← Chapters

သခင်လေးမူ

Vol. 122 Ch. 1583

သခင်လေးမူ

Vol. 122 Ch. 1583

သခင်မယွမ်မုမှာ ချင်မူ့ကို ကြည့်ကာ အံ့အားသင့်နေသော်လည်း တစ်ရာခိုင်နှုန်းသာ သင်ယူနိုင်သည်ဆိုသော အသံကြားသည့်အခါ ပြန်လည်စိတ်အေးသွားသည်။

“သူ အနီရောင်ကြိုးထုံးကို ရာနှုန်းပြည့် သင်ယူနိုင်ခဲ့တာဆိုရင် ငါ သူ့ကို စောစောသေခိုင်းရုံက လွဲပြီး ရွေးချယ်စရာ မရှိဘူး”

သခင်မယွမ်မုက ပျော်ရွှင်စွာ ခုန်ပေါက်နေသော ချင်မူ့ကို ကြည့်ရင်း စိတ်ထဲမှ တွေးနေသည်။ ‘ဒါပေမဲ့ တစ် ရာခိုင်နှုန်းပဲဆိုတော့ စိတ်ပူစရာ မရှိဘူး’

ချင်မူက စိတ်အေးအေးထားလိုက်ပြီး အနီရောင်ကြိုးအပေါ်တွင် ထိုင်ကာ ခန္ဓာကိုယ်ကို သန့်ရှင်းကာ အ၀တ်အသစ်များ ၀တ်နေသည်။ စောစောက သူ၏အခြေအနေမှာ လည်လိမ်နေသော ကြက်ကြီးသဖွယ် သနားစဖွယ် စိတ်ဓာတ်ကျနေခဲ့ပြီး ကောင်းကင်နတ်အရှင်တစ်ပါး၏ ဂုဏ်သိက္ခာကိုပဲ မငဲ့ဘဲ ကိုယ့်ကိုယ်ကိူ သတ်,သေရန် ကြိုးစားခဲ့သည် မဟုတ်လော။

ထို့ကြောင့် သူ့အနေဖြင့် အချိန်ယူ၍ စိတ်ကို တည်ငြိမ်စေကာ ဤအချိန်တိုအတွင်း ရရှိခဲ့သည်များကို သုံးသပ်ရပေဦးမည်။

မှန်ပါသည်။ အနီရောင်ကြိုးမှာ ခက်ခဲလွန်းသည့်အပြင် သူ ယခင်က တစ်ခါမှမတွေ့ကြုံခဲ့ဖူးသည့် ပြဿနာတစ်ခုလည်း ဖြစ်သည်။ သို့သော် သူ့အား အလွန်တရာ ဆွဲဆောင်နေသဖြင့် စိတ်မထိန်းနိုင်ခဲ့ပေ။

သခင်မယွမ်မုသည် သူ တည်ငြိမ်သွားပြီး သန့်ရှင်းဆေးကြော၍ အ၀တ်၀တ်နေသည်ကို ကြည့်နေသည်။ သူ့တာအိုနှလုံးသားသည် ပင်လယ်ရေမျက်နှာပြင်အလား တည်ငြိမ်အေးဆေးနေသဖြင့် သူမမှာ ချီးကျူးနေမိ၏။

ယခုချက်ချင်း ဝမ်းနည်းပြိုလဲနေရာမှ ပျော်ရွှင်မြူးထူးနိုင်စွမ်းက ဩချဖွယ်ရာပင်။

သူသည် မည်သည့်အချုပ်အနှောင်မှ မရှိဘဲ ခံစားချက်အပြည့် ဖြစ်နေ၏။ သို့ထိတိုင် အချိန်တိုအတွင်း တာအိုနှလုံးသား၏ အမြင့်ဆုံးအဆင့်အား ပြန်လည်ထိန်းသိမ်းနိုင်ခဲ့သည်။ ဤကမ္ဘာတွင် ထိုသို့လုပ်နိုင်သူ ဟူ၍ ချင်မူ့ကဲ့သို့ ရူးကြောင်ကြောင်လူတစ်ယောက်တည်းသာ ရှိနိုင်သည်။

မီလော့နန်းတော်အရှင်သခင်သည် အမှန်တကယ်ပင် နားလည်ရခက်သူ ဖြစ်သည့်အပြင် တစ်ချိန်တည်းမှာပင် ကြင်နာသနားတတ်သူလည်း ဖြစ်သည်။ ခြောက်ကြိုးမြောက်အနီရောင်ကြိုးက ချိတ်တံဆိပ်၏ စွမ်းအားကို အသက်သွင်းသော ကြိုးမဟုတ်ဘဲ ပယ်ဖျက်ပေးသောကြိုးပင်။

ကြိးကို ဆွဲလိုက်သရွေ့ ချိပ်တံဆိပ် ပျောက်ကွယ်သွားပြီး သခင်လေးနှစ် လွတ်မြောက်သွားလိမ့်မည်။ သူသည် သူ၏တပည့်ကို သတ်ဖြတ်လိုစိတ်မရှိခဲ့ပေ။

မီလော့နန်းတော် သခင်လေးနှစ်သည် မီလော့နန်းတော်အရှင်သခင် သူမကို မသတ်ခဲ့ခြင်းက တရားမျှတပြီး ဖြောင့်မတ်တည်ကြည်လွန်းသောကြောင့်ဟု ထင်ခဲ့သည်။

မီလော့နန်းတော်အရှင်သခင်သည် အနီရောင်ကြိုးထုံး၏ ဆန်းကြယ်နက်နဲသော သဘောတရားကိုလည်း ဤအနီရောင်ကြိုးထဲ၌ပင် ကွယ်ဝှက်ထားခဲ့၏။ အနီရောင်ကြိုးက သူ၏ ကောင်းကင်နတ်သိုင်းကို သိမြင်နားလည်နိုင်မည့် သော့ချက်ဖြစ်သည်ဟု ဆိုရမည်။

သခင်လေးနှစ် လွတ်မြောက်သွား၍ တစ်လောကလုံးတွင် လိုက်မွှေသည့်အခါ မည်သူမှ မတားဆီးနိုင်မည်စိုးသောကြောင့် သူမအား ကိုင်တွယ်ဖြေရှင်းနိုင်မည့် နည်းလမ်းတစ်ခုကို ချန်ထားခဲ့၏။

ချင်မူက စိတ်ထဲတွင် ချီးကျူးရင်း တွေးတောနေမိသည်။ 'သိုင်းအခြေခံမှာပဲဖြစ်ဖြစ်၊ စွမ်း‌ဆောင်ရည်ပဲဖြစ်ဖြစ်၊ အပြုအမူ အနေအထိုင်ပဲဖြစ်ဖြစ် ဘယ်သူမှ သူ့ကို အပြစ်မရှာနိုင်ဘူး… သူ့ ဉာဏ်အမြော်အမြင်က ပြိုင်ဘက်ကင်းပါပေတယ်’

မီလော့နန်းတော်အရှင်သခင်သည် ချင်မူ့ကို လေးစားကြည်ညိုစွာဖြင့် ဦးညွှတ်ဂါဝရပြုစေနိုင်သည့် ပထမဦးဆုံးနှင့် တစ်ဦးတည်းသော ပုဂ္ဂိုလ်ဖြစ်သည်။

လန်ယွီတျန်း သို့မဟုတ် ကောင်းကင်နတ်အရှင်ယွီပင်လျှင် ဉာဏ်အမြော်အမြင်နှင့် အပြုအမူတို့တွင် ပြစ်ချက်များ ရှိကြသေး၏။

အထက်‌ကောင်းကင်ဘုံ၏ သခင်လေး ဖြစ်၍ ပြိုင်ဘက်ကင်းအောင် တည်ငြိမ်သော ရှုရှန်းဟွာ၌ပင် အကျင့်စရိုက်အရာတွင် လိုအပ်ချက်များ ရှိလေသည်။

ခိုင်ဧကရာဇ်လည်း အလားတူပင်။

မဟာဧကရာဇ်၊ ကောင်းကင်နတ်ဧကရာဇ်ထိုက်ချူ၊ ကောင်းကင်နတ်အရှင်ဟောင်၊ ကောင်းကင်နတ်အရှင်ရှောင်နှင့် အခြားသူများတွင်လည်း အသီးသီး လိုအပ်ချက်များ ရှိကြပြီး မပြီးပြည့်စုံကြချေ။

ထိုက်ယီပင်လျှင် လိုအပ်ချက်များ ရှိသည်။ တစ်ခါတစ်ရံတွင် သူသည် သူ့ကိုယ်သူ ဆန်းကြည်နက်နဲသည့်ပုံစံ ပေါက်အောင် လုပ်တတ်သည်။

ချင်မူ၏ အကျင့်စရိုက်တွင်လည်း ပြစ်ချက်မျိုးစုံ ရှိနေသည်။

မီလော့နန်းတော်အရှင်သခင်သာလျှင် ပြီးပြည့်စုံသော ပုဂ္ဂိုလ်တစ်ဦးဟူသည့် နာမည်နှင့် ထိုက်တန်၏။

“အချစ်လေး၊ ငါတို့ သွားလို့ရပြီလား” သခင်မယွမ်မုက စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်သည်။

‌ချင်မူက အနီရောင်ကြိုးထုံးကို သေသေချာချာ တစ်ချက်စိုက်ကြည့်နေပြီးနောက် ထရပ်လိုက်၏။ ထို့နောက် ပြီးခဲ့သည့်ရက်ပိုင်းအတွင်း နားလည်ထားခဲ့သည့် ဆန်းကြယ်နက်နဲသော သဘောတရားများကို ပြန်တွေးတောလိုက်သည်။ တခဏကြာသော် သူက ပြုံးလျက် ပြောလိုက်၏။ “ကျွန်တော်တို့ သွားလို့ရပြီ”

သခင်ယွမ်မုက အားရ၀မ်းသာ လက်ခုပ်တီးလိုက်သည်။ သူမအနေဖြင့် ဤခန္ဓာကိုယ်အပေါ် ပထမဦးဆုံးအကြိမ် အပြည့်အ ဝထိန်းချုပ်နိုင်ပြီဖြစ်၍ ယုံကြည်ချက်အပြည့် ရှိနေသည်။

သူမက ချိုသာစွာ ပြုံးလျက် ပြောသည်။ “ငါတို့ အောက်ဆင်းသွားရင် နင့်ရဲ့ ကောင်းကင်ရတနာနယ်ပယ်နဲ့ ငါ့ကို ကူညီကာကွယ်ပေးနော်… ငါ သခင်လေးနှစ်နဲ့ တိုက်ခိုက်မယ်… ငါက သူ့ရန်သူဖြစ်ဖို့ မလုံလောက်သေးပေမယ့် သူက ချုပ်နှောင်ခံထားရတာဆိုတော့ တိုက်ကွက်တချို့တော့ ခုခံပေးနိုင်တယ်.. နင် လွတ်သွားသရွေ့ ငါ နင့်ကို ဘာမှမလုပ်ဘူး”

သူမသည် အားနည်းချက်ကို ဖြေရှင်းနိုင်ခဲ့သည့်အလျောက် သိုင်းအခြေခံမှာလည််း များစွာတိုးတက်လာခဲ့၏။ သူမ၏ ယုံကြည်ချက်လည်း တိုးပွားလာခဲ့သည််။

သူတို့နှစ်ယောက်က အဆုံးသတ်မြို့ပျက်ရေလှိုင်း ဖြတ်သန်းသွားသည်ကို စောင့်နေပြီးနောက် အနီရောင်ကြိုးများဆီမှ ချက်ချင်း ခုန်ဆင်းလာခဲ့ကြသည်။ ထို့နောက် အဆုံးသတ်မြို့ပျက်ဆွဲအားက ထွက်ပေါ်လာ၏။

လမ်းတွင် ချင်မူက လက်ချောင်းများကို ခါကာ တာအိုသံကြိုးငါးကြိုး၏ စွမ်းအားကို အသက်သွင်းလိုက်သည်။ မရေမတွက်နိုင်သော တာအိုအမှတ်အသားများက တာအိုသံကြိုးများတွင် ချက်ချင်း ဖွဲ့တည်လာကြကာ အဆက်မပြတ်တုန်ခါ၍ တာအိုသံကြိုးများတလျှောက် ပြေးဆင်းသွားကြချေပြီ။

သခင်မယွမ်မုမှာ ၎င်းကို မြင်လျှင် ပို၍ စိတ်အေးသွားသည်။ ချင်မူသာ တာအိုသံကြိုးများကို အသက်သွင်းပြီး ဒုတိယသခင်လေး၏ စွမ်းဆောင်ရည်တို့ကို ဖိနှိပ်နိုင်လျှင် သူတို့လွတ်မြောက်နိုင်မည့် အခွင့်အရေး ပိုရှိ၏။

'ငါ ဒုတိယသခင်လေးကို ဖယ်ရှားပြီးရင် အချစ်လေးကိုလည်း သတ်ရမယ်’

သူမက ပြုံးလျက် စိတ်ထဲမှ ကြံစည်နေသည်။ ‘အချစ်လေးက သိပ်အန္တရာယ်များတယ်… သူ အသက်ရှင်လျက် ထွက်သွားနိုင်ရင် ငါ့ကို ခြိမ်းခြောက်နိုင်တဲ့ခြေ များလွန်းတယ်…. ဒါအပြင့် သူက ‌တစ်နေ့ထက်တစ်နေ့ စွမ်းအားကြီးလာပြီး တိုးတက်နှုန်းကလည်း မြန်တယ်…’

သူတို့နှစ်ယောက်က လျင်မြန်စွာ ‌ဆင်းလာကြပြီး တာအိုသံကြိုးများ၏ တုန်ခါမှုလည်း ပိုပို၍ ပြင်းထန်လာသည်။ တာအိုသံကြိုးများက ရုတ်တရက် စွမ်းအားများ ထုတ်ဖော်လိုက်သဖြင့် ဖရိုဖရဲပင်လယ်ထဲတွင် နစ်မြုပ်နေသော သခင်လေးနှစ်အား သတိထားမိသွားစေ၏။

ရုတ်တရက် သူတို့အရှေ့တွင် အဖြူရောင်များ ဖုံးလွှမ်းသွားသညိ။ ချင်မူက မျက်ခုံးနှစ်ဖက်ကြားရှိ ဒေါင်လိုက်မျက်လုံးကို ဖွင့်၍ ကြည့်လိုက်ပြီး ချက်ချင်း အော်ဟစ်လိုက်သည်။ “သခင်လေးနှစ်ရဲ့ ဆံပင်တွေပဲ.. သတိထား”

သူ၏ ကောင်းကင်ရတနာနယ်ပယ်က သခင်မယွမ်မုအပေါ် ဖုံးလွှမ်းလျက် ဖြန့်ကျက်လိုက်သည်။ ချက်ချင်းသလို သူမသည် အရပ်ရှစ်မျက်နှာမှ အရာအားလုံးကို တွေ့မြင်လိုက်ရ၏။ တိုက်ကွက်တိုင်းက သူမအရှေ့မှသာ ၀င်ရောက်လာသဖြင့် ခုခံရလွယ်ကူလေသည်။

“ကောင်းလိုက်တဲ့ နယ်ပယ်”

သူမမှာ တအံ့တဩ ရေရွတ်လိုက်မိသည်။ နောက်တစ်ခဏတွင် သခင်လေးနှစ်၏ ဆံပင်သည် အ၀တ်စအဖြစ် ရစ်ပတ်ချည်နှောင်၍ အဆုံးသတ်မြို့ပျက်တွင် ဖြန့်ကျက်နေရာယူသွား၏။

ချင်မူနှင့် သခင်မယွမ်မုက တစ်ပြိုင်နက် သံရှည်ဆွဲ၍ ဟိန်းဟောက်ကာ ပြေးဆင်းသွားကြသည်။

ချင်မူက လောကသစ်ပင်အောက်တွင် ရပ်နေပြီး သူ၏ ချိုင်းအောက်မှ လက်များ ဖောက်ထွက်လာသည်။ သူ့အနောက်ရှိ ခန်းမ ၅၈ ဆောင်က ကျောက်စိမ်းမြို့တော်အဖြစ် ပြောင်းလဲကာ ကောင်းကင်နန်းဆောင်ကို ခုခံကာကွယ်လိုက်၏။ သူ့မူလဝိညာဉ်က ကျောက်စိမ်းမြို့တော်ထဲတွင် ထွက်ပေါ်လာပြီး ပြိုင်ဘက်ကင်းစွာ ခမ်းနားတင့်တယ်နေသည်။ ယင်းက ၀တ်ရုံကို တဖျတ်ဖျတ်လွင့်ခါစေလျက် ကျောက်စိမ်းမြို့တော်တစ်မြို့လုံးအား လွှမ်းမိုးနေရာယူထား၏။

သူ့ရုပ်ခန္ဓာနှင့် မူလဝိညာဉ်တို့က တစ်ပြိုင်နက်တည်း တိုက်ခိုက်လိုက်ကြသည်။ တာအိုသံကြိုးများကို တစ်ခုပြီးတစ်ခု ဆွဲယူ၍ သူ၏မှော်စွမ်းအင်အားလုံးကို သံကြိုးများထဲ ပို့လွှတ်နေလေသစည်။

ဖြန်း ဖြန်း ဖြန်း—

မရေမတွက်နိုင်သော အဖြူရောင်ဆံနွယ်တို့ဖြင့် ဖွဲ့စည်းထားသည့် အ၀တ်စမှာ တာအိုသံကြိုးများ၏ စွမ်းအားကြောင့် တစ်စစီ ပြတ်ထွက်သွားသည်။ ကောင်းကင်ရတနယ်ပယ်က သူတို့နှစ်ယောက်အား သယ်ဆောင်လျက် ပေါက်ပြဲနေသော အ၀တ်စများကြားမှ ဖြတ်သန်းသွား၏။

သူတို့ အ၀တ်ကို ဖြတ်သန်းသွားသည်နှင့် မရေမတွက်နိုင်သော ဆံနွယ်တို့က အ၀တ်ထဲမှ ထိုးထွက်ကာ ထိုးလာကြသည်။ ၎င်းတို့က ချက်ချင်းဆိုသလို မရေမတွက်နိုင်သော လက်များနှင့် ဓားသွားများအဖြစ် ပြောင်းလဲသွားပြီး သူတို့အား အဆက်မပြတ် တိုက်ခိုက်ကြတော့၏။

သခင်ယွမ်မုသည် ကောင်းကင်ရတနာနယ်ပယ်ထဲတွငိ ရောင်စုံလိပ်ပြာလေးတစ်ကောင်ကဲ့သို့ ဟိုသည်ကူးလူးပျံသန်းနေသည်။ သူမက စွမ်းအားအကြီးဆုံး ကောင်းကင်နတ်သိုင်းကို ထုတ်လွှတ်ရင်း အဖြူရောင်ဆံနွယ်တို့၏ တိုက်ကွက်များကို ခုခံကာကွယ်နေ၏။

သူမ၏အ၀တ်များမှာ အဖြူရောင်ဆံနွယ်များကြောင့် ပေါက်ပြဲနေသဖြင့် ဖြူဥသော အသားလေးမှာ ပေါ်လွင်နေတော့သည်။

ဝိညာဉ်သန္ဓေသားကောင်းကင်ရတနာနယ်ပယ်က ဆက်လက်ကျဆင်းနေ၏။ အောက်ရှိ ဖရိုဖရဲပင်လယ်တွင် ကြာရွက်များ လှုပ်ရှားသွားပြီး ကြာရွက်များအောက်ရှိ အဖြူရောင်ဆံနွယ်တို့က ‌ရေတံခွန်တစ်ခုပမာ ကောင်းကင်ပေါ်သို့ မြောက်တက်လာကြသည်။

မီလော့နန်းတော် ဒုတိယသခင်လေးသည် အမျိုးသမီးတစ်ယောက် ဖြစ်သော်လည်း ပြိုင်ဘက်ကင်းစွမ်းအားတို့ကို ပိုင်ဆိုင်ထားသည်။ သူမက အမြွှာကြာပန်းပွင့်နှစ်ပွင့်ကို အမြစ်ပါသည်အထိ ဆွဲနှုတ်လိုက်သည်။ မမျှော်လင့်ဖွယ်ကောင်းစွာနှင့် ကြာပန်းပွင့်၏ အောက်ဖြင့် ဆက်နွယ်နေသော ကြာမြစ်တို့မှ ဖရိုဖရဲချီတို့ ထွက်ပေါ်လာကြလေသည်။

ကြာပွင့်များအောက်၌ ကြာမြစ်များ ရှိနေသည်။ အမြစ်တစ်ချောင်းချင်းစီက လေထဲတွင် လူးလွန်ကခုန်နေကြသည်။ နဂါးတစ်ကောင်က ထွက်ပေါ်လာသော တာအိုသံကြိုးများ၊ တာအိုအမှတ်အသားများနှင့် အပြင်းအထန် တိုက်ပွဲ၀င်နေသည့်အလားပင်။

ဝှစ်…

ဒုတိယသခင်လေး ကြာမြစ်များကို အသက်သွင်းလိုက်သည့်အချိန် မရေမတွက်နိုင်‌သော အသူရာချောက်နက်များလည်း ဖရိုဖရဲပင်လယ်ကောင်းကင်ထက်တွင် ဖြစ်တည်လာသည်။ ၎င်းတို့က အရပ်လေးမျက်နှာစလုံးတွင် ပေါ်လိုက်ပျောက်လိုက်ဖြင့် တာအိုသံကြိုးများကို ဝါးမြိုနေကြသည်။

ထိုစဉ်မှာပဲ ကြာစေ့များက အမြွှာကြာပန်းပွင့်များအောက်မှ ပြေးထွက်လာကြသည်။ တိုက်ကွက်တစ်ကွက်ချင်းစီဖြင့် ဟင်းလင်းပြင်အစိတ်အပိုင်းတစ်ခုချင်းစီ ဖျက်ဆီးခံနေရ၏။

သို့သော် ဆယ့်ခြောက်စင်းမြောက် စကြ၀ဠာ၏ အမြွှာကြာပန်းပွင့်နှစ်ပွင့်မှာ အရွယ်ရောက်လာပြီး ဖြစ်သည်။ ကြာပန်းပွင့်ထဲတွင် ကြာစေ့များ ပေါက်ထားပြီး ကြာပန်းပွင့်အောက်တွငိတော့ ကြာမြစ်များ ရှိ၏။ ဆယ့်ခုနစ်စင်းမြောက် စကြ၀ဠာ၏ ကြာပန်းပွင့်များတွင်တော့ အမြစ်သာ ရှိပြီး ကြာစေ့ မရှိကြချေ။

ချင်မနှင့် အဆုံးသတ်မြို့ပျက်နတ်ဘုရားမသည် ကံကောင်းခဲ့သည့်အတွက် စွမ်းဆောင်ရည်များ တိုးတက်ခဲ့မှန်း သခင်လေးနှစ်အနေဖြင့် သိရှိထား၏။ ထို့ကြောင့် သူမ၏ နိုင်ဖဲကို ထုတ်သုံးခဲ့ခြင်းပင်။

သို့သော် တာအိုသံကြိုး၏ စွမ်းအားမှာ အားကောင်းလွန်းပေသည်။ ၎င်းက သူမ၏ သိုင်းအခြေခံနှင့် စွမ်းဆောင်ရည်တို့အပေါ် ဖိနှိပ်ထားပြီး ဖရိုဖရဲပင်လယ်၏ တိုက်စားမှုဒဏ်ပါ ခံနေရသည့်အတွက် သူမ ထုတ်လွှတ်နိုင်သည့် အတိုက်အခိုက်စွမ်းရည်မှာ မမြင့်မားတော့ချေ။

မမြင့်မားသော်လည်း သေးငယ်နေခြင်းတော့မဟုတ်။ သူမသာ ချင်မူ သို့မဟုတ် ယွမ်မုကိုသာ အားကုန်ရိုက်ချပါက သူတို့ပြာကျသွားပေလိမ့်မည်။

ကံကောင်းစွာဖြင့် သူမမှာ တာအိုသံကြိုးကို ခုခံတိုက်ခိုက်နေရ၏။ မဟုတ်လျှင် ချင်မူနှင့် ယွမ်မုတို့ လွတ်မြောက်နိုင်ရန် နည်းလမ်း မရှိပေ။

သူတို့နှစ်ယောက်သား ဆင်းနေကြသည့်အချိန် သခင်မယွမ်မုက ဒုတိယသခင်လေး၏ အဆုံးသတ်မြို့ပျက်ကောင်းကင်နတ်သိုင်းကို စိုက်ကြည့်နေသည်။ သူမက ချင်မူ့ကို ဆွဲခေါ်ရင်း ရှောင်တိမ်းနေသည်။ ထိုစဉ် ကြာစေ့တစ်စေ့က တည်ငြိမ်နေသော ကန်ရေပြင်ပေါ် ကျဆင်းသွားသော ကျောက်တုံးတစ်တုံးသဖွယ် ချင်မူ့ကောင်းကင်ရတနာနယ်ပယ်အား ပြေးတိုက်လိုက်သည်။

ကြာစေ့စွမ်းအားက ထွက်ပေါ်လာပြီး နောက်တစ်ခဏတွင် ကောင်းကင်ရတနာနယ်ပယ်ကို ဖုံးလွှမ်းသွားသော ဧရာမအသူရာချောက်နက်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွား၏။ ကျယ်ပြောလှသော ကြယ်တာရာကောင်းကင်နှင့် မရေမတွက်နိုင်သော ကမ္ဘာလောကများ ကြာစေ့ထဲ ကျရောက်သွားကြသည်။

သခင်မယွမ်မုက ကြာစေ့များထံ ပျံသန်းသွားပြီး သူမ၏ အန္တိမကောင်းကင်နတ်သိုင်းကို အသက်သွင်းလိုက်၏။ သူမ၏ ရုပ်ခန္ဓာနှင့် မူလဝိညာဉ်တို့က တုန်ရီသွားပြီး ကြာစေ့နှင့် ထိပ်တိုက်ရင်ဆိုင်သည့် အသူရာချောက်နက်ကြီးအဖြစ် ပြောင်းလဲသွားသည်။

ချင်မူက ချက်ချင်း ကောင်းကင်ရတနာနယ်ပယ်အား တည်ငြိမ်စေလိုက်ရင်း သူ၏ခန္ဓာကိုယ် ချောက်နက်ထဲ ကျမသွားအောင် ဟန်ချက်ထိန်းသည်။

ဖောင်း… ဖောင်း… ဖောင်း

သခင်မယွမ်မု၏ ခန္ဓာကိုယ် ပေါက်ကွဲသွားသည်။ ယင်းက ရိုးရိုးတန်းတန်း ရင်ဆိုင်တိုက်ခိုက်မှုသာ ဖြစ်သော်လည်း သူမ၏တစ်ကိုယ်လုံး သွေးတို့ဖြင့် စိုရွှဲသွားခဲ့၏။ မူလဝိညာဉ်အပါအ၀င် သူမ၏ ခန္ဓာကိုယ်တစ်ခုလုံး၌ အရေပြား မရှိတော့ချေ။

သူမ၏ သက်တံ့ရှည်တစ်စင်းကဲ့သို့ များပြားလှသော ချီစွမ်းအင်မှာလည်း မဟူရာချောက်နက်ထဲသို့ စုပ်ယူခံနေရသည်။

“သေစမ်း” ချင်မူက အော်ဟစ်၍ သူ၏နယ်ပယ်ကို ချက်ချင်း အသက်သွင်းလိုက်၏။ သခင်မယွမ်မု၏ ရုပ်ခန္ဓာနှင့် မူလဝိညာဉ်တို့မှာ ချက်ချင်း သက်သာလာကြသည်။ သူတို့နှစ်ယောက်က အံတင်းတင်းကြိတ်လျက် ကြာစေ့အား တိုက်ခိုက်နေကြတော့သည်။

ထိုစဉ် အဖြူရောင်ဆံနွယ်များက သူတို့၏နယ်ပယ်ထဲအား ဖြတ်သန်းသွားပြီး နောက်တစ်ခဏတွင် သူတို့နှစ်ယောက်လုံး အဖြူရောင်ဆံနွယ်များစွာဖြင့် ထိုးစိုက်ခံလိုက်ရ၏။

ထို့နောက် အဖြူရောင်ဆံနွယ်များသည် အရပ်လေးမျက်နှာသို့ ဖြာထွက်သွားသည့်အတွက် သူတို့နှစ်ယောက်လုံးမှာ အစိတ်စိတ်အမြွှာမြွှာ အက်ကွဲသွားကြသည်။

ကြာစေ့က သူတို့နှစ်ယောက်လုံး၏ အစိတ်အပိုင်းများကို ဝှစ်ခနဲ ဝါးမြိုသွားချေပြီ။

“ရတနာသစ်ပင် မပျက်စီးသရွေ့ ငါလည်း ပျက်စီးမှာ မဟုတ်ဘူး”

ကြာစေ့က ကြာရွက်ပေါ်ရှိ အမျိုးသမီးဆီသို့ ပျံသန်းနေရင်း ပိုပို၍ ကြီးမားလာနေသည်။ နောက်တစ်ခဏတွင် ၎င်းက အက်ကွဲသွားပြီး စိမ်းစိုလန်းဆန်းနေသော လောကသစ်ပင်တစ်ပင်က ထွက်ပေါ်လာ၏။

မရေမတွက်နိုင်သော ချီစွမ်းအင်တို့က လောကသစ်ပင်အား လှည့်ပတ်နေကြသည်။ နေ၊ လ၊ ကြယ်တာရာများသာမက ‌ကောင်းကင်နန်းဆောင်များနှင့် ပလ္လင်ခန်းမတို့ အလျင်အမြန် ဖွဲ့တည်လာကြ၏။‌ ကောင်းကင်ဘုံ ကမ္ဘာလောကများ တစ်ခုပြီးတစ်ခု ဖွဲ့တည်လာပြီး ချင်မူနှင့် သခင်မယွမ်မုက သစ်ပင်အောက်တွင် ရပ်နေကြသည်။

ချင်မူက ကျယ်လောင်စွာ မာန်သွင်းဟိန်းဟောက်သည့်အခါ သူ၏နယ်ပယ်က အလွန်တရာ ပါးလွှာလာသည်။ သူက ဝှစ်ခနဲ ဖရိုဖရဲပင်လယ်တစ်လျှောက် ဖြတ်သန်းရင်း သခင်လေးနှစ်ထံမှ ဝေးရာသို့ ပျံသန်းသွား၏။

သခင်လေးနှစ်က တာအိုသံကြိုးကို ခုခံကာကွယ်ရင်း အမြွှာကြာပန်းပွင့်နှစ်ပွင့်ကို လွှဲရမ်းလိုက်သည်။ ကြာရွက်တစ်ရွက်သည် ပျံသန်းလာပြီး ချင်မူနှင့် သခင်မယွမ်မုကို လိုက်လာ၏။ ၎င်းက ထူထဲမှုမရှိသော ကောင်းကင်ရတနာနယ်ပယ်တွင် အသာအယာ ကပ်သွားသည်။

ကြာရွက်က သခင်လေးနှစ်ဆီ ပြန်လည်ပျံသန်းသွားသည့်အခါ ကောင်းကင်ရတနာနယ်ပယ်မှာလည်း အလားတူပျံသန်းလိုက်ပါသွားရ၏။

သခင်မယွမ်မု၏ ဦးခေါင်းနောက်၌ ကောင်းကင်နန်းဆောင် ၃၂ ဆောင် ထွက်ပေါ်လာပြီး သူမက မာထန်စွာ အော်လိုက်သည်။ “ကောင်းကင်နတ်အရှင်မူ၊ ငါ့ကို ပလ္လင်ခန်းမတွေ ငှား”

သူမ၏ကောင်းကင်နတ်ဘုံတွင် ပလ္လင်ခန်းမ များများစားစား မရှိဘဲ ၂၉ ဆောင်သာ ရှိသည်။ ချင်မူ သူမစကားကို ကြားသည့်အခါ ပလ္လင်ခန်းမ ၅၈ ဆောင်က သူမ၏ ကောင်းကင်နတ်ဘုံထဲသို့ ပျံသန်းနေရာယူသွားတော့သည်။

ချင်မူက ထိုက်စုကောင်းကင်နန်းဆောင်ကို အသက်သွင်းလိုက်ရာ ပလ္လင်ခန်းမ ၅၈ ဆောင်သည် သူမ၏ ပလ္လင်ခန်းမ၂၉ ဆောင်နှင့် တစ်သားတည်း ဖြစ်သွား၏။ ၎င်းတို့ထဲမှ အတော်များများက တစ်ခုပေါ်တစ်ခု ထပ်သွားကြသော်လည်း စုစုပေါင်း ၆၇ ဆောင် ရှိနေသည်။

သခင်မယွမ်မု၏ သိုင်းအခြေခံနှင့် မှော်စွမ်းအင်က တဟုန်ထိုး မြင့်တက်သွားပြီး မရေမတွက်နိုင်သော လက်ဝါးရာတို့က ကြာရွက်၌ ပေါ်လာကာ တွန်းထုတ်လိုက်သည်။

‌ချင်မူက နောက်တစ်ကြိမ် ကောင်းကင်နတ်သိုင်းကို အသက်သွင်း၍ အဝေးသို့ ပျံသန်းသွားပြန်သည်။

သူတို့မှာ ဆယ့်ခုနစ်စင်းမြောက် စကြ၀ဠာ၏ အမြွှာကြာပန်းပွင့်နှစ်ပွင့်နှင့် ပိုပို၍ နီးကပ်လာသည်။ ကြာပန်းပွင့်အောက်ရှိ ကြာရွက်တွင် နတ်ဘုရင်ပိုယန်၏ အလောင်းကို ရှင်းရှင်းလင်းလင်း မြင်လာရသည်။

ထိုအခိုက်အတန့်တွင် အဖြူရောင်ဆံနွယ်များ ပျံသန်းလာပြီး ကြာပန်းပွင့်နှစ်ပွင့်တွင် ရစ်ပတ်ကာ ကြာရွက်နှင့်အတူ သူတို့အား ပြန်ဆွဲခေါ်လိုက်သည်။

နတ်ဘုရင်ပိုယန်၏ ‌အလောင်းမှာ ယိမ်းယိုင်လျက် ဖရိုဖရဲပင်လယ်ထဲသို့ ပြုတ်ကျသွား၏။ အလောင်းကား လျင်မြန်စွာ အရည်ပျော်ကာ ပျောက်ကွယ်သွားတော့သည်။

“အဲ့ဒါ ငါ့ကြာပန်း”

သခင်မယွမ်မုက လေပေါ် ပျံတက်၍ ကြာမြစ်များကို ဖက်တွယ်လိုက်သည်။ သူမ၏ ရုပ်ခန္ဓာက ပိုပို၍ကြီးမားလာပြီး အော်ဟစ်လျက် အမြွှာကြာပန်းပွင့်နှစ်ပွင့်ကို ဆွဲထုတ်နေသည်။

သူမမှာ ဖရိုဖရဲပင်လယ်ထံသို့ ပြုတ်ကျလုနီးပါး ဖြစ်သွားသော်လည်း နောက်တစ်ခဏတွင် ချင်မူ့ ကောင်းကင်ရတနာနယ်ပယ်က သူမခြေထောက်အောက်တွင် နေရာယူလိုက်လေသည်။ သခင်မယွမ်မုလည်း သူ၏ ဘိုးဘေးနန်းတော်ထဲသို့ ဆင်းသက်လိုက်သည်။ သူမက အမြွှာကြာပန်းပွင့်နှစ်ပွင့်ကို လွှဲရမ်းလျက် အဖြူရောင်ဆံနွယ်များကို ခါထုတ်လိုက်၏။ သူမ၏လွှဲရမ်းမှုကြောင့် အမြွှာကြာပန်းပွင့်က လျင်မြန်စွာ လှည့်ပတ်ရင်း ပွင့်အာကျလာကာ ချင်မူ့ကျောနောက်သို့ ဦးတည်သွားသည်။

ချင်မူ၏ကျောနောက်တွင် သခင်လေးနှစ်၏ လက်ဝါးက ဖရိုဖရဲမြူခိုးများကြားမှ တိုက်ခိုက်ရန် ဝင်လာနေသည်။ သံကြိုးငါးကြိုးသည် အဆိုပါလက်ဝါးကို ရစ်ပတ်ချည်နှောင်နေသောကြောင့် အရိုးဖြူများပင် ပေါ်နေ၏။ သို့သော် ဤတိုက်ကွက်၏ စွမ်းအားကား မှန်းဆမရနိုင််အောင် ပြင်းထန်နေသေးသည်။

“ဝုန်း”

သခင်မယွမ်မုက တိုက်ကွက်ကို ဟန့်တားရန် ရှိသမျှ စွမ်းအားအလုံးစုံကို အမြွှာကြာပန်းပွင့်ထဲသို့ ပို့လွှတ်လိုက်၏။ တစ်ချိန်တည်းမှာပင် ချင်မူခန္ဓာကိုယ်က လောကသစ်ပင်အောက်မှ တိုးထွက်လာနေဆဲ ဖြစ်ကာ သခင်လေးနှစ်၏ လက်ဝါးနှင့် ထိတိုက်သွားတော့သည်။

ဝုန်း…

ထိတိုက်မှုက သူတို့၏ခန္ဓာကိုယ်များအား တစ်ဆက်တည်း ပေါက်ကွဲသွားစေ၏။ တစ်ကြိမ် ပေါက်ကွဲပြီးနောက် ပြန်လည်သက်သာကာ နောက်တစ်ကြိမ် ပေါက်ကွဲသွားကြပြန်သည်။ မူလဝိညာဉ်များပင်လျှင် လုံးလုံးလျားလျား ဖျက်ဆီးခံလိုက်ရ၏။

ကံကောင်းစွာဖြင့် ချင်မူ၏ မပြောင်းလဲသောဒြပ်ထု ကောင်းကင်နတ်သိုင်းက ထွက်ပေါ်လာပြီး သခင်လေးနှစ်၏ တိုက်ကွက်ကို ခုခံကာကွယ်ကာ သူတို့အား အသက်ကယ်လိုက်သည်။

သခင်လေးနှစ်က နောက်တစ်ကြိမ် လက်ဆန့်တန်းလာသော်လည်း တာအိုသံကြိုးများက ပိုပို၍ တင်းကြပ်စွာ ချည်နှောင်လျက် သူမအား ဖရိုဖရဲပင်လယ်ထဲသို့ ဆွဲခေါ်နေကြ၏။

သူမမှာ ဟိန်းဟောက်ရုန်းကန်ရင်း ဖရိုဖရဲပင်လယ်ထဲ နစ်မြုပ်သွားလေသည်။

“ခုနစ်၊ ငါ လွတ်ရင် နင့်ကို အရင်ဆုံး လာရှာမယ်”

ချင်မူက လောကသစ်ပင်အား ပြန်လည်တည့်မတ်စိုက်ပျိုးလိုက်သည်။ လောကသစ်ပင်အမြစ်များက ကခုန်ရင်း ဝိညာဉ်သန္ဓေသားထဲ ဘိုးဘေးနန်းတော်သို့ ပြန်လည်စိုက်၀င်သွားကြ၏။

သခင်မယွမ်မုကလည်း အမြွှာကြာပန်းပွင့်နှစ်ပွင့်ကို ဖရိုဖရဲပင်လယ်ပေါ် ပြန်ပို့လိုက်သည်။ သူတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် ပြုံးပြ၍ အသူရာချောက်နက်အထက်ရှိ ကောင်းကင်ထံ ပျံသန်းသွားကြသည်။

အဆုံးသတ်မြို့ပျက်‌ရေလှိုင်းက ပန်းထွက်လာသောကြောင့် သူတို့အား ပိုပို၍ မြန်ဆန်လာစေသည်။ သူတို့နှစ်ယောက်မှာ အဆုံးသတ်မြို့ပျက် အသူရောချောက်နက်၏ ထွက်ပေါက် နီးကပ်လာသည်ကို မြင်သဖြင့် စိတ်အေးသွားကြ၏။

နှစ်ယောက်သား အမြွှာကြာပန်းပွင့်နှစ်ပွင့်၏ ပန်းဖူးငုံထဲ ရောက်လာကြသည်။ အထဲ၌ အေးဆေးတည်ငြိမ်နေပြီး ပန်း၀တ်ဆံတို့က လှိုင်းထဲတွင် ယိမ်းယွဲ့ကခုန်နေကြလေသည်။

ချင်မူက ပန်းဖူးငုံဘေးတွင် ရပ်လျက် ငုံ့ကြည့်လိုက်သည်။ အောက်တွင် အလင်းလှိုင်းများ စီးဖြာနေမှုကား ပြင်းထန်လှပြီး ကြောက်ရွံ့တုန်လှုပ်မိသည့် ခံစားချက်ကို ပေးနေသည်။

“ငါ လွတ်လာခဲ့ပြီ.. အချစ်လေး၊ နင့်ကြောင့်သာ မဟုတ်ရင် ငါ ဘာလုပ်ရမလဲ သိမှာ မဟုတ်ဘူး”

သခင်ယွမ်မုက အောက်နှုတ်ခမ်းကို ကိုက်ရင်း တခစ်ခစ် ရယ်ကာ ပြောသည်။ “ဘယ်လို ကျေးဇူးပြန်ဆပ်ရပါ့မလဲ”

ချင်မူက နူးညံ့ညင်သာနေသော အကြည့်များဖြင့် လှည့်ကြည့်လာသည်။ “အရှင်မက ကျွန်တော့်ကို ဘယ်လို ကျေးဇူးဆပ်ချင်လို့လဲဗျ”

“အင်း အဲ့ဒါက…”

သခင်မယွမ်မုမှာ ရှက်ကိုးရှက်ကန်း ဖြစ်နေသည်။ သူမက ရုတ်တရက် လက်မြှောက်၍ အသူရာချောက်နက်ကို ဆင့်‌ခေါ်လိုက်ပြီး ပြုံးလိုက်လေသည်။ “ဒါပေါ့ နင့်ကို သတ်ပြီးတော့လေ.. နင် အသက်ရှိနေသရွေ့ ငါ စိတ်အေးနိုင်မှာ မဟုတ်ဘူး”

သူတို့နှစ်ယောက်ကြားရှိ အကွာအဝေးမှာ အလွန်တရာ နီးကပ်နေသည့်အလျောက် သူမက ချင်မူ အချိန်မီ မတုံ့ပြန်စေနိုင်ရန် အလျင်အမြန် လှုပ်ရှားလိုက်သည်။

သို့‌သော် သူမ လှုပ်ရှားလိုက်သည်နှင့် ချင်မူကလည်း လှုပ်ရှားလာမည်ကို မျှော်လင့်ထားပြီးဖြစ်ပုံပင်။ သူ၏မျက်ခုံးနှစ်ဖက်ကြားရှိ ဒေါင်လိုက်မျက်လုံးက ပွင့်လာပြီး အလင်းလှည်းဘီးတစ်ခု ထွက်ပေါ်လာကာ သခင်မယွမ်မု၏ မျက်ခုံးနှစ်ဖက်ကြားသို့ ထိတိုက်သွားသည်။

“ထပါတော့ ကောင်းကင်နတ်ဧကရီ’

သခင်မယွမ်မု၏ ခန္ဓာကိုယ်ထဲတွင် ကောင်းကင်နတ်ဧကရီ၏ အသိစိတ်အလျဥ်သည် မရေမတွက်နိုင်သော ဘ၀ပြန်၀င်စားခြင်းသံသရာများကို တွေ့ကြုံဖြတ်သန်းနေရပြီး လွတ်လမ်း မရှာနိုင်ခဲ့ချေ။ သို့သော် ချင်မူ၏အလင်းလှည်းဘီးကြောင့် ချက်ချင်းပင် လွတ်မြောက်လာခဲ့ပြီး သခင်မယွမ်မု၏ ခန္ဓာကိုယ်အား ထိန်းချုပ်လိုက်သည်။

သခင်မယွမ်ု၏ တိုက်ကွက်က ချင်မူ့ဦးခေါင်းပေါ် ကျရောက်လာသော်လည်း မထိသွားချေ။ အံ့ဩမှင်သက်မှုများက သူမ၏မျက်နှာထက်တွင် ဖြစ်ပေါ်လာတော့သည်။ “နင် တကယ် ထောင်ချောက်ဆင်ခဲ့တာပဲ…”

အမြွှာကြာပန်းပွင့်နှစ်ပွင့်က ရေလှိုင်းထဲတွင် ဖြည်းဖြည်းချင်း မြင့်တက်လာပြီး အသူရောချောက်နက်အပေါ်သို့ ရောက်လာသည်။ အလင်းတန်းများ တောက်ပလာပြီး ယိုတုမြစ်ရေလှိုင်းများ ခက်ထန်လာချေပြီ။

ချင်မူက သခင်မယွမ်မု၏ မျက်နှာကို ငုံ့ကြည့်ကာ သက်ပြင်းချလိုက်သည်။

သူက ညာလက်ကို ဆန့်တန်း၍ သခင်မယွမ်မု၏ မျက်နှာအား ထိတွေ့ကြည့်ပြီးနောက် အကြည့်လွှဲသွားသည်။

“သခင်မယွမ်မု၊ ကောင်းကင်နတ်ဧကရီ ကျွန်တော် သိမြင်နားလည်ထားတဲ့ ကောင်းကင်နတ်သိုင်းက ခင်ဗျားတို့ကို မသတ်နိုင်ဘူး…. အနာဂတ်မှာ ကံမကုန်ခဲ့ရင် ပြန်ဆုံကြတာပေါ့…. နှုတ်ဆက်ခဲ့ပါတယ်”

သူ၏ ညာလက်ချောင်းတို့က သခင်မယွမ်မု၏ မျက်နှာမှ ဖယ်ရှားသွားပြီး သူသည် အမြွှာကြာပန်းပွင့်၏ ပန်းဖူးငုံထဲမှ ထွက်သွားတော့သည်။

ချင်မူက ခေါင်းမော့ကာ ယိုတုမြစ်ရေများကို ကြည့်လိုက်၏။

“အနီရောင်ကြိုးထုံး…” သူက နူးညံ့စွာ ရေရွတ်လိုက်သည်။

ဂျုန်း…

တာအိုသံကြိုးငါးကြိုးက သခင်ယွမ်မု၏ မျက်နှာကို ဖောက်ထွက်သွားပြီး အနီရောင်ကြိုးငါးကြိုးသည် ပန်းဖူးငုံထဲမှ မြောက်တက်လာ၏။ ယင်းတို့က ရစ်ပတ်ရောယှက်လျက် အနီရောင်ကြိုးထုံးတစ်ခုကို ဖွဲ့တည်လိုက်သည်။

အမြွှာကြာပန်းပွင့်ကား အဆုံးသတ်မြို့ပျက်ထဲ နစ်မြုပ်သွားတော့သည်။

All Chapters