← Chapters

နဂါးချီလင်မိသားစုမှ မကောင်းဆိုးဝါးပေါက်စလေးများ

Vol. 122 Ch. 1585

နဂါးချီလင်မိသားစုမှ မကောင်းဆိုးဝါးပေါက်စလေးများ

Vol. 122 Ch. 1585

ချင်မူနှင့် မြေအောက်ဘုံအရှင်သခင် အားချိုမှာ တိတ်ဆိတ်ငြိမ်သက်သွားကြသည်။ သူတို့သည် ကောင်းကင်နယ်စားမင်း ပေါ်လာသည့်အခါတွင် သူ ပြောမည်ကို နားထောင်လိုကြသော်လည်း ဘယ်လောက်အထိ နားထောင်လိုသည်ကတော့ မေးခွန်းထုတ်စရာပင်။

ကောင်းကင်နယ်စားမင်းမှာ ရပ်နေပြီး တစ်စုံတစ်ခုပြောလိုသော်လည်း မည်သည့်စကားလုံးကိုမှ မတွေးနိုင် ဖြစ်နေသည်။

ချင်မူနှင့် မြေအောက်ဘုံအရှင်သခင်နှစ်ယောက်လုံးသည် ကြောက်စရာကောင်းလောက်အောင် ခေါင်းမာကြသူများ မဟုတ်ပါလော။ သူတို့အား စိတ်ပြောင်းရန်အတွက် ဖြောင်းဖျရန်မှာ မဖြစ်နိုင်လုနီးပါးပင်။

ထိုမျှသာမက ကောင်းကင်နယ်စားမင်းကိုယ်တိုင်သည်လည်း အပြင်မကင်းပေ။ ယခင်က သူသည် ဖို့တစ်ဖို့တည်းသာ ကြည့်ခဲ့ပြီး ချင်မူနှင့် ထာဝရငြိမ်းချမ်းရေးအင်ပါယာကို တစ်စက်ကလေးမှ ထည့်မတွက်ခဲ့ဘဲ ကောင်းကင်နတ်အရှင်ဟုန်နှင့် အခြားကောင်းကင်နတ်အရှင်များအား သူ့အပေါ် ကလဲ့စားချေစေခဲ့သည်။

ချင်မူက သူ့အား မဟာမိတ်အဖြစ် အားကိုးခဲ့သော်လည်း သူကမူ ချင်မူ့အခြေအနေကို ထည့်မတွက်ခဲ့ပေ။ ချင်မူမှာ အတတ်နိုင်ဆုံး ကြိုးစားခဲ့ပြီး သူ၏အဆက်အသွယ်များကို အားကိုးကာ သိုင်းပညာရှင်များစွာ ဖိတ်ခေါ်ခဲ့သည်။ ခိုင်ဧကရာဇ်မှစ၍ နတ်ဘုရန်လန်ဝူအပြင် ကောင်းကင်နတ်အရှင်ရုံကိုပါ ဖိတ်ခေါ်ခဲ့ပြီး ကိုယ်တိုင်ဝင်ရောက်တိုက်ခိုက်ခဲ့သည့်အပြင် နောက်ဆုံးတွင် သူ့ကို ကယ်တင်နိုင်ခဲ့သည်။ ထို့နောက် ပြန်လည်အသက်သွင်းပေးပြီး တာအိုရနိုင်မည့် အခွင့်အရေးကိုလည်း ပေးခဲ့၏။

မဟုတ်လျှင် ကောင်းကင်နယ်စားမင်းသည် ထိုအခြေအနေတုန်းက ရှင်သန်နိုင်ရန် အခွင့်အရေး မရှိခဲ့ပေ။

ဤတစ်ကြိမ်တွင် ကောင်းကင်နတ်အရှင်ကုန်းသည် ချင်မူ့အား အဆုံးသတ်မြို့ပျက်တွင် သတ်ဖြတ်နိုင်ရန် ယိုတုမှ ဖြတ်သန်းသွားခဲ့သည်။ မြေအောက်ဘုံအရှင်သခင်က ဤအခွင့်အရေးကို သုံး၍ ကျောက်စိမ်းအကျဉ်းထောင်တံခါး၌ စခန်းချထားသော ကောင်းကင်နတ်ဘုံစစ်သည်တော်များကို သတ်ဖြတ်ခဲ့၏။ ယင်းလုပ်ရပ်က ကောင်းကင်နတ်ဘုံကို စိန်ခေါ်ခဲ့သည့်အတွက် အတိတ်တုန်းက ကောင်းကင်နယ်စားမင်း ပြုမူခဲ့သည်နှင့် တစ်ပုံစံတည်းလည်း ဖြစ်နေသည်။

သူသည် ချင်မူရော ထာဝရငြိမ်းချမ်းရေးအင်ပါယာကိုပါ ထည့်မတွက်ဘဲ မိမိ၏စိတ်ဆန္ဒကိုသာ အရေးပေးခဲ့၏။

ဤရှေးဟောင်းနတ်ဘုရားနှစ်ပါးလုံးမှာ မဟာမိတ်များအနေဖြင့် အဆင့်မမီပေ။

သူတို့မတိုင်ခင် တောင်နတ်မင်းကျုချွဲလည်း အလားတူပြုမူခဲ့သည်။ သူမသည် ချင်မူ့ကို အသိမပေးဘဲ တော်လှန်ပုန်ကန်ခဲ့၍ ကောင်းကင်နတ်အရှင်ဟွေ့၏ အာရုံကို ဆွဲဆောင်ကာ ကောင်ကင်နတ်အရှင်ဟွေ့၏ လက်ချက်ဖြင့် ရှေးဟောင်းနတ်ဘုရားတို့၏ အချုပ်အနှောင်မှ လွတ်မြောက်လိုခဲ့သည်။ သို့သော် ကောင်းကင်နတ်အရှင်ဟွေ့ကြောင့် ကျောက်ယန်ခန်းမထဲတွင်သာ ဖိနှိပ်ချုပ်နှောင်ခံခဲ့ရလေသည်။

သို့ထိတိုင် ချင်မူက ကျောက်ယန်ခန်းမကို ရယူနိုင်မည့်နည်းလမ်းအား အတတ်နိုင်ဆုံး ကြိုးစားခဲ့ပြီး တောင်နတ်မင်းကို ပြန်လည်အသက်သွင်းပေးခဲ့သည်။

ထိုအချိန်မှစတင်၍ ကောင်းကင်နယ်စာမင်းနှင့် တောင်နတ်မင်းတို့သည် ချင်မူ့အပေါ် အကြွေးများစွာ တင်ခဲ့၏။

အချိန်အတော်ကြာသည့်အခါ ချင်မူ၏ ခြောက်ကပ်ကပ်အသံက ထွက်လာသည်။ “မြေအောက်ဘုံအရှင်သခင်၊ ဘာတွေပဲ ဖြစ်လာပါစေ ကောင်းကင်နတ်ဘုံလက်ထဲ ယိုတု ရောက်သွားလို့ မဖြစ်ဘူး…. မဟုတ်ရင် ကျွန်တော် အခြေအနေကို ပြောင်းပြန်မလှန်နိုင်တော့ဘဲ နေလိမ့််မယ် …. ခင်ဗျား ယုံကြည်ချက်အပြည့် ရှိနေဖို့ မျှော်လင့်ပါတယ်…. ခင်ဗျားတို့ရှေးဟောင်းနတ်ဘုရား‌တွေ တစ်ကိုယ်တော် လှုပ်ရှားတာ နောက်ဆုံးဖြစ်ပါစေ…. အခြားရှေးဟောင်းနတ်ဘုရားတွေလည်း ခင်ဗျား အချုပ်အနှောင်က လွတ်မြောက်သွားပြီးလို့ ခင်ဗျားခြေရာ လိုက်နင်းခဲ့ရင် ကျွန်တော် မကယ်တာကို အပြစ်မဆိုကြပါနဲ့”

သူက မှင်သေသေ ဆက်ပြော၏။ “အဲ့ဒီအချိန်ကျရင် ခင်ဗျားတို့ သေကြောင်းကြံတာကို ကျွန်တော် လက်ပိုက် ကြည့်နေမှာ”

မြေအောက်ဘုံအရှင်သခင်အားချိုက တခဏ တိတ်ဆိတ်နေပြီးနောက်‌ ပြောသည်။ “ကျေးဇူးအများကြီးတင်ပါတယ်”

ချင်မူက နှာတစ်ချက်မှုတ်၍ အင်္ကျီလက်စကို ခါကာ ထွက်ခွာသွားသည်။ သူ့အသံက အဝေးမှ ပျံ့လွင့်လာသည်။ “ကောင်းကင်နတ်ဘုံက ခင်ဗျားကို သတ်ဖို့ လာလိမ့်မယ်… ကောင်းကင်နတ်ဘုံစစ်တပ် တစ်တပ်လုံးတောင် ခေါ်လာမှာမဟုတ်ဘူး…. ကောင်းကင်နတ်အရှင်တချို့နဲ့တင် လုံလောက်တယ်…. ကျွန်တော် အကောင်းဆုံး ကြိုးစားပြီး ခိုင်ဧကရာဇ်နဲ့ တခြားသူတွေ‌ကို ခေါ်လာခဲ့မယ်… ဒါပေမဲ့ ယိုတုသာ ကောင်းကင်နတ်ဘုံလက်ထဲ ရောက်သွားရင်တော့… အဟက်.. ကျုပ် ကောင်းကင်နတ်အရှင်ဟောင်ရှေ့မှာ ဒူးထောက်အညံ့ခံရုံပေါ့”

သူ၏ပုံရိပ်က ယိုတုမီးတောက်များကို ဖြတ်သန်းကာ အစအနပင်မကျန်အောင် ပျောက်ကွယ်သွားတော့သည်။

ကောင်းကင်နယ်စားမင်းက သူ ထွက်ခွာသွားသည်ကို ကြည့်ရင်း ချီးကျူးလိုက်သည်။ “ကောင်းကင်နတ်အရှင်မူရဲ့ စွမ်းဆောင်ရည်တွေက ပိုပိုပြီး ကောင်းမွန်လာတာပဲ…. ယိုတုမီးတောက်တွေကိုတောင် ကြောက်မနေတော့ဘူး…. စိတ်မြန်လွန်းတာ တစ်ခုပဲ…. သူ့ကိုယ်သူ ငါတို့ရှေ့မှ “ကျုပ်”လို့တောင် ခေါ်သွားခဲ့တာ”

“သူ့သိုင်းအခြေခံက ကောင်းကင်နတ်အရှင်တစ်ပါးအဆင့်ကို ရောက်ပြီးနေပြီ…. ကောင်းကင်နတ်အရှင်ဆယ်ပါးထဲမှာ သူက အားနည်းမနေဘူး… သူ့စွမ်းဆောင်ရည်တွေကို ငါ နားမလည်နိုင်တော့ဘူး”

မြေအောက်ဘုံအရှင်သခင်အားချိုက ပြောသည်။ “ဒီတစ်ကြိမ်တော့ သူ တကယ် ဒေါသထွက်သွားခဲ့ပြီ … သူ့ တာအိုနှလုံးသားထဲမှာ ဒေါသတွေ တောက်လောင်နေတာ ကျုပ် ခံစားလိုက်ရတယ်… နောင်တော်သာ မလာခဲ့ရင် သူ ကျုပ်ကို ထိုးနှက်တိုက်ခိုက်ပြီးနေလောက်ပြီ”

ကောင်းကင်နယ်စားမင်းက ပြုံးလျက် ပြော၏။ “သူ မလုပ်ရဲပါဘူးကွာ”

မြေအောက်ဘုံအရှင်အားချိုသည် မည်သည်မှ မပြောချေ။

ကောင်းကင်နယ်စားမင်းက သိချင်စိတ်ပြင်းပျစွာ မေးလိုက်၏။ “သူ ယိုတုမဟာတာအို အာရုံမခံမိအောင် ဘယ်လိုများ ရှောင်ခဲ့တာပါလိမ့်”

မြေအောက်ဘုံအရှင်သခင်က ခေါင်းခါရမ်းလေသည်။ “ကျုပ် မသိဘူး… ဒါပေမဲ့ သူ့ခန္ဓာကိုယ်ထဲမှာ ထူးဆန်းတဲ့ မဟာတာအိုတစ်ခုကို အာရုံခံမိတယ်…. ဒီမဟာတာအိုက သေသူတွေကို ပြန်အသက်သွင်းလို့ ဖြစ်တည်လာတဲ့ အကြောင်းအကျိုးတရားကို နက်နက်ရှိုင်းရှိုင်း ဖုံးကွယ်ထားပေးထားတာ…. ကျုပ် ရှာတွေ့ခဲ့ပေမယ့် ယိုတုမဟာတာအိုကတော့ မသိခဲ့ဘူး’

ကောင်းကင်နယ်စားမင်းက ပြုံးလိုက်သည်။ “မင်းရဲ့သိုင်းအဆင့်က ပိုပြီးနက်နဲကျယ်ပြန့်လာပြီပဲ…. ငါ အဲ့ဒီမဟာတာအိုကို မတွေ့ခဲ့ရဘူး… တာအိုညီ‌တော်၊ ကောင်းကင်နတ်အရှင်ရှုက မင်းကို ‌အားချိုအနေနဲ့ မှတ်မိနေသေးတယ် ထင်လား”

မြေအောက်ဘုံအရှင်သခင်အားချိုက တခဏတိတ်ဆိတ်သွားပြီးနောက် အလွန်တရာ ရုပ်ဆိုးအကျည်းဆန်လှသော သူ၏မျက်နှာထက်တွင် အပြုံးတစ်ခု ဖြစ်ထွန်းလာ၏။ “သူ မှတ်မိမှာပါ…. သူ့ ပန်းတိုင်က ကောင်းကင်နတ်အရှင်ဆယ်ပါးထဲက တစ်ပါး ဖြစ်လာပြီး မြေအောက်ဘုံအရှင်သခင်ကို သတ်လို့ သူ့အဖေ အားချိုကို ကယ်တင်ဖို့ပဲ မဟုတ်လား”

ကောင်းကင်နယ်စားမင်းမှာ အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။ စိုးရိမ်ပူပန်စိတ်လည်း တစ်ဆက်တည်း ဖြစ်ပေါ်လာတော့သည်။

သူက ခေါင်းမော့ကြည့်လိုက်သည့်အခါ ယိုတုမှာ အသတ်အဖြတ်စိတ်ဆန္ဒတို့ဖြင့် ပြည့်နှက်နေသေးသည်။ ယိုတုမိစ္ဆာမကောင်းဆိုးဝါးအချို့သည် ကောင်းကင်နတ်အရှင်ရုံ မရှိသည်ကို အခွင့်ကောင်းယူ၍ ကပ်ဘေးမှ လွတ်မြောက်နိုင်ရန် သက်ရှိကမ္ဘာသို့ ‌ထွက်ပြေးနေကြ၏။

ချင်မူက ယိုတုမှ ထွက်လာပြီး ကောင်းကင်နတ်မြစ်နှင့် ယိုတုမြစ် ဆက်စပ်နေသော နေရာသို့ ရောက်လာသည်။ ကောင်းကင်နတ်မြစ်သည် ဤနေရာ၌ ယိုတုသို့ ‌၀င်ရောက်ကာ ယိုတုမြစ်အသွင် ပြောင်းလဲသွားခြင်းဖြစ်၏။ ယိုတုမိစ္ဆာများစွာမှာ သက်ရှိ‌ကမ္ဘာလောကသို့ ထွက်ပြေးနေကြချေပြီ။

သူ ရောက်လာသည့်အချိန်တွင် လှိုင်းထန်နေသော မြစ်ရေလှိုင်းများ၌ ကူးခတ်နေသည့် မိစ္ဆာများစွာ တွေ့ခဲ့ရသည်။ သူတို့က မြစ်ထဲတွင် တိတ်တဆိတ် လှုပ်ရှားနေကြသဖြင့် ကောင်းကင်နတ်မြစ်ပင်လျှင် မည်းမှောင်နေချေသည်။

ယိုတုမှာ ရွှမ်တုနှင့် မတူချေ။ ရွှမ်တုပြည်သူပြည်သားများသည် ကောင်းကင်နယ်စားမင်းကို အလွန်တရာ ချစ်ခင်ကြသဖြင့် ရွှမ်တုကပ်ဘေး ဖြစ်ပွားသည့်အချိန်တွင် ထွက်ပြေးသူများများစားစား မရှိခဲ့ပေ။ ထိုအစား သူတို့သည် ကောင်းကင်နတ်ဘုံ ကျူးကျော်လာသည်ကို ခုခံကာကွယ်ခဲ့ကြသည်။

ယိုတုရှိ မကောင်းဆိုးဝါးများနှင့် မိစ္ဆာများမှာမူ ‌တစ်လောကလုံး၏ မကောင်းသော စိတ်ခံစားချက်များမှ မွေးဖွားလာကြခြင်း ဖြစ်၏။ ယိုတုမိစ္ဆာနတ်ဘုရားများသည်လည်း ယိုတုမိစ္ဆာလမ်းစဉ်ကို ကျင့်ကြံကြသောကြောင့် ယိုတုကပ်ဘေး ကျရောက်လာသည့်အချိန်တွင် ပထမဦးဆုံး တွေးမိသည့်အတွေးမှာ အသက်လုပြေးရန်သာ ဖြစ်နေသည်။

“ကောင်းကင်နတ်အရှင်မူ” တစ်စုံတစ်ယောက်က သူ့ကို ရုတ်တရက် လှမ်းခေါ်လိုက်သည်။

ချင်မူ အသံလာရာသို့ လှမ်းကြည့်လိုက်သည့်အခါတွင် ကောင်းကင်နတ်မြစ်ရေပြင်ထက်၌ ရပ်နေသော ကောင်းကင်နတ်အရှင်ရှုကို တွေ့လိုက်ရ၏။ သူမ၏ ခြေထောက်အောက်ရှိ ရေပြင်က မည်းမှောင်နေပြီး မရေမတွက်နိုင်သော မိစ္ဆာမကောင်းဆိုးဝါးများက ကူခတ်သွားလာနေကြသည်။ သူတို့က သူမအနောက်တွင် ပြေးလွှားနေကြပြီး အရေအတွက်က ပိုပို၍ များပြားလာကာ နေမင်းကိုပင် ဖုံးအုပ်သွားသည့် မိစ္ဆာစစ်တပ်တစ်တပ်အား ဖွဲ့စည်းနေ၏။

ချင်မူက ရပ်၍ ကောင်းကင်နတ်အရှင်ရှု၏ မျက်နှာကို ကြည့်လိုက်သည်။ သူက မှင်သေသေ မေးလိုက်သည်။ “ကောင်းကင်နတ်အရှင်ရှု၊ ဘာတွေများ သင်ကြားပေးစရာရှိလို့ပါလဲ”

“နင့်ကို ငါ ဘာမှသင်ကြားမပေးရဲပါဘူး… ဝါအရဆိုရင် နင့်ကို ဦးရီးတော်လို့ ခေါ်ရမှာမလား”

ကောင်းကင်နတ်အရှင်ရှုက အနည်းငယ် ဦးညွှတ်၍ အရိုအသေပေးလိုက်ပြီး ပြောသည်။ “ကောင်းကင်နတ်အရှင်ကုန်းက ဦးရီးတော်ကို ဖိနှိပ်ဖို့ အဆုံးသတ်မြို့ပျက်ဆီ ခေါ်သွားခဲ့တယ်… ဒါပေမဲ့ အချိန်အတော်ကြာတဲ့အထိ သူ ပြန်ရောက်မလာခဲ့ဘူး… ကောင်းကင်နတ်အရှင်မူကတော့ အသက်ရှင်လျက် ပြန်လာနိုင်ခဲ့တယ်… မဟုတ်မှလွဲရော ကောင်းကင်နတ်အရှင်ကုန်း ကံဆိုးမှုတစ်ခုများ ကြုံတွေ့ခဲ့ရတာလား”

ချင်မူက အပြုံးမဟုတ်သော အပြုံးတစ်ခုဖြင့် ဖြေလိုက်သည်။ “ခင်ဗျားတို့တွေက ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာ သူလျှိုတွေ အများကြီးထားထားတာပဲ မဟုတ်ဘူးလား… ကောင်းကင်နတ်အရှင်ကုန်း သေလား မသေလားတောင် မသိကြဘူးလား”

ကောင်းကင်နတ်အရှင်ရှုက ပြော၏။ “ကောင်းကင်နတ်အရှင်ကုန်းက တကယ်ကို ကံဆိုးမှုနဲ့ တွေ့ကြုံခဲ့ရတာပေါ့လေ… သူ ကမ္ဘာဦးဘုံမှာ ပြာကျသွားတာကို မြင်ခဲ့ရတဲ့သူတချို့ ရှိတယ်… ပြီးတော့ ဦးရီးတော်ရဲ့ စီးတော်ယာဥ်က ကောင်းကင်နတ်အရှင်ကုန်းရဲ့ လူဝင်စားကို သတ်ခဲ့တယ်…. ကောင်းကင်နတ်အရှင်ကုန်းလူဝင်စားရဲ့ အလောင်း ကမ်းခြေမှာ မြောနေတာကို တွေ့ခဲ့ရတဲ့သူတချို့လည်း ရှိတယ်… စဉ်းစားကြည့်တော့မှ အနာဂတ်မှာ ငါ သေသွားရင်လည်း ဦးရီးတော်က ထာဝရငြိမ်းချမ်းရေးအင်ပါယာက ငါ့ရဲ့ လူဝင်စားကို အညှာအတာမရှိ သတ်ဖြတ်ခိုင်းမှာပဲမလား”

ချင်မူက ကျယ်လောင်စွာ ရယ်မောလိုက်ပြီး သူ့မျက်နှာပေါ်ရှိ အပြုံးကား လုံးဝပျောက်ကွယ်သွားတော့သည်။ “ကောင်းကင်နတ်အရှင်ရှု၊ ခင်ဗျားကြည့်ရတာ စိတ်ပျော်နေတဲ့ပုံပဲ… ဒါက ခင်ဗျားကို ကျွန်တော် စသိခဲ့ရတဲ့အချိန်ကစပြီး အချိန်အကြာဆုံး စကားပြောဖူးတာပဲ”

ကောင်းကင်နတ်အရှင်ရှုက အနည်းငယ် ပြုံးလိုက်ရင်း ပြော၏။ “ကောင်းကင်နတ်အရှင်ဟောင်က အန္တိမဟင်းလင်းပြင်မှာ တံဆိပ်ခတ်နှိပ်ပြီး တာအိုပန်းပွင့်ကို ကျင့်ကြံနိုင်ခဲ့ပြီ…. မွေးရာပါချီမဟာခြုံလွှမ်းကောင်းကင်ဘုံကိုလည်း ဖွင့်လှစ်နိုင်ခဲ့တယ်”

ချင်မူက ပြော၏။ “ကောင်းကင်နတ်အရှင်ဟောင်မှာ စွမ်းဆောင်နိုင်စွမ်း ရှိပြီးသားပဲ… အန္တိမဟင်းလင်းပြင်မှာ တံဆိပ်ခတ်နှိပ်နိုင်တာ အံ့ဩစရာ မရှိဘူး”

ကောင်းကင်နတ်အရှင်ရှုက ဆက်ပြောသည်။ “မဟာခြုံလွှမ်းကောင်းကင်ဘုံကို တံဆိပ်ခတ်နှိပ်ခဲ့တဲ့အပြင် တာအိုရနိုင်မယ့် နောက်ထပ်လမ်းစဉ်တစ်ခုကိုလည်း အာရုံခံနိုင်ခဲ့တယ်လို့ ကောင်းကင်နတ်အရှင်ဟောင်က ပြောတယ်… သူက မဟာကောင်းကင်နတ်ဘုံကျင့်စဉ်နှစ်ခုကို ကျင့်ကြံထားတော့ တာအိုရနိုင်မယ့် နောက်ထပ်ကျင့်စဉ်တစ်ခုရှိ သေးတယ်”

ချင်မူ့သူငယ်အိမ်များက ကျုံဝ့င်သွားသော်လည်း မည်သည်မှ မပြောပေ။

ကောင်းကင်နတ်အရှင်ရှုက ဆက်ပြော၏။ “အရှင်မင်းကြီး ကောင်းကင်နတ်ဧကရာဇ်လည်း ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်ကနေ ပြန်လာခဲ့ပြီ…သူက သူ့ရဲ့ စွမ်းအားကြီးတဲ့ ရုပ်ခန္ဓာကို အသုံးပြုပြီးတော့ အန္တိမဟင်းလင်းပြင်ကို တံဆိပ်ခတ်နှိပ်ခဲ့တဲ့အပြင် ထိုက်ချူမဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ် ကောင်းကင်ဘုံကိုလည်း ဖွင့်လှစ်နိုင်ခဲ့တယ်”

ချင်မူက ခေါင်းခါရမ်းလိုက်သည်။ “ထိုက်ချူက ဒုက္ခိတတစ်ပိုင်း ဖြစ်နေပြီ… သခင်လေးသုံး သူ့ကို ထောက်ပံ့ပေးထားရင်တောင်မှ ထိုက်ချူလမ်းစဉ်ကို ပြီးပြည့်စုံစေနိုင်မှာ မဟုတ်ဘူး.. သူ့ရဲ့ မဟာခြုံလွှမ်းကောင်းကင်ဘုံက ထိုက်ချူမဟာခြုံလွှမ်းကောင်းကင်ဘုံ မဟုတ်ဘဲ မွေးရာပါချီမဟာခြုံလွှမ်းကောင်းကင်ဘုံပဲ… သူက ကံကြမ္မာအားလုံး ဆုံးရှုံးခဲ့ရတာမလို့ ကောင်းကင်နတ်အရှင်ဟောင်အတွက်တောင် ပြိုင်ဘက် မဟုတ်တော့ဘူး”

ကောင်းကင်နတ်အရှင်ရှုက ချီးကျူးလိုက်သည်။ “ဦးရီးတော်က ကိစ္စတွေကို သေချာသိမြင်နိုင်တာပဲ… အခုအချိန်အထိ အသက်ရှင်နေတာ အံ့သြစရာမရှိပါဘူးလေ… ကောင်းကင်နတ်ဧကရာဇ်က ကောင်းကင်နတ်ဘုံကို ပြန်ရောက်တာနဲ့ အရှုံးပေးပြီး အမိန့်ထုတ်ပြန်ခဲ့တယ်…. ကောင်းကင်နတ်ဧကရာဇ်ဟောင်ကို အိမ်ရှေ့စံမင်းသားရာထူး ပေးပြီးနေပြီ”

ချင်မူ့နှလုံးသားက ပြင်းထန်စွာ တုန်ခါသွားပြီး တည်ကြည်လေးနက်စွာ မေးလိုက်သည်။ “သခင်လေးသုံးနဲ့ သခင်လေးလေးက မဟာမိတ်ဖွဲ့လိုက်တာလား”

ကောင်းကင်နတ်အရှင်ရှုမှာ ထပ်မံချီးကျူးလိုက်ပြန်၏။ “တကယ်ကို လျင်တဲ့ ဦးရီးတော်ပါပဲ…. ကောင်းကင်နတ်ဧကရာဇ် နန်းစွန့်တာကို ကြားတာနဲ့ပဲ နောက်ကွယ်မှာ ဖြစ်ပျက်နေတဲ့ အရာတွေကို ခန့်မှန်းနိုင်တယ်… တူမတစ်ယောက်အနေနဲ့ လေးစားမိပါတယ်”

ချင်မူက မည်သည့်စကားမှ မပြောတော့ပေ။

ကောင်းကင်နတ်အရှင်ရှုက ဆက်ပြော၏။ “ဦးရီးတော်က ပါးနပ်တဲ့သူဆိုတော့ မြေအောက်ဘုံအရှင်သခင်အနေနဲ့ အသက်ရှင်နိုင်မယ့်နည်းလမ်း မရှိဘူးဆိုတာ သိမှာပါ… ဘာလို့ ကျောက်တောင်ကို ကြက်ဥနဲ့ ပေါက်နေရသေးတာလဲ”

ချင်မူက တဟားဟား ရယ်ကာ ဘေးသို့ လျှောက်သွားသည်။ နောက်တစ်ခဏတွင် ကောင်းကင်နတ်အရှင်ရှုအရှေ့၌ ပေါ်လာ၏။

သူ၏အရှိန်အဝါတို့က ပေါက်ကွဲထွက်လာပြီး ကောင်းကင်နတ်အရှင်ရှု၏ အရှိန်အဝါတို့နှင့် ပြေးတိုက်သွားသည်။ ဝုန်းခနဲ အသံကြီးနှင့်အတူ ကောင်းကင်နတ်အရှင်ရှု၏ အနက်ရောင်ဝတ်ရုံက ‌ဖောင်းကားလာပြီး အရပ်လေးမျက်နှာသို့ ပြန့်ကားထွက်သွားတော့သည်။

သူမဦးခေါင်းနောက်ရှိ အနက်ရောင် အရောင်အဝါတို့က ပြင်းထန်စွာ လှည့်ပတ်လာသည်။ မရေမတွက်နိုင်သော ယိုတုမိစ္ဆာနတ်ဘုရားတို့၏ အရှိန်အဝါများက သူမနှင့် ဆက်နွှယ်သွားကြ၏။ သို့သော် မိစ္ဆာနတ်ဘုရားကုဋေချီမှာလည်း ကောင်းကင်သို့ မြောက်တတ်သွားကြသည်။

ဝုန်း….

နှိုင်းယှဉ်၍မရနိုင်အောင် ပြင်းထန်သော တုန်ခါမှုများက ကောင်းကင်ထက်မှ ဖြာဆင်းသွားပြီး ကောင်းကင်သည် ပုံပျက်လှုပ်ရှားသွားသည်။ ရွှမ်တုကောင်းကင်နယ်စားမင်း၏ ဧရာမမျက်နှာကြီးက ကောင်းကင်ထက်တွင် ပေါ်လာပြီး နေလုံကြီး ကုဋေပေါင်းများစွာထက် တောက်နေပသော အဖြူရောင်မျက်လုံးတို့က ချင်မူ့အား စိုက်ကြည့်နေ၏။

ချင်မူက ကောင်းကင်နယ်စားမင်း၏ မျက်နှာကို မော့ကြည့်ကာ နှာခေါင်းရှုံ့လိုက်၏။ “အဖေကို သတ်ခဲ့တဲ့ ငမိုက်သား ရှေးဟောင်းနတ်ဘုရားဘုရင်ပါလား”

ကောင်းကင်နယ်စားမင်းက ဟိန်းဟောက်လိုက်သဖြင့် အဆုံးမရှိသော ကြယ်တာရာအလင်းရောင်တို့က ကောင်းကင်ထက်မှ ဆင်းသက်လာကြသည်။ သို့သော် ၎င်းတို့ ချင်မူ့ထံ မရောက်ရှိခင်မှာပင် လောကသစ်ပင်က သူ့အနောက်တွင် ဖွဲ့တည်လာကာ ခုခံကာကွယ်လိုက်၏။

ချင်မူက သူ၏ အရှိန်အဝါကို ထိန်းချုပ်၍ ကောင်းကင်နတ်အရှင်ရှုအား ဖြတ်သွားသည်။ သူက ခပ်ဖွဖွ ပြောလိုက်၏။ “တူမတော်၊ ဘာပဲဖြစ်ဖြစ် မြေအောက်ဘုံအရှင်သခင်က မင်းရဲ့ အဖေပဲလေ…. သူ့အဖေကို ပြန်သတ်ခဲ့တဲ့ ရှေးဟောင်းနတ်ဘုရားဘုရင်လို ဖြစ်ချင်လို့လား”

ကောင်းကင်နတ်အရှင်ရှုက ပြုံးလိုက်သည်။ “ကောင်းကင်နတ်အရှင်မူ၊ နင် နိုင်ဖို့ အခွင့်အရေး မရှိဘူး”

ချင်မူက ကျယ်လောင်စွာ ရယ်မောလိုက်ပြီး သူ၏ခန္ဓာကိုယ်သည် အဝေးသို့ ရောက်သွား၏။ သူ၏အသံက အဝေးမှ ပျံ့လွင့်လာသည်။ “ကောင်းကင်နတ်အရှင်ဟောင်နဲ့ ကောင်းကင်နတ်ဧကရာဇ်တို့က သခင်လေးသုံးနဲ့ သခင်လေးလေးတို့ရဲ့ ခွေးသာသာပဲ…. ငါကတော့ သခင်လေးခုနစ်… မင်းတို့ ငါ့ကို တိုက်ခိုက်ဖို့အတွက် အဆင့်နိမ့်လွန်းသေးတယ်”

ကောင်းကင်နတ်အရှင်ရှုက မျက်မှောင်ကြုတ်သွားသည်။ ကောင်းကင်တွင် ရှေးဟောင်းနတ်ဘုရားဘုရင် ထိန်းချုပ်ထားသည့် ကောင်းကင်နယ်စားမင်း၏ ရုပ်ခန္ဓာကလည်း ကောင်းကင်နတ်အရှင်ရှုကို ဇဝေဇဝါကြည့်လိုက်၏။

ကောင်းကင်နတ်အရှင်ရှုက ခေါင်းခါရမ်းပြသည်။ “ငါ သူ့ကို တိုက်ခိုက်နိုင်ဖို့ ယုံကြည်ချက် မရှိဘူး…. ကောင်းကင်နတ်အရှင်ဟောင်နဲ့ ကောင်းကင်နတ်ဧကရာဇ်လည်း မရှိဘူးဆိုတော့ သူ့ကို တိုက်ခိုက်စရာမလိုဘူး.. ယိုတုက ပိုအရေးကြီးတယ်”

ရှေးဟောင်းနတ်ဘုရားဘုရင်မှာ ဖြည်းဖြည်းချင်းပျော က်ကွယ်သွားတော့သည်။

ချင်မူက ကောင်းကင်နတ်မြစ်တလျှောက် လျှောက်လာရင်း ထာဝရငြိမ်းချမ်းရေးအင်ပါယာသို့ ရောက်လျှင် ဆင်းသက်လိုက်သည်။ ထာဝရငြိမ်းချမ်းရေးအင်ပါယာသည် နေ့စဉ်နှင့်အမျှ ပြောင်းလဲနေ၏။ သူ ဤနေရာသို့ ပြန်ရောက်မလာခဲ့သည်မှာ နှစ်နှစ်ဆယ် ကျော်ခဲ့လေပြီ။ ပတ်ဝန်းကျင်အား ကြည့်လိုက်သည့်အခါ မြောက်များစွာသော နတ်ဘုရားမြို့များ ကောင်းကင်တွင် မြောလွင့်နေသည်ကို တွေ့လိုက်ရ၏။ အဆောက်အဦးများက မြင့်မားစွာ တည်ရှိနေကြပြီး သင်္ဘောများက အဆောက်အဦးများ၊ နန်းဆောင်များမှ ဝင်ထွက်သွားလာနေကြသည်။

ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ကျင့်စဉ်များ၊ လမ်းစဉ်များနှင့် ကောင်းကင်နတ်သိုင်းများမှာလည်း နေ့စဉ်နှင့်အမျှ တိုးတက်ပြောင်းလဲနေသောကြောင့် သူ့အား စိတ်အေးစေ၏။

'ငါ ကောင်းကင်နတ်အရှင်လင်ကို အရင်ရှာရမယ်…’

သူ ထိုသို့တွေးလိုက်သည့်အချိန်တွင် ရင်းနှီးနေသော အသံတစ်သံက စွမ်းအင်အကူးအပြောင်းတံတားဆီမှ ထွက်လာသည်။ ၎င်းအသံက အံ့အားသင့်နေသော်လည်း ပျော်ရွှင်နေပုံပေါ်၏။ “ဂိုဏ်းသခင်… ဗျိုး… ‌ဂိုဏ်သခင်ဟောင်း…”

ချင်မူလည်း ရင်ထဲတွင် လှုပ်ခတ်သွားပြီး လှမ်းကြည့်လိုက်သည်။ ချီလင်ဦးခေါင်းဖြင့် လူငယ်တစ်ယောက်သည် စွမ်းအင်အကူးအပြောင်းတံတားထဲမှ ထွက်လာသည်ကို တွေ့လိုက်ရ၏။ သူက ပျော်ရွှင်စွာ ပြေးလာနေပြီး နဂါးချီလင် ဖြစ်ချေသည်။

နဂါးချီလင်က ပြေးလာနေသော်လည်း ချင်မူ့မျက်နှာကြီး မည်းမှောင်နေသည်ကို မြင်လိုက်ရသည့်အခါ စိတ်ထဲတွင် တုန်လှုပ်ခြောက်ခြားသွား၏။ ‘သေပြီ… ငါ ဂိုဏ်းသခင်ဟောင်းလို့ ခေါ်လိုက်မိတာပဲ.. ဂိုဏ်းသခင်တော့ စိတ်ဆိုးနေပြီထင်တယ်…’’

သူက ဆက်လက်ပြေးလာနေပြီး ခန္ဓာကိုယ်အစစ်သို့ အသွင်ပြောင်းလိုက်သည်။ သူ၏နားရွက်များ လှုပ်သွားသည့်အခါ ချီလင်ခန္ဓာကိုယ်နှင့် မီးငှက်အမြှီး ရှိသော ဆန်းဆန်းပြားပြားသတ္တဝါလေးအချို့က သူ၏နားရွက်ထဲမှ ထွက်လာကြ၏။ ၎င်းတို့က ချင်မူ့ပတ်ပတ်လည်တွင် ပျံဝဲနေကြသည်။

ချင်မူလည်း စောစောက စိတ်ဆိုးသွားသည်ကို မေ့ဖျောက်ပြီး ဆန်းကြယယ်သတ္တဝါလေးတစ်ကောင်ကို ချီလိုက်သည်။ ထိုကောင်လေးက သူ၏လက်ချောင်းကို ကိုင်၍ သွားကြိတ်လိုက်ရာ မီးပွားလေးများ ၎င်း၏သွားကြားမှ ထွက်လာတော့သည်။

ချင်မူမှာ အံ့သြမှင်သက်နေမိ၏။ “ဖက်တီးနဂါး၊ ဒါ မင်းနဲ့ မမကြီးယန်အာရဲ့ ကလေးတွေလား… မမကြီးယန်အာ နှစ်ပေါင်းများစွာ ဥ၀ပ်နေခဲ့တာ နောက်ဆုံးတော့ မွေးလာပြီပေါ့”

ထိုအကောင်ပေါက်လေးများ၏ လက်များတွင် နဂါးအကြေးခွံများကို ပေါက်နေကြ၏။ သူ့လက်ထဲရှိ အကောင်ပေါက်လေးတစ်ကောင်က အမြှီးဖြင့် သူ၏ လက်ချောင်းအား ရစ်ပတ်ထားပြီး လက်သည်းလေးဖြင့် လက်ချောင်းကို ဆုပ်ကိုင်ထား၏။ ၎င်းက သူ့ကို အကဲခတ်နေပြီး နက်မှောင်နေသော မျက်လုံးလေးများမှာ စူးစမ်းလိုစိတ်အပြည့် ဖြစ်နေချေသည်။

အနည်းငယ်ကြီးသော အကောင်ပေါက်လေးတစ်ကောင်၏ ကျောပေါ်၌ မြေအောက်ဘုံအရှင်သခင်ပိစိလေးက ခပ်မိန့်မိန့် ထိုင်နေ၏။ သူက ချင်မူ့ကို ခေါင်းညိတ်ပြ၍ နှုတ်ဆက်သည်။“မာဟာ..”

နဂါးချီလင်က အားတုံ့အားနာဖြင့် ပြုံးလိုက်သည်။ “ကျွန်တော် အခုလေးတင် ဘိုးဘေးနန်းတော်က ပြန်လာတာမလို့ပါ… ချစ်ဇနီးလေးက ကလေးထိန်းခိုင်းလိုက်တယ်လေ.. ဒါကြောင့် ခေါ်လာရတာဗျာ… ဂိုဏ်းသခင်ကို ရှာဖို့ ထာဝရငြိမ်းချမ်းရေးအင်ပါယာဆီ စီစဉ်ထားတာ… ဂိုဏ်းသခင်နဲ့ တွေ့ပြီးရင် ကလေးတွေကို သားရဲကမ္ဘာဆီ ပြန်ခေါ်သွားတော့မလို့”

ချင်မူမှာ သူ၏မိသားစုကိုတွေ့လျှင် နှလုံးသားထဲရှိ လေးပင်နေမှုများ အစအနပင် မကျန် ပျောက်ကွယ်သွားတော့သည်။ သူက ခံစားချက်များ ပြည့်နက်ဆို့နင့်စွာ သက်ပြင်းချလိုက်ပြီးနောက် ပြော၏။ “ဖက်တီးနဂါးတောင် အရွယ်ရောက်လာပြီပဲကွ”

All Chapters