← Chapters

ရွှယ်ယူမြို့မှ မြစ်ဝါမြစ်

Vol. 018 Ch. 1727

ရွှယ်ယူမြို့မှ မြစ်ဝါမြစ်

Vol. 018 Ch. 1727

ပါးစပ်ရာဇဝင်များအရ ငရဲဂိတ်တံခါးသည် နတ်တစ္ဆေအဖွဲ့၏အထွဋ်အမြတ်နယ်မြေဖြစ်ပြီး တကယ့်ငရဲသို့သွားသော လမ်းကိုစောင့်ကြပ်ပေးသည့် ဂိတ်တံခါးဖြစ်သည်ဟုပြောကြသည်။

နတ်တစ္ဆေအဖွဲ့က ငရဲဂိတ်တံခါးပွင့်လာမည့်အချိန်တွင် ဘုံကိုးခု၌ ပြန်လည်ပေါ်ပေါက်လာလေသည်။

"လျန်ချင်းယီ...မင်းဆိုလိုတာက ငရဲဂိတ်တံခါးကပေါ်လာပြီဆိုပေမယ့် အခုထိမပွင့်သေးဘူးပေါ့။ ပြီးကျ နတ်တစ္ဆေအဖွဲ့အစည်းက ဘုံကိုးခုမှာပြသနာတွေဖြစ်အောင်လုပ်ခဲ့တာက ကျင့်ကြံသူတွေကို သူတို့အတွက် ငရဲဂိတ်တံခါးပွင့်အောင်လုပ်ပေးခိုင်းဖို့ မြှားခေါ်ချင်လို့ပေါ့ အဲ့လိုလား..." ကောင်းကင်မျှော်စင်ကျောင်းမှ ကျင့်ကြံသူကမေးလိုက်သည်။ အခြားလူများကလည်း လျန်ချင်းယီကိုကြည့်နေကြလေသည်။ သူတို့အားလုံးက သူမ၏စကားကိုထိုသို့နားလည်ထားကြသည်။

"ဟုတ်တယ်" လျန်ချင်းယီက ခေါင်းငြိမ့်ကာဆက်ပြောသည်။ "လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက လျှို့ဝှက်နယ်မြေဘုံမှာ ငရဲဂိတ်တံခါးကလှည့်ပတ်နေတဲ့အကြောင်း သတင်းတွေရှိတယ်။ နတ်တစ္ဆေအဖွဲ့ရဲ့ လက်ကျန်အင်အားစုက မကြာခင်က ကွင်းဆက်တိုက်ခိုက်မှုတွေကိုပြုလုပ်ခဲ့တဲ့အတွက် ဘုံကိုးခုမှာပွက်လောရိုက်သွားခဲ့တယ်။ သူတို့က ဘုံကိုးခုရဲ့အာရုံစိုက်မှုကိုဆွဲဆောင်ပြီး လျှို့ဝှက်နယ်မြေဘုံကိုရောက်လာအောင် မြှားခေါ်ချင်တာဆိုတာ သံသယဖြစ်စရာမလိုအောင် သေချာတယ်။ သူတို့ရဲ့ရည်ရွယ်ချက်က ရှင်တို့ထင်ထားသလိုပဲ ဘုံကိုးခုကကျင့်ကြံသူတွေကို သူတို့ကိုယ်စား ငရဲဂိတ်တံခါးဖွင့်ပေးအောင် လုပ်ဖို့ပဲ..."

"ဘာလို့ နတ်တစ္ဆေအဖွဲ့ကလူတွေက ကျုပ်တို့က သူတို့အတွက် ငရဲဂိတ်တံခါးကိုဖွင့်ပေးလိမ့်မယ်လို့ ယူဆတာလဲ" ရွှေရောင်နတ်ပြည်ထောင်မှ တစ်ယောက်က အသံအက်အက်ဖြင့်မေးလိုက်သည်။ လူများစွာက အမူအရာကင်းမဲ့စွာ သူ့အားကြည့်လိုက်ကြသည်။

ထိုသည်မှာ မေးသင့်သောမေးခွန်းဖြစ်သည်ဟု သူတို့တွေးကြသည်။ သူတို့က မည်သည့်အတွက်ကြောင့် ငရဲဂိတ်တံခါးအား နတ်တစ္ဆေအဖွဲ့အတွက် ဖွင့်ပေးမည်နည်း။

သို့သော် မကြာခင်တွင် အဖြေက သူတို့အတွက် ရှင်းလင်းလာလေသည်။

လူတိုင်း၏အကြည့်အောက်တွင် ရွှေရောင်နတ်ပြည်ထောင်မှကျင့်ကြံသူက ခဏကြာရပ်တန့်သွားသည်။ သူသည်ခေါင်းကိုအသာငြိမ့်၍ ခဏချင်းပင် ထိုအ​ကြောင်းပြချက်အား နားလည်သွားလေသည်။

ဒဏ္ဍာရီထဲမှ ငရဲဂိတ်တံခါးသည် မဟာအင်ပါယာတပါးကျန်ရစ်ခဲ့သော အကြွင်းအကျန်နယ်မြေတစ်ခုဖြစ်ပေမည်။အကယ်၍ ဘုံကိုးခုမှကျင့်ကြံသူများက ငရဲဂိတ်တံခါးတည်ရှိသည့်နေရာကိုသာ ရှာတွေ့ခဲ့လျှင် ဝင်ရောက်ရန်မကြိုးစားဘဲ မည်သို့ထိန်းချုပ်ထားနိုင်မည်နည်း။

သူတို့ကိုသူတို့ ထိန်းချုပ်နိုင်လျှင်ပင် တခြားသူများအား အကြွင်းအကျန်နယ်မြေကိုဝင်ရောက်ဖို့မကြိုးစားရန် မည်သို့တားဆီးနိုင်မည်နည်း။

နတ်တစ္ဆေအဖွဲ့က သူတို့အပေါ်အမြတ်ထုတ်ရန်ကြံစည်နေလျှင်ပင် ထိုသို့အသုံးချမှုအား လိုလိုလားလားလုပ်ပေးမည့် ဘုံကိုးခုမှလူအချို့ရှိနေပေမည်။

"ငရဲဂိတ်တံခါးက ဘယ်နေရာမှာပေါ်ထွက်လာတာလဲ" တစ်ယောက်က လျန်ချင်းယီကိုကြည့်ကာမေးလိုက်သည်။

"ရွှယ်ယူမြို့က မြစ်ဝါမြစ်မှာ" လျန်ချင်းယီက အပြုံးဖြင့်ဖြေလိုက်သည်။ လူတိုင်း၏မျက်နှာက မှုန်မှိုင်းသွားလေသည်။

ရွှယ်ယူမြို့သည် လျှို့ဝှက်နယ်မြေဘုံတွင် အန္တရာယ်အများဆုံးနေရာတစ်ခုဖြစ်လေသည်။

နာမည်ဆိုးဖြင့်ကျော်ကြားသောမြို့တစ်မြို့ဖြစ်ပြီး မြစ်ဝါမြစ်ကအလယ်ဗဟိုတွင်ရှိနေကာ ရန်ဟောင်အဆင့်သို့မရောက်သေးသူများ ခြေချမိသည်နှင့် ခြွင်းချက်မရှိသေချာပေါက် သေဆုံးကြလေသည်။ ရန်ဟောင်အဆင့်မှလူများပင်လျှင် ထိုနေရာ၌ သေစေလောက်သောအန္တရာယ်များစွာ ကြုံတွေ့ရတတ်သည်။

လျှို့ဝှက်နယ်မြေဘုံမှ ထူးကဲသာလွန်သော ပါရမီရှင်များစွာသည် မြစ်ဝါမြစ်သို့ကျင့်ကြံရန် သွားရောက်ခဲ့ကြသည်။ အတိတ်တွင် မရေမတွက်နိုင်သော ကျင့်ကြံသူများစွာသည် မြစ်ဝါမြစ်၏ဝါးမြိုခြင်းကို ခံခဲ့ရသည်။

ယခု ငရဲဂိတ်တံခါးက ရွှယ်ယူမြို့မှ မြစ်ဝါမြစ်တွင် ပေါ်ထွက်လာလေသည်။

ယခင်မျိုးဆက်များမှကျင့်ကြံသူများအားလုံးသည် လျှို့ဝှက်နယ်မြေဘုံမှ နာမည်အကျော်ကြားဆုံးနေရာတစ်ခုဖြစ်သော ရွှယ်ယူမြို့နှင့် ရင်းနှီးလေသည်။ ဟွားကျန့်ချန်က လျှို့ဝှက်နယ်မြေဘုံနှင့်ပတ်သတ်၍ သိပ်မသိထားသော ရီဖူရှင်းအား အသံပို့လွှတ်ကာ ရှင်းပြလိုက်သည်။

ရွှယ်ယူမြို့အား လျှို့ဝှက်နယ်မြေဘုံတွင် မည်သည့်အင်အားစုကမှ ပိုင်ဆိုင်ခြင်းမရှိပေ။ထိုနေရာသည် လူကောင်းများ ခြေချမည်မဟုတ်သည့် စက်ဆုပ်ဖွယ်နာမည်ဆိုးဖြင့်ကျော်ကြားသော ဖရိုဖရဲနေရာတစ်ခုဖြစ်လေသည်။

သို့သော် ရွှယ်ယူမြို့သည် အလွန်ထူးချွန်သောကျင့်ကြံသူများစွာကို မွေးထုတ်ပေးခဲ့လေသည်။

လျှို့ဝှက်နယ်မြေဘုံမှ အင်အားစုများစွာက အလားအလာကောင်းသော တပည့်များကို ရွှယ်ယူမြို့သို့ တခဏမျှပို့လွှတ်တတ်ကြသည်။

လျှို့ဝှက်နယ်မြေဘုံမှ ကျင့်ကြံရေးနည်းလမ်းများမှာ ရက်စက်၍အကြင်နာကင်းမဲ့လှသည်။ သူတို့သည် ပါရမီရှင်များအား ရက်စက်ကြမ်းတမ်းသော စစ်ဆေးမှုများ ဖယ်ထုတ်ခြင်းများဖြင့်ရွေးချယ်ပြီး သူတို့ကြားတွင် သေဆုံးမှုမှာ သာမန်ဖြစ်၍ မထူးဆန်းလှပေ။

"ကျုပ်တို့က ဒီအကြောင်းကို အရင်ကဘာလို့မကြားဖူးရတာလဲ" တစ်ယောက်က လျန်ချင်းယီအားကြည့်ကာမေးလိုက်သည်။ လျန်ချင်းယီပြောသောစကားမှာ အားလုံးမှန်ကန်လိမ့်မည်ဟု သူတို့မပြောနိုင်ပေ။

"လျှို့ဝှက်နယ်မြေဘုံက ထိပ်သီးအင်အားစုအားလုံးကလည်း ငရဲဂိတ်တံခါး ထပ်ပေါ်လာကတည်းက အဲ့မှာရှာဖွေချင်နေကြတာ။ သူတို့က ဘာလို့ သတင်းကိုပေါက်ကြားစေပြီး ရှင်တို့အားလုံးကို ပေးသိမှာလဲ။ အဲ့ဒီကောလဟာလတွေက သိသင့်လောက်အောင်အားကောင်းတဲ့ လျှို့ဝှက်နယ်မြေဘုံရဲ့ ထိပ်သီးအုပ်စုအနည်းငယ်ကြားထဲမှာပဲ ပြန့်နှံ့နေတာ။ ရှင်တို့ဆီကိုဘယ်လိုလုပ်ရောက်နိုင်မှာလဲ "

လျန်ချင်းယီက ခပ်တိုးတိုးရယ်လိုက်သည်။

"မင်းပြောတာအရဆိုရင် နတ်တစ္ဆေအဖွဲ့ကသာ ငါတို့ကိုမြှားမခေါ်ခဲ့ဘူးဆိုရင် ငါတို့အနေနဲ့ အဲ့ဒီသတင်းကို လုံးဝသိမှာမဟုတ်ဘူးပေါ့..." တစ်ယောက်ကပြောလိုက်သည်။ လျန်ချင်းယီက ခေါင်းငြိမ့်ပြလိုက်သည်။

"ဒီလိုလှုပ်ခတ်မှုဖြစ်သွားခဲ့တဲ့အတွက် အခုတော့ လျှို့ဝှက်ထားလို့မရတော့ဘူးပေါ့။ ဒီရက်ပိုင်းအတွင်းမှာ အားကောင်းတဲ့ကျင့်ကြံသူတွေက သတင်းပျံ့နှံ့လာပြီးကတည်းက ရွှယ်ယူမြို့ကို ဦးတည်သွားနေကြပြီ။ မကြာခင်မှာ ရွှယ်ယူမြို့က လျှို့ဝှက်နယ်မြေဘုံတစ်ခုလုံးရဲ့ အာရုံစိုက်မှုကိုရလာလိမ့်မယ်" လျန်ချင်းယီက ပြောလိုက်သည်။

လူအုပ်ကြီးက လျန်ချင်းယီ၏စကားများကိုကြားပြီး ငြိမ်သက်သွားကြသည်။ သူမပြောစကားအရ ငရဲဂိတ်တံခါးပေါ်ထွက်လာသည့် သတင်းသည် မကြာခင်တွင် ပျံ့နှံ့သွားပေမည်။ သူတို့အနေဖြင့် ရွှယ်ယူမြို့သို့ ချက်ချင်း ထွက်ခွာသင့်လေသည်။

"ရှင်တို့ စိုးရိမ်နေဖို့မလိုပါဘူး။ ကျွန်မသိထားသလောက်ဆိုရင် ရွှယ်ယူမြို့ကလူတွေတောင်မှ ငရဲဂိတ်တံခါးပေါ်ထွက်လာတဲ့အကြောင်းကိုပဲသိကြသေးတာ...အခုထိ တည်နေရာအတိအကျကိုရှာမတွေ့ကြသေးဘူး။ ကိစ္စတွေက အဲ့လောက်မြန်မြန်ဆန်ဆန်ပြောင်းလဲသွားမှာတော့ မဟုတ်ပါဘူး။ ရှင်တို့အားလုံး ဒီနေရာမှာ အတူရောက်နေကြတာက ကြုံတောင့်ကြုံခဲအခွင့်အရေးပဲဆိုတော့ ကျွန်မတို့ တစ္ဆေနတ်ဘုရားကလန်က အိမ်ရှင်အဖြစ် သေချာဧည့်ခံချင်သေးတယ်..." လျန်ချင်းယီက အားလုံး၏စိတ်ထဲကို ထိုးဖောက်မြင်ရဟန်တူသည်။ သူမက ခွက်ကိုမြှောက်လိုက်ပြီး လူအုပ်အား အပြုံးဖြင့်ပြောလိုက်သည်။

လူများက ခေါင်းငြိမ့်လိုက်ကြသည်။ ဧည့်သည်အများစုက လျန်ချင်းယီထက် စီနီယာကျသော်လည်း သူတို့သည် တစ္ဆေနတ်ဘုရားကလန်သို့လာရောက်ချိန်တွင် ကလန်၏နတ်မိမယ်က သူတို့အားဧည့်ခံကြိုဆိုခဲ့သည်။ သူတို့က အိမ်ရှင်၏ဆန္ဒကို အလေးထားရပေမည်။

"ရန်ဟောင်ရီ ကျွန်မက အနာဂတ်မှာအခွင့်အရေးရလာခဲ့မယ်ဆိုရင် ကောင်းကင်အာဏာစက်ကျောင်းတော်မှာ လာရောက်ကျင့်ကြံလို့ရမလား" လျန်ချင်းယီက ခွက်ကိုမြှောက်၍မေးလိုက်သည်။

"ယဥ်ကျေးလွန်းနေပါပြီ။ မင်းသာ ငါတို့ဆီကိုလာလည်မယ်ဆိုရင် ကောင်းကင်အာဏာစက်ကျောင်းတော်က မင်းဆီကသင်ယူခွင့်ရတာ ကံကောင်းတာပါပဲ" ရီဖူရှင်းက ယဥ်ကျေးစွာတုန့်ပြန်လိုက်သည်။ လျန်ချင်းယီသည် ရန်ဟောင်အလယ်အဆင့်သို့ရောက်ရှိနေပြီဖြစ်သည်။ ထိုအဆင့်မှကျင့်ကြံသူများမှာ ထိပ်သီးအင်အားစုများတွင် သိပ်မထင်ရှားလျှင်တောင်မှ ဘုံသုံးထောင်တွင် နေရာတစ်ခုရှိနေပြီးသားဖြစ်သည်။

လူအနည်းငယ်ကသာ ထိုအဆင့်သို့ရောက်နိုင်ကြသည်။ သူတို့သည် ဘုံသုံးထောင်မှလူများထဲတွင် ထိပ်ဆုံးအဆင့်၌ရပ်တည်နေနိုင်လေသည်။

ထိုလူနည်းစုသည် လောကတစ်ခွင်တွင် အားအကောင်းဆုံးလူများထဲ၌ပါဝင်ပြီး သူတို့ပြောသမျှကို လူအများက လက်ခံကြရသည်။ မည်သို့ပင်ဖြစ်စေ ပိရမစ်၏ထိပ်ဆုံးတွင် လူအနည်းသာရပ်တည်နိုင်သည် မဟုတ်ပါလော။

လျန်ချင်းယီက ပြုံးကာ တခြားအုပ်စုများမှခေါင်းဆောင်များနှင့်လည်း ယဥ်ယဥ်ကျေးကျေး စကားစမြည်ပြောဆိုနေသည်။ ဧည့်ခံပွဲက စိတ်လှုပ်ရှားစရာမကောင်းသော်လည်း အနည်းဆုံးတော့ လျန်ချင်းယီက ဖော်ရွေ၍ ဧည့်ဝတ်ကျေပွန်လေသည်။

လူအချို့က အနည်းငယ်သောက်ပြီးနောက် ထွက်ခွာရန်ခွင့်တောင်းလိုက်သည်။

လျန်ချင်းယီက သူတို့သွားမည်ကို မတားပေ။ သူမကအသာအယာခေါင်းငြိမ့်၍ ပြောလိုက်သည်။ "ရွှယ်ယူမြို့က လျှို့ဝှက်နယ်မြေဘုံမှာ တော်တော်နာမည်ကြီးတယ်။ ကျွန်မက ရှင်တို့ကို လမ်းညွှန်ပေးစရာမလိုဘဲ ရှင်တို့ အလွယ်တကူရှာတွေ့မှာပါ။ အဲ့ဒါအပြင် ရွှယ်ယူမြို့မှာ ရှင်တို့ ဘုံကိုးခုက တခြားအုပ်စုတွေနဲ့လည်းတွေ့လိမ့်မယ်လို့ ကျွန်မထင်တယ်"

တစ်ယောက်ပြီးတစ်ယောက် ထကာ နှုတ်ဆက်၍ ထွက်ခွာခွင့်တောင်းကြသည်။ ရီဖူရှင်းနှင့် ကောင်းကင်အာဏာစက်ကျောင်းတော်မှလူများကလည်း အိမ်ရှင်အားအကြာကြီးအနှောက်အယှက်မ​ပေးတော့ဘဲ ဧည့်ခံပွဲမှ ထွက်ခွာခဲ့တော့သည်။

သူတို့သည် နတ်တစ္ဆေအဖွဲ့က မည်သည့်အကြံအစည်များပင်ရှိနေစေကာမူ ရွှယ်ယူမြို့သို့ သွားရပေမည်။ ကောင်းကင်အာဏာစက်ကျောင်းတော်မှ တပည့်များသည် နတ်တစ္ဆေအဖွဲ့မှလူများ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရလေသည်။ ထိုသည်မှာ ဒီအတိုင်းလွှတ်ပေးလိုက်ရမည့် အရာမျိုးမဟုတ်ပေ။

သို့သော် နတ်တစ္ဆေအဖွဲ့မှကျင့်ကြံသူများက ထိုကိစ္စအပြီးတွင် ခြေရာဖျောက်ကာ ပုန်းအောင်းနေကြ၍ သူတို့သာ သူတို့ဘာသူတို့ထွက်မလာခဲ့လျှင် လိုက်လံရှာဖွေရန် အလွန်ခက်ခဲပေမည်။

လူများက တစ်ယောက်ပြီးတစ်ယောက် ဧည့်ခံပွဲမှ ထွက်ခွာသွားကြသည်။ မကြာခင်၌ လျန်ချင်းယီသာ သူမ၏ထိုင်ခုံတွင် ကျန်ရစ်ခဲ့လေသည်။

သူမ၏နောက်တွင် မှုန်ဝါးဝါးပုံရိပ်တစ်ခုပေါ်လာပြီး မကြာခင်တွင် အကောင်အထည်ပေါ်လာလေသည်။ ထိုသည်မှာ အနက်ရောင်ဝတ်ရုံကိုဝတ်ဆင်ထားသည့် အရပ်ရှည်ရှည်ဖြင့် လျှို့ဝှက်ဆန်းကျယ်သော အမျိုးသားတစ်ယောက်ပင်ဖြစ်လေသည်။

"အခြေအနေဘယ်လိုရှိလဲ" အမျိုးသားက မေးလိုက်သည်။ သူ၏အသံက နက်ရှိုင်း၍ ခပ်အက်အက်ဖြစ်နေလေသည်။

"ရီဖူရှင်းက လွန်ခဲ့တဲ့နှစ်တွေက နတ်ဘုရားအကြွင်းအကျန်နယ်မြေရဲ့ ထူးခြားဆန်းကြယ်မှုကိုဖြေရှင်းပေးနိုင်ခဲ့တဲ့ တစ်ဦးထဲသောလူပဲ။ လျန်ရွှယ်ယူကိုယ်တိုင် အဲ့ဒါကိုမြင်ခဲ့ရတာ။ ရီဖူရှင်းက နတ်ဘုရားရဲ့အမွေအနှစ်ကို ဆက်ခံရရှိခဲ့တယ်ဆိုတာ လျှို့ဝှက်ချက်တစ်ခုမဟုတ်ဘူး။ သူက သေချာပေါက်အားကောင်းပြီး ထက်မြက်ပေမယ့် နှိမ့်ချတတ်ပြီး ဆက်ဆံရတာလွယ်ကူတယ်"

သူမက အသေးသို့ကြည့်၍ ရေရွတ်လိုက်သည်။ "သူ ငရဲဂိတ်တံခါးကို ဖွင့်နိုင်မလားဆိုတာကတော့ ကံအပေါ်မှာပဲမူတည်တယ်"

သူမသည် ပုံမှန်စကားစမြည်ပြောဆို၍ ခဏတာမျှလေ့လာကြည့်ခြင်းလောက်ဖြင့် ရီဖူရှင်း၏ စွမ်းရည်ကို အတိအကျမခန့်မှန်းနိုင်ပေ။

"မင်းလည်း အုပ်စုတစ်စုကိုဦးဆောင်ပြီး ထွက်ခွာသင့်ပြီ" အနက်ရောင်ဝတ်ရုံနှင့်လူက ပြောလိုက်သည်။ ထို့နောက် သူသည် မှုန်ဝါးကာ လေထုထဲတွင်ပျောက်ကွယ်သွားလေသည်။

…

လျှို့ဝှက်နယ်မြေဘုံမှ ရွှယ်ယူမြို့အား ပရမ်းပတာမြို့၊ ရက်စက်မှုမြို့၊ သေမင်းမြို့ဟုလည်း ခေါ်ဆိုကြသည်။

ထိုမြို့သည် လျှို့ဝှက်နယ်မြေဘုံတစ်ခုလုံးတွင် မသိသူမရှိလောက်အောင် ကျော်ကြားပေသည်။ တခြားမြို့ကြီးများအား လျှို့ဝှက်နယ်မြေဘုံမှ ထိပ်သီးအင်အားစုများက ထိန်းချုပ်ထားသော်လည်း ရွှယ်ယူမြို့တွင်မူ အရှင်သခင်ဟူ၍မရှိပေ။ ထိုမြို့သည် အင်အားစုများစွာ အဖွဲ့အစည်းများစွာဖြင့် ရှုပ်ထွေးပွေလီလှပေသည်။

ထိုအင်အားစုများသည် အလျင်အမြန်အင်အားကြီးလာ၍ အလျင်အမြန်ကျဆုံးသွားတတ်ကြသည်။

တောင်မြင့်ပေါ်တွင်ရှိနေသော ရွှယ်ယူမြို့မှ ရဲတိုက်များသည် လေထဲတွင်တည်ဆောက်ထားသလို ထင်မှတ်ရလေသည်။ မြစ်ဝါမြစ်က မြို့အားနှစ်ပိုင်းခွဲခြားထားသည်။

ရွှယ်ယူမြို့သည် ဤရက်ပိုင်းတွင် အလွန်အလုပ်များနေလေသည်။ လျှို့ဝှက်နယ်မြေဘုံဝန်းကျင်တွင် ကောလဟာလများပြန့်နှံ့လာသောကြောင့် မရေမတွက်နိုင်သော ကျင့်ကြံသူများက ရွှယ်ယူမြို့သို့ ဦးတည်လာရောက်နေကြသည်။

တခြားဘုံများမှ ထိပ်သီးအင်အားစုများပင်လျှင် ရွှယ်ယူမြို့၌ရောက်ရှိနေလေသည်။

ဥပမာအားဖြင့် ဗဟိုအင်ပါယာဘုံမှ နန်ထျန်းနတ်ပြည်ထောင်နှင့် ရှန်ကလန်တို့မှ ကျင့်ကြံသူများသည် ဤနေရာ၌ ရောက်နေကြလေသည်။

နန်ထျန်းနတ်ပြည်ထောင်မှ မင်းသမီးသည်လည်း ရွှယ်ယူမြို့သို့ ရောက်ရှိနေလေသည်။

အသက်ရှူမှားလောက်အောင်လှပသော မိန်းမလှလေးသည် ရွှယ်ယူမြို့မှ အမြင့်ပိုင်းတွင်ရှိသော လင်းချင်ဂေဟါတွင် ထိုင်နေလေသည်။ သူမသည် တောင်ကမ်းပါးရှိ သူမ၏ထိုင်ခုံမှနေ၍ အောက်တွင်ရှိသော ခမ်းနားသည့်မြင်ကွင်းကို ကြည့်ရှုခံစားနေသည်။

အဆောက်အဦးများက တောင်ထိပ်ကမ်းပါးရှိ လှေကားထစ်များပေါ်တွင် မှေးတင်ထားလေသည်။ မြစ်ဝါမြစ်က စီးဆင်းနေပြီး ကျင့်ကြံသူများက ဟိုဟိုဒီဒီသွားလာနေကြသည်။

တောင်ကမ်းပါးပေါ်ရှိ အခြားအရက်ဆိုင်များမှလူများက လင်းချင်ဂေဟာအစွန်းတွင်ထိုင်နေသော ထိုမိန်းမလှလေးအား လှမ်းကြည့်နေကြသည်။

သူမ၏ ကျက်သရေရှိသော မျက်နှာလေးက လူများ၏မျက်လုံးများကို မီးများတောက်လောင်အောင် လုပ်နိုင်လေသည်။

နန်ထျန်းနတ်ပြည်ထောင်မှ အင်ပါယာနန်နှင့် ဧကရီလို့တို့၏ တစ်ဦးတည်းသော သမီးတော်သည် ဤဖရိုဖရဲနေရာ၌ ပေါ်ပေါက်လာသောကြောင့် မကောင်းသောအတွေးများက လူအချို့၏စိတ်ထဲတွင် ဖြတ်ပြေးသွားကြသည်။ မည်သို့ပင်ဖြစ်စေ ရွှယ်ယူမြို့တွင် မကောင်းသောကျင့်ကြံသူများစွာရှိနေသည်မဟုတ်ပါလော။

"မင်းသမီး ကျွန်တော် သူတို့ကို..." နန်လော့ရှန်း၏ နောက်မှ အဘိုးအိုက သတ်ဖြတ်လိုသောအကြည့်ဖြင့် အသံခပ်တိုးတိုးဆိုလိုက်သည်။ သူသည် ထိုနေရာတွင် မလှုပ်ရှားဘဲ ရပ်နေသော်လည်း ပတ်ဝန်းကျင်၌ ဖြစ်ပျက်နေသမျှအားလုံးမှာ သူ၏အာရုံခံမှုအတွင်းမှ လွတ်မြောက်သွားသည်မရှိပေ။

"မလိုအပ်ပါဘူး" နန်လော့ရှန်းက ပြန်ပြောလိုက်သည်။ သူမသည် ဤနေရာသို့လာခြင်းမှာ ပြသနာဖြစ်ရန်မဟုတ်ပေ။ ထို့အပြင် လူအများ၏ အကြည့်အား ရှောင်လွဲနိုင်ရန်မှာ မဖြစ်နိုင်ပေ။

"လော့ရှန်းမင်းသမီး" ထိုအချိန်တွင် သေသပ်သောပုံစံရှိသည့် အမျိုးသားတစ်ယောက်က ဂေဟာအပြင်ဘက်မှနေ၍ သူတို့ထံသို့ လှမ်းလာလေသည်။ သူသည် လေထဲတွင်ရပ်တန့်၍ နန်လော့ရှန်းအားကြည့်ကာ မေးလိုက်သည်။ "လော့ရှန်းမင်းသမီးကလည်း ငရဲဂိတ်တံခါးပေါ်လာတာနဲ့ပတ်သတ်ပြီး စိတ်ဝင်စားတာလား"

ထိုသို့ပြောလိုက်သည့်အမျိုးသားမှာ ရှန်ကလန်မှ ရှန်ဟောက်ဖြစ်လေသည်။

ရှန်ကလန်မှကျင့်ကြံသူများသည်လည်း ရောက်ရှိလာလေသည်။

"ကျွန်မက ဒီကို လာကြည့်တာပါ" နန်လော့ရှန်းက ရှန်ဟောက်အား သာမန်သာကြည့်၍ ပြောလိုက်သည်။

ရှန်ဟောက်က အသာခေါင်းညိမ့်၍ "ကျုပ်သိသလောက်ဆိုရင် လျှို့ဝှက်နယ်မြေဘုံနဲ့ ဘုံကိုးခုက အင်အားစုတွေအားလုံးက ဒီကိုရောက်နေကြပြီ။ ရွှယ်ယူမြို့က လူကောင်းရော လူဆိုးရော အကုန်ရောထွေးနေတဲ့ ရှုပ်ထွေးတဲ့နေရာတစ်ခုပဲ။ လော့ရှန်းမင်းသမီး ကျေးဇူးပြုပြီး ဂရုစိုက်ပါ"

"ကျေးဇူးပါ " လော့ရှန်းက ပျင်းရိပျင်းရွဲဖြင့် တုန့်ပြန်လိုက်သည်။ ရှန်ဟောက်က နန်လော့ရှန်းသည် သူ့အားဖိတ်ခေါ်ရန်ဆန္ဒမရှိကြောင်း ခံစားမိ၍ စကားကိုအဆုံးသတ်ကာ ဂေဟာဆီသို့လျှောက်သွားလိုက်သည်။ သူ၏အဆင့်အတန်းဖြင့် သူသည် သူမအား အရှက်မရှိ ဆက်နှောက်ယှက်ရန်မှာ မဖြစ်နိုင်ပေ။

***

All Chapters