← Chapters

ခက်လွန်းတယ်ဗျာ

Vol. 122 Ch. 1582

ခက်လွန်းတယ်ဗျာ

Vol. 122 Ch. 1582

ချင်မူသည် အနီရောင်ကြိုးထုံး၏ ဆန်းကြယ်နက်နဲသော သဘောတရားအား ‌လေ့လာနိုင်ရန် အတတ်နိုင်ဆုံး ကြိုးစားနေ၏။ အနီရောင်ကြိုးထုံးမှာ မီလော့နန်းတော်၏ တာအိုအမှတ်အသားများထက်ပင် ပို၍ရှုပ်ထွေးနေ၏။ မီလော့နန်းတော်၏ တာအိုအမှတ်အသားများမှာ တာအိုသင်္ကေတများဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သော်လည်း အနီရောင်ကြိုးထုံးကမူ တာအိုသံကြိုးများကို အသုံးပြုသည်။ တာအိုသံကြိုးဆိုသည်မှာ တာအိုအမှတ်အသားများမှ ဖွဲ့တည်လာခြင်း မဟုတ်ပါလော။

တာအိုသံကြိုးများက တာအိုသင်္ကေတများထက် ပိုမိုရှုပ်ထွေးနက်နဲသည့်အပြင် အပြောင်းအလဲ ပိုမိုများပြားလေရာ သူ့အနေဖြင့် ရှင်းလင်းအဖြေထုတ်နိုင်ရန် မလွယ်လှပေ။

'ငါ မီလော့နန်းတော်အရှင်သခင်ရဲ့ ချိပ်တံဆိပ်ကို အသုံးပြုနိုင်မယ်ဆိုရင် ဒါ့ရဲ့ စွမ်းအားက ကမ္ဘာဦးဖရိုဖရဲလက်ချောင်းထက်တောင် ပိုပြင်းထန်နိုင်တယ်’

ချင်မူ မီလော့နန်းတော် တာအိုအမှတ်အသားများကို သိမြင်နားလည်ခဲ့တုန်းက အပြောင်းအလဲတို့အပေါ် နက်နက်နဲနဲ သဘောမပေါက်ခဲ့သည့်အတွက် ကမ္ဘာဦးဖရိုဖရဲလက်ချောင်းကိုသာ သိမြင်နားလည်နိုင်ခဲ့သည်။ သို့သော် ကမ္ဘာဦးဖရိုဖရဲလက်ချောင်း၏ စွမ်းအားသည် ကောင်းကင်နတ်အရှင်များ၏ ကောင်းကင်နတ်သိုင်းများထက် များစွာ အစွမ်းထက်သည့်အလျောက် တာအိုသိုင်းပညာရှင်များအောက်တွင် နံပါတ်တစ်ဖြစ်သော ကောင်းကင်နတ်သိုင်းတစ်ခုဟု ပြောနိုင်ပေသည်။ တာအိုသိုင်းပညာရှင်များကိုပင် ခြိမ်းခြောက်နိုင်၏။

သူ အနီရောင်ကြိုးထုံးကိုသာ သိမြင်နားလည်နိုင်ပါက ဤအချုပ်အနှောင်ကောင်းကင်နတ်သိုင်းသည် သူ့အတွက် အဖိုးတန်အရာ နောက်တစ်ခု ဖြစ်လာပေလိမ့်မည်။

“ကောင်းကင်နတ်အရှင်လင် သိမြင်နားလည်ခဲ့တဲ့ တာအိုအမှတ်အသားတွေကို ငါ သင်နိုင်ခဲ့ရင် ပိုပြီးတော့ လွယ်လောက်မှာ…. ကံမကောင်းပါလားနော်…”

ချင်မူမှာ အနည်းငယ်နောင်တရနေမိသည်။ နှစ်လေးသောင်းကြာလျှင် ပေါ်လာမည့် ကောင်းကင်နတ်အရှင်လင်ကို စောင့်ဆိုင်းနေခဲ့သော်လည်း ကောင်းကင်နတ်အရှင်ဟောင်၏ ဖမ်းဆီးခြင်း ခံခဲ့ရသောကြောင့် ကောင်းကင်နတ်အရှင်‌လင်နှင့် စကားပင် မပြောခဲ့ရပေ။

အနီရောင်ကြိုးထုံးသည် မီလော့နန်းတော်၏ သခင်လေးနှစ်ကိုပင် ဖိနှိပ်ထားနိုင်သော အချုပ်အနှောင်တံဆိပ်တစ်ခု ဖြစ်သည့်အားလျော်စွာ အချိန်တိုအတွင်း ရှင်းလင်းအဖြေရှာနိုင်ရန် လွယ်ကူလိမ့်မည် မဟုတ်ချေ။ ကောင်းကင်နတ်ဧကရီနှင့် သခင်မယွမ်မုအကြားရှိ တိုက်ပွဲကလည်း ဘယ်အချိန် ပြီးဆုံးမည်မှန်း မသိသောကြောင့် သူ့အနေဖြင့် အနီရောင်ကြိုးထုံးကို ဦးစွာအသုံးပြုနိုင်ရန် ကြိုးစားရပေလိမ့်မည်။

“ခက်လိုက်တာကွာ”

အချိန်တချို့ကြာပြီးနောက် ချင်မူမှာ သက်ပြင်းချလိုက်ရင်း အနီရောင်ကြိုးတစ်ချောင်းပေါ်တွင် လှဲနေတော့သည်။ သူက ကြိုးအား အရှေ့အနောက် ယမ်းလျက် သူ့အထက်တွင် ဖြစ်ပွားနေသော မဟာပျက်စီးခြင်းကပ်ဘေးကြီးအား မမှိတ်မသုန် စိုက်ကြည့်နေသည်။

အနီရောင်ကြိုးထုံး၏ ခက်ခဲမှုက သူ ထင်ထားသည်ထက်ပင် မြင့်လွန််းသည်။ အနီရောင်ကြိုးထုံးကို ဖွဲ့တည်ထားသည့် တာအိုသံကြိုးများက အဆက်မပြတ် ပြောင်းလဲနေသည်သာမက ၎င်းတို့တစ်ခုချင်းစီတွင် မရေမတွက်နိုင်သော တာအိုအမှတ်အသားများ ကိန်းဝပ်နေသေးသည်။ ထိုတာအိုအမှတ်အသားများကလည်း အဆက်မပြတ် ပြောင်းလဲနေကြသေးသည်။

ထိုတာအိုအမှတ်အသားများထဲရှိ တာအိုသင်္ကေတများကလည်း အဆုံးမရှိနိုင်အောင် ပြောင်းလဲနေကြသည်။ ထိုက်ငါးပါးသင်္ကေတ ၏ပြောင်းလဲမှုကိုပင် သူ၏ ဉာဏ်ပညာနှင့် သိမြင်နားလည်လိုပါက တစ်သက်လုံး အားထုတ်ရပေလိမ့်မည်။

ထိုပြောင်းလဲမှုများက တာအိုအမှတ်အသားများ၏ ရင်းမြစ်ဖြစ်သည့် ကမ္ဘာဦးဖရိုဖရဲသင်္ကေတများဆီသို့ ရောက်ရှိလာကြသည်။ ထိုကမ္ဘာဦးဖရိုဖရဲသင်္ကေတမှ ထိုက်ငါးပါးအဖြစ် ဆင့်ကဲပြောင်းလဲကာ တစ်လောကလုံးရှိ မဟာတာအိုသင်္ကေတများအဖြစ် ဆက်လက်ပြောင်းလဲသွားကြခြင်းပင်။

သို့သော် အပြောသာလွယ်ပေသည်။ သင်ယူရသည်ကတော့ ပို၍ခက်ခဲ၏။

အဆုံးမရှိသော အပြောင်းအလဲတို့ ဖြစ်ပျက်နေသောကြောင့် တာအိုသံကြိုးကို အသာထား၊ တာအိုသင်္ကေတထဲရှိ ပြောင်းလဲမှုတို့အား နားလည်နိုင်ရန်ပင် မလွယ်ပေ။

တခဏကြာပြီးနောက် ချင်မူကား ယုံကြည်ချက် ပြန်ရှိလာသယောင်ပင်။ သူ့မျက်ခုံးနှစ်ဖက်ကြားရှိ ဒေါင်လိုက်မျက်လုံးက ပွင့်လာပြီး အနီရောင်ကြိုးထုံးအား စိတ်ဝင်တစား ဆက်လက်လေ့လာနေသည်။

အချိန်တစ်ခု ကြာပြီးနောက် သူ၏ ယုံကြည်ချက်များ ပြန်လည်ပျောက်ကွယ်သွားပြန်သည်။ သူက မျက်ရည်သုတ်၍ ရေရွတ်နေတော့သည်။ “ဒါကြီးကို သင်ဖို့က မဖြစ်နိုင်ဘူးကွာ…”

ချင်မူသည် အချိန်တခဏကြာအောင် ငိုကြွေးနေပြီး အနီရောင်ကြိုးပေါ်တွင် လှဲနေမိသည်။ သူ၏သေခြင်းရှင်းခြင်းကို ကံကြမ္မာလက်ထဲတွင်သာ ပုံအပ်ထားရတော့မည့်အလား ခံစားနေရလေ၏။

“အရာအားလုံးကို လူသားတွေပဲ လုပ်ခဲ့တာ”

သူက နောက်တစ်ကြိမ် ထထိုင်လိုက်ပြီး သူ၏မျက်လုံးများမှာ တောက်ပလင်းလက်၍ စိတ်အားထက်သန်နေကြသည်။ “မီလော့နန်းတော်အရှင်သခင်ကလည်း လူသားတစ်ယောက်ပဲ… ငါလည်း လူသားတစ်ယောက်ပဲ… သူက ကမ္ဘာဦးဖရိုဖရဲသင်္ကေတတွေကို ဖန်တီးပြီး မီလော့နန်းတော်ရဲ့ တာအိုအမှတ်အသားတွေကို ဆင့်ကဲပြောင်းလဲလို့ အနီရောင်ကြိုးထုံးကို ဖန်တီးခဲ့တယ် … ဘာမှမရှိတာကနေ ဖန်တီးခဲ့ရတာဆိုတော့ တော်တော်ခက်ခဲခဲ့မှာပဲ… ငါ သူ့တာအိုကို လေ့လာရတာက သူ တာအိုကို ဖန်တီးခဲ့ရတာထက် အဆပေါင်း မရေမတွက်နိုင်အောင် လွယ်ကူနေတာပဲလေ…. ဘာလို့မလုပ်နိုင်ရမှာလဲ”

သူက အားတက်လာပြီး ဆက်၍လေ့လာနေသည်။ ချီစွမ်းအင်ကို သုံးခြင်းဖြင့် တာအိုအမှတ်အသား အပြောင်းအလဲများအား သိမြင်နားလည်၍ အနီရောင်ကြိုးကို ဖန်တီးနိုင်ရန် ကြိုးစားနေ၏။

သို့သော် သူ၏ယုံကြည်ချက်မှာ နောက်တစ်ကြိမ် ပျောက်ကွယ်သွားပြန်သည်။

ချင်မူ့ပုံစံမှာ လေးလံထိုင်းမှိုင်းနေပြီး မျက်လုံးများကလည်း ဟောက်ပက် ဖြစ်နေတော့သည်။ သူ၏မျက်နှာမှာ ပိန်ချုံးလာပြီး မျက်၀န်းများက အသက်မရှိတော့ပေ။ သူက တစ်ယောက်တည်း တတွတ်တွတ် ရေရွတ်နေသော်လည်း မည်သည်တို့ ရေရွတ်နေသည်ကိုတော့ မသိနိုင်ချေ။

သူက အနီရောင်ကြိုးထုံးဘေးတွင် ဆောင့်ကြောင့်ထိုင်နေသည်။ သူ၏မျက်ခုံးနှစ်ဖက်ကြားရှိ ဒေါင်လိုက်မျက်လုံးက ထူးဆန်းသော အလင်းရောင်ဖြင့် ဖျတ်ခနဲ လက်သွားပြီး‌ ခြောက်ကြိုးမြောက် အနီရောင်ကြိုးကို စောင့်ကြည့်နေသည်။ သူ၏ ညာလက်က ကြိုးကို ဆွဲဖြည်ချင်သည့်အလား ကတုန်ကယင်ဖြင့် ဆန့်တန်းလာ၏။

“ခက်လွန်းတယ်… သိပ်ကို ခက်ခဲတာပဲ… သင်ယူဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူး… ဘယ်လိုနည်းနဲ့မှ သိမြင်နားမလည်နိုင်ဘူး…”

သူက ခပ်တိုးတိုး ရေရွတ်နေ၏။ “ဟီးဟီး… ငါ ဒီကြိုးကို ဆွဲလိုက်ရင် ဒီခက်ခဲလွန်းတဲ့ ပြဿနာကြီး ရှိတော့မှာ မဟုတ်ဘူး… ဆွဲဖြည်လိုက်ရင် အားလုံး ပျောက်ကွယ်သွားမှာ… ဆွဲဖြည်လိုက်…”

သို့သော် ချင်မူမှာ စိတ်နှင့်ကိုယ် ပြန်ကပ်သွားကာ သူ၏ညာလက်ကို အလျင်အမြန် ရိုက်ချလိုက်သည်။ “ဟားဟားဟား… ဒီလောကမှာ ခက်တယ် ဆိုတာ ဘာမှမရှိဘူး…. ငါသာ ဆန္ဒရှိရငိ ဒီခက်ခဲတဲ့ ပြဿနာကို သေချာပေါက် ဖြေရှင်းနိုင်တယ်… ငါက ပြိုင်ဘက်ကင်းတဲ့ လောကသခင်ခန္ဓာကို ပိုင်ဆိုင်ထားတာပဲဟာ….”

အချိန်များ တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွားသည်။ ကောင်းကင်နတ်ဧကရီ၏ ခန္ဓာကိုယ်ထဲတွင် ကောင်းကင်နတ်ဧကရီနှင့် သခင်မယွမ်တို့၏ အသိစိတ်အလျဉ်သည် ဘဝပြန်ဝင်စားခြင်းလမ်းစဉ်ကို သိမြင်နားလည်ကာ ကျင့်ကြံနေကြ၏။

အမျိုးသမီးနှစ်ယောက်သည် နှိုင်းယှဉ်၍မရနိုင်အောင် ဉာဏ်ရည်ထက်မြက်ကြသူများ မဟုတ်ပါလော။ ချင်မူ့ဘဝပြန်ဝင်စားခြင်းလမ်းစဉ်သည် လမ်းစဉ်များ၊ ကျင့်စဉ်များနှင့် ကောင်းကင်နတ်သိုင်းများစွာကို ပေါင်းစည်းထားခြင်း ဖြစ်လေရာ အရေးအကြီးဆုံးအရာက အဆုံးသတ်မြို့ပျက်၏ သေခြင်းရှင်ခြင်းလမ်းစဉ် ဖြစ်သောကြောင့် သူတို့အား အဆင့်တက်နေစေသည်။

အမျိုးသမီးနှစ်ယောက်က ဘဝပြန်ဝင်စားခြင်းလမ်းစဉ်ကို ပြိုင်တူနီးပါး သိမြင်နားလည်သွားကြပြီး ချက်ချင်း အသက်သွင်းလိုက်ကြ၏။ ချက်ချင်းဆိုသလို ဘဝပြန်ဝင်စားခြင်း၏ အချိန်နှင့် နေရာဟင်းလင်းပြင်က အမျိုးသမီးနှစ်ဦး၏ စိတ်ထဲတွင် လည်ပတ်နေသော ဘီးတစ်ဘီးပမာ ထွက်ပေါ်လာကြသည်။

သူတို့၏အတွေးအခေါ်များက ဘဝပြန်ဝင်စားခြင်းသံသရာထဲသို့ တမုဟုတ်ချင်း ဝင်ရောက်သွားကြ၏။

သူတို့ နိုးထလာသည့်အချိန်တွင် သူတို့သည် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး၏ သားအိမ်ထဲသို့ ရောက်ရှိနေကြပြီး မွေးဖွားရန် စောင့်စားနေကြသည့် သန္ဓေသားနှစ်ဦး ဖြစ်နေကြောင်း သတိထားမိလိုက်ကြသည်။

ယွမ်မုက ချက်ကြိုးကို လက်ရဲဇက်ရဲ ဆွဲယူကာ ကောင်းကင်နတ်ဧကရီ၏ လည်ပင်းတွင် ရစ်ပတ်လိုက်၏။

ကောင်းကင်နတ်ဧကရီက ရုန်းကန်နေသော်လည်း မလွတ်မြောက်နိုင်ပေ။ ယွမ်မုက သူမအား ရိုက်ချလိုက်သည်။

မွေးဖွားရန် စောင့်ဆိုင်းနေစဉ် ကောင်းကင်နတ်ဧကရီမှာ အသက်မရှိတော့ပေ။ ယွမ်မုသည် မွေးဖွားလာလျှင် ငိုယိုခြင်း မပြုသည့်အပြင် တခစ်ခစ်ပင် ရယ်နေသေးသည်။

ဘဝပြန်ဝင်စားခြင်းသံသရာထဲတွင် အချိန်များ ကုန်ဆုံးသွားသည်။ မကြာမီ ယွမ်မုသည် ခြောက်နှစ်၊ ခုနစ်နှစ်အရွယ်သို့ ကြီးပြင်းလာခဲ့၏။ သူမသည် သွေးအေးအေးဖြင့် ခက်ထန်ထောင်လွှားသော်လည်း ချစ်စရာကောင်းပေသည်။ သူမ၏မိသားစုက သူမကို လိုလေသေးမရှိ အလိုလိုက်ထားသော်လည်း မှန်ကိုတော့ ကြည့်ခွင့်မပေးချေ။

တစ်နေ့တွင် အစေခံတစ်ယောက်မှာ အမှတ်တမဲ့ဖြစ်ကာ မှန်တစ်ချပ်အား ထားရစ်ခဲ့မိသည်။ ယွမ်မုလေးသည် မှန်တစ်ချပ် ရှာတွေ့သွားပြီး ၎င်းအရှေ့တွင် ရပ်ကာ အဝတ်ကို ပြင်ဆင်ဝတ်နေ၏။ ရုတ်တရက် သူမမျက်ခုံးနှစ်ဖက်ကြားရှိ မှဲ့က အနီရောင်ပြောင်းသွားသည်။

“ခွေးမ” မှန်ထဲရှိ ပုံရိပ်က သူမအား အော်ဟစ်လိုက်သည်။

ယွမ်မုလေးက အလန့်တကြား အော်လိုက်သည်။ ရုတ်တရက် ဘဝပြန်ဝင်စားခြင်းလမ်းစဉ်မှာ နောက်တစ်ကြိမ် အသက်ဝင်လာပြီး သူမအား မှန်ထဲသို့ ဆွဲသွင်းလိုက်တော့သည်။

တောက်ပနေသော မှန်က မြေပေါ်ပြုတ်ကျသွားသည်။

မှန်ထဲတွင် ဧရာမအလင်းဘီးကြီးတစ်ဘီးက လှည့်ပတ်နေ၏။ အမျိုးသမီးနှစ်ဦးက တစ်ယောက်ကိုတစ်ယောက် တိုက်ခိုက်နေကြပြန်သည်။ မကြာမီ သူတို့ ပြုတ်ကျသွားကြသည်။

အမျိုးသမီးနှစ်ယောက် နိုးထလာသည့်အချိန်တွင် အသိုက်ထဲရှိ ငှက်ပေါက်လေးနှစ်ကောင် ဖြစ်နေကြပြီး အစာစားရရန် တစာစာ အော်ဟစ်ရင်း စောင့်ဆိုင်းနေကြ၏။ မိခင်ငှက်ကြီးမှ အစာကျွေးရန် နှုတ်သီးလေးများ ဟထားကြလေသည်။

ငှက်ကလေးနှစ်ကောင်က တစ်ယောက်ကို တစ်ယောက် ချက်ချင်း မှတ်မိသွားကြသည်နှင့် အသိုက်ထဲတွင် စတင်တိုက်ခိုက်ကြပြန်၏။ သူတို့အား မိခင်ငှက်ကြီး နှစ်ကြိမ်မျှ ထိုးဆိတ်လိုက်သည့်အခါမှသာ ငြိမ်သက်သွားကြသည်။

နောက်တစ်ကြိမ် မိခင်ငှက်မှ အစာကျွေးသည့်အချိန်တွင် ကောင်းကင်နတ်ဧကရီက သူမ၏ သန်မာသောခန္ဓာကိုယ်ကို အခွင့်ကောင်းယူကာ အစာကို လုယူခဲ့သည်။ ယွမ်မုအတွက် ချန်မထားပေ။ ယွမ်မုက ပြန်လုရန် ကြိုးစားသော်လည်း ငှက်ခြေသည်းစွယ်များဖြင့် ကန်ထုတ်ခံလိုက်ရသည်။

ရက်အနည်းငယ်ကြာပြီးနောက် ယွမ်မုဖြစ်သည့် ငှက်ကလေးမှာ ဗိုက်ဆာလွန်းသဖြင့် အားပျက်သွားခဲ့သည်။ ထိုအခါ ကောင်းကင်နက်ဧကရီငှက်က အသိုက်ထဲမှ တွန်းချလိုက်သည်။ ယွမ်မုသည် သစ်ပင်အောက်သို့ ပြုတ်ကျ၍ ပွဲချင်းပြီး သေဆုံးသွားတော့၏။

“ကျစ်.. ကျစ်… ကျစ်” ကောင်းကင်နတ်ဧကရီက ပြုံးလျက် အသိုက်စွန်းတွင် ရပ်နေချေသည်။

ကောင်းကင်နတ်ဧကရီသည် အသိုက်ထဲတွင် တစ်ကောင်တည်း နေရာယူကာ တီကောင်များအား စားနေ၏။ တစ်နေ့ သူ တီကောင်များ စားနေစဉ် လည်ပင်းမှ ယားယံလာသည်။ ထို့နောက် နောက်ထပ်ငှက်တစ်ကောင်က သူ၏လည်ပင်းမှ ဖောက်ထွက်လာခဲ့လေသည်။

ငှက်ခေါင်းနှစ်လုံးက အချင်းချင်း ထိုးဆိတ်နေကြသည်။ သွေးများ စီးကျလာသည့်တိုင်အောင် မရပ်ကြပေ။ နောက်ဆုံးတွင် ဟန်ချက်မထိန်းနိုင်ဘဲ အသိုက်ထဲမှ ပြုတ်ကျသွားတော့သည်။

ငှက်ခေါင်းနှစ်လုံးက အော်ဟစ်နေရင်း ဘ၀ပြန်၀င်စားခြင်းအလင်းတန်းတစ်တန်းထဲသို့ ကျဆင်းသွား၏။

နောက်တစ်ခဏတွင် သူတို့သည် ဧရာမသားရဲကြီးနှစ်ကောင်အဖြစ် ဘ၀ပြန်၀င်စားခြင်းသံသရာထဲတွင် ဆက်လက်တိုက်ခိုက်နေကြ၏။ သံသရာနောက်တစ်ခုတွင် သစ်ကိုင်းတစ်ကိုင်းထက်၌ မျက်နှာချင်းဆိုင်နေကြသော နှံကောင်များ ဖြစ်နေကြသည်။ သူတို့က လက်များ လွှဲရမ်းရင်း တစ်ယောက်ကိုတစ်ယောက် တိုက်ခိုက်နေကြလေသည်။

ဤသို့ဖြင့် ပင်လယ်ထဲရှိ ငါးနဂါးများ၊ နန်းတော်ရှိ မိဖုရားများ၊ ဆူးပင်တစ်ပင်ပေါ်ရှိ ပန်းပွင့်များနှင့် တစ်ခုတည်းအဖြစ် ပေါင်းစည်းနေ‌ကြသော အနီရောင်သစ်သီးများအဖြစ် ဘဝမျိုးစုံ ပြောင်းလဲရင်း သံသရာလည်နေကြသည်။

နဂါးသွေးကြောများအဖြစ်လည်း သံသရာလည်ကြပြီး တစ်ယောက်စီ၏ ကံကြမ္မာကို ခိုးယူနိုင်ရန် နှစ်ပေါင်းများစွာ စောင့်ဆိုင်းနေခဲ့ကြ၏။

တစ်ဘဝတွင်မူ အပင်ပေါက်နှစ်ပင် ဖြစ်လာကြပြီး နှစ်ပေါင်းများစွာ ရှင်သန်ရင်း နေရောင်ခြည်နှင့် အာဟာရများ မရနိုင်ရန် အချင်းချင်း ဖိနှိပ်နေကြသည်။

ဘဝပြန်၀င်စားခြင်းသံသရာသည် သူတို့၏ အသိစိတ်အလျဉ်ထဲတွင် ဖြစ်ပျက်နေခြင်းပင်။ သူတို့သည် မရေမတွက်နိုင်သော ဘ၀ပေါင်းများစွာနှင့် နှစ်များစွာကို တွေ့ကြုံဖြတ်သန်းခဲ့ရသော်လည်း အချင်းချင်း ရောထွေးနေခဲ့ကြ၏။

အချင်းချင်း ဖယ်ရှားနိုင်ရန် တိုက်ခိုက်နေကြသေးသော်လည်း အနိုင်ရသူ ထွက်ပေါ်မလာသေးပေ။

တစ်နေ့တွင် သူတို့သည် ညီအစ်မများအဖြစ် ပြန်လည်၀င်စားပြီး တိုက်ခိုက်သတ်ဖြတ်နေကြ၏။ ရုတ်တရက် သူတို့နှစ်ယောက်က ဓားများကို ကိုင်၍ တစ်ဦး၏ ရင်ဘတ်ဆီသို့ ထိုးသွင်းနေကြသည်။

အမျိုးသမီးနှစ်ဦးက တစ်ယောက်ကိုတစ်ယောက် ခက်ထန်စွာ စိုက်ကြည့်နေကြ၏။ ရုတ်တရက် သခင်မယွမ်မုက တခစ်ခစ် ရယ်လျက် ပြောသည်။ “အစ်မတော်၊ နင်က ငါနဲ့ တိုက်ခိုက်ဖို့ပဲ သိတာ…. ငါတို့ ဘ၀ပြန်၀င်စားခြင်းသံသရာ ဘယ်နှခု တွေ့ကြုံခဲ့ရပြီးပြီးလဲဆိုတာ သိလား”

ကောင်းကင်နတ်ဧကရီမှာ အနည်းငယ် ကြောင်သွားသည်။

ယွမ်မုက ပြော၏။ “နင် ရောက်လာခဲ့တဲ့လမ်းကို မှတ်မိသေးလား… မမှတ်မိရင် နင့်ညီမက သေချာပေါက် နိုင်သွားတော့မှာနော်… ဘ၀ပြန်၀င်စားခြင်းသံသရာကို ပြောင်းပြန်လှည့်လိုက်စမ်း”

ရုတ်တရက် ဘ၀ပြန်ဝင်စားခြင်း ကောင်းကင်နတ်သိုင်းတစ်ခုက သူမအနောက်တွင် လှည့်ပတ် ထွက်ပေါ်လာသည်။ ယွမ်မုက ကလေးမလေးအသွင်ဖြင့် ထိုဘ၀ပြန်၀င်စားခြင်းကောင်းကင်နတ်သိုင်းထဲ ၀င်ရောက်ပျောက်ကွယ်သွားတော့၏။

ကောင်းကင်နတ်ဧကရီမှာ မျက်နှာအကြီးအကျယ်ပျက်သွားပြီး အလျင်အမြန် လိုက်ဖမ်းတော့သည်။ ယွမ်မုသည် သစ်ပင်ကြီးတစ်ပင်အဖြစ် ပြောင်းလဲသွားပြီဖြစ်၏။ သစ်ပင်ကြီးက အလျင်အမြန် ကျုံ့၀င်၍ အပင်ပေါက်လေး ဖြစ်သွားသည်။

ကောင်းကင်နတ်ဧကရီကလည်း အနောက်မှ လိုက်ရင်း သစ်ပင်ကြီးတစ်ပင်အဖြစ် အသွင်ပြောင်းသွားသော်လည်း ခြေတစ်လှမ်း နောက်ကျနေချေပြီ။

အပင်ပေါက် ဖြစ်သွားသော ယွမ်မုက ကောင်းကင်နဂါးတစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။ ကောင်းကင်နဂါးသည် မြေပေါ်တွင် လှဲလျောင်း၍ နဂါးသွေးကြောတစ်ကြောအဖြစ် အသွင်ပြောင်းသွား၏။ မကြာမီ နဂါးသွေးကြောက ဘ၀ပြန်၀င်စားခြင်းသံသရာထဲ ၀င်ရောက်၍ ယခင်ဘ၀သို့ ပြန်လည်ရောက်ရှိသွားသည်။

အမျိုးသမီးနှစ်ဦးမှာ ဘ၀ပြန်၀င်စားခြင်းသံသရာထဲသို့ တစ်ယောက်တစ်ပြန် ဝင်ရောက်နေကြ၏။ ကောင်းကင်နတ်ဧကရီမှာ သခင်မယွမ်မုထက် ခြေတစ်လှမ်း နောက်ကျနေဆဲပင်။ ကောင်းကင်နတ်ဧကရီ ပထမဆုံးဘ၀သို့ ပြန်လည်ရောက်ရှိ၍ သားအိမ်ထဲရှိ သန္ဓေသားအဖြစ် ပြောင်းလဲသွားသည့်အချိန်၌ သခင်မယွမ်မုမှာ ပျောက်ကွယ်သွားခဲ့ချေပြီ။

သန္ဓေသားနှာ မျက်နှာအကြီးအကျယ် ပျက်သွားပြီး ဘ၀ပြန်ဝင်စားခြင်း ကောင်းကင်နတ်သိုင်းတစ်ခု ဆင်းသက်လာသည်ကို တွေ့လိုက်ရ၏။ ၎င်းက သူမကို မြှောက်တင်၍ တဝှီးဝှီး လှည့်ပတ်နေသည်။ တခဏအတွင်း သူမကား ဘ၀ပြန်၀င်စားခြင်းသံသရာထဲ ရောက်ရှိကာ မရေမတွက်နိုင်သော ဘ၀များကို တွေ့ကြုံခံစားနေရတော့၏။ သံသရာထဲမှ ပြန်ထွက်မလာနိုင်တော့ပေ။

သခင်ယွမ်မုသည် အနိုင်ရရှိသွားပြီး ကောင်းကင်နတ်ဧကရီ၏ ခန္ဓာကိုယ်ကို အပြည့်အ၀ သိမ်းပိုက်နိုင်ခဲ့ချေပြီ။ သူမက တခစ်ခစ် ရယ်နေသည်။ “‌ကောင်းကင်နတ်အရှင်မူရဲ့ ဘ၀ပြန်၀င်စားခြင်း ကောင်းကင်နတ်သိုင်းက တကယ် စွမ်းတာပဲ.. ငါ အဲ့ဒီ ခွေးမကို ဖယ်ရှားနိုင်ခဲ့ပြီ… ကောင်းကင်နတ်အရှင်မူ၊ ငါ ပြန်ရောက်လာပြီနော်”

သူမက ချင်မူ့ကို ကြည့်လိုက်သော်လည်း မတွေ့ရပေ။ အနီရောင်ကြိုးအောက်၌ တွဲလဲခိုနေသော ဆံဖြူအဘိုးအိုကြီးတစ်ယောက်ကိုသာ တွေ့လိုက်ရ၏။

သူ့လည်ပင်းတွင် အနီရောင်ကြိုးက ရစ်ပတ်နေပြီး အဘိုးအို ကြိုးမှ တွဲလောင်းကျနေသည်မှာ မည်မျှကြာပြီလဲ မသိချေ။ သူ့ခန္ဓာကိုယ်သည်ပင် တောင့်တင်းနေသည်။

သခင်မယွမ်မုမှာ အလန့်တကြား ထခုန်၍ ချက်ချင်း အပြေးသွားကာ ၀င်သက်ထွက်သက် စမ်းကြည့်လိုက်သည်။ အသက်ရှူနေသေးကြောင်း သိရတော့မှ စိတ်အေးသက်သာစွာ သက်ပြင်းချလိုက်မိသည်။

သူမက အဘိုးအိုကို ကယ်လိုက်သည့်အခါ သူ၏ ရုပ်ရည်သွင်ပြင်မှာ ချင်မူနှင့် တူနေသေးကြောင်း တွေ့လိုက်ရသည်။ မရေမတွက်နိုင်သော နှစ်ပေါင်းများစွာ ကုန်လွန်သွားသကဲ့သို့ အိုမင်းရင့်ရော်နေခြင်းသာ ဖြစ်၏။

“ငါ့အချစ်လေး ဘာဖြစ်သွားတာလဲ… ဘာလို့ သေကြောင်းကြံနေတာလဲ” သခင်မယွမ်မုက စူးစမ်းစွာ မေးလိုက်သည်။

ချင်မူက မျက်ရည်များ စီးနေရင်းဖြင့် တရှုံ့ရှုံ့ ပြော၏။ “ခက်လွန်းတယ်.. သိပ်ကို ခက်တယ်…”

သခင်မယွမ်မုမှာ စိတ်ရွှင်နေသောကြောင့် ရယ်လိုက်မိသည်။ “ခက်တယ်တဲ့လား…. မသင်ရင် မခက်တော့ဘူးလေ… ဒီလောက် ဉာဏ်ကောင်းတဲ့ ငါ့အချစ်လေးက ဒီအနီရောင်ကြိုးထုံးကြောင့်နဲ့ စိတ်ရှုပ်နေတာပေါ့လေ”

“အင်း” ချင်မူက ခပ်ပြတ်ပြတ် ဖြေသည်။

“ငါ့ ငါ့အစ်မကို ရှင်းလင်းလိုက်ပြီ… ဘယ်သူမှ ငါတို့ကို မတားနိုင်တော့ဘူး”

သခင်မယွမ်မုက သူ၏လက်မောင်းကို ကိုင်၍ ပျော်ရွှင်စွာ ပြောသည်။ “အဲဒီသခင်လေးနှစ်လည်း ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး… အချစ်လေးက ငါနဲ့ အတူလိုက်ပြီး သူ့ကို သတ်ရမယ်… ငါတို့ ထွက်ပြေးပြီး တူတူနေလို့ရပြီ”

သူမက တခစ်ခစ် ရယ်လိုက်ပြီးနောက် ဆက်ပြော၏။ “ငါ ဒီကနေထွက်သွားပြီးရင် ကောင်းကင်နတ်အရှင်ဆယ်ပါးနဲ့ တစ်လောကလုံးကို ပေါင်းစည်းမယ်… အချစ်လေးက ငါ့ကိုယ်လုပ်တော်ဆောင်မှာ ကိုယ်လုပ်တော်ခေါင်း ဖြစ်လာစေရမယ်… ဒါပေမဲ့ အခုလို အသက်ကြီးနေရင်တော့ နည်းနည်း...”

ချင်မူ့ရုပ်ရည်သွင်ပြင်က တဖြည်းဖြည်း ပြန်လည်နုပျိုလာပြီး သူသည် အနီရောင်ကြိုးထုံးအား တစ်ချက်တစ်ချက် လှမ်းကြည့်နေသည်။

“ကြည့်မနေနဲ့လေ… သင်နိုင်မှာမှ မဟုတ်တာ” သခင်မယွမ်မုက သူ့ကို စိတ်လှုပ်တရှား ဆွဲခေါ်နေသည်။

ချင်မူသည် ရုတ်တရက် ငေးကြောင်သွား၏။ သူက အနီရောင်ကြိုးထုံးကို စိုက်ကြည့်နေရင်း ရေရွတ်လိုက်သည်။ “ဒီ ခြောက်ကြိုးမြောက်ကြိုး… ကျွန်တော် နားလည်သွားပြီ”

သူက အားရဝမ်းသာ အော်ဟစ်ကာ သခင်မယွမ်မုလက်ထဲမှ ရုန်းထွက်သွားသည်။ ထို့နောက် တဟားဟား ရယ်နေပြီး အနီရောင်ကြိုးပေါ်တွင် အော်ဟစ်ကခုန်နေ၏။ “နောက်ဆုံးတော့ နားလည်သွားပြီ.. အဲ့လိုကိုး… ဆန်းကြယ်နက်နဲတဲ့ သဘောတရားက ခြောက်ကြိုးမြောက် အနီရောင်ကြိုးအပေါ်မှာ ရှိတာ.,. ကျွန်တော်က ပြိုင်ဘက်ကင်းပဲ”

သခင်မယွမ်မုမှာ သူ၏ပုံစံကို ကြည့်ပြီး စိုးရိမ်လာမိသည်။ “ငါ အခုလေးတင် ပြန်ရောက်လာတုန်း ရှိသေးတယ်… သူက ထူးဆန်းနေပြန်ပြီ…. ဒါပေမဲ့ သူ့အကူအညီ မပါဘဲ သခင်လေးနှစ် လက်ထဲကနေ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး…”

“ကျွန်တော်က ပြိုင်ဘက်ကင်းပဲ”

ချင်မူသည် ခါးထောက်ရပ်နေပြီး စိတ်ဓာတ်တက်ကြွနေ၏။ “ကျွန်တော် အနီရောင်ကြိုးထုံးရဲ့ တစ်ရာခိုင်နှုန်းကို နားလည်ပြီးနေပြီ… အခု တစ်ယောက်တည်း လျှောက်လှမ်းလို့ရပြီ”

All Chapters