( ဈေးဝယ်အသစ်တွေလား? ထိပ်သီးဂိုဏ်းတွေရဲ့ အကြီးအကဲများ ရောက်လာခြင်း!)
Vol. 3 Ch. 42
ထိုသူရဲ့ ညာဘက်ခါးထောင့်တွင် အနက်ရောင် ဓားအိမ်ကိုလွယ်ထားပြီး အထဲတွင် ဓားရှည် တစ်ချောင်းပါရှိသည်။ ထူးခြားသည့်အချက်က ဓားရိုးတွင် ဘဲခေါင်းစိမ်းရောင် ပုဝါတစ်ခု စည်းထားသည်။
ကျန်သည့် အပြင်အဆင် တစ်ခြား မရှိချေ။
ဒါက ဂိုဏ်းရဲ့ရိုးရာတစ်ခုပင်။
ရေလှိုင်းသံစဥ် ဓားဘုရင်ဂိုဏ်း၌ ဓားရိုးပုဝါပေါ် မူတည်ပြီး ဂိုဏ်းအတွင်းက အဆင့်အတန်းကို သတ်မှတ်သည်။
အညိုရောင်ပုဝါ- အပြင်တပည့်
အစိမ်းရောင်ပုဝါ- အတွင်းတပည့်
စိမ်းပုတ်ရောင်ပုဝါ- ပင်မတပည့်
ငွေရောင်ပုဝါ- အကြီးအကဲ
ဘဲခေါင်းစိမ်းရောင်ပုဝါ- ပင်မ အကြီးအကဲ
အဖြူရောင်ပုဝါ- ဒုဂိုဏ်းခေါင်းဆောင်
အမဲရောင်ပုဝါ- ဂိုဏ်းခေါင်းဆောင်
ဒီလူရဲ့ ဘဲခေါင်းစိမ်းရောင် ပုဝါကို ကြည့်တာနဲ့ သိနိုင်တာက.. ဒီလူက ရေလှိုင်းသံစဥ် ဓားဘုရင် ဂိုဏ်းရဲ့ ပင်မအကြီးအကဲပဲ!
ထိုသူမှာ ဂိုဏ်းရဲ့ ပင်မအကြီးအကဲလေးယောက် ထဲက တစ်ယောက်ဖြစ်တဲ့ ရေလှိုင်းသခင်လို့ လူသိများတဲ့ လင်ယွီကျွင်းရဲ့ ဆရာဖြစ်သည်။
ကောင်းကင်ဘုရင် နယ်ပယ်၊ အဆင့်ရှစ် ကျင့်ကြံသူပဲ။
(ကျင့်ကြံခြင်းအဆင့်တွေကို နောက်တစ်အုပ်မှာ သေချာရေးပြထားပေးမယ်။ ခုလောလောဆယ်တော့ ကောင်းကင်ဘုရင်အဆင့်ဆိုတာက ဆရာကြီးလို့တွေးထားလိုက်
-Zeus)
ထို့အတူ ယွဲ့ရှုယန်နဲ့ ဟွာဖေးရှုရဲ့ ဘေးတွင်လဲ သူမတို့နှင့် ဝတ်စုံတူဝတ်ထားသော အမျိုးသမီး တစ်ယောက်ရှိသည်။
သူမရဲ့ လှပတဲ့ မျက်လုံးထဲတွင် မရေမတွက်နိုင်သော လျှို့ဝှက်ချက်များ သယ်ဆောင်ထားသကဲ့သို့ နက်ရှိုင်းမှုများ ရှိသည်။ သူမရဲ့ ကျန်တဲ့မျက်နှာ အစိတ်အပိုင်းကို ဇာပါးလေးဖြင့် ဖုံးအုပ်ထား၏။
ဒါပေမဲ့ ထိုအမျိုးသမီးကလဲ လွဲမှားစရာ မရှိအောင်လှပမည်မှန်း ပြောနိုင်သည်။
သူမလဲ နှိုင်းယှဥ်ဖွယ်မရှိတဲ့ အလှလေး ဖြစ်မှာပင်။
သတင်းတွေ အရဆိုရင် သူမက ရာချီတဲ့ ကျင့်ကြံသူများစွာကို အနိုင်ယူခဲ့တဲ့သူပဲ။
သူမရဲ့ ပန်းရောင်ဖျော့ဖျော့ ဆံပင်များကို မြှောက်စီးထားတာမို့ လှုပ်ရှားလိုက်တိုင်း ညင်သာစွာ လှုပ်ရှားနေကြ၏။ သူမရဲ့ အင်္ကျီ ရင်ဘတ်တွင် ပန်းရင့်ရောင် ပန်းကို ပန်းထိုးထားတာမို့ သူမရဲ့ ဂိုဏ်းထဲက အဆင့်အတန်းကို ဖော်ပြနေသည်။
သူမက နှင်းပွင့်လာဂိုဏ်းရဲ့ အစောင့်အရှောက် ပန်းခြောက်ပွင့်ထဲက တစ်ပွင့်ဖြစ်တဲ့ အကြီးအကဲ ဖုန်းယွီဟန်ပင်။
သူမက ဟွာဖေးရှုနဲ့ ယွဲ့ရှုယန်ရဲ့ ဆရာမ ဖြစ်ပြီး ရှင်သန်မှုပွင့်ချက်လို့ လူသိများသည်။
ဒီနေ့မှာတော့ အကြီးအကဲထျန်းရှန့်ကော၊ အကြီးအကဲ ဖုန်းယွီဟန်ကောကို တပည့်များက ဆွဲခေါ်လာခဲ့တာဖြစ်သည်။
သူတို့တွေ အစက ဒီကိစ္စကို အရေးမလုပ်ခဲ့သော်ငြား တပည့်တွေရဲ့ စကားတွေကြောင့် လာခဲ့ကြတာပင်။
တပည့်တွေက ကျိန်စာဖြူ နတ်ဆိုးကျင့်ကြံသူဂိုဏ်းရဲ့ ဆက်ခံသူ မိုရှီရှီကို ဒီမှာတွေ့ခဲ့ရုံတင်မကပဲ ဒီက ဆိုင်ရှင်က မဖြစ်နိုင်လောက်စရာ ရောင်းကုန်တွေ ရောင်းနေတယ် ပြောခဲ့သည်။
ဒီက စားစရာက အလင်းပွင့်စေနိုင်ပြီး…
ဒီက သောက်စရာက တုံ့ပြန်စွမ်းကို မြှင့်တင် ပေးသည်တဲ့..
ဒါ မဖြစ်နိုင်တာပဲ!
သူတို့ရဲ့ ပထမဆုံးအမြင်က သံသယဝင်ကြခြင်းပဲ။ သူတို့ရဲ့ တပည့်တွေကို ဂရုတစိုက် လေ့လာပြီး ထင်ယောင်ထင်မှား ဖြစ်တာတွေ၊ စိတ်ထိန်းချုပ်ခံရတာတွေ၊ စိတ်ဝိညာဥ် နှောက်ယှက်ခံရခြင်းတွေ ရှိနေလား စစ်ဆေးခဲ့သေး၏။
ဒါပေမဲ့ သူတို့တွေ ဘယ်လောက်ပဲ နှံ့စပ်အောင် ရှာဖွေခဲ့ပါစေ၊ ဘာကိုမှ မတွေ့ခဲ့ရဘူး။
ဘယ်လို အစီအရင်မျိုးကိုမှ မတွေ့ခဲ့ကြပေ။
ထို့ကြောင့် တပည့်တွေရဲ့ အပြောကို သူတို့ လျစ်လျူရှုချင်တာတောင်မှ မရှုနိုင်တော့ချေ။
ဒီလို ပစ္စည်းမျိုးက သေမျိုးလောကမှာ မထွက်ပေါ်သင့်တဲ့အရာတွေပဲ။ ဒီလိုပစ္စည်းမျိုး ရှိခဲ့ရင်တောင်မှ ဒါတွေကို တားမြစ်ရတနာတွေ အဖြစ်သတ်မှတ်ခံရမှာပင်။ ဂိုဏ်းကြီးတွေက ဝင်တာဝန်ယူပြီး ဒါတွေကို တားမြစ်လိုက်ကြ လိမ့်မည်။ ဒါမျိုးပစ္စည်းတွေကို ရှာတွေ့ရင်တောင်မှ ပျောက်ကွယ်သွားတာ ကြာပြီဖြစ်သော လျှို့ဝှက်နယ်မြေတွေ မှာပဲ တွေ့နိုင်လောက်မည်။
ဒါပေမဲ့ သူတို့ရဲ့တပည့်တွေက သာမာန်အရောင်းဆိုင် တစ်ခုက ဝယ်ခဲ့ကြသည်!
“ ကြိုဆိုပါတယ်”
သူပဲပေါ့!
ဒါက သူတို့တပည့်တွေ ပြောတဲ့ဆိုင်ရှင်ပဲ။ ဒီလူက ကျိန်စာဖြူဂိုဏ်းရဲ့ ဆက်ခံသူ မိုရှီရှီကို အလုပ်သမားအဖြစ် ခေါ်ခဲ့တာပဲ။
အကြီးအကဲနှစ်ယောက်က အချိန်မဖြုန်းတော့ပေ။ သူတို့ရဲ့ အာရုံခံမှုကို ဖြန့်ကျပ်ပြီး တတ်နိုင်တဲ့အစွမ်းအကုန် သုံးကာ ဟောင်ကို စစ်ဆေးလိုက်သည်။
အချိန်တွေပဲ ကုန်သွားသည်။
သူတို့ဘယ်လောက်ပဲ ရှာဖွေပါစေ၊ ဘာမှ မတွေ့ခဲ့ဘူး။
သူတို့ရှေ့မှာ ရပ်နေတဲ့သူက သာမာန် သေမျိုးတစ်ယောက်ပဲ။
သူ့ရဲ့ ခန္ဓာကိုယ်မှာ ချီစွမ်းအင် တစ်စက်တောင် အာရုံခံလို့မရခဲ့ဘူး။ ချီစွမ်းအင် တုံ့ပြန်မှု တစ်စက်တောင် မရှိချေ။
ဖြစ်နိုင်ချေ နှစ်ခုသာ ရှိတော့သည်။ ဆိုင်ရှင်ရဲ့ ကျင့်ကြံမှုနယ်ပယ်က သူတို့ထက် အများကြီး မြင့်နေလို့ဖြစ်ရင်ဖြစ်၊ မဟုတ်ရင် ဆိုင်ရှင်က လုံးဝ သာမာန်သူဖြစ်နေလို့ပဲ။
အဖြေနှစ်ခုလုံးက မယုံနိုင်စရာပဲ။
သူတို့တွေ မတွေးနိုင်ခင်မှာပဲ တပည့်တွေက အရှေ့ထွက်ပြီးဆိုင်ရှင်ကို နှုတ်ဆက်လိုက်ကြ၏။
လင်ယွီကျွင်း လက်သီးဆုတ်လိုက်ကာ
“ မင်္ဂလာပါ သူဋ္ဌေး”
ဟွာဖေးရှုလဲ ပြုံးလိုက်ပြီး
“ မင်္ဂလာပါရှင့်! သူဋ္ဌေးဟောင်!”
ယွဲ့ရှုယန်သည် ယဥ်ကျေးစွာ ခေါင်းညိတ်လိုက်သည်။
“ မင်္ဂလာပါ အကိုကြီး”
ရှောင်လျန်ဖန်းလဲ အနောက်မှ လိုက်ပြီး
“ မင်္ဂလာပါ အကိုဟောင်”
အကြီးအကဲကြီး နှစ်ယောက် နှုတ်ဆက်တော့မဲ့အချိန်မှာပဲ ကောင်တာ အနောက်က တံခါးပွင့်လာခဲ့သည်။
ကြောင်မဲတစ်ကောင် ထွက်လာပြီး ပျင်းရိစွာ အကြောဆန့်လိုက်၏။
အနောက်မှာ ကြောင်မဲလေးနှစ်ကောင်ကလဲ တစ်လက်လက်တောက်နေသော မျက်လုံးများဖြင့် လိုက်လာကြသည်။
အကြီးအကဲ ထျန်းရှန့်နဲ့ အကြီးအကဲ ဖုန်းယွီဟန် နေရာတင် အကြောင်သား ဖြစ်သွားသည်။
သူတို့ရဲ့ အကြည့်တွေ ခဏလောက် မရွေ့နိုင်တော့ပေ။ အဆုံးတွင် အကြီးအကဲ ထျန်းရှန့်က စိတ်ထဲမှ ဆက်သွယ်လိုက်၏။
‘ အကြီးအကဲဖုန်း.. အဲ့ဒီကြောင်… စိတ်ဝိညာဥ်သားရဲတောင်မဟုတ်.. အသူရာစိတ်ဝိညာဥ်သားရဲတွေ မလား?’
အကြီးအကဲ ဖုန်းယွီဟန်က ခပ်ဖြည်းဖြည်း ခေါင်းညိတ်ပြလိုက်သည်။
ဒီလိုသိလိုက်ရခြင်းရဲ့ ဖိအားက တော်ရုံ မဟုတ်ဘူး။
အသူရာ စိတ်ဝိညာဥ်သားရဲဆိုတာ လူတစ်ယောက် အလွယ်တကူ ပိုင်နိုင်တဲ့ အရာ မဟုတ်ပေ။ အသူရာစိတ်ဝိညာဥ် သားရဲ မျိုးစိတ်ထဲက အားအနည်းဆုံး တစ်ကောင် တောင်မှ ကောင်းကင်အင်ပါယာနယ်ပယ် ကျင့်ကြံသူနဲ့ညီမျှသည်။
အဲ့ဒီအဆင့် ကျင့်ကြံသူတွေက ဂိုဏ်းသခင်တွေနဲ့တောင် နှိုင်းယှဥ်နိုင်သည်!
ဒါပေမဲ့ အခုဒီဆိုင်ထဲမှာ လွတ်လပ်စွာ လှည့်ပတ်နေတယ်ပေါ့!
သူတို့ရဲ့ သံသယတွေ ပိုကြီးထွားလာတော့သည်။
ဆိုင်မှာ မဖြစ်နိုင်တဲ့ ရောင်းကုန်တွေ ရောင်းရုံတင်မကပဲ အသူရာစိတ်ဝိညာဥ်သားရဲတွေက ဒီမှာ အိမ်သဘော လွတ်လွတ်လပ်လပ် သွားလာနေတာလား?
ဒါပေမဲ့ ဆိုင်ရှင်မှာ ချီစွမ်းအင် မရှိဘူးလေ။
ရောင်းကုန်တွေအကုန်လုံးက ဖြစ်နိုင်စွမ်းကို ဆန့်ကျင်နေသေးတယ်..
ပြီးနေနေတဲ့ စိတ်ဝိညာဥ်သားရဲက အသန်မာဆုံး ကျင့်ကြံသူတွေနဲ့ နှိုင်းယှဥ်နိုင်တဲ့ အသူရာစိတ်ဝိညာဥ်သားရဲတွေ…
ဒီနေရာက အရောင်းဆိုင်ကော ဟုတ်သေးရဲ့လား? ဒါမှမဟုတ် ဖုံးကွယ်ထားတဲ့ လျှို့ဝှက်နယ်မြေ တစ်ခုခုလား? သာမာန် နားလည်နိုင်စွမ်းထက် ကျော်လွန်နေတဲ့ ရတနာပေါင်းသောင်းချီ ပုန်းကွယ်နေတဲ့ နေရာတစ်ခုလား?
ဖြစ်နိုင်တာ.. ဆိုင်ရှင်က သေမျိုးတစ်ယောက် မဟုတ်ဘဲ အထက်ဘုံမှာနေရတာ ပျင်းလာလို့ အောက်ဆင်းပြီး ဈေးရောင်းနေတဲ့ မသေမျိုးများလား?
အကြီးအကဲ နှစ်ယောက် အကြည့်ချင်း ဖလှယ်ပြီးနောက်မှာ ဟောင်ကို လှည့်ကြည့်လိုက်ကြသည်။
“ မင်္ဂလာပါ ဆိုင်ရှင်ဟောင်”
အကြီးအကဲ ထျန်းရှန့်က ယဥ်ကျေးစွာ ခေါင်းညိတ်ရင်း ဆိုလာ၏။
“ မင်္ဂလာပါ ဆိုင်ရှင်” အကြီးအကဲ ဖုန်းယွီဟန်လဲ လိုက်နှုတ်ဆက်လိုက်သည်။
ထို့နောက်မှာ သူတို့နှစ်ယောက်လုံး ချက်ချင်းပဲ ကြောင်အမဲဘက်ကို လှည့်ကာ ဦးညွတ်လိုက်ကြလေ၏။
“ နှုတ်ဆက်ပါတယ်”
တပည့်လေးယောက်က သူတို့ဆရာနှစ်ယောက်ကို ကြည့်နေရင်း နေရာတင် အေးခဲသွားလေသည်။ အသံတောင် မထွက်တော့ချေ။
…. သူတို့ဆရာတွေက.. အခုတင် ကြောင်ကို ဦးညွတ်လိုက်တာလား?
သူတို့တွေ မျှော်လင့်ခဲ့ကြတာက ဆရာနှစ်ယောက်က ဟောင်ကို မေးခွန်းထုတ်ပေးမည်ပေါ့။ ဖိအားသုံးပြီး ဟောင်ကို မေးကြမည် ထင်ခဲ့တာပဲ။ အဲ့ဒီအစားအခု…. ဘာလို့ ကြောင်တစ်ကောင်ကို နှုတ်ဆက်နေကြတာလဲ?
သူတို့တွေ ဘာတွေမြင်နေကြတာလဲ?
ဟွာဖေးရှု မျက်တောင်ခတ်လိုက်ရင်း
“ ဆ..ဆရာ အခု..?”
ယွဲ့ရှုယန် ချောင်းတစ်ချက် ဟန့်လိုက်သည်။
လီယွင်ကျင်း သူ့ဆရာကို ကြည့်လိုက်သည်။ ထို့နောက်မှာ ကြောင်မဲကို ကြည့်လိုက်သည်။ ပြီး ဆရာကို ကြည့်လိုက်ပြန်သည်။
‘ဒီအဘိုးကြီး အိုလာလို့များလား..?’
ရှောင်လျန်ဖန်း.ပါးစပ်ဟလိုက်ပေမဲ့ ပြန်ပိတ် သွားပြန်သည်။
သူတို့တွေရဲ့ ရှုတ်ထွေးမှုက ပိုပိုပြီး နက်ရှိုင်းလာတော့၏။ ဒီကြောင်တွေဆီက ဘာထူးခြားချက်ကိုမှ သူတို့ အာရုံမခံမိပေ။
သူတို့ရဲ့ မျက်လုံးထဲမှာတော့ သာမာန် ကြောင်မဲတစ်ကောင်ပင်။ ဒါပေမဲ့ ကောင်းကင်ဘုရင် နယ်ပယ် ထိပ်ပိုင်း ရောက်နေတဲ့ လေးစားဖွယ် ပုဂ္ဂိုလ်ကြီး နှစ်ယောက်က အလွန်လေးစားစွာ နှုတ်ဆက်နေကြတယ်ပေါ့?
သူတို့ မသိတော့ဘူး..
သူတို့ရဲ့ ကျင့်ကြံဆင့်နဲ့ ကြောင်အမေကြီးရဲ့ တည်ရှိမှုက ထုတ်လွှင့်နေတဲ့ ဘယ်လို မရှောင်လွှဲနိုင်တဲ့ ဖိအားကိုမှ မခံစားရပေ။
ကြောင်အမေကြီးက ကောင်တာပေါ်ကို ကျက်သရေရှိရှိ ခုန်တက်သွားပြီး ကြောင်ကလေး နှစ်ကောင်လဲ အနောက်က လိုက်သွားကြသည်။
စာစဉ်ပြီး၏