မုန့်ချုံ- ကြီးမြတ်သောနေ ရွှေခေါင်းလောင်းအကာအကွယ်က စွမ်းအားကြီးလွန်းတယ်
Vol. 5 Ch. 68
မူလအဆင့်သည် သေမျိုးလောကမှ ကင်းလွတ်ခဲ့ပြီးဖြစ်၏။ သာမန်လူများ၏ မျက်လုံးထဲတွင် သူတို့နှင့် နတ်ဘုရားများအကြား ခြားနားချက် အများကြီး မရှိတော့ပေ။
သက်တမ်းနှစ်ပေါင်း ၁၀၀၀မှာလည်း တကယ်တော့ ကျိုးကြောင်းဆီလျော်မှု ရှိပါသည်။ သဘာဝ၏ စိတ်ဝိဉာဉ်စွမ်းအင်ကို ရှူသွင်းရှူထုတ် ပြုလုပ်နိုင်ခြင်းကြောင့် အဆုံးမသတ်နိုင်သည့် မူလအစစ်အမှန်ချီကို ရရှိနိုင်ပြီး ထူးကဲသည့် သက်တမ်းအား ပိုင်ဆိုင်နိုင်လာခြင်းမှာလည်း ပုံမှန်သာ ဖြစ်သည်။
လူတစ်ယောက်သည် အခြေခံအဆင့်တွင် ကျောက်စိမ်းအရိုးကို စုစည်းနိုင်ခဲ့ပါက သူ၏ သက်တမ်းမှာ ပိုမိုကာပင် ကြာရှည်နိုင်မှာ ဖြစ်သည်။
လီရွှမ်က အလွန် စိတ်လှုပ်ရှားနေ၏။
'ငါတို့တွေဘာလို့ သိုင်းပညာကို ကျင့်ကြံကြတာလဲ..'
အခြေခံအကြောင်းပြချက်မှာ ပိုမိုသန်မာ စွမ်းအားကြီးလာပြီး ဘေးရန်ကင်းစွာဖြင့် ထာဝရအသက်ရှင်နိုင်ရန်ဖြစ်သည်။ ဤသည်မှာ သိုင်းပညာ၏ အဆုံးစွန်သော အဓိပ္ပါယ်ဖြစ်၏။
'အခု ငါက မူလအဆင့်ရဲ့ စတင်ခြင်းအဆင့်ကို ရောက်လာခဲ့ပြီ..'
'ငါ့ရဲ့ မူလအစစ်အမှန်ချီက အဆုံးမသတ်နိုင်တဲ့ပုံ ပေါ်ပြီး မူလအဆင့်ရဲ့ ကျင့်စဉ်ကိုလည်း တီထွင်ပြီးနေခဲ့ပြီ။ နောက်တစ်ဆင့်က မူလအဆင့်ရဲ့အထက်က အဆင့်တွေအတွက် ဆက်ပြီး ဖန်တီးမှုပြုဖို့ပဲ..'
'ငါသိုင်းအဆင့်တွေကို အထူးစီစဉ်ဖို့ လိုအပ်တယ်။ အဲ့ဒါက မူလအဆင့်နဲ့ ဘာဟကြောင်းမှမရှိဘဲ ဆက်စပ်နေမှ ပြီးပြည့်စုံတဲ့ စနစ်တစ်ခုကို ဖန်တီးနိုင်မှာ..'
လီရွှမ်တစ်ယောက် လုံးဝ ရွှင်မြူးနေပါသည်။ သူ၏တပည့် ဖြစ်သူသည် အလွန် အံ့သြဖို့ကောင်းလှ၏။
'ရွှီယန်က မူလအဆင့်ကို မချိုးဖြတ်ရသေးဘူး။ အဲ့ဒါကြောင့် မူလအဆင့်ရဲ့ ဆန်းကြယ်မှုတွေကို နားလည်ဦးမှာ မဟုတ်ဘူး။ ဒီလိုဆိုရင် သူ့အတွက် မူလအဆင့်အထက်က ကျင့်စဉ်ကို ဖန်တီးပေးလိုက်ရင်တောင် လေ့လာလို့ ရနိုင်မှာ မဟုတ်ဘူး..'
'ကျင့်စဉ် တစ်ခုကို အဆင့်ဖြတ်ကျော်ပြီး နားလည်သဘောပေါက်နိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး ထင်တယ်..'
လီရွှမ်က အတွေးနက်သွားသည်။
ထို့ကြောင့် မူလအဆင့်၏ အထက်ရှိ ကျင့်စဉ်အတွက် ရွှီယန်၏ မူလအဆင့်သို့ ချိုးဖျက်မှုအား စောင့်စားရန်လိုအပ်ပါသည်။ ထို့နောက်မှသာ နားလည်သဘောပေါက်နိုင်မည့် ဖြစ်နိုင်ခြေတို့ ရှိလာမှာဖြစ်၏။
မူလအဆင့်သို့ ချိုးဖျက်ရသေးခြင်း မရှိသေးသည့် လူတစ်ယောက်အတွက် မူလအဆင့်၏ ကျင့်စဉ်ကို နားလည်သဘောပေါက်မှုတို့ ရှိနေလျှင်တောင် ပြောင်းလဲမှုများကို ကိုယ်တိုင် ကြုံတွေ့ခဲ့ရတာ မဟုတ်ပေ။
ဤသည်ကို အခြေခံအဖြစ် အသုံးပြုပြီး မူလအဆင့်အထက်ရှိ ကျင့်စဉ်ကို နားလည်နိုင်ဖို့ ဟူသည်မှာ မဖြစ်နိုင်ပေ။
သို့ရာတွင် ယခုအချိန်၌ နောက်တစ်ဆင့်အတွက်
ဖန်တီးရန် ပြင်ဆင်ခြင်းတို့ စတင်နိုင်ပါပြီ။
'ရွှီယန်ရဲ့ ကျင့်ကြံမှု အမြန်နှုန်းနဲ့ တစ်လအတွင်းမှာ သူ့ရဲ့ချီနဲ့သွေးကို ပြီးပြည့်စုံခြင်းကို ရောက်ရှိစေနိုင်မှာ..'
'မူလအဆင့်ကို ချိုးဖျက်ဖို့ အချိန်နည်းနည်းတော့ ယူလိမ့်ဦးမယ်။ နှစ်လအတွင်းမှာ သူမူလအဆင့်ကို ချိုးဖျက်သွားနိုင်လောက်တယ်..'
လီရွှမ်သည် ထိုအကြောင်းကို တွေးမိတိုင်းတွင် မျှော်လင့်မှုတို့ဖြင့် ပြည့်နက်လာခဲ့၏။ ရွှီယန်သာ မူလအဆင့်သို့ ချိုးဖျက်သွားပါက သူလည်း ရွှေလက်ချောင်းဆီမှ တန်ပြန်အကျိုးပြုမှုများကို ထပ်မံ ရရှိနိုင်ဦးမှာ ဖြစ်သည်။
မူလအဆင့်၏ အမြင့်ဆုံး အဆင့်သို့ တစ်ခါတည်း ရောက်ရှိသွားနိုင်၏။
'ဒီအချိန်က နောက်ထပ် တစ်ဆင့်ကို ဖန်တီးရမယ့် အချိန်ပဲ။ ကျင့်စဉ်ကို ဖွဲ့စည်းရမယ်..'
လီရွှမ်က အလွန် တက်ကြွနေတော့၏။
မုန့်ချုံမှာ ကိုယ့်ကိုယ်ကို ကြေးအရိုးအဆင့်သို့ သန့်စင်နိုင်ခဲ့ပြီး ဖြစ်သည်။ သူ၏ ကိုယ်ပိုင်ခွန်အားကို ခံစားကြည့်ပြီးနောက် အသွေးအသား ခန္ဓာကိုယ်က ရွှေခေါင်းလောင်းတစ်ခုကဲ့သို့ ဖြစ်နေကြောင်းကို တွေ့လိုက်ရသည်။
လက်သီးများကိုဆုပ်ကာ ထိပ်တန်းအဆင့် သိုင်းသမားတစ်ယောက်ကို လက်သီးချက် တစ်ချက်ဖြင့် အလွယ်တကူ အနိုင်ယူနိုင်မည်ဟု ခံစားရ၏။
အရင်တုန်းကသာ သူ့တွင် ထိုကဲ့သို့သော ခွန်အားမျိုး ရှိနေပါက အသက်စွန့်ပြီး ဧကရာဇ်ဝူကို လုပ်ကြံသတ်ဖြတ်ကာ လက်စားချေသည့် နည်းလမ်းကို အသုံးပြုနေစရာမလိုပါ။
"ရှီအာ.. လာခဲ့ဦး.."
မုန့်ချုံက အော်လိုက်သည်။
"သခင်လေးမုန့် ကျွန်တော့်ကို ဘာခိုင်းစရာ ရှိလို့လဲ မသိဘူး.."
ရှီအာက အပြုံးတစ်ခုကို ဆင်မြန်းကာ မေး၏။
ဒီရက်ပိုင်းအတွင်း ပြင်းထန်သည့် ကျင့်ကြံမှု အပြီးတွင် သူသည် နောက်ဆုံး၌ အရေပြားသန့်စင်ခြင်း အဆင့်ကို စတင် ဝင်ရောက် နိုင်ပေတော့မည်။ ထို့ကြောင့် အလွန်စိတ်လှုပ်ရှားနေ၏။
"ဒီကိုလာခဲ့.. ငါ့ရဲ့ ရင်ဘတ်ကိုထိုး.."
မုန့်ချုံက သူ၏ ရင်ဘတ်ကို လက်ဝါးဖြင့် ရိုက်ကာ ပြောသည်။
"ဟန်.."
ရှီအာက မှင်သက်သွား၏။
"ဘာတွေငိုင်နေတာလဲ။ ဒီကိုလာပြီးတော့ ထိုးလေ.."
မုန့်ချုံက လှုံ့ဆော်စွာ ပြောသည်။
"အဲ့ဒါက မကောင်းဘူးမလား.."
ရှီအာက ပြော၏။ အနည်းငယ် ခက်ခဲနေသည့်ပုံ ရှိသည်။ တကယ်လို့ ထိခိုက်သွားရင်ရော မည်ကဲ့သို့ လုပ်မည်နည်း။
"မင်းကိုမင်း ငါ့ကို ထိခိုက်အောင် လုပ်နိုင်မယ်လို့ ထင်နေတာလား။ စကားများမနေနဲ့.. မြန်မြန်လေးလာခဲ့.."
မုန့်ချုံက သူ့ကိုအထင်သေးစွာ ကြည့်သည်။
"ကောင်းပါပြီ.."
ရှီအာက အသက်ကို နက်ရှိုင်းစွာရှူပြီး လျှင်မြန်စွာ ရှေ့သို့တက်လာ၏။ ပြီးနောက် မုန့်ချုံ၏ ရင်ဘတ်ကို ပြင်းထန်စွာ ထိုးလိုက်သည်။
"ဒုန်း.."
ထိုအချိန်၌ ရှီအာတစ်ယောက် တောင်တစ်ခုကို ထိုးလိုက်ရသည့်နှယ် ခံစားရ၏။ သူ၏လက်သီးက အနည်းငယ် နာကျင်သွားသည်။
ထို့အပြင် လက်တစ်ချောင်းလုံးကို ထုံကျဥ်သွားစေသည့် တန်ပြန်အား တစ်ခုကဲ့သို့ အရာမျိုးကိုလည်း ခံစားရ၏။
"ဒါပဲလား... မင်းရဲ့ခွန်အား အားလုံးကို အသုံးပြုခဲ့တာ ဟုတ်ရဲ့လား.."
မုန့်ချုံက ထိုလက်သီးချက်အား ကလိထိုးသကဲ့သို့သာ ခံစားလိုက်ရသည်။
"ကောင်းပြီ.. ကျွန်တော် ထပ်ပြီးတော့ လုပ်မယ်.."
ရှီအာ၏ မျက်လုံးများက ကျဉ်းမြောင်းသွားပြီး သူက အသံတစ်ခု ဟစ်လိုက်၏။ မုန့်ချုံ၏ ရင်ဘတ်ကို လက်သီးဖြင့် ပြင်းထန်စွာထိုးသည်။
ဒီလက်သီးချက်တွင် သူ၏ ခွန်အားအားလုံးတို့အား အသုံးပြုထား၏။
သူသည် သိုင်းလောကရှိ ထိပ်တန်းသိုင်းသမားတစ်ယောက်ဖြစ်ပြီး ကြီးမားသည့် ခွန်အားကို ပိုင်ဆိုင်ထားပါသည်။ ခွန်အားအပြည့်နှင့် လက်သီးချက်သည် ကျောက်ဆောင်များ ကျောက်တုံးများကို ကွဲထွက်သွားစေရန် လုံလောက်၏။
သို့ရာတွင် မုန့်ချုံ၏ ရင်ဘတ်ကို ထိမှန်လိုက်သည့်အချိန်၌ တောင်တစ်ခုကို ထိမှန်သည့် အလားသာ ထပ်မံခံစားလိုက်ရပြီး ပုရွဲဆိတ်တစ်ကောင်၏ ကျောက်ဆောင်တစ်ခုကို ဖျက်စီးလိုသည့် ပုံရိပ်အား မြင်ယောင်လာစေသည်။
တန်ပြန်ခွန်အားက သူ့ကိုနောက်သို့ ခြေနှစ်လှမ်း ဆုတ်မိသွားစေ၏။ လက်တစ်ခုလုံး စတင် ထုံထိုင်းလာခဲ့သည်။
"ဂလူ့.."
'မုန့်ချုံက ဒီလောက်တောင်မှ သန်မာနေပြီးပြီလား။ သူကျင့်ကြံတာ ဘယ်လောက် ကြာသေးလို့လဲ။ သိုင်းလောကက ထိပ်တန်းသိုင်းသမားတစ်ယောက်ရဲ့ တိုက်ခိုက်မှုကို လုံးဝ လျစ်လျူရှုနိုင် နေပြီးပြီလား'
"မင်းရဲ့ခွန်အား အားလုံးကို အသုံးပြုခဲ့တာ ဟုတ်ရဲ့လား.."
မုန့်ချုံက ရှီအာကို ကြောင်တောင်စွာ ကြည့်သည်။
သူသည် ကိုယ့်ကိုယ်ကို ထိန်းချုပ်ထားပြီး ရှီအာကို ထိခိုက်မိမည်အား စိုးရိမ်သဖြင့် တန်ပြန်ခြင်းအားကို အသုံးပြုရဲခြင်း မရှိပေ။
သို့ပေမယ့် ရလဒ်က ထိုမျှသာလား။ သိုင်းလောကရှိ ထိပ်တန်းအဆင့် သိုင်းသမားတစ်ယောက်သည် အလွန်အားနည်းလာခဲ့သည်လား။
ရှီအာက ပြောစရာစကား မဲ့သွားပြီးပြောသည်။
"ဒီလက်သီးချက်က ငါ့ရဲ့ဘဝ တစ်ခုလုံးမှာ ထိုးခဲ့ဖူးတဲ့ အသန်မာဆုံး လက်သီးပဲ.."
မုန့်ချုံက အလွန် စိတ်လှုပ်ရှားသွား၏။ ကြီးမြတ်သောနေ ရွှေခေါင်းလောင်း အကာအကွယ်ကား အမှန်တကယ်ကို စွမ်းအားကြီးလှသည်။
သူက မြေပြင်ပေါ်တွင် စိုက်ထားသည့် ဆေဘာဓားကို ဆွဲထုတ်ကာ ရှီအာဆီသို့ ပစ်ပေးလိုက်ပြီး ပြောသည်။
"လာခဲ့.. ငါ့ကိုခုတ်.."
"ဟမ်.."
ရှီအာက ကြောင်တောင်သွားပြီး အနည်းငယ် လမ်းပျောက်သွားသည့်ပုံပါ။ ဓားတစ်ချောင်းနှင့် ခုတ်ရမည်လား။
မုန့်ချုံသည် အလွန်အကျွံ ကျင့်ကြံခဲ့မှုကြောင့် သူ၏ဦးနှောက် ထိခိုက်သွားသည်လား။
ဤသည်မှာ ဓားတစ်ချောင်းဖြစ်သည်။ အသွေးအသား ခန္ဓာကိုယ်သည် မည်မျှပင် သန်မာစေကာမူ ဘယ်လိုလုပ်ပြီး ခုခံနိုင်မည်နည်း။ ထိုအပြင် မုန့်ချုံ၏ သိုင်းပညာကို သင်ကြားမှုမှာ စတင်ခြင်းအဆင့်သို့ပင် မဝင်ရောက်သေးပေ။
သူသည် အခြေခံအား ပျိုးထောင်နေသည့် အဆင့်မှာတင် ရှိသေး၏။ ခန္ဓာကိုယ်ကို အသုံးပြုပြီး သံမဏိဓား တစ်ချောင်းကို ခုခံချင်သည်လား။
"ငါတောင် မကြောက်တာကို.. မင်းက ဘာတွေကြောက်နေတာလဲ... မြန်မြန်လေးလုပ်.."
မုန့်ချုံက နှိုးဆော်စွာ ပြောသည်။
ရှီအာက ပြောစရာစကား မဲ့သွား၏။
မင်းက ဦးနှောက်မကောင်းလို့ မကြောက်တာ ဖြစ်မှာပေါ့.. ဒါပေမယ့် ငါကတော့ ကြောက်တယ်။ မတော်တဆ ထိခိုက်မိသွားရင် ငါဘယ်လိုလုပ်ရတော့မလဲ...
"မင်းငါ့ကို.. တကယ်ပဲ ခုတ်ခိုင်းတာလား.."
ရှီအာက တုံ့ဆိုင်းနေဆဲ ရှိသည်။
"လာစမ်းပါ.."
မုန့်ချုံက သူ၏ ရင်ဘက်ကို ပုတ်သည်။
"ဒါဆိုလည်း ကောင်းပြီ.."
ရှီအာက သံမဏိ ဆေဘာကိုကိုင်ကာ ရှေ့သို့တက်ပြီး မုန့်ချုံကို ခုတ်လိုက်သည်။
"ဘုန်း.."
ထက်မြသည့် ဆေဘာဓားက အသွေးအသားကို လှီးဖြတ်သွားခြင်း မရှိပါ။
"နည်းနည်းလောက် အားစိုက်ဦး.."
မုန့်ချုံက အားရကျေနပ်မှု မရှိစွာ ပြောသည်။
"ဘုန်း.."
နောက်ထပ် ဓားတစ်ချက်ဟာလည်း အကာအကွယ်ကို ချိုးဖြတ်ရန် ကျရှုံးခဲ့၏။ မုန့်ချုံ၏ ခန္ဓာကိုယ်ပေါ်တွင် ခြစ်ရာတစ်ခုပင် ပေါ်လာခြင်းမရှိပေ။
"မင်းရဲ့ ခွန်အား အားလုံးကိုသုံး.."
မုန့်ချုံက အသက်ကို နက်ရှိုင်းစွာ၏။ သူ၏ အသွေးအသားခန္ဓာက ခေါင်းလောင်းတစ်ခုကဲ့သို့ ရှိနေပြီး ကိုယ်ထည်တစ်ခုလုံး၌ အပြစ်အနာအဆာ ကင်းမဲ့သည်။
ကြွက်သားများတွင် ရွှေရောင်အလင်းတစ်ခု ရေးတေးတေး လင်းလက်လာသည့်ပုံပါ။
"ကောင်းပြီ.."
ရှီအာက အံကိုကြိတ်ကာ မုန့်ချုံ၏ရင်ဘက်ကို ထပ်မံခုတ်ပိုင်းလိုက်သည်။
"ဘုန်း.."
သံမဏိဓားက နှစ်ပိုင်းကျိုးသွားခဲ့၏။ ရှီအာလည်း နောက်သို့ ယိုင်သွားခဲ့ပြီး သူ၏လက်များက တုန်ရီနေပါသည်။ မျက်နှာတွင် ထိတ်လန့်မှုတို့ အထင်သားပေါ်နေ၏။
မုန့်ချုံ၏ ရင်ဘက်တွင်တော့ မည်သည့်ခြစ်ရာတစ်ခုပင် ရှိမနေပါ။ ရှီအာမီာ ထိပ်တန်းအဆင့် သိုင်းသမားတစ်ယောက် ဖြစ်သည်။ ခွန်အားအပြည့်ဖြင့် ဓားခုတ်ချက်က မုန့်ချုံ၏ အသွေးနှင့်အသားကို လုံးဝ ထိခိုက်နိုင်ခြင်း မရှိပေဘူးလား။
"ကြောက်စရာကောင်းလိုက်တာ.."
မုန့်ချုံက ရင်ဘတ်ကိုပုတ်ကာ သူလိုချင်သည့်အဖြေကို ရလိုက်သည်။ လက်ရှိသူ၏ ရုပ်ပိုင်းဆိုင်ရာ ခံနိုင်ရည်သည် ထိပ်တန်းအဆင့် သိုင်းသမားများကို လုံးဝလျစ်လျူရှုထားလို့ ရပါပြီ။
သာမန် သံမဏိလက်နက်များဖြင့် သူ့ကိုထိခိုက်နိုင်ခြင်း လုံးဝမရှိပေ။ သို့ရာတွင် အဖိုးတန်သည့် ဓားများဖြစ်လျှင်တော့ ပြောဖို့ခက်ခဲသေး၏။
"ဆက်ပြီးတော့ လေ့ကျင့်ပြီး မကြာခင် ဗာဂျရာစိန်အရိုးကို ရအောင် သန့်စင်ရမယ်။ ပြီးရင် ငါ့ရဲ့သိုင်းပညာ ကျင့်ကြံမှုကို နောက်တစ်ဆင့်ကို တက်လှမ်းရမယ်.."
မုန့်ချုံက စိတ်ခွန်အားအပြည့်ဖြင့် သူ၏ ပြင်းထန်သည့် ကျင့်ကြံမှုကို ဆက်လက် လုပ်ဆောင်သည်။ ရှီအာလည်း ထိုကိစ္စကြောင့် စိတ်ပိုင်းဆိုင်ရာ လှုံ့ဆော်ခံလိုက်ရသကဲ့သို့ ရှိ၏။ သူ့ကိုယ်သူ ကျင့်ကြံခြင်းတွင် လုံးဝနှစ်မြုပ်သွားခဲ့သည်။
လီရွှမ်တစ်ယောက် ယွင်ရှန်းကောင်တီတွင် ဟိုဟိုဒီဒီ လမ်းလျှောက်ထွက်နေ၏။ ရုတ်တရက် အသံတစ်ခုကို ကြားလိုက်ရပြီး သူ၏ အာရုံကို ဖမ်းစားသွားသည်။
"လူငယ်.. မင်းမှာ ထူးကဲတဲ့ ပါရမီရှိတယ်။ ဒီတွေ့ဆုံမှုက ကံတရားကြောင့်ပဲ။ ငါ့မှာ သိုင်းပညာ လျှို့ဝှက်ကျမ်းတစ်ခုရှိတယ်။ ငါမင်းကို စျေးပေါပေါနဲ့ ရောင်းပေးမယ်.."
ထိုစကားလုံးများကား ကြားရတာ ရင်းနှီးပုံ ပေါ်ပါသည်။ လီရွှမ်သည် အသံလာရာနောက်သို့ လိုက်ကာ မုတ်ဆိတ်ဖြူနှင့် လူတစ်ယောက်ကို တွေ့လိုက်ရ၏။
ကြီးမားသည့် အင်္ကျီလက်များနှင့် ချောင်လည်သည့် ဝတ်စုံကို ဝတ်ဆင်ထားသည့် ထိုလူက ဝါကျင့်ကျင့်စာအုပ် တစ်အုပ်ကို ကိုင်ဆောင်ထားပြီး ချမ်းသာသည့် သခင်လေး တစ်ယောက်အား ပြောနေခြင်း ဖြစ်သည်။
"စီနီယာကို ကျွန်တော် ဆရာအဖြစ် တင်မြှောက်လိုပါတယ်..."
"မင်းရဲ့ပါရမီက ထူးကဲတယ်လို့ ဆိုနိုင်ပေမယ့် ငါ့ရဲ့မျက်လုံးထဲ အထိတော့ မဝင်နိုင်သေးဘူး.."
"တွေ့ဆုံခဲ့ကြတဲ့ ကံတရားရယ်.. မင်းရဲ့သိုင်းပညာအပေါ် ယုံကြည်ချက် ခိုင်မာမှုရယ်ကြောင့်သာ ငါမင်းကို သိုင်းပညာလျှို့ဝှက်ကျမ်း တစ်ခုကို ရောင်းပေးဖို့ စဉ်းစားခဲ့တာ.."
မုတ်ဆိတ်နှင့်လူမှာ အထက်တန်းကျစွာ ရှိနေပြီး ပုဂ္ဂိုလ်ကြီးတစ်ယောက်နှင့် တူနေပါတော့သည်။ ပြီးနောက် ထပ်ပေါင်းပြော၏။
"လမ်းစဉ်က.. အလွယ်တကူ လက်ဆင့်ကမ်းပေးလို့ မရဘူး။ လျှို့ဝှက်သိုင်းကျမ်းမှာ သူ့ရဲ့ကိုယ်ပိုင် တန်ဖိုးရှိတယ်.."
"ငါမင်းရဲ့ ပိုက်ဆံကို မလိုချင်ဘူး။ ဒါပေမယ့် ဒါက သိုင်းလောကရဲ့ စည်းမျဉ်း တစ်ခုပဲ။ လျှို့ဝှက်သိုင်းကျမ်းတစ်ခုကို ဒီအတိုင်း ပေးပစ်လိုက်လို့ မရဘူး.."
ချမ်းသာသည့် သခင်လေးက အနည်းငယ် နောင်တရကာ လမ်းပျောက်သွားပုံ ပေါ်၏။ သို့ပေမယ့် လျှင်မြန်စွာဖြင့် ပြန်လည် အားတက်လာခဲ့သည်။
တစ်ဖက်လူက သူ့ကိုတပည့်အဖြစ် လက်မခံခဲ့ပေမယ့် သိုင်းပညာလျှို့ဝှက်ကျမ်း တစ်ခုကို ရရှိနိုင်မည် ဖြစ်ရာ ဒီခရီးစဉ်က သူ့အတွက် အလွန် တန်သွားပါပြီ။
"ကျေးဇူးတင်ပါတယ် စီနီယာ.. ကျွန်တော်အခုပဲ ဒီလျှို့ဝှက်ကျမ်းကို ဝယ်ပါမယ်.."
"အင်း... တွေ့ဆုံမှုက ရေစက်ပဲ။ ငွေ၁၀၀လို့ပဲ သတ်မှတ်လိုက်မယ်.."
"ဒီမှာပါစီနီယာ.."
ချမ်းသာသည့် သခင်လေးက ငွေကို ပေးပြီးနောက် လျှိူ့ဝှက်ကျမ်းကို ဝမ်းမြောက်စွာ ယူလိုက်သည်။
"သေသေချာချာ လေ့လာပြီး ကြိုးကြိုးစားစား လေ့ကျင့်.."
မုတ်ဆိတ်ဖြူနှင့် လူကြီးက အားပေးမှုအချို့ကို ပြုလုပ်ပြီးနောက် နောက်သို့လှည့်ကာ ထွက်ခွာသွား၏။
ထိုနောက် နောက်ထပ်ချမ်းသာသည့် သခင်လေးတစ်ယောက်ဆီသို့ ချဥ်းကပ်သွားသည်။
"လူငယ်.. မင်းမှာ ထူးကဲတဲ့ ပါရမီရှိတယ်။ ငါ့ဆီမှာ သိုင်းပညာ လျို့ဝှက်ကျမ်းတစ်ခု ရှိတယ်..."
လီရွှမ် "..."
ဒီအယောင်ဆောင်သည် မည်သည့်နေရာမှ ရောက်လာခဲ့သနည်း။ ထို့အပြင် သူ့ကို ယုံကြည်သည့် လူများလည်း ရှိသေးသည်လား။ ဤသည်က အမှန်တကယ်ကို မယုံကြည်နိုင်စရာ ကောင်းလှပါသည်။
God Genzo: