ရွှမ်ယန်၏ ချီနှင့်သွေးအဆင့်တွင် အကြီးစားအောင်မြင်မှု ရလာခြင်း၊ မူလအဆင့် ကျင့်စဉ်အား နားလည်သဘောပေါက်ခြင်း
Vol. 5 Ch. 66
ဆရာဖြစ်သူဆီမှ ခွင့်ပြုချက်ကို ရရှိပြီးနောက် ရွှီယန်တစ်ယောက် အိမ်သို့ ထပ်မံပြန်ကာ သူ၏မိဘများအား သိုင်းပညာကျင့်စဉ်ကို သင်ကြားပေးသည်။
သိုင်းပညာ၏ အခြေခံသည် ချီနှင့်သွေး စီးဆင်းမှုကို အာရုံခံခြင်းမှ စတင်၏။ ထိုနောက်မှ အရေပြားကိုသန့်စင်နိုင်မည် ဖြစ်သည်။
ထိုကိစ္စကြောင့် မိဘများ၏ ကျင့်ကြံရာအတွင် အကူအညီ ဖြစ်ရန်အတွက် အရွက်၉မျိုး ဆေးပင်အချို့ကို ပြန်ယူလာခဲ့ပြီး သူတို့၏ ချီနှင့်သွေးကို အာရုံခံစေ၏။
ယခုအချိန်၌ ရွှီမိသားစု၏ အဓိကအစောင့်များမှာ ဆေးဆရာဖန်နှင့် အသေခံ စစ်သည်များဟု ခေါ်ဆိုနိုင်သည့် အစောင့် ၁၀ယောက်ကျော်တို့ ဖြစ်ကြသည်။
ထိုလူများကို ရွှီကျွင်းဟယ်က တိတ်တဆိတ် ပျိုးထောင်ထားခြင်း ဖြစ်၏။ ဆေးဆရာဖန်တွင် သိုင်းပညာလောက၏ ထိပ်တန်းသိုင်းသမား ခွန်အားကို ပိုင်ဆိုင်ထားပါသည်။
ကျန်ရှိသည့် အစောင့် ၁၀ယောက်ကျော်မှာလည်း ပထမတန်းစားအဆင့် သိုင်းသမားများ ဖြစ်ကြ၏။ ထို့အပြင် ဆေးဆရာဖန်က အာဟာရဖြည့် ဆေးများကိုလည်း ပြုလုပ်နိုင်ပါသည်။
သူတို့အားလုံးသည် ရွှီမိသားစု၏ အဓိကအဖွဲ့ဝင်များ ဖြစ်ကြရာ ရွှီယန်က သူတို့ကိုလည်း သိုင်းပညာကျင့်စဉ်အား သင်ကြားပေး၏။
အောင်မြင်စွာ ကျင့်ကြံနိုင်မည်လား.. သူတို့တွင် သိုင်းပညာပါရမီ ပါလာသည်လား ဟူသည်ကတော့ သူတို့၏ ကိုယ်ပိုင် ကံတရားအပေါ်တွင် မူတည်ပါသည်။
သို့ပေမယ့် ရွှီယန်က အရေပြား သန့်စင်ခြင်း၊ အရိုးသန့်စင်ခြင်း နှင့် ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်း နည်းလမ်းများကိုသာ သင်ကြားပေးပြီး ချီနှင့်သွေးအဆင့်၏ ကျင့်စဉ်ကို သင်ပေးခြင်း မရှိပါ။
ချီနှင့်သွေးအဆင့်သည် သူတို့အတွက် အလွန်ဝေးကွာလှ၏။
သုံဟယ်စီရင်စုသို့ ပြန်လာခါစ ရှိသေးသည့် ရွှီယန်သည် သူ၏သိုင်းပညာကို ဦးလေးများ၊ ဝမ်းကွဲညီအကို မောင်နှမများနှင့် အခြားလူများကို လက်ဆင့်ကမ်းပေးနိုင်ရန်အတွက် တော်ဝင်မြို့ဆီသို့ ဆက်လက် ထွက်ခွာခဲ့သည်။
ယွင်ရှန်းမြို့ငယ်တွင် လီရွှမ်က ကုလားထိုင် တစ်ခုပေါ်တွင် သက်တောင့်သက်သာ ထိုင်နေ၏။ မုန့်ချုံက ပုံမှန်အတိုင်းပင် ကြိုးကြိုးစားစား ကျင့်ကြံနေပါသည်။
သူက ကျင့်ကြံရင်းနှင့် ခန္ဓာကိုယ်၏ ပိုမိုပိုမိုကာ သန်မာလာမှုကို ခံစားရသည်။ အရိုးများမှာ သံကဲ့သို့ မာကျောသည့် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်၏။
ရှီအာကလည်း နေ့စဉ်နေ့တိုင်း လာရောက်ကာ ချက်ပြုတ်ခြင်းနှင့် သန့်ရှင်းရေးလုပ်ခြင်း ကဲ့သို့သော တောက်တိုမရအလုပ်များကို လုပ်ဆောင်ပေးသည်။
သူသည် ကြိုးစားသည့် လူတစ်ယောက် ဖြစ်၏။ ထို့ကြောင့် လီရွှမ်က သူ့ကို အရေပြား သန့်စင်ခြင်း ကျင့်စဉ်အား သင်ပေးရန် ဆုံးဖြတ်လိုက်သည်။
ရှီအာ ကိုယ်တိုင်ကလည်း သိုင်းလောကအတွင်းရှိ ထိပ်တန်းသိုင်းသမားတစ်ယောက် ဖြစ်၏။ သူ့တွင် သိုင်းပညာအတွက် ပါရမီရှိပါက ချီနှင့်သွေးကို အာရုံခံနိုင်ပြီး အရေပြားကို သန့်စင်နိုင်မှာပါ။
ထိုအခါ ခွန်အားက သိသာစွာ တိုးမြင့်လာမှာဖြစ်၏။ ထို့အပြင် အရေပြား သန့်စင်ခြင်းအား ပြီးမြောက်ရန် အမြန်နှုန်းမှာ အရမ်းကြီး နှေးကွေးနေမည် မဟုတ်ပါ။
"ရှီအာ.. ဒီကိုလာခဲ့.."
လီရွှမ်က လက်ဝှေ့ရန်းကာ ခေါ်လိုက်သည်။
"ဆရာကြီး.. ဘာခိုင်းချင်လို့လဲ မသိဘူး.."
ရှီအာက အမြန်ရောက်လာပြီး ဦးညွှတ်ကာ မေးသည်။
"မင်းက ပါးနပ်ပြီးတော့ အလုပ်ကြိုးစားတဲ့ လူတစ်ယောက်ပဲ။ ကောင်းပြီ... ငါက လောကကြီးကို လှည့်လည်ပြီးတော့ ခရီးသွားနေမှာ.."
"အနားမှာ တောက်တိုမရ အလုပ်တွေကို လုပ်ဖို့နဲ့ ရှေ့ပြေးအဖြစ် လူလိုတယ်။ မင်းဆန္ဒရှိလား မသိဘူး.."
လီရွှမ်က တည်ငြိမ်စွာ မေးသည်။
"ဟုတ်ကဲ့ပါ။ ဟုတ်ကဲ့ပါ။ ဒါက ကျွန်တော့်အတွက် ကြီးမားတဲ့ အခွင့်အရေးတစ်ခုပါပဲ.."
ရှီအာက အလွန်စိတ်လှုပ်ရှားနေပြီး ဒူးနှစ်ဖက်ကို ထောက်ချလိုက်သည်။
"ရှီအာက သခင့်ကို ဂါရဝပြုပါတယ်.."
"ဒုတ် ဒုတ် ဒုတ်.."
"ကောင်းပြီ။ ထတော့.."
လီရွှမ်က ခေါင်းငြိမ့်ကာ ပြောသည်။
"ပြီးရင် ငါမင်းကို သိုင်းပညာရဲ့ အခြေခံကျင့်စဉ်ကို သင်ကြားပေးမယ်။ အဲ့ဒါကို ဖမ်းဆုပ်နိုင်မလား ဆိုတာကတော့ မင်းရဲ့ ကိုယ်ပိုင်ပါရမီနဲ့ ကံတရားအပေါ်မှာ မူတည်လိမ့်မယ်.."
"ဟုတ်ကဲ့ပါ။ ကျေးဇူးတင်ပါတယ် သခင်.."
ရှီအာ၏ နှလုံးသားက ပြင်းထန်စွာ ခုန်ပေါက်နေ၏။ နောက်ဆုံးတွင် သူလည်းပဲ စစ်မှန်သည့် သိုင်းပညာရှင်တစ်ယောက် ဖြစ်လာရန်အတွက် အခွင့်အရေး ရလာခဲ့ပါပြီ။
"သိုင်းပညာကျင့်စဉ်ရဲ့ ပထမဆုံးခြေလှမ်းက ချီနဲ့သွေးကို အာရုံခံဖို့ပဲ။ ပြီးရင် အရေပြားကို သန့်စင်တာပဲ.."
"ဒီနေ့မှာ.. ငါမင်းကို အရေပြားသန့်စင်ခြင်း နည်းလမ်းကို သင်ကြားပေးမယ်။ တတ်မြောက်နိုင်မှာလား ဆိုတာကတော့ မင်းရဲ့ပါရမီကို ကြည့်ရမှာပေါ့.."
လီရွှမ်က ရှီအာကို အရေပြားသန့်စင်ခြင်း နည်းလမ်းအား သင်ကြားပေးသည်။ နောက်ပိုင်းရှိ အရိုးသန့်စင်ခြင်းနှင့် ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်း တို့ကိုတော့ ရှီအာအနေနှင့် ချီနှင့်သွေးကို အာရုံခံနိုင်ကာ အရေပြားသန့်စင်ခြင်းကို ပြီးမြောက်မှသာလျှင် ဆက်လက် သင်ကြားပေးမည်ဖြစ်သည်။
"ကျေးဇူးတင်ပါတယ် သခင်.."
ရှီအာက အလွန် စိတ်လှုပ်ရှားနေ၏။
"သွားပြီးတော့ မင်းဘာသာ လေ့လာနှင့်။ နေဖို့ အခန်းတစ်ခုလည်း ရှာနေလိုက်.."
လီရွှမ်က လက်ကိုဝှေ့ရမ်းသည်။ ရှီအာသည် သူ၏ အစေခံတစ်ယောက် ဖြစ်လာကတည်းက ခြံထဲတွင် နေထိုင်ရန် လိုအပ်ပါသည်။ ပြီးလျှင် တောက်တိုမရ ကိစ္စအားလုံးတို့ကို တာဝန်ယူရမှာဖြစ်၏။
"ဟုတ်ကဲ့ပါ.."
ရှီအာက လေးစားစွာဖြင့် ထွက်ခွာသွားသည်။
ချီနိုင်ငံ၏ တော်ဝင်မြို့တော်တွင်..
ရွှီယန်၏ ဒုတိယအကြိမ် ရောက်ရှိလာမှုက ဧကရာဇ်ချီနှင့် သူ၏ အမတ်ကြီးများကို အလွန် သတိကြီးသွားစေပြန်၏။ သူတို့၏ ဦးခေါင်းများထက်တွင် တောင်ကြီးတစ်လုံး ချိတ်ဆွဲထားသည်ဟု ခံစားလာရပြန်သည်။
ဤသည်က ဧကရာဇ်ချီနှင့် အမှုထမ်းများကို စွမ်းအားကြီး သိုင်းပညာရှင် တစ်ယောက်အား ရှာဖွေရန်အတွက် ပိုမို ခိုင်မာပြတ်သားလာစေ၏။
စွမ်းအားကြီး သိုင်းပညာရှင် တစ်ယောက်ကို ရှာဖွေခြင်းကသာလျှင် ဒီဦးခေါင်းထက်က တောင်ကြီးကို ဖယ်ရှားနိုင်မှာ ဖြစ်၏။
ကျင့်စဉ်အား သင်ကြားပေးပြီးနောက် ရွှီယန်က သုံဟယ်ကောင်တီသို့ ချက်ချင်းပြန်ခြင်း မပြုပါ။ အဲ့ဒီ့အစား ချီဘုရင်စံအိမ်တွင် ယာယီနေထိုင်၏။
"ငါချီနဲ့သွေးအဆင့်ရဲ့ အကြီးစား ကျွမ်းကျင်မှုအဆင့်ကို ချိုးဖျက်တော့မယ်.."
ရွှီယန်က ကျင့်ကြံနေရင်းမှ အလွန် စိတ်လှုပ်ရှားလာ၏။
သူသည် ချီနှင့်သွေးအဆင့်၏ အမြင့်ဆုံး အဆင်သို့ ရောက်ရှိရန်အတွက် ခြေတစ်လှမ်းသာ လိုပါတော့သည်။
"မူလအဆင့်ရဲ့ ကျင့်စဉ်ကိုလည်း ဖမ်းဆုပ်နိုင်လုနီးပါး ရှိနေပြီ။ အခုတောင် နားလည်မှုအချို့ ရထားတယ်။ ချီနဲ့သွေးအဆင့်ရဲ့ အကြီးစားကျွမ်းကျင်မှု အဆင့်ကို ရောက်ပြီး မကြာမီမှာ အဲ့ဒါကိုလည်း နားလည်လာနိုင်မှာ.."
ချီနှင့်သွေးအဆင့်၏ အကြီးစားကျွမ်းကျင်မှုကို ရောက်ရှိပြီးနောက် သိုင်းပညာ လမ်းကြောင်း၏ ဒုတိယအဆင့်ဖြစ်သည့် မူလအဆင့်နှင့် ခြေတစ်လှမ်း ပိုမိုနီးကပ်သွားမှာ ဖြစ်သည်။
"ချီနဲ့သွေးအဆင့်ရဲ့ အကြီးစား ကျွမ်းကျင်မှုကို ရောက်ရှိပြီးရင် တစ်လအတွင်းမှာ ပြီးပြည့်စုံခြင်း အဆင့်ကို ရောက်အောင်လုပ်ရမယ်.."
ရွှီယန်က ကိုယ့်ကိုယ်ကို ပန်းတိုင်တစ်ခုအား သတ်မှတ်၏။
"ဘုန်း.."
ချီနှင့်သွေးတို့ ပိုမိုစွမ်းအားကြီးစွာ စီးဆင်းလာကြသည်။ သူ၏ ကျောက်စိမ်းကဲ့သို့ အရိုးများက တောက်ပလာပုံပေါ်၏။
ချီနှင့်သွေး၏ သန့်စင်မှုနှင့် ပမာဏက ဆက်လက် တိုးတက်လာခဲ့သည်။ အကြီးစားကျွမ်းကျင်မှုသို့ ရောက်ရှိရန် မဝေးတော့ပါ။ ချီနှင့်သွေးကို ပေ၁၀၀တိုင်အောင် ထုတ်လွှတ်နိုင်မည် ဖြစ်၏။
အခိုက်အတန့် တစ်ခုတွင် ချီနှင့်သွေးသည် ချိုင့်ကြီးတစ်ခုအား ဖြတ်ကျော်နိုင်သွားသည့်အလား ရုတ်တရက် အရှိန် မြင့်လာခဲ့သည်။ သန့်စင်မှုလည်း ၃ဆလောက် ပိုမိုတိုးမြင့်လာ၏။
ချီနှင့်သွေးစီးကြောင်း တစ်ခုက ထွက်ပေါ်လာပြီး ကောင်းကင်သို့ ထိုးတက်သွားသည်။ ပေ၁၀၀ အကွာသို့ပင် ရောက်၏။
"ဘုန်း.."
ချက်ချင်းပင် ပေ၁၀၀မြင့်မားသည့် သွေးနှင့်ချီက ကောင်းကင်တွင် အနီရောင် နဂါးကြီးတစ်ကောင်အဖြစ် ဖွဲ့စည်းလာ၏။ နဂါးကြီးက ကောင်းကင်သို့ ထိုးတက်သွားသည့်ပုံ ရှိသည်။
ရွှီယန်၏ အဆင့်ချိုးဖျက်မှုက တော်တော်လေး ဆူဆူညံညံ ဖြစ်သွားစေခဲ့၏။ ကောရုန်ရှန်နှင့် အခြားလူများကို သတိထားမိ သွားစေသည်။ သူတို့အားလုံး ရွှီယန်၏ ခြံဝန်းအတွင်းမှ မြင့်တက်လာသည့် ပေ၁၀၀ရှိသည့် နဂါးကြီးတစ်ကောင်ကို အံ့သြဖွယ်ကောင်းစွာ တွေ့လိုက်ရသည်။
"ယန်အာရဲ့ ခွန်အားက ထပ်ပြီးတော့ တိုးမြှင့်လာပြန်ပြီလား.."
"ကောင်းတယ်။ ကောင်းတယ်.."
ကောရုန်ရှန်နှင့် သူ၏သားက ပျော်သွားခဲ့၏။ ချီဘုရင်စံအိမ်သည် အင်ပါရီယာ နန်းတော်နှင့် သိပ်ကွာတော့မည် မဟုတ်ပေ။
ထိုအချိန်၌ ဧကရာဇ်ချီက ချီဘုရင်စံအိမ်၏ လားရာဘက်သို့ လှည့်ကြည့်ကာ အလွန်မသက်မသာ ခံစားလိုက်ရ၏။
ရွှီယန်က သူ၏စွမ်းအားကို တမင်ထုတ်ပြနေသည်လား...
"မဟုတ်ဘူး.."
"ဒါက ခွန်အား တိုးမြင့်လာတာ များလား.."
ထိုအချိန်၌ ဧကရာဇ်ချီတစ်ယောက် အလွန် စိတ်ဆင်းရဲကြီးစွာ ခံစားလိုက်ရသည်။ သူသည် ဖြစ်နိုင်သမျှ အမြန်ဆုံး ဆရာသခင်တစ်ယောက်ကို ရှာဖွေရမည် ဖြစ်၏။
အိမ်ရှေစံမင်းသား၏ အရှေ့ဘက် နန်းဆောင်တွင် တတိယမင်းသားက စိတ်လှုပ်ရှားစွာဖြင့် အမိန့်ပေးသည်။
"မြန်မြန်လေး.. လက်ဆောင်တွေ ပြင်ဆင်ကြ။ ငါ့ရဲ့ ဆရာဆီကို သွားပြီးတော့ အရိုအသေပေးရမယ်.."
အမတ်ကြီးများလည်း ထိတ်လန့် သွားကြ၏။ သူတို့၏ အိမ်ရှိဆန်ကုန်မြေလေးများကို ကြိမ်လုံးဖြင့် ရိုက်နှက်ကာ သိုင်းဆရာတစ်ယောက်အား ရှာဖွေရန် မောင်းထုတ်လိုက်၏။
အကြီးဆုံး မင်းသားမှာလည်း ထိုင်မနေနိုင်တော့ပေ။ သူက အစောင့်များကို ဦးဆောင်ပြီး မြို့တော်မှထွက်ခွာကာ စွမ်းအားကြီးသူကို ရှာဖွေရန် ကိုယ်တိုင်ခြေဆန့်ခဲ့၏။
ထိုနေ့တွင် ချီနိုင်ငံ၏ မြို့တော်သည် အုတ်အော်သောင်းနင်းဖြစ်ရန် ကံပါလာခဲ့သည်။ စွမ်းအားကြီး ဆရာသခင်အား ရှာဖွေသည့် လှိုင်းတစ်ခု ထပ်မံ မြင့်တက်လာပြန်၏။
၎င်းတို့၏ စတင်သူ ဖြစ်သည့် ရွှီယန်မှာတော့ အဆင့်တက်မှုကြောင့် ပျော်ရွှင်မှုအတွင်း၌ နစ်မျောနေပါသည်။
သူသည် ကိုယ်ပိုင်ခွန်အား၏ တိုးတက်လာမှုကို ခံစားရ၏။ အဆင့် ချိုးဖျက်ပြီးမှ သာလျှင် ဆရာဖြစ်သူ၏ စွမ်းအားကြီးပုံကို ပိုမိုအံ့ဩဘနန်း ဖြစ်လာခဲ့သည်။
'ဆရာက ငါ့ကို အရင်တုန်းက ချီနဲ့သွေးအဆင့်ရဲ့ အကြီးစားကျွမ်းကျင်မှု စွမ်းအားကို ပြသခဲ့ဖူးတယ်..'
'ပြီးတော့ အဲ့ဒီ့တုန်းက အရှိန်အဝါက အတိုင်းအဆမဲ့တဲ့ ချီနဲ့သွေးတွေ ကျယ်ကျယ်ပြောပြော ပါဝင်နေတယ်။ အခုငါ့ထက်တောင် ပိုပြီး သန်မာသေးတယ်..'
ရွှီယန်က အနည်းငယ် အရှက်ရစွာ ခံစားလိုက်ရ၏။
'ငါက အရမ်းကို အားနည်းသေးတယ်။ ကျောက်စိမ်းအရိုးကို ကျင့်ကြံပြီးရင်တောင် လုံလောက်ဖို့အတွက် အများကြီး ဝေးကွာနေသေးတယ်..'
'ဆရာ့ရဲ့အဆင့်က စိတ်ကူးလို့ မရနိုင်အောင် နက်ရှိုင်းလှတယ်။ သူငါ့ကို ပြသခဲ့တာက သူချီနဲ့သွေးအဆင့်ရဲ့ အကြီးစားကျွမ်းကျင်မှုကို ရောက်ရှိတုန်းက စွမ်းအားဘယ်လောက်ရှိခဲ့တယ် ဆိုတာကိုပဲ။ နှိုင်းယှဉ်ကြည့်ရင် ငါက အများကြီး လိုအပ်နေသေးတယ်..'
'ဆရာက ငါ့ကို မောက်မာမူနဲ့ အလောတကြီး နိုင်မှုကို အမြဲတမ်း သတိထားစောင့်ကြည့်နေဖို့ မှာကြားခဲ့တာ အံ့သြစရာမရှိဘူး။ ငါ့ရဲ့ခွန်အားက လုံလုံလောက်လောက်ကို မသန်မာသေးတာ..'
သူက စဉ်းစားလေလေ ဆရာဖြစ်သူ၏ ခွန်အားကို ပိုမိုအံ့သြစွာ ခံစားရလေ ဖြစ်လာခဲ့၏။
'ငါက ဆရာ့လောက် စွမ်းအားမကြီးပေမယ့် ရှေးခေတ်ရဲ့ပါရမီရှင်တွေထက် အားနည်းမှာတော့ မဟုတ်လောက်ဘူး။ ပိုပြီးတော့တောင် သန်မာမှာ..'
ရွှီယန်က နှလုံးသားထဲတွင် ကိုယ့်ကိုယ်ကို အားပေးသည်။ ဆရာက သန်မာလွန်း၏။ ဖိနှိပ့်နိုင်ခြင်း မရှိသည့် မြင့်မားထည်ဝါသည့် တောင်ကြီးတစ်လုံးနှယ် ရှိနေသည်။ သို့ပေမယ့် သူ့တွင် ယုံကြည်ချက်သာ ရှိပါက တစ်နေ့တွင် ဆရာနှင့်တူညီသည့် အမြင့်တစ်ခုသို့ ရောက်ရှိနိုင်မည်ဟု ယုံကြည်၏။
ရွှီယန်က ချီနှင့်သွေးကို စုစည်းကာ နက်ရှိုင်းစွာ အသက်ရှူကြည့်သည်။
'ချီနဲ့သွေးက အကြီးစားကျွမ်းကျင်မှု အဆင့်ကို ရောက်ပြီးတဲ့ နောက်မှာ မူလအဆင့်ရဲ့ သဘောတရားတွေလည်း ငါ့အတွက် ပိုပြီးတော့ ရှင်းလင်းလာခဲ့တယ်..'
အခန်းထဲသို့ ပြန်လည် ဝင်ရောက်ပြီးနောက် အိပ်ရာပေါ်တွင် တင်ပျဥ်ခွေထိုင်ပြီး အသက်ကို ပုံမှန်ရှူသည်။ သူ၏ စိတ်အခြေအနေက တဖြည်းဖြည်းနှင့် ကြည်လင်လာပြီး ကိုယ့်ကိုယ်ကိုနှင့် လောကကြီးကို မေ့ပျောက်သည့် အခြေအနေသို့ ရောက်သွား၏။
နက်နဲသည့် သဘောတရားများသာလျှင် သူ၏စိတ်ထဲတွင် တဖြည်းဖြည်း ပေါ်လာခဲ့သည်။
မူလအဆင့်၏ ကျင့်ကြံခြင်း သဘောတရားများက ပိုမိုကြည်လင်လာနေပြီး တဖြေးဖြေးနှင့် ချည်မျှင်များ ရက်သကဲ့သို့ တစ်ခုနှင့်တစ်ခု ဆက်နွယ်ကာ ပုံပေါ်လာခဲ့သည်။
ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ တံတားကို မည်ကဲ့သို့ ဖွင့်လှစ်ရန်၊ ချီနှင့်သွေးအား မူလအစစ်အမှန် ချီအဖြစ် မည်ကဲ့သို့ ပြောင်းလဲရန်၊ ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ စိတ်ဝိဉာဉ်စွမ်းအင်ကို မည်ကဲ့သို့ ရှူသွင်းရှူထုတ်လုပ်ရန်နှင့် ချီပင်လယ်နှင့် ဒန်တန်ကိုမည်ကဲ့သို့ ဖွင့်လှစ်ရန်တို့ ဖြစ်သည်။
ကျင့်ကြံမှုအတတ်က ပိုမိုပိုမိုကာ ရှင်းလင်းလာပြီး မူလအဆင့်ကို ချိုးဖျက်တော့မည့် မြင်ကွင်းက သူ၏ စိတ်ထဲတွင် ပေါ်လာသည့်ပုံ ရှိ၏။
'ကောင်းကင်နဲ့ကမ္ဘာမြေကြီးရဲ့ တံတားကို ဆက်သွယ်ပြီး သဘာဝရဲ့ စိတ်ဝိဉာဉ် စွမ်းအင်ကို အာရုံခံမယ်..'
'စိတ်ဝိဉာဉ်စွမ်းအင်ကို လမ်းညွှန်ပြီး ကောင်းကင်နဲ့ကမ္ဘာမြေကြီးရဲ့ တံတားထဲကို စီးဆင်းစေမယ်။ ဒန်တန်ချီပင်လယ်ကို ဖွင့်လှစ်မယ်...'
ရွှီယန်၏ မျက်နှာပေါ်၌ စိတ်လှုပ်ရှားမှုတစ်ခု ပေါ်လာခဲ့၏။ သူက ပိုမို နားလည်လာလေလေ မူလအဆင့်၏ ကျင့်စဉ်အား ပိုမိုရှင်းလင်းလာလေ ဖြစ်လာခဲ့သည်။
အဆင့်ချိုးဖြတ်မည့် ဖြစ်စဉ်၊ ကျင့်ကြံမည့် ဖြစ်စဉ်... ၎င်းတို့သည် စိတ်ထဲတွင် တဖြည်းဖြည်း ပေါ်လာနေ၏။
'ငါနောက်ဆုံးတော့ မူလအဆင့်ရဲ့ ကျင့်ကြံခြင်းအတတ်ကို ဖမ်းဆုပ်နိုင်သွားပြီ။ ငါ့ရဲ့ ချီနဲ့သွေးသာ ပြီးပြည့်စုံခြင်းအဆင့်ကို ရောက်ပြီးရင် မူလအဆင့်ကို ချိုးဖျက်ဖို့အတွက် လုပ်ဆောင်နိုင်ပြီ..'
ရွှီယန်က မျက်လုံးများကို ဖွင့်ကာ သူ၏မျက်နှာတွင် စိတ်လှုပ်ရှားမှုတို့ဖြင့် ပြည့်နက်နေပါသည်။
God Genzo: