← Chapters

တော်ဝင်ရတနာတိုက်အား အပြောင်ရှင်းခြင်း

Vol. 5 Ch. 64

တော်ဝင်ရတနာတိုက်အား အပြောင်ရှင်းခြင်း

Vol. 5 Ch. 64

ဧကရာဇ်ချီသည် ရှားပါးသည့် အခွင့်အရေးကို အရယူကာ အနားယူဖို့ လုပ်နေ၏။ အင်ပါရီယာ မောင်းမတစ်ယောက်နှင့် သွားရောက်စံစား၏။

ထိုအချိန်၌ မိန်းမစိုးတစ်ယောက် အမြန်ရောက်လာခဲ့သည်။

"ဘာဖြစ်လို့လဲ.."

ဧကရာဇ်ချီက သြဇာအပြည့်ဖြင့်မေး၏။

အလွန်စွမ်းအားကြီးမားသည့် သိုင်းပညာနှင့် မြို့တော်သို့ ရွှီယန် ရောက်လာခဲ့စဉ် ကတည်းက သူ၏ထည်ဝါမြင့်မြတ်သော အင်ပါရီယာ ဩဇာက ကြီးစွာ ထိပါးခြင်းခံခဲ့ရသည်။

သာမာန်လူများပင်လျှင် ဧကရာဇ်ချီကို မည်သည်မှ 

မထူးခြားဟု ခံစားရ၏။ ထိုလူများ၏ သူ့အပေါ် လေးစားမှုသည် အရင်ကကဲ့သို့ ကြီးမားခြင်း မရှိတော့ပေ။

ဤသည်မှာ အမတ်ကြီးများ အတွင်းတွင်ဆိုပါက အထူးပိုမှန်၏။ ထို့ကြောင့် ဒီမိန်းမစိုး အုပ်စု၏ ရှေ့တွင်သာ  ဧကရာဇ်ချီတစ်ယောက် သူ၏ အင်ပါရီယာဩဇာကို ပြီးပြည့်စုံစွာ ပြသနိုင်ပါသည်။

"အရှင်မင်းကြီး... သခင်လေးရွှီ..."

မိန်းမစိုးက အကြည့်ကိုလွှဲကာ ဆက်လက်ပြောရန် တုံ့ဆိုင်းသွားသည်။

"ရွှီယန်က ဘာဖြစ်လို့လဲ.. ပြောလေ.."

ဧကရာဇ်ချီ၏ မျက်နှာက အနည်းငယ်ပြောင်းလဲသွားသည်။

"သခင်လေးရွှီ... သူ...သူ... အင်ပါရီယာ ရတနာတိုက်ကို အပြောင်ရှင်းနေပါတယ်..."

မိန်းမစိုးက ဦးညွှတ်ရင်းက ပြောသည်။

"အပြောင်ရှင်းတယ်... အပြောင်ရှင်းတယ်..."

ဧကရာဇ်ချီ၏ ဦးခေါင်း၌ အသံများ မြည်လာပြီး မူးဝေလာခဲ့၏။ လက်တစ်ဖက်က ရင်ဘက်ကို ဆုပ်ကိုင်ကာ မျက်နှာ ကြွတ်သားများက တွန့်လိမ်သွားသည်။

"လိုချင်တာရှိရင် စိတ်ကြိုက်ယူသွားလို့ ရတယ်လို့ ငါပြောခဲ့တာ မှန်ပါတယ်.."

"ဒါပေမယ့် အကုန် အပြောင်ရှင်းဖို့တော့ မပြောခဲ့ဘူးလေ.."

ရွှီယန်ဆိုသည့် ဒီကောင်လေးသည် အမှန်တကယ်ကို  မည်သည့် ယဉ်ကျေးမှုမှ မရှိပေ။

အကြိမ်ကြိမ် အသက်ကို နက်ရှိုင်းစွာရှူပြီးနောက်  ဧကရာဇ်ချီက သူ၏ အထိန်းအကွပ် မဲ့နေသည့် နှလုံးသားကို ပြန်လည် တည်ငြိမ်စေလိုက်သည်။သူ၏မျက်နှာ၌ တည်ငြိမ်မှုကို ပြန်ရလာခဲ့၏။

"ရွှီယန်သာ သဘောကျတယ်ဆိုရင် ကောင်းတယ်... အားလုံးကို ယူသွားပါလေ့စေ... သူ့ကို သွားပြောလိုက် တစ်ခုခု လိုအပ်တာရှိရင် နိုင်ငံ့ ရတနာတိုက်ဆီကို သွားပြီး သဘောကျတာ ရှိရင်လည်း ယူသွားလို့ ရတယ်လို့ .."

ဧကရာဇ်ချီက သူ၏လက်ကို ရက်ရောစွာ ဝှေ့ရမ်းသည်။

"ဟုတ်ကဲ့ပါ။ အရှင်မင်းကြီး.."

မိန်းမစိုးက  ထွက်ခွာသွား၏။

ဧကရာဇ်ချီက အသက်ကို နက်ရှိုင်းစွာရှူပြီး အမိန့်များကို ပေးသည်။

"အင်ပါရီယာ စားဖိုဆောင်ကို သွားပြီးတော့ ပြောလိုက်။ ငါ့အတွက် အားဖြည့်ဖို့ အရွက်၉မျိုး ဆေးပင်စွပ်ပြုတ်ကို ချက်ပြုတ်ခိုင်းလိုက်.."

သူသာ် ကိုယ့်ကိုယ်ကို အားပြန် ဖြည့်ရပေမည်။ ခုနက သတိလစ်လုမတတ် ဖြစ်သွားခဲ့၏။ သေချာပေါက် ပိုမိုအားနည်းလာခဲ့ပါပြီ။ ချီနိုင်ငံအတွက် နောင်တွင် မောင်းမဆောင်ဘက်သို့ လှည့်လည်ခြင်းအား လျော့ပေါ့ရမည် ဖြစ်၏။ ကိုယ့်ကိုယ်ကို အရမ်းကြီး အားနည်းစေလို့ မဖြစ်ပေ။

ဧကရာဇ်ချီက အံကိုကြိတ်ကာ ခိုင်မာသည့် ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်သည်။ မကြာခင်တွင် မိန်းမစိုးတစ်ယောက် အမြန်ရောက်ရှိလာ၏။

"အရှင်မင်းကြီး... အရွက်၉မျိုး ဆေးပင်တွေ မရှိတော့ပါဘူး.."

ဧကရာဇ်ချီက ဒေါသတကြီး ဖြစ်သွား၏။

"မင်းတို့အစေခံတွေ ငါ့ကို လိမ်ညာရဲတာလား။ ရတနာတိုက်ထဲမှာ သိုလှောင်ထားတဲ့ ဆေးပင်တွေ ဘယ်လောက်ရှိလဲ ဆိုတာကို ငါမသိဘူးလို့ ထင်နေလား.."

ရွှီယန်က စွမ်းအားကြီးမားသည့် သိုင်းပညာရှင်တစ်ယောက် ဖြစ်သောကြောင့် သူ့ကို အလေးအနက်မထားနိုင်ခြင်း ဖြစ်သည်။ သို့ပေမယ့် ဒီအစေခံများက ဘယ်လိုလုပ်ပြီး အလွန် ရဲတင်းရသနည်း။ ပုန်ကန်ရန် စီစဉ်နေသည်လား။

ဧကရာဇ်ချီက သူ၏ဒေါသကို ထိန်းချုပ်နိုင်ခြင်း မရှိတော့ပေ။

"အစေခံတွေ... သူ့ကို ဆွဲထုတ်သွားပြီး ခေါင်းဖြတ်လိုက်.."

မိန်းမစိုးက ဒူးထောက်ကျသွား၏။

"ချမ်းသာပေးပါ။ အရှင်မင်းကြီး... အရွက်၉မျိုးဆေးပင်ကို သခင်လေးရွှီက အကုန်ယူသွားတာပါ.."

ဧကရာဇ်ချီ "..."

နောက်ဆုံးတွင် ပင်ပန်းကြီးစွာဖြင့် လက်ကို ဝှေ့ရမ်းကာ မိန်းမစိုးကို ထွက်သွားခိုင်းလိုက်သည်။ ဧကရာဇ်ချီက ကောင်းကင်သို့ ခေါင်းမော့ကြည့်၏။

'ဖြစ်နိုင်တာက ငါအခွန်တွေ အရမ်း ကောက်ခဲ့လို့များလား။ ဒါမှမဟုတ် လူသတ်တာ အရမ်း များသွားလို့များလား။ အဲ့ဒါကြောင့် အပြစ်ပေး ခံရတာလား..'

'သမိုင်းတလျှောက်က တကယ့် မင်းဆိုးတွေကျတော့ ဘာလို့ ဒီလို အပြစ်ပေးမှုကို မခံရတာလဲ။ ကောင်းကင်က တရားမျှတမှု မရှိဘူး..'

ရွှီယန်ကတော့ ဧကရာ‌ဇ်ချီ၏ နန်းတော်အတွင်းတွင် ကိုယ့်ကိုယ်ကို သနားဂရုဏာ ဖြစ်နေပုံအား သိရှိခြင်း မရှိပါ။

ရတနာတိုက် အတွင်းမှ အဖိုးတန် ပစ္စည်းအားလုံးတို့ကို ပေးရုံမက ဧကရာဇ်ချီက လူလွှတ်ကာ စကားပါးခိုင်းလိုက်ကြောင်းကို တွေ့ရ၏။

လုံလောက်ခြင်း မရှိပါက နိုင်ငံ့ ရတနာတိုက်ကိုလည်း သွားရောက် စစ်ဆေးနိုင်သည်ဟု ဆိုလေသည်။ "ဧကရာဇ်အိုကြီးက တကယ့်ကို ရက်ရောတာပဲ.."

သူ၏ ဧကရာဇ်ချီအပေါ် သဘောကျမှုက ပိုမို တိုးမြင့်လာခဲ့၏။ ရွှီယန်သည် နန်းတော်ဆီမှ ရတနာလှည်း နှစ်ခုနှင့်အတူ ပြန်ခဲ့၏။

ကောရုန်ရှန်၏ နှုတ်ခမ်းထောင့်များက တွန့်ကွေးသွားသည်။ သူ၏ မြေးဖြစ်သူသည် အမှန်တကယ်ကို  အရှက်မဲ့ လှပါသည်။

သို့ပေမယ့် ယူဆောင်လာခဲ့ပြီး ဖြစ်ရာ ပြန်ပေးနေပါက အဓိပ္ပါယ်ရှိမည် မဟုတ်ပေ။

"အဘိုး...ကျွန်တော် သုံဟယ်ကောင်တီကို ပြန်ဦးမယ်.."

ရွှီယန်က ပြန်ရန်အတွက် ပြင်ဆင်၏။

"သုံဟယ်ကောင်တီရဲ့ ကိစ္စတွေကို မင်းအဖေကိုပဲ ကိုင်တွယ်ခိုင်းလိုက်။ အရှုပ်အထွေးတွေ အများကြီးတော့ မဖြစ်လောက်ပါဘူး။ ချီနိုင်ငံလည်း ဆိုးဆိုးရွားရွား မဖြစ်လောက်ဘူး.."

ကောရုန်ရှန်က တွေးဆမှုအချို့ ပြုလုပ်ပြီးနောက် ပြောသည်။

"ကောင်းကင်မိခင်ဂိုဏ်းရဲ့ အဖွဲ့ဝင်တွေကတော့.. သူတို့တွေ ပုန်ကန်မှု မပြုဘူးဆိုရင် ငါတို့ သူတို့ကို အသုံးချလို့ရတယ်။ ပုန်ကန်မယ် ဆိုရင်တော့ သတ်ပစ်လိုက်။ ချီနိုင်ငံသာ ပရမ်းပတာ ဖြစ်ကုန်ရင်  ကိစ္စကောင်းဖြစ်မှာ မဟုတ်ဘူး.."

သူ၏ လူအများအကြားရှိ သူတော်ကောင်းတရားစင်ကြယ်ကာ ဉာဏ်ပညာကြီးရင့်သည့် ဂုဏ်သတင်းမှာ အပြုအမူ လုပ်ဆောင်ချက် ပုံရိပ်များဖြင့် ထိန်းသိမ်းဖို့လိုအပ်ပါသည်။

"ကောင်းကင်မိခင်ဂိုဏ်းက ရူးသွပ်နေတဲ့ လူတွေနဲ့ပဲ ပြည့်နှက်နေတာ မဟုတ်ဘူး။ အဲ့ဒီ့အပြင် သူတို့ရဲ့နောက်လိုက်တွေက ချီနိုင်ငံ၊ ဝူနိုင်ငံ တစ်လျှောက်လုံးမှာ ပျံ့နှံ့နေတယ်.."

"မြောက်ပိုင်း လူရိုင်းနယ်မြေမှာ တောင်မှပဲ သူတို့ရဲ့ သတင်းအချက်အလက် စုစည်းနိုင်မှုက တော်တော်လေး စိတ်ချရတယ်.."

"ငါတို့တွေ အဲ့ဒါတွေကို ကောင်းကောင်း အသုံးချသင့်တယ်။ မင်းအဖေလည်း အဲ့ဒါကို သိတယ်။ ဒါ့ကြောင့် မင်းစိုးရိမ်စရာ မလိုဘူး.."

ကောရုန်ရှန်က ခဏတာ စဉ်းစားပြီး၏။ သူ၏သားမက်ဖြစ်သူမှာ အရည်အချင်းရှိသည့် လူတစ်ယောက်ဖြစ်ကြောင်းကို သိပါသည်။ ကောင်းကင်မိခင်ဂိုဏ်း၏ သတင်းအချက်အလက် ဖြန့်ဝေခြင်းနှင့် စုဆောင်းခြင်းစွမ်းရည်ကို မည်ကဲ့သို့ အသုံးချရမည်အား နားလည်မှာပါ။

"စိတ်မပူပါနဲ့ အဘိုး.. ကျွန်တော် နားလည်ပါတယ်.."

ရွှီယန်က ခေါင်းငြိမ့်သည်။

"ယန်အာ... သာမန်လူတွေလည်း မင်းရဲ့သိုင်းပညာကို ကျင့်ကြံလို့ရလား.."

ကောရုန်ရှန်က မျှော်လင့်ချက်အချို့ဖြင့် မေး၏။

"ကျွန်တော်လည်း မသေချာဘူး။ ဆရာ့ကို မမေးရသေးဘူး.."

ရွှီယန်က ခေါင်းကိုကုပ်သည်။

"ကောင်းပြီ။ ပြီးရင် သူ့ကို မေးကြည့်လိုက်.."

"ဟုတ်ကဲ့.."

ရွှီယန်က ခေါင်းငြိမ့်သည်။

သူသည် ဧကရာဇ်ချီ၏ ရတနာတိုက် အတွင်းမှ  ယူဆောင်လာခဲ့သည့် ရတနာအချို့ကို သုံဟယ်စီရင်စုသို့ ယူသွားကာ ဆရာဖြစ်သူအား လက်ဆောင်အဖြစ် ပေးမည်ဟု စီစဉ်ထား၏။

အရွက်၉မျိုး ဆေးပင်နှင့် အခြား အဖိုးတန်ဆေးပင်များကိုလည်း ယူဆောင်သွားရပေမည်။ ထို့အပြင် အဖိုးတန်သည့် လက်ရေးလှ ပန်းချီနှင့် ကျောက်မျက်များလည်း ပါဝင်၏။

ထိုညတွင် ရွှီယန်က သူ၏ ကိုယ်ပိုင် ခြံဝန်းငယ်အတွင်းတွင် ကျင့်ကြံနေပါသည်။ ချီနှင့်သွေးတို့ ဆက်တိုက်စီးဆင်းနေပြီး မူလအဆင့်၏ ကျင့်ကြံမှုကို နားလည်မှု ရရန်အတွက် အခွင့်အရေးတစ်ခုသာ လိုအပ်တော့ကြောင်းကို ခံစားရ၏။

သူသည် ကျင့်ကြံရင်းနှင့် ချီနဲ့သွေးအဆင့်၏ အကြီးသား ကျွမ်းကျင်မှု အဆင့်သို့ ရောက်ရှိရန် မကွာဝေးတော့ဟုလည်း ခံစားရ၏။ ၂ရက်၃ရက် အတွင်းတွင် အဆင့်ချိုးဖျက်မှုအား  ကြုံတွေ့ရမှာပါ။

မြို့တော်မှ ရွှီယန် ထွက်ခွာသွားပြီးမှ နန်းတော်အတွင်းရှိ ဧကရာဇ်ချီသည် စိတ်သက်သာရာ ရသွား၏။ အမတ်ကြီးများလည်း စိတ်သက်သာရာ ရသွားကြသည်။

ရွှီယန်၏ တည်ရှိမှုက သူတို့၏ ဦးခေါင်းပေါ်တွင် တောင်တစ်လုံး တင်ထားသည့်အလား ဖြစ်နေ၏။ အချိန်မရွေး ပြိုကျခြင်း သို့မဟုတ် ထုနှက်ခြင်း ခံရနိုင်ပါသည်။ ယခုအချိန်၌ ရွှီယန်က ထွက်ခွာသွားရာ  ဦးခေါင်းထက်ရှိ တောင်ကြီး ပျောက်ကွယ်သွား သကဲ့သို့ ရှိနေ၏။

ချီဘုရင်စံ အိမ်မှာတော့ ထည်ဝါမြင့်မားကာ ရှိနေပါသေးသည်။ ကောရုန်ရှန်မှာ ခြားနားသည့် မျိုးရိုးနာမည်နှင့် ဘုရင်ဟူသည့် ဘွဲ့ထူးကို ရရှိခဲ့ပြီး အိမ်ရှေ့စံမင်းသား၏ အထွတ်အထိပ် ဆရာသခင်၊ အမတ်ချုပ်ကြီး အစရှိသည့် အဆင့်မြင့် ရာထူးစွမ်းအားတို့ကို ကိုင်ဆောင်ထားဆဲရှိသည်။

အမတ်ကြီးများက မကျေမနပ် ဖြစ်မိကြပေမယ့် မည်သူမှ တားမြစ်စကား မဆိုရဲကြပါ။

တော်ဝင်ရတနာတိုက်ကို ရွှီယန်က အပြောင်ရှင်းသွားခဲ့၏။ ထို့ကြောင့် ဧကရာဇ်ချီက ရှိနေကြသည့် အမတ်ကြီးများကို ရတနာအချို့အား နန်းတော်သို့  လက်ဆောင်ပေးရန် အမိန့်ပေးလိုက်၏။

အမိန့်နာခံခြင်း မရှိသည့် မည်သူမဆို ရုံးတော်မှ ထုတ်ပယ်ခံရကာ သူတို့၏ ပိုင်ဆိုင်မှုများအား နိုင်ငံဘဏ္ဍာအဖြစ် သိမ်းယူမည် ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် ယနေ့၏ ရုံးတော်သည် ရွှီယန်ကြောင့် အရင်ကနှင့် တူညီခြင်း မရှိတော့ပါ။

ကောရုန်ရှန်က မည်သည်ကိုမှ မပြောပေ။ သူ၏ မြေးဖြစ်သူက ဧကရာဇ်ချီ၏ ရတနာတိုက်အား အပြောင်ရှင်းခဲ့၏။ ထို့ကြောင့် ပြန်လည်ဖြည့်တင်းသည်မှာ ပုံမှန်သာဖြစ်သည်။

ရတနာတိုက်ကို အမြန်ဆုံးနှင့် တိုက်ရိုက်အကျဆုံး ဖြည့်တင်းနိုင်မည်မှာ အမတ်ကြီးများ အုပ်စုကို ပစ်မှတ်ထားခြင်း ဖြစ်သည်။

အမတ်ကြီးများက နှလုံးသားထဲတွင် တိတ်တဆိတ် ကျိန်ဆဲကြ၏။ သို့ပေမယ့် ရွေးချယ်စရာမရှိဘဲ ပေးဆောင်မှုကိုသာ ပြုလုပ်ရသည်။

ဘာပဲဖြစ်ဖြစ် စွမ်းအားကြီး ပုဂ္ဂိုလ်များကို ရှာဖွေရန်အတွက် ရုံးတော်၏ ရာထူးအာဏာတို့ လိုအပ်ပါသေးသည်။ ထိုရာထူးအာဏာတို့ မရှိဘဲ အစောင့်များနှင့် လူမများကို မည်ကဲ့သို့ ရှာဖွေနိုင်မည်နည်း။

သုံဟယ်ကောင်တီ၏ ရွှီမိသားစုတွင်...

ရွှီကျွင်းဟယ်က ကျန်းဖင်ရှန်းနှင့် ခုံရော့ကျစ်တို့ကို ဧည့်ခံနေပါသည်။ သူက အပြုံးတစ်ခုဖြင့် ပြော၏။

"မကြာခင် ယန်အာ ပြန်လာတော့မယ်။ သုံဟယ်ကောင်တီရဲ့ အုပ်ချုပ်သူရာထူးက လစ်ဟင်းနေတယ်။ မင်းမှာ အကြံပေးစရာ သင့်တော်တဲ့ လူတစ်ယောက်ယောက်ရှိလား.."

ကျန်းဖင်ရှန်းက ခုံရော့ကျစ်ကို ကြည့်ကာ ပြောသည်။ "သုံဟယ်ကောင်တီက ချီနိုင်ငံရဲ့ စီရင်စုတစ်ခုပဲ။ သခင်ရွှီ လူတွေကို အသုံးပြုတဲ့အခါမှာ နည်းနည်းလောက် ပိုပြီး သတိထားသင့်တယ်.."

ခုံရော့ကျစ်၏ မျက်ခုံးများက မြင့်တက်သွားပြီး အေးစက်စွာ ရယ်၏။

"အဲ့ဒါက ချီနိုင်ငံ သို့မဟုတ် ချီဧကရာဇ်နဲ့ ဘာဆိုင်လို့လဲ.. သုံဟယ်ကောင်တီက ရွှီမိသားစုရဲ့ အပိုင်။ အကြီးအကဲရွှီရဲ့ ဆုံးဖြတ်ချက်ကို ချီဧကရာဇ်က ဘာဝင်ရှုပ်စရာမှ မရှိဘူး.."

ကျန်းဖင်ရှန်း၏ မျက်နှာက မဲမှောင်သွားသည်။ သူက တိတ်ဆိတ်သွားခဲ့၏။

ခုံရော့ကျစ်၏ ရွှီမိသားစုနှင့် ပူးပေါင်းလိုသည့် ရည်ရွယ်ချက်မှာ ရှင်းရှင်းလင်းလင်း ဖော်ပြထားပြီးဖြစ်သည်။ ထို့အပြင် သုံဟယ်ကောင်တီသည် ရွှီမိသားစု၏ အပိုင်ဟူသည်မှာ မေးခွန်းထုတ်စရာ မလိုပေ။

ရွှီကျွင်းဟယ်က ပြုံးရင်းနှင့် ဆက်လက်ပြော၏။

"အစ်ကိုကျန်း... ကျေးဇူးပြုပြီး သုံဟယ်ကောင်တီရဲ့ ဥပဒေနဲ့အမိန့်ကို ဆက်ပြီး ထိန်းသိမ်းပေးပါ။ စစ်သူကြီးစံအိမ်က စစ်သူကြီးစံအိမ် အဖြစ်ပဲ ရှိနေဦးမှာပါ.."

"ကောင်းပါပြီ။ တကယ်လို့ အကြီးအကဲရွှီ လိုအပ်တာတစ်ခုခုရှိရင် လွတ်လွတ်လပ်လပ် အမိန့်ပေးလို့ရပါတယ်.."

ကျန်းဖင်ရှန်းက လက်သီးတစ်ဖက် လက်ဝါးတစ်ဖက်နှင့် ဦးညွှတ်ပြီးနောက် ပြောသည်။

သူက အနည်းငယ် စိတ်ဓာတ်ကျစွာ ခံစားလိုက်ရ၏။အစက ရွှီယန်မှာ သူ၏ သားမက်လောင်း ဖြစ်သည်။ သို့ပေမယ့် ခြေတစ်လှမ်း မှားယွင်းခြင်းက လောကတစ်ခု ခြားနားခြင်းကို ဖြစ်စေခဲ့၏။

"သုံဟယ်ကောင်တီရဲ့ အုပ်ချုပ်သူ ရာထူးအတွက်ကတော့ ငါ့စိတ်ထဲမှာ နောက်ထပ်တွေးထားတာ ရှိတယ်.."

"ခုံရော့ကျစ်.. မင်းက ရွှီစံအိမ်ရဲ့ အကြံပေးလုပ်။ ကောင်းကင်မိခင်ဂိုဏ်းရဲ့ ဗျူဟာမှူးတစ်ယောက် အနေနဲ့ ငါဘာကို ဆိုလိုလဲ ဆိုတာကို မင်းနားလည်လောက်မှာပါ.."

ရွှီကျွင်းဟယ်က အပြုံးတစ်ခုဖြင့် ပြောသည်။

"ကျွန်တော် နားလည်ပါတယ်.."

ခုံရော့ကျစ်က  အနည်းငယ် နောင်တရနေပုံ ပေါ်၏။ သို့ပေမယ့် ကောင်းကင်မိခင်ဂိုဏ်းမှာ ဂိုဏ်းတစ်ခုသာ ဖြစ်ပြီး အထက်ပိုင်း အသိုင်းအဝိုင်းက လက်ခံမည် မဟုတ်ကြောင်းကို သူလည်းပဲ နားလည်ပါသည်။

ယနေ့ခေတ် ချီနိုင်ငံသည် ငတ်မွတ်ခေါင်းပါးမှု သို့မဟုတ် စစ်ဘေးအန္တရာယ်တို့ ကြုံတွေ့နေခြင်း မရှိပေ။

ပြည်သူများက တည်ငြိမ်စွာ နေထိုင်ကြပြီး ပုန်ကန်ရန်အတွက် မည်သည့်အခွင့်အရေးမှ မရှိပါ။

"သုံဟယ်ကောင်တီမှာ လူတိုင်းက စွမ်းအားကြီးသူကို ရှာဖွေနေတယ်။ ခုံရော့ကျစ်.. အဲ့ကိစ္စကို မင်းသေသေချာချာ စောင့်ကြည့်ထား။ နားလည်တယ် မလား.."

ကျန်းဖင်ရှန်း ထွက်ခွာသွားပြီးနောက် ရွှီကျွင်းဟယ်က ခုံရော့ကျစ်ကို လေးနက်စွာ ပြောသည်။

"ကျွန်တော် နားလည်ပါတယ်.."

ခုံရော့ကျစ်က ခေါင်းငြိမ့်၏။

ဆရာကြီးက ယွင်ရှန်းမြို့ငယ်တွင် ရှိပါသည်။ သို့ပေမယ့် မည်သူမှ သူ့ကို နှောက်ယှက်ရဲခြင်း မရှိပေ။

God Genzo:

All Chapters