ပညာရေး၏ အခြေခံအုတ်မြစ်
Vol. 122 Ch. 1586
ချင်မူ၏အာရုံကို နဂါးချီလင်၏ ချစ်စရာကောင်းသော ကလေးပေါက်စလေးများက အပြည့်အ၀ ဆွဲဆောင်ထားသည်။ ထို့နောက်မှသာ နဂါးချီလင်မှာ သက်ပြင်းချနိုင်တော့၏။ ချင်မူ အာရုံပြောင်းသွားပြီ ဖြစ်သည့်အတွက် “ဂိုဏ်းသခင်ဟောင်း” ဆိုသော အသုံးအနှုန်းကြောင့် ပြဿနာရှာတော့မည် မဟုတ်ပေ။
ချင်မူက ငှက်၊ နဂါးနှင့် မီးငှက် ပုံစံမျိုးစုံ ရှိကြသည့် အကောင်ပေါက်လေးများကို ခေါ်လာပြီး ထာ၀ရငြိမ်းချမ်းရေးအင်ပါယာတစ်ဝန်း လှည့်ပတ်ကြည့်ရှုနေ၏။ ဤအကောင်ပေါက်လေးများကြောင့် အပျင်းပြေသည့်အပြင် အတော်လေး စိတ်အေးချမ်းရပေသည်။
အကောင်ပေါက်လေးတစ်ကောင်က သူ့ပခုံးပေါ် ပြေးတက်လာပြီး သူ့ နားပေါက်ထဲသို့ စပ်စပ်စုစု ကြည့်နေ၏။
နောက်ထပ် အကောင်ပေါက်လေးနှစ်ကောင်က သူ့ဆံပင်များထဲ တိုး၀င်သွားကြသည်။ မကြာမီ သူတို့က ဤ”အသိုက်” အတွက် ရန်ဖြစ်တိုက်ခိုက်နေကြတော့သည်။
“ဂိုဏ်းသခင်၊ ဒီနှစ်တွေအတွင်း သားရဲကမ္ဘာက တော်တော်လေး တိုးတက်လာခဲ့ပြီဗျ”
နဂါးချီလင်က သူ့အနောက်မှ လိုက်လာသည်။ “သားရဲကမ္ဘာက ကျယ်ပြန့်တဲ့အပြုင် ဘိုးဘေးနန်းတော်အနောက်ဘက်မှာ သားရဲတွေ အများဆုံးရှိတယ်… ကျွန်တော် လုံရှောင်ကို နတ်ဘုရားမြို့ အများကြီး ကူညီဆောက်ပေးခဲ့တာ… ကမ္ဘာဦးဘုံ၊ ရွှမ်တုနဲ့ ယိုတုအနောက်ပိုင်းမှာ မြို့တွေအများကြီး ရှိနေပြီ… ပြီးတော့…”
သူက တခဏ တုံ့ဆိုင်းနေပြီးနောက် ဆက်ပြော၏။ “ကျွန်တော် ဧကရာဇ်နဲ့ တိုင်ပင်ထားတာ တစ်ခုရှိတယ်... အဲဒါက စစ်အင်အား လျှော့ချပြီး ခံတပ်အရေအတွက် တိုးမြှင့်ဖို့ပဲ... ထာဝရငြိမ်းချမ်းရေးအင်ပါယာသားတွေကိုလည်း သားရဲကမ္ဘာအနောက်ဘက်ဆီ ရွှေ့ပြောင်းဖို့ ပြင်ဆင်ထားတယ်…. အဲ့ဒီနေရာမှာ နတ်ဘုရားမြို့တွေအများကြီး ဆောက်ထားတာ… ထာဝရငြိမ်းချမ်းရေးအင်ပါယာငယ်လို့တောင် ခေါ်လို့ရတယ်”
ချင်မူသည် သူ့စကားကားလျှင် လေးပင်စွာ သက်ပြင်းတစ်ချက် ချလိုက်သည်။
“စစ်အင်အား လျှော့ချပြီး ခံတပ်အရေအတွက် တိုးမြှင့်လိုက်တာက ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာ လူဦးရေလျော့ကျသွားတာကို ကောင်းကင်နတ်ဘုံ သတိထားမိတော့မှာ မဟုတ်ဘူး… ပြီးတော့ သေခြင်းရှင်ခြင်းစာအုပ် သုံးပြီး သူတို့တည်ရှိခဲ့တဲ့ အစအနမှန်သမျှကို ဖျောက်ဖျက်ပစ်လို့ရတယ်… ဒီလိုနည်းနဲ့ ဘယ်သူမှ သတိမထားမိဘဲ သားရဲကမ္ဘာဆီ သွားပြီးတော့ ဒုတိယမြောက် ထာ၀ရငြိမ်းချမ်းရေးအင်ပါယာ တည်ထောင်နိုင်ပြီ”
နဂါးချီလင်က ပြော၏။ “သားရဲကမ္ဘာမှာ ကျွန်တော့်အင်အားစု တော်တော်များများလည်း ရှိတဲ့အပြင် ဒီနှစ်တွေအတွင်း သားရဲကမ္ဘာရဲ့ ဉာဏ်ပညာကို မြှင့်တင်နိုင်အောင် ကြိုးစားထားတယ် … သားရဲကမ္ဘာမှာ သခင်လေးလန်ရဲ့ တပည့်တွေလည်း ရောက်နေကြတယ်… သူတို့အားလုံးက ဧရာမကမ္ဘာဦးသားရဲကြီးတွေချည်းပဲ… သူတို့ရဲ့ အကူအညီကြောင့်ပဲ ဒီတစ်ကြိမ် ထာဝရငြိမ်းချမ်းရေးအင်ပါယာငယ်ကို တည်ဆောက်နိုင်ခဲ့တာ”
ချင်မူက စိတ်ထဲမှ ကျေးဇူးတင်စွာဖြင့် ခေါင်းညိတ်လိုက်သည်။
လန်ယွီတျန်းသည် သူ၏အသိပညာတို့ကို ဘိုးဘေးနန်းတော်သို့ လွှဲပြောင်းပေးခဲ့ပြီး သူ့နောက်လိုက်လာခဲ့သည့် ဧရာမကမ္ဘာဦးသားရဲတချို့ ရှိလေသည်။ သူတို့က အသိအမြင် တိုးတက်လာသည့်အလျောက် မည်သို့ကျင့်ကြံရမလဲ နားလည်လာကြပြီး သားရဲမျိုးနွယ်အသစ်အဖြစ် ဆင့်ကဲပြောင်းလဲနိုင်ခဲ့ကြ၏။
သားရဲကမ္ဘာ တည်ထောင်ပြီးနောက်တွင် ချင်မူသည် နဂါးချီလင်အား လုံရှောင်နှင့် သားရဲကမ္ဘာသို့ လိုက်သွားစေခဲ့သည်။ သားရဲမျိုးနွယ်သည်လည်း နဂါးချီလင်နှင့်အတူ သားရဲကမ္ဘာသို့ လိုက်သွားခဲ့ကြ၏။ ချင်မူ့ရည်ရွယ်ချက်မှာ သားရဲ့ကမ္ဘာတွင် နဂါးချီလင်အနေဖြင့် အာဏာလွှမ်းမိုးနိုင်သော နေရာတစ်ခု တည်ထောင်နိုင်ရန်ဖြစ်သည်။
သားရဲကမ္ဘာသည် ကမ္ဘာလောကအားလုံး၏ အနောက်ဘက်ခြမ်းတွင် ရှိသည့်အပြင် ပတ်ဝန်းကျင်အနေအထားက ခက်ခဲကြမ်းတမ်း၏။ သို့သော် စစ်မက်ဖြစ်ပွားခဲ့ပါက သားရဲကမ္ဘာကား နောက်ဆုံးကျန်ရှိသည့် ကမ္ဘာဖြစ်ပေလိမ့်မည်။
ဤကိစ္စကို သိသူနည်းလေလေ ပို၍ကောင်းမွန်လေလေပင်။ ထို့ကြောင့် ချင်မူက ဤကိစ္စကို ကိုင်တွယ်ရန် သူ ယုံအကြည်ရဆုံးသူကို စေလွှတ်ခဲ့ခြင်းဖြစ်သည်။ နဂါးချီလင်သည် ဤကိစ္စကို တာဝန်ယူထားရသောကြောင့် နှစ်ပေါင်းများစွာ ပျောက်နေခဲ့ရ၏။
“သားရဲမျိုးနွယ်ရဲ့ အင်အားကြီးသိုင်းပညာရှင်တွေနဲ့ ကျွန်တော်က ပြောင်းပြန်ဆင့်ခေါ်ခြင်းကောင်းကင်နတ်သိုင်း သုံးပြီးတော့ ထာဝရငြိမ်းချမ်းရေးအင်ပါယာသားတွေကို သားရဲကမ္ဘာဆီ ဆင့်ခေါ်ခဲ့တယ်…. လုံရှောင် မသိအောင် သတိထားနေရတဲ့အတွက် နှေးတော့ နှေးခဲ့တယ်…. ဒါပေမဲ့ ကံကောင်းစွာနဲ့ အောင်မြင်မှုတချို့တော့ ရှိပါတယ်”
နဂါးချီလင်က ပြုံးလိုက်သည်။ “ဂိုဏ်းသခင်၊ သားရဲကမ္ဘာက ထာဝရငြိမ်းချမ်းရေးအင်ပါယာငယ်ကို ဘယ်အချိန် လာကြည့်မလဲဗျ”
ချင်မူက ပြုံး၏။ “မင်း တာဝန်ယူထားမှတော့ ငါ စိုးရိမ်စရာ မရှိပါဘူး…. လုံပိ၊ မင်းက ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်တဲ့ သူတစ်ယောက် ဖြစ်လာပြီလို့ ငါထင်တယ်”
နဂါးချီလင်မှာ ပျော်ရွှင်ဝမ်းမြောက်သွားပြီး အမြှီးလှုပ်ရမ်းချင်လာ၏။ သို့သော် သားရဲကမ္ဘာရှိ သူ၏ရာထူးအဆင့်အတန်းမှာ လုံရှောင်ပြီးလျှင် ဒုတိယဖြစ်ခဲ့သည်။ ထို့ကြောင့် သူ့အနေဖြင့် တည်ကြည်လေးနက်ရလေသည်။
ချင်မူက သူ့ခေါင်းအား ပုတ်လိုက်ရာ နဂါးချီလင်သည် စိတ်ကျေနပ်စွာဖြင့် အမြှီးအား နှစ်ခါ လွှဲရမ်းလိုက်တော့၏။
ချင်မူက နတ်ဘုရားမြို့ထဲ၌ တစ်ပတ်ကြာ လှည့်ပတ်သွားလာခဲ့ပြီး စျေးတန်းများ၊ အခြေခံကျောင်းများနှင့် တက္ကသိုလ်တို့ကို သွားရောက်ကြည့်ရှုခဲ့၏။ သူက သူ၏အသိစိတ်အလျဉ်ကို ဖြန့်ကျက်ပြီး မြို့သူမြို့သားများ၏ စကားသံများကို နားထောင်ကာ အခြေအနေများ စုံစမ်းခဲ့သည်။
“ဒီနတ်ဘုရားမြို့က သိပ်ကောင်းတာပဲ… ပြဿနာလေး တချို့တလေတော့ ရှိပေမယ့် ကောင်းတာက များပါတယ်”
ချင်မူက ရုတ်တရက် ပြော၏။ “ငါ နတ်ဘုရားမြို့ကို ကြည့်ပြီးပြီဆိုပေမယ့် အောက်က တိုးတက်မှုကရော ဘယ်လိုနေလဲ”
သူက နတ်ဘုရားမြို့ဘေးသို့ ရောက်လာပြီး အောက်ရှိ မြေထုကို ကြည့်လိုက်သည်။ အောက်တွင် ရွာငယ်များ၊ မြို့များစွာ ရှိနေသည်။
နဂါးချီလင်က သူနှင့်အတူ မြေထုဆီသို့ လိုက်ပါလာသည်။ ချင်မူက တောလမ်းဘေးတွင် လျှောက်လာပြီးနောက် မြို့တစ်မြို့သို့ ရောက်လာ၏။ “ကလေးတွေအားလုံးမှာ နာမည်ရော ရှိလား”
“သူတို့အားလုံးမှာ နာမည်ရှိပါတယ်” နဂါးချီလင်က ဖြေသည်။ “ကျွန်တော့်မျိုးရိုးနာမည်က လုံ… မမကြီးယန်အာက မျိုးရိုးနာမည်က ကျူဆိုတော့ ယောက်ျားလေးတွေက ကျွန်တော့်ရဲ့ မျိုးရိုးနာမည်ကိုယူပြီး မိန်းကလေးတွေကတော့ မမကြီးရဲ့ မျိုးရိုးနာမည်ကို ယူလိမ့်မယ်…. ပထမဦးဆုံး မွေးခဲ့တဲ့ ကလေးက ယောက်ျားလေးဆိုတော့ ချန်းလီလို့ ခေါ်တယ် … ဒုတိယသမီးလေးက ဟုန်ယွီ… စကားသိပ်တတ်တဲ့ တတိယမြောက်ကတော့ တန့်ရွှမ်….”
ချင်မူက မြို့ထဲသို့ ရောက်လာသည့်အခါ မြို့တစ်မြို့လုံးတွင် ကလေးငယ်များ၊ လူကြီးအိုမများဖြင့်သာ ပြည့်နှက်နေကြောင်း တွေ့လိုက်ရသည်။ သန်မာအားကောင်းသော လူငယ်များ နည်းပါးလွန်းသဖြင့် သူ့မှာ မျက်မှောင်ကြုတ်သွားမိသည်။
သူက မြို့၏ မူလတန်းကျောင်းသို့ သွားကာ စာသင်ခန်းတချို့ထဲသို့ ဝင်ရောက်နားထောင်ခဲ့သည်။ သူ၏မျက်ခုံးများက ပို၍ပင် တွန့်ချိုးလာသည်။
ဤမြို့ရှိ မြို့သူမြို့သားများ၏ အဝတ်အစားများမှာ နတ်ဘုရားမြို့မှ ပုဂ္ဂိုလ်များထက် များစွာ နိမ့်ကျနေသည်။ သူတို့၏ နေထိုင်မှုအဆင့်အတန်းကလည်း နတ်ဘုရားမြို့အောက် နိမ့်ကျနေသလို၊ အစားအသောက်မှာလည်း အလားတူပင်။
ပို၍ပင် တုန်လှုပ်ဖွယ်ကောင်းသည်က မူလတန်းကျောင်းများနှင့် တက္ကသိုလ်များပင် ဖြစ်သည်။ ကလေးငယ်များကို သင်ကြားပေးနေကြသည့် ဆရာများက သာမညကောင်းကင်နတ်သိုင်းပညာရှင်များသာ ဖြစ်ကြ၏။ ထူးချွန်သော ပုဂ္ဂိုလ်ဟူ၍ များများစားစား မရှိပေ။ ကလေးငယ်များကို သာမန်ကာလျှံကာသာ သင်ကြားပေးပြီး ဆရာများကိုယ်တိုင်ပင်လျှင် ဗဟုသုတအသိဉာဏ်ပညာ တိတိကျကျ မရှိကြချေ။
သူက မြို့ထဲရှိ အဘိုးအိုတစ်ဦးကို မေးလိုက်၏။ အဘိုးအိုက ဖြေသည်။ “လူငယ်တွေအကုန်လုံးက နတ်ဘုရားမြို့တွေ၊ ကျောက်တုံးတွင်းတွေ ဒါမှမဟုတ် စက်ရုံတွေဆီ သွားကုန်ကြပြီလေ… တချို့တွေဆိုရင် တောင်တန်းတွေကို ဖြတ်ပြီးတော့တောင် ရှားမြို့အထိ သွားကြတာကွယ့်… တစ်ယောက်နဲ့ တစ်ယောက် တစ်နှစ်နေမှ တစ်ခါနှစ်ခါလောက်ပဲ တွေ့ကြရတယ်”
“ဒါဆိုရင် တောရွာဘက်က မူလတန်းကျောင်းအနေနဲ့ တက္ကသိုလ်တွေက…”
“လူတွေ ပိုနည်းလာရင် ကျောင်းတွေ ဖွင့်နိုင်တော့မှာ မဟုတ်ဘူးပေါ့ကွယ်… တချို့ဆိုရင် ပိတ်ကုန်ကြပြီ… ငါတို့မြို့က ကြီးသေးတော့ ဖွင့်ထားနိုင်သေးတယ်…. ကြွယ်ဝချမ်းသာတဲ့ မိသားစုတွေကတော့ နတ်ဘုရားမြို့မှာ သွားရောက်ပညာသင်ကြတယ်… ချို့တဲ့တဲ့ သူတွေပဲ ကျန်ခဲ့တာ…. ငတ်မသေအောင် ပညာတစ်ခုနှစ်ခု ရလိုရငြား တက်နေကြတာပေါ့”
ချင်မူက လူသူနည်းပါးနေသော မူလတန်းကျောင်းကို ငေးကြောင်စွာ ကြည့်နေရင်း ရေရွတ်လိုက်မိသည်။ “နှစ်တစ်ရာပဲ… နှစ်တစ်ရာပဲ ရှိသေးတာ..”
နဂါးချီလင်က အရိပ်အခြည်ကြည့်ကာ ပြောသည်။ “ဂိုဏ်းသခင်၊ သူတို့ရဲ့ ဘဝတွေက လွန်ခဲ့တဲ့ နှစ်တစ်ရာထက် အများကြီး ပိုကောင်းနေပါပြီ”
ချင်မူက ခေါင်းခါသည်။ “ငါ လိုချင်တာ ဒါမျိုးမဟုတ်ဘူး… ရှေ့ဆက်လျှောက်ပြီး ဆက်ကြည့်ကြတာပေါ့”
ဤသို့ဖြင့် ပို၍ပင် လူသူနည်းပါးသော ရွာသို့ ရောက်လာကြသည်။ ချင်မူက ကြာကြာမနေဘဲ မူလတန်းကျောင်း ရှိသည့်နေရာကို မေးမြန်းလိုက်၏။
“ပိတ်သွားတာ ဆယ်နှစ်တောင် ကျော်နေပြီလေ” ရွာသားတစ်ယောက်က သူ့အား ရွာမူလတန်းကျောင်း၏ အပျက်အစီးများဆီသို့ ခေါ်လာသည်။
ချင်မူက နဂါးချီလင်နှင့်အတူ အောက်ဆုံးထိ ဆင်းလာပြီး တောရွာများအား ဖြတ်သန်းသွားလာနေ၏။ သူ၏အပေါ်တွင်တော့ အလွန်တရာ ကြွယ်ဝချမ်းသာသော နတ်ဘုရားမြို့တစ်မြို့က နေရာယူထားသည်။ သူ၏အောက်တွင်တော့ လူသူနည်းပါးပြီး ကလေးသူငယ်များနှင့် လူကြီးအိုမများသာ ရှိသော မြို့ရွာများသာ ရှိကြ၏။
သူက ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ မြို့ရွာများစွာကို ဖြတ်သန်းလာခဲ့သော်လည်း မျက်ခုံးနှစ်ဖက်က ပြေလျော့လာခြင်း မရှိပေ။
တဖြည်းဖြည်းနှင့် မှောင်ရီသန်းလာသဖြင့် ချင်မူက ရပ်တန့်လိုက်သည်။ နဂါးချီလင်က သူ၏ကလေးများနှင့်အတူ မီးပုံတစ်ပုံ ထွန်းညှိပြီး အားလုံးက မီးပုံဘေးတွင် ထိုင်နေကြ၏။
“ဂိုဏ်းသခင်၊ ဒါက ရှောင်လွှဲရတဲ့အရာ မဟုတ်ဘူးလေဗျာ… နတ်ဘုရားမြို့ တိုးတက်လာတာနဲ့အမျှ သန်မာအားကောင်းတဲ့ လူငယ်တွေကို ဆွဲဆောင်နေမှာပဲ… သန်မာအားကောင်းတဲ့လူငယ်တွေက နတ်ဘုရားမြို့မှာ နေထိုင်ကြပြီး ပညာသင်ယူလို့ ဆက်လက်တိုးတက်မယ့် အခွင့်အလမ်းတွေမှာ ပါဝင်ပတ်သက်နိုင်လိမ့်မယ်လေ” နဂါးချီလင်က ပြောသည်။ “ဒါပေမဲ့ ကလေးသူငယ်တွေနဲ့ လူကြီးအိုမတွေကိုတော့ နတ်ဘုရားမြို့အနေနဲ့ မလိုအပ်ဘူး… ဆိုတော့ သူတို့တွေက ရွာမှာ ကျန်ခဲ့ရတာပေါ့… ဒါက မျှတတာ မဟုတ်တဲ့ တရားမျှတမှုပဲ”
ချင်မူက ခေါင်းညိတ်လိုက်သည်။ “ငါ နားလည်ပါတယ်… မင်းကို အမှန်တရား သင်ပေးခဲ့တဲ့သူကလည်း ငါပါပဲ”
နဂါးချီလင်က စိတ်အေးသက်သာစွာ သက်ပြင်းချလိုက်သည်။ “ဂိုဏ်းသခင် ဒီအမှန်တရားကို နားလည်တယ်ဆိုရင် ထာဝရငြိမ်းချမ်းရေးအင်ပါယာ တိုးတက်လာတာနဲ့အမျှ မတူကွဲပြားတဲ့ လူနေမှုအလွှာတွေလည်း အများကြီး ပေါ်လာမယ်ဆိုတာ သိလောက်ပါတယ်…. တချို့သူတွေက ကိုယ်ပိုင်စွမ်းဆောင်ရည်တွေ၊ ပါရမီတွေကို အသုံးချပြီး ငွေတွေအများကြီး ရှာနိုင်လိမ့်မယ်… အမြင့်မားဆုံးအဆင့်အတန်းတွေအထိ တက်နိုင်ပြီး အရေးပါလာကြလိမ့်မယ်…. ခြေတစ်လှမ်း နောက်ကျတဲ့သူတွေလည်း ရှိပေမယ့် သူတို့တွေလည်း အဆင့်တက်နိုင်ပြီး စားဝတ်နေရေးနဲ့ ခရီးသွားလာဖို့ ပူပန်နေစရာ လိုကြမှာမဟုတ်ဘူး… ကောင်းကင်နတ်သိုင်းပညာရှင်တွေ ဖြစ်မလာနိုင်ခဲ့တဲ့အတွက် ရွာမှာပဲ နေရတဲ့ ပုဂ္ဂိုလ်တွေလည်း ရှိမှာပဲ… ထာဝရငြိမ်းချမ်းရေးအင်ပါယာက အသိပညာဗဟုသုတကို အရေးပေးတယ်… အရေးပါတာ ပါရမီတစ်ခုတည်း မဟုတ်တော့ဘူး… အသိဉာဏ်ပညာနဲ့ လုပ်ဆောင်နိုင်စွမ်းဟာ တစ်ခုတည်းပဲ… အဲဒီဟာတွေကို ကောင်းကောင်းမွန်မွန် အသုံးချနိုင်တဲ့သူတွေပဲ အောင်မြင်နိုင်လိမ့်မယ်… ဂိုဏ်းသခင်ရဲ့ ရည်ရွယ်ချက်က အဲ့ဒီလိုမဟုတ်ဘူးလား”
ချင်မူက ခေါင်းညိတ်သည်။ “အဲဒါကိုလည်း ငါ နားလည်တယ်… မင်းကို အဲဒီနိယာမတွေ ငါ သင်ပေးခဲ့တာပါကွာ”
“ဒါဆိုရင် ဘာလို့ ဂိုဏ်းသခင်က မျက်မှောင်ကြီး ကြုတ်နေတာလဲ”
နဂါးချီလင်မှာ ဇဝေဇဝါ ဖြစ်နေမိသည်။ “လွန်ခဲ့တဲ့နှစ်တစ်ရာအတွင်း ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ တိုးတက်ပြောင်းလဲမှုက ဂိုဏ်းသခင်ရဲ့ အတွေးအခေါ်ရည်ရွယ်ချက်တွေနဲ့ တန်ခိုးရှင်လမ်းစဉ်ပေါ်မှာ မူတည်ထားခဲ့တာလေ… ဘာလို့ စိုးရိမ်နေရတာလဲ”
ချင်မူက လေပူတစ်ချက် မှုတ်ထုတ်လိုက်ပြီး တည်ကြည်လေးနက်စွာ ဖြေသည်။ “အရာအားလုံးက တရားမျှတမှုအတိုင်း လည်ပတ်နေပေမယ့် ပညာရေးကတော့ မမျှတနေဘူး”
နဂါးချီလင်မှာ ကြောင်အသွားပြီး ပြော၏။ “ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ပညာရေးမှာ ဘယ်လိုခြားနားမှုမှ မရှိဘူးလေ… ချမ်းသာတဲ့ မိသားစုဖြစ်ဖြစ်၊ ဆင်းရဲတဲ့ မိသားစုဖြစ်ဖြစ် သင်ယူနိုင်တယ်... ကောင်းကင်နတ်သိုင်းတွေနဲ့ လျှို့ဝှက်သိုင်းတွေက အကောင်းဆုံးတွေချည်းပဲ…. ထာဝရငြိမ်းချမ်းရေးအင်ပါယာက ဘာကိုမှ ထိမ်ချန်မထားဘူး… ဒါက တရားမျှတမှုပဲ မဟုတ်ဘူးလား”
ချင်မူက မီးပုံအား မီးထိုးလိုက်သည်။ သူ၏မျက်နှာတွင် မီးတောက်များက ရောင်ပြန်ဟပ်နေ၏။ “လူတွေအားလုံးက ပင်ကိုပါရမီတွေ၊ သိမြင်နားလည်မှုတွေ၊ စိတ်သဘာဝတွေ မတူညီကြဘူး… အရွယ်ရောက်လာတဲ့အခါ အောင်မြင်မှုတွေ ကွာခြားသွားတဲ့အတွက် အဆင့်အတန်းတွေလည်း ကွဲပြားသွားလိမ့်မယ်…. ဒါက ဖြစ်သင့်တဲ့အရာပဲ… ဒါပေမဲ့ ပညာရေးမှာ အဆင့်အတန်း မရှိသင့်ဘူး”
“မိဘတွေက တုံးအပြီး ဆင်းရဲတယ်ဆိုတိုင်း ကလေးတွေက တုံးအနေမှာ မဟုတ်ဘူး… ကလေးမှာ ထူးချွန်ပြောင်မြောက်တဲ့ ပါရမီကို ပိုင်ဆိုင်ထားပေမယ့် ဆင်းရဲတဲ့မိသားစုမှာ မွေးဖွားလာရင် ကောင်းမွန်တဲ့ ပညာရေးကို မရနိုင်ဘဲ ပါရမီတွေ အလကားဖြစ်ပြီး သာမန်လူတစ်ယောက် ဖြစ်လာလိမ့်မယ်… အဲ့ဒါက အဆိုးရွားဆုံး တရားမမျှတမှုပဲ… မိသားစုက ဆင်းရဲတာနဲ့ သာမန်လူတစ်ယောက် ဖြစ်လာရတာ…. လုံးဝ မမျှတဘူး”
“အခု ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာ အားလုံး မျှတပေမယ့် ပညာရေးမှာတော့ မမျှတဘူး… ပညာရေးက ခွဲခြားခံထားရတယ်…. ဒီအတိုင်း ဆက်သွားနေမယ်ဆိုရင် ဆင်းရဲတဲ့သူတွေက ပိုပြီးဆင်းရဲလာပြီး ဘယ်တော့မှ ရုန်းထွက်နိုင်တော့မှာ မဟုတ်ဘူး… ငါ တုန်လှုပ်မိတာ အဲ့ဒါကြောင့်ပဲ… ထာဝရငြိမ်းချမ်းရေးအင်ပါယာ ပြုပြင်ပြောင်းလဲမှုရဲ့ ဒီလိုဦးတည်ချက်မျိုးကို ငါ မလိုချင်ဘူး”
ချင်မူက စဉ်းစားတွေးတောနေပြီး ဆက်ပြော၏။ “ပြုပြင်ပြောင်းလဲမှုဆိုတာ လူတွေကို မျှော်လင့်ချက်ပေးဖို့ပဲ... အဆင့်အတန်းခွဲခြားမှုတွေကို ခိုင်မာစေဖို့ မဟုတ်ဘူး…. ကောင်းကင်တန်ခိုးရှင်ဂိုဏ်းမှာ ခန်းမ ၃၆၀ ရှိခဲ့ပေမယ့် စာသင်ကျောင်းဆိုတာ မရှိခဲ့ဘူး…. ငါ ကောင်းကင်တန်ခိုးရှင်ဂိုဏ်းသခင် ဖြစ်လာပြီးတဲ့နောက် ကျောင်းထောင်ခဲ့တယ်… အဲ့ဒီတုန်းက ကျောင်းလာတက်ကြတဲ့ ကလေးတွေအားလုံးက အဆင်းရဲဆုံး မိသားစုတွေကပဲလေ… အဲဒီတုန်းကတောင် အဲ့လိုလုပ်နိုင်ခဲ့သေးတာ အခု ဘာလို့မလုပ်နိုင်တော့တာလဲ”
သူက မျက်မှောင်ကြုတ်လိုက်သည်။ “ဆင်းရဲတဲ့လူတွေရဲ့ အသံတွေက တဖြည်းဖြည်း တိုးတိုးသွားတယ်… တောရွာတွေကနေ အော်ဟစ်ပြီး ဆန္ဒပြကြရင်တောင်မှ နတ်ဘုရားမြို့ထဲက လူတွေက ကြားရတော့မှာ မဟုတ်ဘူး… ဒါပေမဲ့ တစ်ယောက်ယောက်တော့ သူတို့အတွက် ရပ်တည်ပေးရမယ်… အနာဂတ်ကို တောင်းဆိုခိုင်းနေတာ မဟုတ်ဘူး မျိုးဆက်တွေအတွက် တရားမျှတစေဖို့ပဲ… ငါက ဧကရာဇ်အတိုင်ပင်ခံမှာ နတ်ဘုရားမြို့မှာ ဧကရာဇ်ပြီးရင် အမြင့်ဆုံးသူလေ….အဟက်… ငါမှ မရပ်တည်ပေးရင် ဘယ်သူက သူတို့အတွက် မတရားတာကို ထုတ်ပြောပေးမှာလဲ”
နဂါးချီလင်က မျက်မှောင်ကြုတ်လျက် အချိန်အတော်ကြာအောင် တွေးတောစဉ်းစားနေသည်။ “ဂိုဏ်းသခင်စိတ်ထဲမှာ ဒီကိစ္စကို ဒီရက်တွေအတွင်း တွေးနေခဲ့တာကိုး… ဒါပေမဲ့ မဟာစစ်ပွဲကြီးက မကြာခင် ဖြစ်တော့မှာ… ပညာရေးကို အခု ပြုပြင်ပြောင်းလဲမယ်ဆိုရင် လူတော်တော်များများရဲ့ ရည်ရွယ်ချက်ကို နှောက်ယှက်နိုင်ပြီး အထက်တန်းလွှာတွေ မတည်မငြိမ် ဖြစ်လာလိမ့်မယ်”
ချင်မူက မီးပုံအား ထိုးဆွနေ၏။ “ကောင်းကင်နတ်ဘုံက ယိုတုကို သိမ်းပိုက်ချင်နေတာ… ပြီးရင် ရွှင်ပျော်ပျော်ကျေးရွာနဲ့ ထာဝရငြိမ်းချမ်းရေးအင်ပါယာကို သိမ်းပိုက်ပြီး နတ်ဘုရားတစ်ပိုင်းတွေရဲ့ အာဏာစက်ကို ပြန်အသက်သွင်းလို့ လူသားတွေ ခုခံမတွန်းနိုင်တော့အောင် လုပ်မှာ” သူက တည်ကြည်လေးနက်စွာ ပြောသည်။ “ဒီအချိန်မှာ ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ပညာရေးကို ပြုပြင်ပြောင်းလဲလိုက်ရင် သေချာပေါက် ဖရိုဖရဲ ဖြစ်ကုန်လိမ့်မယ်… ဒါပေမဲ့ ငါ လိုချင်တာက ယာယီအောင်မြင်မှု ဒါမှမဟုတ် ရှုံးနိမ့်မှုပဲ မဟုတ်ဘူး…. ထာဝရငြိမ်းချမ်းရေးအင်ပါယာ ထာဝရ ကြွယ်ဝချမ်းသာပြီး ထာဝရ အောင်မြင်တာကို လိုချင်တာ… အခု ပညာရေးပြောင်းလဲမှုက အနာဂတ်မှာ နှစ်ထောင်ပေါင်းသောင်းပေါင်းများစွာ ကြွယ်ဝချမ်းသာစေလိမ့်မယ်… မဟုတ်ရင် ဒီနေ့ အထက်တန်းလွှာတွေက နောက်နေ့ကျ ကောင်းကင်နတ်အရှင်ဆယ်ပါးလို ဖြစ်သွားနိုင်တယ်… သူတို့ကို လျစ်လျူရှုထားလို့ မရဘူး…”
သူက ခပ်မဲ့မဲ့ ရယ်လိုက်သည်။ “အခုက ကမ္ဘာလောကတစ်သောင်းမှာ နတ်ဘုရားတစ်ပိုင်းတွေက လူသားတွေကို စားသောက်နေတဲ့အတွက် ထာဝရငြိမ်းချမ်းရေးအင်ပါယာက နတ်ဘုရားတစ်ပိုင်းတွေ အုပ်ချုပ်တာကို ခုခံတွန်းလှန်ကြတာ…. အနာဂတ်မှာ လူတွေက လူအချင်းချင်း ပြန်စားနေမယ်ဆိုရင် ဟာသ ဖြစ်လာလိမ့်မှာပေါ့…. ငါက ဧကရာဇ်အတိုင်ပင်ခံရာထူးကို ယူထားတာမလို့ ငါ့ရဲ့ နိုင်ငံရေးအတွေးအခေါ်တွေကို ပြန်တွေးရလိမ့်မယ်… ပညာရေးပြုပြင်ပြောင်းလဲမှုက သိပ်ကို အရေးပါတယ်… ငါ ဧကရာဇ်နဲ့ သွားတွေ့ပြီး လူငယ်ဂိုဏ်းချုပ်၀မ်ယွမ်ကို ဒီကိစ္စအတွက် တာဝန်ယူခိုင်းရမယ်… လူငယ်ဂိုဏ်းချုပ်က နှိမ့်ချရိုကျိုးတဲ့ပုဂ္ဂိုလ် ဆိုပေမယ့် ကိစ္စတွေကို ရှင်းရှင်းလင်းလင်း သိနိုင်ဖို့ တောရွာဘက်မှာ နှစ်အနည်းငယ်လောက် လည်ပတ်သွားလာသင့်တယ်”
နဂါးချီလင်က သူ့ကို ကြည့်ပြီး ရုတ်တရက် ပြုံးလိုက်၏။ “ဂိုဏ်းသခင်က အရင်က ဂိုဏ်းသခင် ဖြစ်နေတုန်းပါပဲ… ဒီကိစ္စကို ဆုံးဖြတ်ပြီးပြီဆိုတော့ ဂိုဏ်းသခင် လောကတစ်သောင်းဆီ သွားကြည့်သင့်တယ်”
ချင်မူက သူ့ကို အံ့သြစွာ ကြည့်လိုက်သည်။
နဂါးချီလင်က ပြုံး၏။ “ကောင်းကင်နတ်ဘုံက ကောင်းကင်ဒင်္ဂါးကို အဆင့်မြှင့်ပေးပြီး တစ်လောကလုံးရဲ့ စီးပွားရေးကို ချုပ်ကိုင်ထားတာ… အရင်က ဂိုဏ်းသခင်ဟာ နိုင်ငံတစ်ခုကို တည်ထောင်ဖို့ အစီအစဉ်ဆွဲခဲ့တယ်… နှစ်တစ်ရာ ကြာသွားပြီဆိုတော့ ဂိုဏ်းသခင်အနေနဲ့ လောကတစ်သောင်းရဲ့ အခြေအနေကို သွားကြည့်သင့်တယ်”
ချင်မူက စဉ်းစားနေပြီးနောက် ပြော၏။ “ထာဝရငြိမ်းချမ်းရေးအင်ပါယာ အောင်မြင်မလား မအောင်မြင်ဘူးလားက လူသားတွေရဲ့ နှလုံးသားမှာ မူတည်နေတာ…. ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာ ရှိနေတဲ့ လူသားတွေတင် မဟုတ်ဘူး ကမ္ဘာလောကတစ်သောင်းက လူသားတွေလည်း ပါတယ်.. ကဲ လောကတစ်သောင်းဆီ သွားကြည့်ကြတာပေါ့”
သူက ထရပ်လိုက်သည့်အချိန် နဂါးချီလင်၏ ကလေးပေါက်စများမှာ အိပ်မောကျနေဆဲဖြစ်သည်။ မြေအောက်ဘုံအရှင်သခင်ပိစိလေးက သူ့ကို တိုးတိုးနေရန် လက်ဟန်ပြပြီးနောက် သူတို့အားလုံးကို ပွေ့ချီလိုက်၏။
နဂါးချီလင်က နားရွက်ကို ဟပေးပြီး သူ၏နားရွက်ထဲသို့ ကလေးအားလုံး ထည့်စေလိုက်သည်။
သူတို့နှစ်ယောက်သား အနီးဆုံး နတ်ဘုရားမြို့ဆီသို့ ထွက်ခွာလာကြ၏။ လမ်းတွင် ချင်မူက ပြုပြင်ရေးအစီအစဉ်နှင့် ပတ်သက်ပြီး စာလိပ်များရေးပြီးဖြစ်သည်။ နတ်ဘုရားမြို့သို့ရောက်သည့်အခါတွင် ၎င်းတို့အား ထာဝရငြိမ်းချမ်းရေးအင်ပါယာ နန်းစိုက်မြို့တော်သို့ ချက်ချင်း ပို့စေသည်။
လင်ယွိရှို့သည် စာများကို လက်ခံရရှိသည်နှင့် တစ်ညလုံး အသေအချာ ဖတ်ရှုနေခဲ့၏။ ချင်မူ့စာလိပ်များကို ဖတ်ပြီးသောအခါ သူမပ တခဏ တွေးတောနေပြီနောက် ဘိုးဘေးနန်းတော်မှ ၀မ်ယွမ်အား လူလွှတ်ဆင့်ခေါ်လိုက်သည်။
‘နွားကျောင်းသားက ရှားရှားပါးပါး နေမှ ပြန်လာတာ ငါ့ကို လာတွေ့တာ မဟုတ်ဘူးပဲ… စာလိပ်တွေ ပို့လိုက်တာပါလား….’
သူမက ခေါင်းခါရမ်းလိုက်သည်။ စာလိပ်များထဲတွင် ပညာရေးပြုပြင်ပြောင်းလဲမှုအကြောင်း ပြောပြထားသည်သာမက ယိုတုအကြောင်းလည်း ပါ၀င်၏။ ထို့ကြောင့် ကောင်းကင်နတ်အရှင်လင်၊ ကောင်းကင်နတ်အရှင်ယွဲ့၊ ခိုင်ဧကရာဇ်နှင့် အခြားသူများအား လူလွှတ်၍ ခေါ်စေလိုက်သည်။
လင်ယွိရှို့မှာ ခံစားချက်များကို မြိုသိပ်လိုက်ပြီး တွေးနေသည်။ ‘ယိုတုစစ်ပွဲမှာ ရှုံးသွားလို့ မဖြစ်ဘူး… မဟုတ်ရင် ထာဝရငြိမ်းချမ်းရေးအင်ပါယာလည်း အန္တရာယ်ရှိလာနိုင်တယ်’
သူမက ထိုကောင်းကင်နတ်အရှင်များ၏ တည်နေရာကို ချက်ချင်း ရှာဖွေစေပြီး စိတ်ထဲမှ တွေးနေပြန်သည်။ ‘နွားကျောင်းသားက ပြန်လာတာ မဟုတ်ဘူးဆိုရင် ဘယ်သွားပြန်တာလဲ’