← Chapters

ယိုတု၏ အပြောင်းအလဲ၊ သေဆုံးတော့မည့် မြေအောက်ဘုံအရှင်သခင်

Vol. 122 Ch. 1584

ယိုတု၏ အပြောင်းအလဲ၊ သေဆုံးတော့မည့် မြေအောက်ဘုံအရှင်သခင်

Vol. 122 Ch. 1584

သခင်မယွမ်မုနှင့် ကောင်းကင်နတ်ဧကရီတို့ကား တစ်ကိုယ်တည်းထဲတွင် ပြန်ပေါ်လာကြချေပြီ။ အမြွှာကြာပန်းပွင့်နှစ်ပွင့် ဆင်းသက်နေသည့်အချိန်တွင် သူတို့သည်လည်း အသူရောချောက်နက်ထဲသို့ ပြုတ်ကျနေကြ၏။

သူတို့ မည်မျှပင် ရုန်းကန်ခုခံနေကြသော်လည်း အနီ‌ရောင်ကြိုးထုံးထဲမှ မလွတ်မြောက်နိုင်ပေ။ ချင်မူသည် အနီရောင်ကြိုးထုံး၏ တစ်ရာခိုင်နှုန်းကိုသာ သိမြင်နားလည်ရသေး၏။ တစ်ရာခိုင်နှုန်းသာ ဖြစ်သော်လည်း စွမ်းအားက သူတို့ကို ချုပ်နှောင်ရန် လုံလောက်ပြီး ထွက်ပြေးလွတ်မြောက်ရန် မဖြစ်နိုင်ပေ။

ချင်မူက သူတို့အား ဖရိုဖရဲပင်လယ်ထဲသို့ ပို့ပေးမည်မဟုတ်။ ထို့ကြောင့် မီလော့နန်းတော် သခင်လေးနှစ်အား ဆက်သွယ်လိုလျှင်တောင်မှ လုပ်နိုင်လိမ့်မည်မဟုတ်။

ထိုမျှသာမက ချင်မူ ချန်ထားခဲ့သည့် အနီရောင်ကြိုးထုံးမှာ မီလော့နန်းတော်အရှင်သခင် သခင်လေးနှစ်အား ချိပ်ပိတ်ရာတွင် အသုံးပြုခဲ့သော ကြိုးထုံးနှင့် မတူချေ။ မီလော့နန်းတော်အရှင်သခင်သည် ခြောက်ကြိုးမြောက် အနီရောင်ကြိုးကိုပင် ထားရှိခဲ့ပြီး သခင်လေးနှစ်အား အသက်ရှင်နိုင်ရန် အခွင့်အရေးပေးခဲ့သေးသည်။

ချင်မူကမူ သူတို့အား အသက်ရှင်နိုင်မည့်အခွင့်အရေး‌ မပေးခဲ့ချေ။ တစ်စုံတစ်ယောက်သာ သူတို့အား ကယ်တင်ရန် ရောက်ရှိလာပြီး သူ ချန်ထားခဲ့သည့် အနီရောင်ကြိုးထုံးကို ထိတွေ့လိုက်ပါက ကြိုးထုံး၏ စွမ်းအားက ပေါက်ကွဲထွက်လာပြီး သူတို့၏ ခန္ဓာကိုယ်ထဲ ၀င်ရောက်သွားပေလိမ့်မည်။

အနီရောင်ကြိုးထုံးကို ဖြေတတ်သူ တစ်ယောက် သို့မဟုတ် ခွန်အားသုံး၍ အတင်းအကြပ် ဖျက်စီးပစ်နိုင်သူ တစ်ယောက်သာလျှင် ချိပ်တံဆိပ်ကို ချိုးဖျက်၍ သခင်မယွမ်မုအား ကယ်တင်နိုင်ပေလိမ့်မည်။

သို့သော် ထိုသူ၏ စွမ်းဆောင်ရည်များသည် ချင်မူထက် များစွာသာလွန်နေရန် လိုအပ်၏။ အနီရောင်ကြိုးထုံးအပေါ် နားလည်ထားသည်ကလည်း ချင်မူ့ထက် ပိုမိုနက်နဲရပေလိမ့်မည်။

လက်ရှိလောကတွင် ချင်မူ့ထက် အစွမ်းအစမြင့်မားသူမှာ အနည်းငယ်သာ ရှိသည်။ ချင်မူ့ထက် အနီရောင်ကြိုးထုံးအပေါ် နားလည်သူကမူ ပို၍ပင် နည်းပါးလေသည်။

မှန်ပါသည်။ သခင်မယွမ်မုနှင့် ကောင်းကင်နတ်ဧကရီတို့ ရှင်သန်နိုင်မည့် အခွင့်အရေးတော့ ရှိနေသေးသည် အနီရောင်ကြိုးထုံးအပေါ် ချင်မူ၏ သိမြင်နားလည်ထားမှုမှာ မီလော့နန်းတော်အရှင်သခင်နှင့် ယှဉ်ပါက တစ်ရာနိုင်နှုန်းသာ ရှိသည်။

ချင်မူ့အနီရောင်ကြိုးထုံးသည် မီလော့နန်းတော်အရှင်သခင်၏ ကြိုးထုံးလောက် ရှုပ်ထွေးနက်နဲမနေသည့်အတွက် သူတို့အနေဖြင့် ဖြေရှင်းနိုင်ခြေ ရှိသေးသည်။

***

ချင်မူက အဆုံးသတ်မြို့ပျက်၏ ယိုတုမြစ်အတိုင်း လျှောက်လာပြီး ယိုတုသို့ ရောက်လာသည်။ ယိုတု၏ ကျောက်စိမ်းအကျဉ်းထောင်တံခါးသည် ရှိနေဆဲပင်။ မြေအောက်ဘုံအရှင်သခင်ကြောင့် ပျက်စီးလုဆဲဆဲ ဖြစ်ခဲ့သော်လည်း အားချိုနှင့် ကောင်းကင်နယ်စားမင်းလူ၀င်စားတို့ ရှိနေသေးသည့်အတွက် နေရာမှာ အကောင်းအတိုင်း ကျန်နေသေးသည်။ သို့‌သော် ဤနေရာကို စောင့်ကြပ်နေသည့် ကောင်းကင်နတ်ဘုံစစ်တပ်မှာတော့ မြေအောက်ဘုံအရှင်သခင်၏ တိုက်ကွက်ကြောင့် သတ်ဖြတ်ချေမှုန်းခံခဲ့ရချေပြီ။

ချင်မူ ကျောက်စိမ်းအကျဉ်းထောင်တံခါးသို့ ရောက်လာသည်နှင့် ယိုတုမဟာတာအိုမှာ ချက်ချင်း သတိထားမိသွားပြီး ယိုတုမိစ္ဆာချီတို့က နှိုင်းယှဉ်၍ မရနိုင်အောင် သိပ်သည်းလေးလံလာ၏။

ချင်မူလည်း ခပ်ယဲ့ယဲ့ ပြုံးလိုက်ပြီး ဘ၀ပြန်၀င်စားခြင်းလမ်းစဉ်သည် အလင်းလှည်းဘီးအဖြစ် ပြောင်းလဲလှည့်ပတ်သွားသည်။ ၎င်းက ယိုတုလမ်းစဉ်၏ အာရုံများကို ချက်ချင်း ပိတ်ဆို့ကာ ယိုတုမိစ္ဆာချီတို့ကိုလည်း ငြိမ်သက်သွားစေ၏။

သူ့အနေဖြင့် အကြောင်းအကျိုးတို့ကို ချက်ချင်း မဖယ်ရှားနိုင်ပေ။ ယိုတုလမ်းစဥ် ဖြစ်နေသည့်အတွက် ဘ၀ပြန်၀င်စားခြင်းလမ်းစဉ်ဖြင့် ဤလူမှာ ချင်မူမဟုတ်ကြောင်း ခံစားသွားရစေရန်သာ ပြုလုပ်နိုင်သည်။

ယိုတုလမ်းစဉ်ကို သေသေချာချာ ကျင့်ကြံထားပြီး တာအိုအဆင့်တွင် ကောင်းကင်ဘုံ ၃၆ ဘုံအထိ ရောက်နေသူတစ်ယောက်သာ ဆိုပါက ဘ၀ပြန်ဝင်စားခြင်းသံသရာ၌ သူ၏ အရှိန်အဝါကို ရှာတွေ့နိုင်လိမ့်မည်။ သို့သော် ယိုတုလမ်းစဉ်အနေဖြင့် သူ့ကို ဦးစွာလိုက်ရှာရန် မဖြစ်နိုင်သောကြောင့် သူ့ကို ရှာတွေ့မည် မဟုတ်ပေ။

'အယ်… ယိုတုက နည်းနည်းထူးဆန်းနေပါလား… ငါ အသူရာချောက်နက်ထဲ ရောက်နေတဲ့အချိန်မှာ တခြားကိစ္စတွေ ဖြစ်သွားတယ် နေမယ်း

သူက ကျောက်စိမ်းအကျဉ်းထောင်ထဲက ကံကြမ္မာမီးကြွေပြားတို့ ခင်းထားသော တောအုပ်ထဲသို့ ရောက်လာပြီး ပတ်ဝန်းကျင်အား ကြည့်ရှုလိုက်သည်။ ယိုတုမိစ္ဆာချီမှာ လှုပ်ရှားမနေတော့သော်လည်း သိပ်သည်းနေသေး၏။ သာမန်ယိုတုနှင့် အလွန်တရာ ကွဲပြားနေလေသည်။

သာမန်နေ့ရက်များသာ ဆိုပါက ယိုတုတခွင်လုံး၌ သွားလာပျံသန်းနေသော စက္ကူလှေများဖြင့် ပြည့်နှက်နေပေလိမ့်မည်။ မရဏတမန်တော်အဘိုးကြီးက ၎င်းတို့အပေါ်တွင် ထိုင်၍ သေဆုံးသူတို့၏ မူလဝိညာဥ်မျာအား အပြစ်ပေးရန် ယိုတုထဲသို့ ခေါ်သွားမည် ဖြစ်သည်။

ယခုတွင်တော့ စက္ကူလှေအားလုံး ပျောက်ကွယ်နေကြ၏။

ယိုတုတစ်ခုလုံးသည် အလုပ်လုပ်နေခြင်း ရပ်တန့်သွားသကဲ့သို့ မည်သူကမှ ကမ္ဘာလောကအားလုံးရှိ သေသူများကို ဂရုတစိုက် ကိုင်တွယ်ဖြေရှင်းနေခြင်း မရှိပေ။

ထိုသို့ဆိုပါက ကမ္ဘာလောကအားလုံးတွင် ရုန်းရင်းဆန်ခတ်အခြေအနေများ ဖြစ်ပွားလာပေလိမ့်မည်။

သေသူတို့၏ ဝိညာဉ်များက အသက်ရှင်နေသည့်လောကတွင် လျှောက်သွားနေမည်။ တချို့က မတရားသဖြင့် သေဆုံးခဲ့ရပြီး ကျန်တချို့ကတော့ မုန်းတီးမှုများ၊ ရည်ရွယ်ချက်များ ကျန်ရှိနေပေဦးမည်။ ထို့ကြောင့် အမုန်းတရားတို့ပြည့်နှက်နေသည့် မကျွတ်မလွတ် တစ္ဆေများ ဖြစ်လာနိုင်၏။

သက်ရှိအားလုံးကို ပူးကပ်၍ ယင်ယန်ကို နှောင့်ယှက်နိုင်သည့် သေဆုံးနတ်ဘုရားများပင် ရှိကြသည်။

ရှင်သန်သူတို့ကမ္ဘာအား ပိုင်းခြား၍ တစ္ဆေမြို့များပင် တည်ထောင်နိုင်သည့် ပုဂ္ဂိုလ်များလည်း ရှိ၏။

သေသူများသာ သေဆုံးမသွားပါက ပြဿနာများစွာ ဖြစ်ပေါ်လာနိုင်သည်။

ဤအခိုက်အတန့်တွင် ယိုတု၌ အသက်အဖြတ်စိတ်ဆန္ဒတို့ဖြင့် ပြည့်နှက်နေသည်။ ယိုတုမဟာတာအို လည်ပတ်မှုက ယခင်ကထက် ပြင်းထန်နေပြီး ယိုတုရှိ မိစ္ဆာများမှာလည်း တိတ်ဆိတ်နေကြသည်။ သို့သော် ချင်မူသည် မိစ္ဆာလမ်းစဉ်စွမ်းအား မြင့်တက်လာမှုကို သိသိသာသာ ခံစားနေရ၏။

ဤအခြေအနေမှာ ကောင်းကင်နယ်စားမင်းအား တိုက်ခိုက်ခဲ့စဉ်အခါတုန်း ရွှမ်တုကောင်းကင်တာအို ပြောင်းလဲသွားမှုနှင့် များစွာ ဆင်တူလေသည်။

'ယိုတု အလုပ်လုပ်နေတာ ရပ်တန့်သွားတာဆိုတော့ ကြီးကြီးမားမား တစ်ခုခု ဖြစ်သွားတာ ဖြစ်ရမယ်… ဒါဆိုရင် ကောင်းကင်နတ်ဘုံက မြေအောက်ဘုံအရှင်သခင်ကို သတ်ဖြတ်ဖို့ ပြင်ဆင်နေကြပြီလား’

သူ့နှလုံးသားမှာ တုန်ရီသွားပြီး သူက တောအုပ်ထဲသို့ ခပ်သွက်သွက် ဝင်ရောက်သွားလေသည်။ မကြာမီ ကောင်းကင်နယ်စားမင်း၏ လူဝင်စားကို တွေ့လိုက်ရသည်။

ကောင်းကင်နယ်စားမင်း၏ လူဝင်စားသည် ကံမီးတောက်၏ ဒဏ်ပေးမှုကို ခံစားနေရဆဲဖြစ်၏။

“ကောင်းကင်နတ်အရှင်မူ” ကောင်းကင်နယ်စားမင်းဝိညာဉ်က သူ့ကို သတိထားမိသောအခါ ပြင်းထန်လှသော နာကျင်မှုကိုကြိတ်မှိတ်ခံစားရင်း လှမ်းခေါ်လိုက်သည်။

ချင်မူလည်း ပြန်လည်နှုတ်ဆက်ရင်း အကဲခတ်လိုက်၏။ ကောင်းကင်နယ်စားမင်း၏ ကောင်းကင်တာအိုမှာ ပို၍ပင် ပြီးပြည့်စုံနေချေပြီ။ ကောင်းကင်တာအိုတစ်ခုတည်းသာ မဟုတ်ဘဲ ကောင်းကင်နယ်စားမင်းသည် တစ်လောကလုံးရှိ မဟာတာအိုအမျိုးမျိုးအပေါ် ထူးချွန်ပြောင်မြောက်စွာ သိမြင်နားလည်ထားသည်။ သူသည် ကံမီးတောက်တို့ဖြင့် ဖုံးလွှမ်းလောင်ကျွမ်းခံနေရသော်လည်း သူ၏ကောင်းကင်တာအိုနှင့် အခြားမဟာတာအိုများအပေါ် သိမြင်နားလည်မှုတို့မှာ အလွန်တရာ နက်နဲသော အဆင့်တစ်ခုသို့ ရောက်နေပြီ ဖြစ်သည်။

သူ၏တာအိုအဆင့်မှာ အဆပေါင်းများစွာ တိုးတက်နေပြီး သိုင်းအခြေခံကလည်း ထူးကဲသာလွန်နေသည်။

“ကောင်းကင်နယ်စားမင်းက ရှေးဟောင်းနတ်ဘုရားတွေရဲ့ အချုပ်အနှောင်က‌နေ လွတ်မြောက်သွားပြီဆိုတော့ တာအိုရယူရမယ့် အချိန်ပဲပေါ့” ချင်မူက ပြုံးလိုက်ရင်း ဂုဏ်ပြုစကားဆိုလိုက်သည်။

ကောင်းကင်နယ်စားမင်းက ပြော၏။ “ကောင်းကင်နတ်အရှင်မူရဲ့ အကူအညီကြောင့်သာ ငါ တာအိုရနိုင်မယ့် မျှော်လင့်ချက် ရှိခဲ့တာပါ… ကောင်းကင်နတ်အရှင်မူ၊ ယိုတုက ပြောင်းလဲမှုတွေကို သတိထားမိတယ်မလား… မြေအောက်ဘုံအရှင်သခင်လည်း လွတ်မြောက်တော့မယ်… တာအိုရဖို့ ကျင့်ကြံတဲ့ လမ်းမှာ ငါ တစ်ယောက်တည်း မဟုတ်တော့ဘူး… တစ်ယောက်ကို တစ်ယောက် ကူညီအားပေးနိုင်တော့မယ်”

ချင်မူ့ ရင်ထဲတွင် အေးခဲသွားသည်။ ကောင်းကင်နတ်ဘုံသည် မြေအောက်ဘုံအရှင်သခင်ကို တိုက်ခိုက်နေကြပြီ ဖြစ်သည့်အတွက် မြေအောက်ဘုံအရှင်သခင်ကား ဤအခွင့်အရေးကို သုံးကာ ရှေးဟောင်းနတ်ဘုရားခန္ဓာကိုယ်အား စွန့်ခွာပြီး အားချို ဖြစ်လာနိုင်ပေတော့မည်။ ဤသည်က မြေအောက်ဘုံအရှင်သခင်၏ မျှော်လင့်ခဲ့ရသော ဆန္ဒတစ်ခု ဖြစ်သောကြောင့် မဖြစ်,ဖြစ်အောင် ဖြည့်ဆည်းပေလိမ့်မည်။

သို့သော် မြေအောက်ဘုံအရှင်သခင် သေဆုံးသွား၍ ယိုတုသာ ရန်သူလက်ထဲ ကျရောက်သွားပါက ကောင်းကင်နတ်ဘုံသည် ယိုတု၏ အာဏာကို ပိုင်ဆိုင်သွားမည်မဟုတ်လော။ ရွှမ်တုပါ ပေါင်းထည့်လိုက်ပါက ထာဝရငြိမ်းချမ်းရေးအင်ပါယာဖြစ်စေ၊ ရွှင်ပျော်ပျော်ကျေးရွာဖြစ်စေ ကောင်းကင်နတ်ဘုံအား ခုခံနိုင်တော့မည် မဟုတ်ပေ။

ကောင်းကင်နတ်ဘုံသည် ရွှမ်တု၏ နေ၊ လနှင့် ကြယ်တာရာတို့အပေါ် ထိန်းချုပ်ပြီး စကြ၀ဠာရှိ ကမ္ဘာလောကအားလုံးကို အမှောင်ဖုံးသွားအောင် လုပ်နိုင်၏။ ထိုအခါ အမျိုးမျိုးသော သဘာဝကပ်ဘေးများ ထွက်ပေါ်လာကြပေလိမ့်မည်။ ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ နှင်းမုန်တိုင်းကပ်ဘေးသည် ထာဝရငြိမ်းချမ်းရေးအင်ပါယာ ပြည်သူပြည်သား သန်းရာပေါင်းများစွာကို သေဆုံးစေခဲ့သည် မဟုတ်လေလော။

ကောင်းကင်နတ်ဘုံသာ ရွှမ်တုကို ထိန်းချုပ်၍ စစ်ပွဲတစ်ခု စတင်လိုက်ပါက ထွက်ပေါ်လာမည့် သဘာဝကပ်ဘေးကြီးများက ခန့်မှန်း၍ မရနိုင်အောင်ပင် ကြီးမားပေလိမ့်မည်။

ကောင်းကင်နတ်ဘုံအနေဖြင့် ယိုတုအား ထိန်းချုပ်ပါက ထာဝရငြိမ်းချမ်းရေးအင်ပါယာ နတ်ဘုရားများနှင့် ကောင်းကင်နတ်သိုင်းပညာရှင်အားလုံး၏ သေခြင်းရှင်ခြင်းကောင်းကင်ရတနာများကို တိုက်ရိုက်ဝင်ရောက်စွက်ဖက်နိုင်သွားမည်။

ပို၍ပင် ကြောက်မက်ဖွယ်ကောင်းသည်က ကောင်းကင်နတ်ဘုံသာ မြေအောက်ဘုံအရှင်သခင်၏ ခန္ဓာကိုယ်အပေါ် ထိန်းချုပ်၍ ယိုတုတစ္ဆေစစ်တပ်ကို စုစည်းပြီး သက်ရှိလောကသို့ ကျူးကျော်လာပါက ဖြစ်ပေါ်လာမည့် ကပ်ဘေးအား မှန်းဆ၍ပင် မရနိုင်ချေ။

လက်ရှိ ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာ အတိတ်ကနှင့် မတူတော့ပေ။ နတ်ဘုရားအရေအတွက်က ယခင်ကထက် အဆပေါင်းများစွာ များပြားနေပြီး ချင်မူ့ကဲ့သို့ ကောင်းကင်နတ်အရှင်အဆင့် သိုင်းပညာရှင်များလည်း ပေါ်ထွန်းလာခဲ့ကြသည်။

ထာဝရငြိမ်းချမ်းရေးအင်ပါယာတွင် လန်ယွီတျန်း၊ ရှုရှန်းဟွာ၊ လင်းရွှမ်နှင့် မျိုးဆက်ဟောင်းများမှ အခြားအင်အားကြီးမားသော သိုင်းပညာရှင်များလည်း ရှိနေကြ၏။ သူတို့၏စွမ်းဆောင်ရည်များက ပြိုင်ဖက်ကင်းသည့်အပြင် ယန္တရားစက်ရုံအမျိုးမျိုးမှလည်း တစ်လောကလုံးတွင် အမာကြောဆုံး ကောင်းကင်လက်နက်များကို ထုတ်လုပ်ပေးနိုင်သည်။ ပြည်သူပြည်သားများက ကြွယ်ဝချမ်းသာနေကြပြီ ဖြစ်သည့်အလျောက် ကောင်းကင်ဘုံအားလုံးအနက် အတိုးတက်ဆုံး ကောင်းကင်အင်ပါယာတစ်ခုဖြစ်သည်မှာ သံသယဝင်စရာပင် မရှိချေ။

ထိုမျှသာမက ချင်မူ၏ ကျယ်ပြန့်လှသော အဆက်အသွယ်များကြောင့် ထာဝရငြိမ်းချမ်းရေးအင်ပါယာအနေဖြင့် ရွှင်ပျော်ပျော်ကျေးရွာနှင့် ချိမင်ရွှမ်ခုံးကမ္ဘာတို့ဖြင့်လည်း ပူးပေါင်းထားနိုင်သည်။

ခိုင်ဧကရာဇ်၊ ကောင်းကင်နတ်အရှင်ရုံ၊ ကောင်းကင်နတ်အရှင်လင်၊ ကောင်းကင်နတ်အရှင်ယွဲ့၊ နတ်ဘုရင်လန်ဝူတို့သာမက အန္တိမဟင်းလင်းပြင်ရှိ ကောင်းကင်နတ်အရှင်ယွင်၏ အတိုက်အခိုက်စွမ်းရည်တို့မှာလည်း ကောင်းကင်နတ်ဘုံအောက် နိမ့်ကျမနေပေ။

သို့သော် ယိုတုသာ ကောင်းကင်နတ်ဘုံလက်ထဲ ကျရောက်သွားပြီး တိုက်ခိုက်လာပါက ကောင်းကင်နတ်ဘုံအနေဖြင့် ကမ္ဘာဦးဘုံအား နှစ်အနည်းငယ် သို့မဟုတ် လအနည်းငယ်အတွင်း၌ပင် စိစိညက်ညက် ကြေသွားစေနိုင်သည်။

အဘယ်ကြောင့်ဆိုသော် ကောင်းကင်နတ်ဘုံ၏ အင်အားကား များပြားသန်မာလွန်းသည့်အတွက်ကြောင့်ပင်။

ကောင်းကင်နတ်ဘုံသည် ကောင်းကင်ဘုံအားလုံး၊ ကမ္ဘာလောကအားလုံးကို ထိန်းချုပ်ထား၍ ထိုကမ္ဘာလောကတို့၏ ထူးချွန်ထက်မြက်သော ပုဂ္ဂိုလ်အားလုံးကိုလည်း စုစည်းထားလေသည်။ ဧကရာဇ်ပလ္လင်အဆင့် သိုင်းပညာရှင်အရေအတွက်ကပင်လျှင် ရာဂဏန်း ရှိနေ၏။ ဧကရာဇ်လေးပါး တိုက်ပွဲတွင် သေဆုံးသွားခဲ့လျှင်တောင်မှ အချိန်မရွေး အစားထိုးနိုင်ပေသည်။

စစ်ပွဲသာ အမှန်တကယ် ဖြစ်ပွားခဲ့လျှင် ကောင်းကင်နတ်ဘုံသည် ထာဝရငြိမ်းချမ်းရေးအင်ပါယာ၊ ရွှင်ပျော်ပျော်ကျေးရွာနှင့် ချိမင်ရွှမ်ခုံးကမ္ဘာတို့ကို အမှုန့်ခြေပစ်နိုင်သည်။

“မြေအောက်ဘုံအရှင်သခင် လွတ်မြောက်သွားမှာဆိုပေမယ့် တစ်လောကလုံးက သတ္တဝါတွေကတော့ လွတ်မြောက်နိုင်မှာမဟုတ်ဘူး”

ချင်မူက ပြန်လည်စိတ်ထိန်းလိုက်သည်။ “နောင်တော်၊ ကောင်းကင်နတ်အရှင်ဟောင်က တာအိုရသွားပြီ… သူ့ကို ဘယ်သူမှ မယှဉ်နိုင်တော့ဘူး…. ဒါ့အပြင် ကောင်းကင်နတ်ဘုံက ခြေကုပ်ကောင်းကောင်း ယူထားနိုင်ပြီး ရွှမ်တုရော ယိုတုကိုပါ ထိန်းချုပ်သွားနိုင်မယ်ဆိုရင် ဘယ်သူမှ သူ့ကို အနိုင်ယူနိုင်တော့မှာ မဟုတ်ဘူး…. ယိုတုသာ ကောင်းကင်နတ်ဘုံလက်ထဲ ရောက်သွားရင် တိုက်ခိုက်နေရင်လည်း ဘာထူးတော့မှာလဲ… အဝတ် အကုန်ချွတ်ပြီး ကောင်းကင်နတ်ဘုံရှေ့မှာ ဒူးထောက်လို့ ကောင်းကင်နတ်အရှင်ဟောင်ဆီမှာပဲ အသနားခံလိုက်တော့မယ်”

သူ၏စကားလုံးများက ခါးသီးနေသည့်အပြင် မုန်းနေသည့်အရိပ်အယောင် စွက်ဖက်နေသည်။

ကောင်းကင်နယ်စားမင်းမှာ တခဏ တိတ်ဆိတ်သွားပြီးနောက် ပြော၏။ “တကယ်တော့ ကောင်းကင်နတ်ဘုံ ဒီတစ်ကြိမ် ယိုတုကို တိုက်ခိုက်လာတာက မြေအောက်ဘုံအရှင်သခင် မင်းကို ဖမ်းချင်တာနဲ့ ကျောက်စိမ်းအကျဉ်းထောင်တံခါးက ကောင်းကင်နတ်ဘုံစစ်သားတွေကို သတ်ဖြတ်ခဲ့လို့ပဲ… သူတို့အတွက် အကြောင်းပြချက် ရသွားတာပေါ့… အခုရက်ပိုင်းအတွင်း ကောင်းကင်နတ်ဘုံက မြေအောက်ဘုံအရှင်သခင်ရဲ့ ပြစ်မှုတွေအားလုံးကို ကောင်းကင်ဘုံအားလုံးဆီ ကြေညာခဲ့ပြီးတော့ မြေအောက်ဘုံအရှင်သခင်ကို အပြစ်ပေးဖို့ အင်အား စုဆောင်းခဲ့တယ်… မြေအောက်ဘုံအရှင်သခင်အားချိုလည်း ဒီတောအုပ်ထဲမှာ ရှိတာပဲ ... မင်း သူ့ကို မေးရင် မေးကြည့်လိုက်ပါလား…”

ချင်မူလည်း ဦးညွှတ်အရိုအသေပေးလိုက်ပြီး မြေအောက်ဘုံအရှင်သခင် အားချိုအား ရှာရန် ထွက်ခွာသွားသည်။

မြေအောက်ဘုံအရှင်သခင်အားချိုမှာ သံကြိုးများဖြင့် ချည်နှောင်ခံထားရပြီး ကမ္ဘာလောကတစ်သောင်းရှိ သက်ရှိသတ္တဝါအားလုံးထံမှ ကံမီးတောက်များဖြင့် လောင်ကျွမ်းလျက် ငရဲခံနေရသည်။ သူက မြေပြင်တွင် ဒူးထောက်ကာ ခေါင်းငုံ့လျက် အဆုံးမသတ်နိုင်သော ဒုက္ခများကို ခံစားနေ၏။

ချင်မူက သူ့ကို ကြည့်ပြီးနောက် တစ်ခဏအကြာတွင် ပြောလိုက်သည်။ “မြေအောက်ဘုံအရှင်သခင် ခင်ဗျား သေသွားပြီးရင် ယိုတုက ဘယ်သူ့လက်ထဲ ရောက်မှာလဲ… မြေအောက်ဘုံအရှင်သခင်ရာထူးကို ဘယ်သူ ဆက်ခံမှာလဲ”

သံကြိုးများက တဂျိန်းဂျိန်း လှုပ်ရှားသွားပြီး အားချိုက ဖြည်းဖြည်းချင်း မော့ကြည့်လာသည်။ “ကောင်းကင်နတ်အရှင်မူ၊ ငါ သေသွားပြီးရင် ယိုတုက ကောင်းကင်နတ်အရှင်ရုံနဲ့ ချင်ဖုန်းကျင့် လက်ထဲ ရောက်လိမ့်မယ်… သူတို့က မြေအောက်ဘုံအရှင်သခင်ရာထူးကို ဆက်ခံလိမ့်မယ်….. ကောင်းကင်နတ်အရှင်ရုံက တျန်းချိကျွင်းအဖြစ် နှစ်တစ်သန်းကြာ နေထိုင်ခဲ့ပြီး ယိုတုရဲ့ကိစ္စရေးရာတွေကို အုပ်ချုပ်ကိုင်တွယ်နေခဲ့တာမလို့ နေသားကျနေပြီ… ချင်ဖုန်းကျင့်က ယိုတုသားတော်ဖြစ်တာကြောင့် ယိုတုစွမ်းအားကို ထိန်းချုပ်နိုင်တယ်… သူ့ရဲ့ ရူးသွပ်မှုကိုတော့ ထိန်းချုပ်ဖို့ ခက်ခဲလိမ့်မယ်…. ဒါပေမဲ့ သူ့ကို ကူညီပေးဖို့ ကောင်းကင်နတ်အရှင်ရုံ ရှိနေရင် ကောင်းမွန်တဲ့ မြေအောက်ဘုံအရှင်သခင်တစ်ပါး ဖြစ်လာနိုင်ပါတယ်’’

ချင်မူက အေးစက်စွာ တုံ့ပြန်လိုက်သည်။ “ဒါဆိုရင် ကောင်းကင်နတ်အရှင်ရှုကရော… ကောင်းကင်ယင်သားတော်ကရော… ကောင်းကင်နတ်ဘုံ စစ်တပ်တွေ စုစည်းပြီး ယိုတုကို တိုက်ခိုက်လာတာက ယိုတုတစ်လောကလုံးအပေါ် ထိန်းချုပ်နိုင်ဖို့ပဲ… ယိုတုကို ထိန်းချုပ်နိုင်ရင် အားလုံးရဲ့အသက်တွေကို ထိန်းချုပ်နိုင်သွားလိမ့်မယ်… ကျွန်တော်တို့ရဲ့ လက်ရှိစွမ်းဆောင်ရည်တွေအရ ကောင်းကင်နတ်ဘုံအနေနဲ့ ရွှမ်တုက ကြယ်တာရာတွေကို လှုပ်ရှားလိုက်တာနဲ့ ယိုတုအပေါ် ကာကွယ်နိုင်တော့မှာမဟုတ်ဘူး”

သူက လေပူတစ်ချက် မှုတ်ထုတ်လိုက်ပြီး စိတ်ရှည်ရှည်ဖြင့် သည်းခံလိုက်ရင်း ဆက်ပြောသည်။ “ကောင်းကင်နတ်ဘုံသာ ယိုတုကို ထိန်းချုပ်သွားနိုင်ရင် အသက်တွေအားလုံးကို ထိန်းချုပ်သွားနိုင်လိမ့်မယ်... မြေအောက်ဘုံအရှင်သခင်၊ ခင်ဗျားက ယိုတုကို ထိန်းချုပ်နေတာ…. အခု အားလုံးရဲ့ အသက်တွေက ခင်ဗျားလက်ထဲမှာပဲ… ခင်ဗျား ဆန္ဒရှိသရွေ့ ကောင်းကင်နတ်ဘုံက နတ်ဘုရားတွေအားလုံးကို တစ်ချက်တည်း သတ်ပစ်လိုက်လို့ရတယ်… ကောင်းကင်နတ်ဘုံ အရေးနိမ့်သွားအောင် တစ်ချက်တည်း လုပ်လို့ရတယ်…. ခင်ဗျားက နတ်ဘုရားတွေအားလုံးကို သတ်ဖြတ်ဖို့ တာဝန်ယူ… ကျွန်တော်က ကောင်းကင်နတ်ဘုံက ကောင်းကင်နတ်အရှင်တွေအားလုံးကို သတ်ဖြတ်ဖို့ တာဝန်ယူမယ်… ဒါဆိုရင် ဒီကိစ္စက ပြီးပြီပဲ”

“ယိုတုလမ်းစဉ်က ယိုတုလမ်းစဉ်ကို ဖောက်ပြားတဲ့ ပုဂ္ဂိုလ်တွေကလွဲပြီး သက်ရှိတွေအပေါ် ဝင်ရောက်စွက်ဖက်ခွင့်မပြုဘူး”

မြေအောက်ဘုံအရှင်သခင်၏ မျက်လုံးသုံးလုံးထဲရှိ ကံမီးတောက်များက တဟုန်းဟုန်း တောက်လောင်နေသည်။ “ကောင်းကင်နတ်အရှင်မူ၊ မစိုးရိမ်ပါနဲ့…. ကောင်းကင်နတ်ဘုံလက်ထဲ ယိုတု မရောက်စေရပါဘူး…. ကောင်းကင်နတ်အရှင်ရှုကို သီးသန့်ကျင့်ကြံစေပြီး လူသားတစ်ယောက်အဖြစ် နေခိုင်းမှာပါ… ကောင်းကင်ယင်သားတော်ကတော့ မြေအောက်ဘုံအရှင်သခင်လေးကို မယှဥ်နိုင်တဲ့အတွက် သူ့အနေနဲ့ ယိုတုကို ထိန်းချုပ်ဖို့ မဖြစ်နိုင်ဘူး….”

ချင်မူက ကျယ်လောင်စွာ ဟားတိုက် ရယ်မောလိုက်သည်။ “ကောင်းကင်နတ်အရှင်ရှုက ခင်ဗျားနဲ့ လိုက်မယ် ထင်နေတာလား… မြေအောက်ဘုံအရှင်သခင်၊ ကောင်းကင်နတ်အရှင်ရှုက ခင်ဗျားရဲ့ သမီး ဆိုပေမယ့် ခင်ဗျားအပေါ် ဘာသံယောဇဉ်မှ ရှိတာမဟုတ်ဘူး.. သူက ကောင်းကင်နတ်အရှင်ဆယ်ပါးထဲက တစ်ယောက်ပဲ… ကောင်းကင်နတ်ဧကရာဇ်ထိုက်ချူက ခင်ဗျားကို ရှင်းလင်းနိုင်အောင်လို့ သူ့ကို ပျိုးထောင်ခဲ့တာ”

မြေအောက်ဘုံအရှင်သခင်က တည်ငြိမ်အေးဆေးသော မျက်နှာအမူအရာဖြင့် တုံ့ပြန်သည်။ “ဒါပေမဲ့ ငါ့သမီးဖြစ်နေတုန်းပါပဲ”

ချင်မူက အင်္ကျီလက်စကို ခါလိုက်ပြီး ကံမီးတောက်များကို ဖြတ်ကာ မြေအောက်ဘုံအရှင်သခင်အားချို၏ အရှေ့သို့ ရောက်လာသည်။ ဘဝပြန်ဝင်စားခြင်းလမ်းစဉ်က သူ့ကို မီးတောက်များ မစွဲလောင်အောင် ကာကွယ်ပေးထားသဖြင့် ဤနေရာရှိ မီးတောက်များ မည်မျှပင်ပြင်းထန်ပါစေ သူ့ကို မထိခိုက်နိုင်ပေ။

ချင်မူ့မျက်ခုံးနှစ်ဖက်ကြားရှိ ဒေါင်လိုက်မျက်လုံးက ပွင့်လာပြီး သူက မြေအောက်ဘုံအရှင်သခင်အားချိုကို မျက်နှာချင်းဆိုင်လိုက်သည်။ သူတို့၏ မျက်လုံးခြောက်လုံးက ထိပ်တိုက်တွေ့သွားကြသည့်အခါ တစ်ဦးချင်းစီ၏ မျက်လုံးထဲတွင် မျက်လုံးထဲတွင် ခေါင်းမာမှုများကို တွေ့မြင်ရနိုင်၏။

“သူက ဆယ်ပါးမြောက် ကောင်းကင်နတ်အရှင်ပဲ” ချင်မူက ပြောသည်။

မြေအောက်ဘုံအရှင်သခင်အားချိုက သူ့ကို စေ့စေ့ကြည့်နေ၏။ “သူက ငါ့သမီး... ငါက အားချို...”

ချင်မူက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး‌ မြေအောက်ဘုံအရှင်သခင်က သံကြိုးများကို ဝုန်းခနဲ ဆွဲယူလိုက်သည်။ သူ၏ခန္ဓာကိုယ်က ရှေ့သို့ ကိုင်းလာပြီး သူတို့နှစ်ယောက်များ၏ မျက်နှာများက နီးကပ်နေ၏။ သူတို့က တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေကြသေးသည်။

“ကောင်းကင်နတ်အရှင်မူ၊ မင်းက ငါ့ကို ယိုတိုမဟာတာအိုကို ဆန့်ကျင်ပြီး အပြစ်မရှိတဲ့သူတွေကို သတ်ဖြတ်ခိုင်းတယ်... ကောင်းကင်နတ်ဘုံက နတ်ဘုရားမိစ္ဆာ ကုဋေပေါင်းများစွာကို သတ်ဖြတ်မြှုပ်နှံခိုင်းနေတယ်... ငါသာ အဲဒီလိုလုပ်လိုက်ရင် ကောင်းကင်နတ်အရှင်ဆယ်ပါးနဲ့ ဘာကွာတော့မှာလဲ” မိစ္ဆာမီးတောက်များက သူ၏နှာခေါင်းပေါက်များမှ ထွက်ပေါ်လာပြီး ချင်မူ့မျက်နှာအား ရိုက်ခတ်နေသည်။

“ခင်ဗျားက ကောင်းကင်နတ်ဘုံက နတ်ဘုရားမိစ္ဆာကုဋေပေါင်းများစွာကိုတော့ မသတ်ချင်ဘူးပေါ့လေ” ချင်မူက အေးစက်စွာ ခနဲ့သည်။ “အနာဂတ်မှာ အဲဒီနတ်ဘုရားမိစ္ဆာတွေက ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ အသက်ပေါင်းကုဋေချီကို သတ်ဖြတ်ချေမှုန်းကြလိမ့်မယ်… ခင်ဗျားနဲ့ ကောင်းကင်နတ်အရှင်ဆယ်ပါးက ဘာကွာလို့လဲ”

“တော်ကြတော့” တစ်ကိုယ်လုံး မီးတောက်လောင်နေသည့် ကောင်းကင်နယ်စားမင်းက ဒယိမ်းဒယိုင်ဖြင့် လျှောက်လာပြီး သူတို့အား ဖြန်ဖြေရန် ကြိုးစားနေသည်။

All Chapters