစ် တည်ဆောက်မှုနဲ့ ကိုယ့်ရဲ့အတွင်းစွမ်းအားကို ကိုယ့်အစွမ်းအစစ် ဖြစ်လာအောင် သင်ယူခြင်းပဲ။

သူမ အခန်းထဲမှာ တပ္ပလင်ခွေ ထိုင်လိုက်ပြီး အသက်ရှုနှုန်းကို တည်ငြိမ်စေလိုက်သည်။ သံပုရာဆိုဒါရဲ့ အစွမ်းက ကျန်နေဆဲပဲ။ သူမရဲ့ အတွေးတွေက ပုံမှန်ထက် စူးရှစွာ စီးဆင်းနေကြပြီး ချီလည်ပတ်မှုကို ထိန်းချုပ်ဖို့ ပိုလွယ်ကူစေသည်။

ဒီအစွမ်းက ကိုလာနဲ့ မတူညီဘူး။ ကိုလာက တုံ့ပြန်ချိန်နဲ့ အာရုံခံမှုကို မြင့်တင်ပေးတာမို့ တိုက်ပွဲတွေနဲ့ ပြင်းထန်တဲ့ လေ့ကျင့်မှုတွေ အတွက် အထူးသင့်တော်သည်။

တိုက်ပွဲထဲမှာဆိုရင် ကိုလာရဲ့အစွမ်းက ရှောင်ခြင်း၊ တိုက်ခြင်းနဲ့ ထိုးခွဲခြင်းအပိုင်းမှာ သိသာတဲ့ကွာခြားမှုကို ခံစားစေလိမ့်မည်။ ကိုလာရဲ့အစွမ်းက မင်းရဲ့ ကမ္ဘာကြီးကို မြင်နိုင်စွမ်း ပိုမြန်လာစေပြီး ချက်ချင်း တုံ့ပြန်နိုင်အောင် လုပ်ဆောင်ပေးလိမ့်မည်။

သံပုရာဆိုဒါက ကျတော့ အခုလို အရေးပေါ် အခြေအနေမျိုးမရှိဘူး။ ဒါက လျင်မြန်မှုနဲ့ မဆိုင်ဘဲ ကြည်လင်ပြတ်သားမှုနဲ့ ဆိုင်သည်။ ခန္ဓာကိုယ်ရဲ့ တုံ့ပြန်မှုကို ပိုမြန်ဆန်လာစေမဲ့အစား ဒီဖျော်ရည်က စိတ်ကို ပိုတိကျပြတ်သားစေသည်။

ချက်ချင်းတိုးတက်မှုကို ယူမဲ့အစား မိုရှီရှီ ကျင့်ကြံခြင်းအုတ်မြစ်ကို အောက်ခြေကနေ ပြန်သန်မာအောင် လုပ်ဖို့ ဆုံးဖြတ်လိုက်သည်။

အသက်ရှုခြင်း၊ လည်ပတ်ခြင်းနဲ့ တည်ငြိမ်မှုက ကျင့်ကြံမှုတိုင်းအတွက် အခြေခံအချက်တွေပဲ။ ဘယ်လောက်ပဲ ကောင်းမွန်တဲ့ သိုင်းအသစ်တွေ သင်ယူနိုင်ပါစေ၊ အခြေခံမကောင်းရင် အကုန် အလကားပဲ။

သူမရဲ့ အသက်ရှုမှု ပိုလေးလံလာတာနဲ့အမျှ ထိန်းချုပ်နိုင်စွမ်းက ပိုတိုးတက်လာ၏။ သူမရဲ့ ကိုယ်တွင်းက အသေးငယ်ဆုံးသော ချီလည်ပတ်မှုကိုပင် ပိုကြည်လင်စွာ ခံစားနိုင်နေသည်။

ဒီဖျော်ရည်ရဲ့ ထူးခြားချက်က ဒါပဲ။ အလင်းပွင့်စေတာ မဟုတ်ဘဲ စိတ်အာရုံအမြင်ကို ကြီးမားစွာမြင့်တင်ပေးတာကြောင့် သူမကိုယ်သူမ ကျင့်ကြံခြင်းမှာ ပိုနစ်မြုတ်နိုင်သည်။ ခြေလှမ်းတိုင်းကို ပိုတိကျစွာ မြင့်တင်နိုင်စေသည်။ ထို့အတူ အသစ်ပြောင်းလဲလာတဲ့ တိုးတက်မှုတွေကို ညှိနှိုင်းဖို့ ​ပိုအကျိုးထူးစေသည်။

ကိုလာက တိုက်ပွဲအတွက် ဆိုရင် ဒီသံပုရာဆိုဒါက တိတ်ဆိတ်မှုအတွက်ပဲ။ တိတ်ဆိတ်မှုအတွင်းမှာ စိတ်အေးအေးနဲ့မင်းရဲ့ ကိုယ်ပိုင်အစွမ်းကို သန့်စင်နိုင်မည်။

အချိန်တွေက သတိမထားမိစွာ ကုန်ဆုံးသွားသည်။ ချီလည်ပတ်မှု တစ်ခုဆီက ပိုပြီးချောမွေ့လာပြီး တစ်လျှောက်လုံးမှာ သူမရဲ့အတွေးလဲ တစ်ခါမှ မသွေဖယ်ဖူးပေ။

ဆိုင်ထဲတွင် စားသောက်ပြီးကြပြီဖြစ်၍ ဟောင် ဆိုင်ဖွင့်ဖို့ လုပ်လိုက်သည်။ သစ်သားဘုတ်ပြား လှန်လိုက်ရင်း ဒီနေ့အတွက် စီးပွားရေး စတင်လိုက်တော့သည်။

ဆိုင်ကို ဖွင့်လှစ်လိုက်လေပြီ!

ဆိုင်ရဲ့ ဖောက်သည်တွေ မကြာမှီမှာပဲ ဝင်လာတော့၏။ ပုံမှန်ဖောက်သည်များ ဖြစ်သော ရှောင်လျန်ဖန်း၊ လင်ယွီကျွင်း၊ ဟွာဖေးရှုနဲ့ ယွဲ့ရှုယန်တို့ အထဲရောက်လာကြသည်။

ဒါပေမဲ့ နောက်ထပ် ကျင့်ကြံသူနှစ်ယောက်လဲ ပါလာကြသေးသည်။

တပည့်အငယ်များနှင့် မတူဘဲ ထိုနှစ်ယောက်သည် ပိုအသက်ကြီးပုံရှိသည်။ ထို့အတူ သူတို့ရဲ့အရှိန်အဝါကလဲ ရှောင်လွှဲလို့ မရအောင် သိပ်သည်းလေးလံသည်။

ထိုနှစ်ယောက်ထဲမှ ယောက်ျားကြီးသည် ရှောင်လျန်ဖန်းနဲ့ လင်ယွီကျွင်းတို့လို အဝတ်အစားအတူတူ ဝတ်ထားသည်။ ဒါပေမဲ့ သူ့ရဲ့ဟန်ပန်အနေအထားက သူတို့နဲ့ လုံးဝ မတူညီဘူး။

ဆံပင်အဖြူရောင်ကို အနောက်မှာ သပ်ရပ်စွာ ကြိုးတိုတစ်ချောင်းနဲ့ စည်းထားသည်။ ထိုသူရဲ့ သန်မာတဲ့ မေးရိုးကို အထင်းသားမြင်နိုင်သည်။

All Chapters