အဆုံးမဲ့တောင်၏ ပြောင်းလဲမှုများ
Vol. 5 Ch. 69
လီရွှမ်သည် မြို့အတွင်းတွင် လှည့်လည်သွားလာပြီးနောက် ယွင်ရှန်းမြို့ငယ်သို့ ချမ်းသာသည့် မိသားစုမျိုးဆက်များ အများအပြား ရောက်ရှိလာမှုကို တွေ့လိုက်ရသည်။
သူတို့အားလုံးသည် တောင်ကြီးများဆီ၌ စွမ်းအားကြီး ဆရာသခင်ကို ရှာဖွေရန်အတွက် ရောက်လာကြခြင်း ဖြစ်ကြပြီး လက်ရှိအချိန်၌ ဒီမြို့ငယ်တွင် အနားယူနေကြခြင်း ဖြစ်သည်။
မယုံကြည်နိုင်စရာ ကောင်းလှသည်မှာ မုတ်ဆိတ်နှင့်လူကဲ့သို့ လူလိမ်များ တစ်ယောက်မက ရှိနေခြင်းဖြစ်သည်။
ပိုဆိုးသည်ကား အလိမ်ခံရသည့် အရူးများလည်း ဆက်လက်ရှိနေခြင်း ဖြစ်၏။
'ကောင်းကင်မိခင်ဂိုဏ်းက.. ဒီလူတွေက အချိန်ပိုင်း လူလိမ် အလုပ်ကိုလည်း လုပ်ကြတာလား..'
လီရွှမ်တစ်ယောက် ဝေဖန်ရန်အတွက်ပင် အားအင်တို့ ကုန်ခမ်းနေပြီ ဖြစ်၏။ ခုနက မုတ်ဆိတ်ဖြူနှင့် လူပဲဖြစ်ဖြစ်၊ အခြား လူလိမ်များပဲ ဖြစ်ဖြစ် သူတို့အားလုံးမှာ ကောင်းကင်မိခင်ဂိုဏ်းမှ အဖွဲ့ဝင်များ၏ စွမ်းအားကြီး ပုဂ္ဂိုလ်များအဖြစ် ဟန်ဆောင်ထားမှုများ ဖြစ်ကြသည်။
"အကိုရှီ.. ခင်ဗျား ပြန်တော့မလို့လား.."
"ဟုတ်တယ် အကိုထန်.. ငါတို့တွေ အခုတော့ ဒီမှာပဲလမ်းခွဲကြတာပေါ့.."
"...အကိုရှီ.. ခင်ဗျားသိုင်းပညာ လျှို့ဝှက်ကျမ်းတစ်ခုကိုများ ရခဲ့တာလား.."
"မင်းဘယ်လိုသိတာလဲ.."
"ကျွန်တော်လည်း သိုင်းပညာများ လျှို့ဝှက်ကျမ်းတစ်ခုကို ရခဲ့တယ်။ ဒါပေမယ့် ကြည့်ရတာ သိပ့်ပြီးတော့ ဟုတ်မယ်မထင်ဘူး..."
ချမ်းသာသည့် မိသားစုမျိုးဆက်များ အုပ်စုက ခဏတာ မှင်သက်သွားကြသည်။ သိုင်းပညာ လျှို့ဝှက်ကျမ်းသည် ဘယ်တုန်းက သာမန်ကုန်စည် ဖြစ်လာရသနည်း။ ဤသည်များမှာ အတုအယောင်များ ဖြစ်ပေလိမ့်မည်။
နှိုင်းယှဉ်ကြည့်ပြီးနောက် ထိုစာအုပ်များသည် ဒေါသထွက်စရာ ကောင်းလောက်အောင် သိုင်းလောကရှိ သိုင်းပညာ လျှို့ဝှက်ကျမ်းများထပ်ပင် သုံးစားမရကြောင်းအား ရှာတွေ့သွားကြသည်။
လူအုပ်က ဆူညံစွာဖြင့် စုစည်းလာကြပြီး ကောင်တီမြို့ငယ်၏ အုပ်ချုပ်သူ ရုံးဆီသို့ ဦးတည်သွားကြသည်။ လူလိမ်များကို ဖမ်းဆီးရန်အတွက် သွားရောက်တောင်းဆိုကြ၏။
လီရွှမ်အနေနှင့် လိုက်ကြည့်စရာ မလိုပေ။ ထိုသူဌေးသားများကို မြို့အုပ်ချုပ်သူက နုပ်နုပ်စင်းကာ အမွှေးရိပ်ပြီး အပြောင်ရှင်းမည် ဖြစ်ကြောင်းအား သူသိပါသည်။
ရွှီယန်၏ ထည်ဝါလှသည့် စွမ်းအားကို ထပ်မံ မြင်တွေ့မှုအပြီးတွင် ချီနိုင်ငံ၌ စွမ်းအားကြီး သိုင်းပညာရှင်အား ရှာဖွေသည့် ကိစ္စက တောက်လျှောက် မြင့်တက်လာခဲ့ပြန်သည်။
ထို့အပြင် ဤသည်မှာ တော်ဝင်မျိုးနွယ်များနှင့် အမှုထမ်းများ၏ မျိုးဆက်များသာ မဟုတ်တော့ပေ။ မြေအောက် သိုင်းလောကရှိ သိုင်းသမားများပါ ပါဝင်လာကြ၏။ သူတို့အားလုံးက ကိုယ်ပိုင် ကံကောင်းမှု တစ်ခုအား ကြုံတွေ့ရန် မျှော်လင့်မိကြသည်။
လီရွှမ်တစ်ယောက် အဆုံးမဲ့တောင်များကို စဉ်းစားမိ၏။ဖြစ်နိုင်သည်ကား ၎င်းကို ဖြတ်ကျော် ပြီးနောက် ဒီလောက၏ အစစ်အမှန် သဘောသဘာဝကို အမှန်တကယ် နားလည်နိုင်မည့်ပုံ ရှိသည်။
သို့ပေမယ့် ဤသည်များမှာ ခန့်မှန်းချက်သာ ဖြစ်ပါသည်။ မှန်ကန်သည်လား ဟူသည်မှာတော့ သေချာခြင်းမရှိသေးပေ။
'နည်းနည်းလောက် ထပ်ပြီး စောင့်တာပေါ့။ ရွှီယန် မူလအဆင့်ကို ဝင်ရောက်သွားပြီး မုန့်ချုံလည်း စတင်ခြင်းအဆင့်ကို ရောက်သွားပြီဆိုရင်.. သိုင်းပညာလက်ဆင့်ကမ်းမှုကို နည်းနည်းလောက် ပိုပြီးတော့ ဖြန့်ကျက်လို့ရတယ်..'
လီရွှမ်က စိတ်ထဲတွင် အစီအစဉ်တစ်ခုကို စဉ်းစားသည်။ သိုင်းပညာ ကျင့်စဉ်အား ဖြန့်ကျက်မှု မပြုခင်တွင် သူသည် အခြေအနေကို သေချာစွာ ထိန်းချုပ်နိုင်ရန် လိုအပ်ပါသည်။ အထိန်းအချုပ် ကင်းမဲ့သွားမည့် မည်သည့် အခြေအနေကိုမှ ဖြစ်ခွင့်ပြုမည် မဟုတ်ပေ။
ရွှီယန်က သူ၏ နီးကပ်သူများအား သိုင်းပညာကျင့်စဉ်ကို စတင်သင်ကြားပေးခဲ့ပြီးဖြစ်၏။ လအနည်းငယ်အတွင်းတွင် မည်သူများက သိုင်းပညာကို ကျင့်ကြံနိုင်ခြင်းမရှိဘဲ သိုင်းသမားတစ်ယောက် ဖြစ်လာမည့် ပါရမီတို့ မပါလာမည်ကို သိရှိနိုင်မည်ဟု ယုံကြည်ရသည်။
အဆုံးမဲ့တောင်ထဲတွင် လူပေါင်းရာချီသည့် အဖွဲ့တစ်ခုက ထူထဲသည့် တောအုပ်ကို ဖြတ်သန်းခရီးသွားပြီးနောက် သူတို့၏ စူးစမ်းရှာဖွေမှုကို ဆက်လက်လုပ်ဆောင်ကြ၏။
"ဒီလောကမှာ.. စွမ်းအားကြီးပုဂ္ဂိုလ်တွေ ရှိနေနိုင်မယ့်နေရာကို ပြောပါဆိုရင် ဒီအဆုံးမဲ့တောင်ပဲ ဖြစ်လိမ့်မယ်.."
စစ်မက်ရေးရာ အမတ်ကြီး၏ သားဖြစ်သူက ယုံကြည်ချက်အပြည့်ဖြင့် ခိုင်မာစွာပြော၏။
"အမှန်ပဲ.."
ယဉ်ကျေးမှု အမတ်ကြီး၏ သားဖြစ်သူက သဘောတူစွာ ခေါင်းငြိမ့်သည်။
သူတို့၏ ဒီခရီးစဉ်တွင် မြို့တော်ရှိ ထိပ်တန်းလူချမ်းသာမျိုးဆက်များ အုပ်စုလိုက် ပါလာခဲ့၏။ အားလုံးကလည်း ထောက်ခံစွာ ခေါင်းငြိမ့်ကြသည်။
အဆုံးမဲ့တောင်မှာ အမှန်တကယ်ကို အဆုံးမဲ့လှပေသည်။
တောင်၏ အဆုံးသတ်အား မည်သူမှ သိရှိခြင်းမရှိပေ။ မည်သူမှလည်း ဖြတ်ကျော်နိုင်ခြင်း မရှိပေ။ လောကကြီးတွင် စွမ်းအားကြီး ပုဂ္ဂိုလ်များသာ ရှိပါက သူတို့သည် အဆုံးမဲ့တောင်ထဲတွင် နေကြပေလိမ့်မည်။
သုံဟယ်စီရင်စုမှာ အဆုံးမဲ့တောင်နှင့် အနီးကပ်ဆုံးဖြစ်၏။ ဖြစ်နိုင်တာက ရွှီယန်လည်း အဆုံးမဲ့တောင်မှ စွမ်းအားကြီး ပုဂ္ဂိုလ်တစ်ယောက်နှင့် တွဲဆုံခဲ့၍လား မသိပေ။
ထိုလူစုသည် သားရေချပ်ဝတ်များ၊ အားကောင်းသည့်ဒူးလေးများ၊ ပိုးမွှားခြောက်လှန့်ခြင်း ပစ္စည်းများ၊ အဆိပ်ဖြေဆေးများ.. အစရှိသည် အားလုံးတို့ကို ပြည့်ပြည့်စုံစုံ ယူဆောင်လာခဲ့သည်။
အဖွဲ့အတွင်းရှိ သိုင်းသမားများမှာလည်း နာမည်ကျော် ပုဂ္ဂိုလ်များ ဖြစ်ကြ၏။ ထိုအထဲတွင် ထိပ်တန်းအဆင့် သိုင်းသမားများ အများအပြားပင် ပါဝင်ကြသည်။
အဆုံးမဲ့တောင်သည် သားရဲများ၏ ကျက်စားရာဖြစ်ပြီး အန္တရာယ်များပေမယ့် သူတို့၏ ခွန်အားနှင့် မည်သည့်သားရဲကိုမဆို အမဲလိုက် နိုင်ပါသည်။
ပိုးမွှားနှင့်မြွေ ခြောက်လန့်ခြင်း ပစ္စည်းများနှင့် သူတို့ကိုယ်သူတို့ မြွေကိုက်ခြင်းအန္တရာယ်မှ ကောင်းမွန်စွာ ကာကွယ်ထား၏။ အဆိပ်ရှိသည့် မြွေတစ်ကောင်၏ ကိုက်ခြင်းကို ခံရလျှင်လည်း အဆိပ်ဖြေဆေးများ ပါလာပါသည်။
ထိုအဆိပ်ဖြေဆေးများသည် မြေအောက်သိုင်းလောကတွင် ကျော်ကြားသည့် ဆေးများဖြစ်ကြပြီး ပိုးမွှားနှင့် မြွေကိုက်ခြင်းများကို ကုသရာ၌ အံ့သြစရာကောင်းသည့် အာနိသင်တို့ ရှိပါသည်။ ထို့အပြင် သားရေချပ်ဝတ်များအား ဝတ်ဆင်ထားရာ အကိုက်ခံရမည့်ပုံ မရှိကြပါ။
သူဌေးသားများကို အလယ်တွင် ကာကွယ်ထားပြီး အစောင့်များက ဝန်းရံကာ ရှေ့သို့တက်ကြ၏။ သူတို့၏ ခန္ဓာကိုယ်များတွင် အနံ့စူးရှသည့် ဆေးများကို လိမ်းကြံထားကာ ရှည်လျားသည့် တုတ်ချောင်းများဖြင့် အဆူးများ၊ အပင်များကို ရိုက်ပုတ်ခြောက်လှန့်ပြီး မြွေနှင့်ပိုးမွှားများကို မောင်းထုတ်ကြသည်။
အချို့လူများက ဒူးလေးများကို ကိုင်ဆောင်ထားကြပြီး သတိမပြတ်ဖြင့် ရှိနေကြ၏။ အန္တရာယ်၏ မြင့်တက်လာမှုကို သတိထားမိသည်နှင့် ချက်ချင်းပင် တိုက်ခိုက်ရန် အဆင်သင့် ဖြစ်နေပါသည်။
ညအချိန်၌ လူအုပ်စုက နေရာတစ်ခုကို ရှာဖွေပြီးနောက် အနားယူမှု ပြုကြ၏။ နောက်တစ်နေ့တွင် သူတို့က ရှေ့သို့ ဆက်လက် တက်ခဲ့ကြသည်။
မြင့်မားသည့် တောင်များ၊ ထူထဲသည့် တောများဆီသို့ တမင် သွားရောက် ရှာဖွေကြပြီး စွမ်းအားကြီး ပုဂ္ဂိုလ်များ ထိုနေရာတွင် နေလောက်ကြမည်ဟု ယုံကြည်ထားကြသည်။
အဆုံးမဲ့တောင်၏ နက်ရှိုင်းသည့် နေရာတစ်ခုတွင်.. ကြောက်စရာကောင်းသည့် အော်သံတစ်ခုက ပဲ့တင်ထပ်လာခဲ့၏။ ပြီးနောက် တိတ်ဆိတ်သွားလေသည်။
ကြီးမားသည့် မီးတောက်လည်ဆံမွှေး ဝံပုလွေကြီးက မြေပြင်ပေါ်သို့ လဲကျသွား၏။ မီးခိုးရောင်ဝတ်စုံနှင့် ပုံရိပ်တစ်ခုက ဝံပုလွေ၏ လည်ပင်းကိုဖက်ကာ သွေးများကို စုပ်ယူနေပါသည်။
ဒီနေရာတွင် ရွှီယန်သာရှိပါက အံ့သြစရာ ကောင်းလောက်အောင် ဒီမီးတောက်လည်ဆံမွှေး ဝံပုလွေမှာ မကောင်းဆိုးဝါးတောအုပ်၌ သူသတ်ဖြတ်ခဲ့သည့် ဝံပုလွေထက် ၂ဆလောက် ရှိကြောင်းကို ရှာဖွေတွေ့ရှိသွားမှာပါ။
ထိုကဲ့သို့သော စွမ်းအားကြီး မီးတောက်ဝံပုလွေသည် ယခုအချိန်၌ အသက်ဓာတ်တို့ ကင်းမဲ့ခဲ့ပါပြီ။
"အဟွတ် အဟွတ်..."
မီးခိုးရောင်ဝတ်စုံနှင့်လူက ချောင်းများကို ဆက်တိုက်ဆိုးသည်။ ဦးခေါင်းကို မော့လိုက်ချိန်၌ သူ၏ပါးစပ်၌ ပေစွန်းနေသည့် သွေးများကို တွေ့ရ၏။ ချောင်းဆိုးမှုတစ်ခုတိုင်းတွင် သွေးစက်များက ပါးစပ်ထောင့်မှ ကျဆင်းလာခဲ့သည်။
"သားရဲသွေးက မသန့်ဘူး... ငါ့ရဲ့ဒဏ်ရာတွေကို ယာယီဖိနှိပ့်ထားနိုင်ရုံပဲ တတ်နိုင်လိမ့်မယ်.."
ဖြူရော်နေသည့် မီးခိုးရောင်ဝတ်စုံနှင့် လူကြီး၏မျက်နှာက သွေးရောင်တို့ အနည်းငယ် ပြန်လွှမ်းလာခဲ့၏။ သို့ပေမယ့် ၎င်းတို့သည် လျှင်မြန်စွာ ပြန်လည်ပျောက်ကွယ်သွားသည်။ သူ၏မျက်နှာက ဖြူရော်သည့် အခြေအနေသို့ ပြန်လည်ရောက်ရှိ သွား၏။
သူ၏မျက်လုံးများက အေးစက်သည့် အလင်းရောင်တစ်ခု ထုတ်လွှတ်နေပြီး ထွက်ခွာလာခဲ့သည့် လားရာဆီသို့ ရက်စက်ကြမ်းကြုတ်စွာ လှည့်ကြည့်သည်။
"မင်းတို့ကောင်တွေ.. ငါရွှယ့်ဝူရှင်းကို မသတ်နိုင်ခဲ့ရင် စောင့်နေကြ... အတွင်းပိုင်းနယ်မြေကို ငါပြန်လာတဲ့အချိန်ကျရင် မင်းတို့ရဲ့ အိပ်မက်ဆိုးက စတင်လိမ့်မယ်.."
ရွှယ့်ဝူရှင်းက ပြော၏။ ပြီးနောက် ရှေ့သို့ဆက်လက်ကြည့်သည်။
"သံတံတိုင်းတောင်ကို ဖြတ်ပြီးရင် နယ်စပ်ဒေသကို ငါရောက်နိုင်ပြီ။ ငါနယ်စပ်ဒေသကို ထွက်ပြေးသွားမယ်လို့ မင်းတို့တွေ ဘယ်တုန်းကမှ တွေးမိမှာ မဟုတ်ဘူးမှတ်လား.."
'နယ်စပ်ဒေသမှာ.. ကောင်းကင်နဲ့ ကမ္ဘာမြေကြီးရဲ့ လင်းကျီက ပျောက်ကွယ်သွားပြီးပြီ။ စွမ်းအင်ကို အာရုံခံပြီး သန့်စင်ဖို့အတွက် မဖြစ်နိုင်ဘူး..'
'ပြီးတော့.. အဲ့ဒီ့က ကြောက်စရာကောင်းအောင် ကြမ်းတမ်းတဲ့ စိတ်ဝိဉာဉ်စွမ်းအင်ကို စုပ်ယူပြီး ကျင့်ကြံမှု မပြုနိုင်ဘူး။ မင်းတို့အတွက် အဲ့ဒီနေရာက စွန့်ပစ်နယ်မြေတစ်ခုပဲ..'
'တကယ်လို့ သာမန်လူတစ်ယောက်သာ ဒဏ်ရာရပြီး နယ်စပ်ဒေသကို ထွက်ပြေးရရင် ဒဏ်ရာတွေကို ပြန်ပြီးတော့ မကုနိုင်ရုံတင်မကဘူး ပိုပိုဆိုးလာပြီး သေဆုံးသွားရရုံပဲရှိမှာ..'
'ဒါပေမယ့် ငါရွှယ့်ဝူရှင်းက ဒဏ်ရာတွေ ပြန်ကောင်းပြီး ခွန်အားကို မြှင့်တင်ဖို့အတွက် သွေးအဆီအနှစ်ကို ဝါးမျိုပြီး သန့်စင်ဖို့ပဲ လိုအပ်တယ်..'
ရွှယ့်ဝူရှင်း၏ မျက်လုံးများ၌ ကြမ်းကြုတ်သည့် အငွေ့အသက်တို့ ဖြတ်သန်းသွားသည်။ စိတ်လှုပ်ရှားမှုနှင့် သွေးဆာမှုတို့လည်း ပါဝင်နေ၏။
'နယ်စပ်ဒေသမှာ ဘာသိုင်းသမားမှ မရှိဘူး။ အဲ့ဒီမှာ သူတို့အတွက် သိုင်းပညာကျင့်စဉ်ကို ကျင့်ကြံဖို့ မဖြစ်နိုင်ဘူး..'
'ဒါ့ကြောင့် ဘယ်လောက်သန်မာတဲ့ လူပဲဖြစ်ဖြစ် အဆင့်၇ကို ကျော်လွန်နိုင်မှာ မဟုတ်ဘူး။ သူတို့ရဲ့ သွေးအဆီအနှစ်က အနည်းငယ် နိမ့်ကျမှာဖြစ်ပေမယ့် အရေအတွက်ကတော့ အရမ်းကိုများနေမှာ..'
'လူပေါင်း၁၀၀၀၀၊ လူပေါင်း၁၀၀၀၀၀၊ လူပေါင်းမီလီယံချီကို ဝါးမျိုပြီးရင်... သူတို့က သာမန်လူတွေ ဖြစ်နေရင်တောင် ငါ့ရဲ့ ဒဏ်ရာတွေကို ပြန်ကောင်းလာနိုင်ရုံတင်မကဘူး.. အဆင့်ချိုးဖျက်မှုတောင် ဖြစ်စေနိုင်မှာ..'
ရွှယ့်ဝူရှင်း၏ မျက်နှာပေါ်၌ စိတ်လှုပ်ရှားသည့် အကြည့်တစ်ခု ပေါ်လာခဲ့၏။ သူက နယ်စပ်ဒေသသို့ ရောက်ရှိပြီးပါက ပြိုင်ဘက်ကင်းသည့် တည်ရှိမှုတစ်ခု ဖြစ်နေမှာပါ။
ထိုဒေသရှိ လူများအတွက် သူ၏ စွမ်းအားတို့သည် နတ်ဘုရားတစ်ပါးကဲ့သို့ ရှိနေမှာ ဖြစ်၏။ ဆက်တိုက် သတ်ဖြတ်ခြင်းအား မည်သူက တားဆီးနိုင်မည်နည်း။
လာသမျှလူတွေကို သတ်ဖြတ်ပြီး ထိုလူများ၏ သွေးနှင့် သွေးစတေးမှု ပြုလုပ်ကာ ပိုမိုသန်မာလာမည် ဖြစ်သည်။
အတွင်းဘက် နယ်မြေတွင်တော့ သူ့အနေနှင့် ထိုကဲ့သို့ လုပ်ဆောင်နိုင်ခြင်း မရှိပေ။ အစုလိုက်သတ်ဖြတ်မှု တစ်ခုကို စတင်လိုက်သည်နှင့် အလွယ်တကူ ပစ်မှတ်ထားခံရပြီး လိုက်လံ သတ်ဖြတ်ခြင်းအား ခံရ၏။
ဒီတစ်ကြိမ်တွင်လည်း သူသည် သိုင်းသမား၁၀ယောက်ကျော်လေးကိုသာ သတ်ဖြတ်ရသေး၏။ သို့ပေမယ့် ဝိုင်းဝန်း သတ်ဖြတ်ခြင်းကို ခံရပြီး အသက်ဆုံးရှုံးလုနီးပါး ဖြစ်သွားခဲ့၏။
'စွန့်ပစ်ဒေသက.. ငါရွှယ့်ဝူရှင်း မြင့်တက်မဲ့ နေရာတစ်ခုပဲ..'
ရွှယ့်ဝူရှင်း၏ မျက်လုံးများက ရူးသွပ်နေ၏။ စွန့်ပစ်ဒေသတွင် လူပေါင်းမည်မျှတို့ ရှိနေမည်နည်း။ လူဦးရေ သန်းပေါင်း ရာဂဏာန်းအချို့လောက် ရှိနေလောက်ပါသည်။
သူ့အနေနှင့် ထိုအရေအတွက်၏ ဆယ်ပုံတစ်ပုံလောက်ကိုသာ ဝါးမျိုကာ သွေးစတေးမှုနှင့် စစ်ဘုရင်အဆင့်သို့ ချိုးဖျက်နိုင်မည် ဖြစ်သည်။ စစ်ဘုရင်အဆင့်သို့ ချိုးဖျက်ပြီးပါက အတွင်းဘက်နယ်မြေသို့ ပြန်ကာ သူ၏ လက်စားချေမှုကို စတင်နိုင်ပေတော့မည်။
'စွန့်ပစ်ဒေသမှာ ကောင်းကင်နဲ့ ကမ္ဘာမြေကြီးရဲ့ လင်းကျီတို့ လွင့်ပါးသွားပေမယ့်.. ငါ့အနေနဲ့ သွေးအဆီအနှစ်ကို ဝါးမျိုပြီး ကိုယ့်ကိုယ်ကို ခွန်အားမြှင့်တင်လို့ ရသေးတယ်။ အားနည်းချက်က သိသာပေမယ့် အဲ့ဒါက ကိစ္စမရှိတော့ဘူး..'
သူ၏ နှလုံးသားထဲတွင် အစီအစဉ်တစ်ခုကို စဉ်းစားပြီးဖြစ်၏။ သူက လူတစ်စုကိုမွေးကာ သူတို့ကို သတ်ဖြတ်မှုများ ပြုခိုင်းပြီး သွေးစတေးမှု လုပ်ခိုင်းပေမည်။ ပြီးနောက် ထိုလူများ ပိုမိုသန်မာလာမည် ဖြစ်၏။
ထိုအခါ သူက ထိုလူများကို ဝါးမျိုမည် ဖြစ်သည်။ ဤနည်းအားဖြင့် ပိုမို အရည်အသွေးမြင့်မားသည့် သွေးအဆီအနှစ်ကို ရရှိနိုင်မှာပါ။ ထို့အပြင် ဤသည်မှာ သူကိုယ်တိုင် လုပ်ဆောင်နေစရာ မလိုပေ။ လူတိုင်းက ပိုမိုသန်မာလိုကြ၏။
'စွန့်ပစ်နယ်မြေမှာ ငါက နတ်ဘုရားတစ်ပါးပဲ။ သူတို့အားလုံးက ငါ့ရဲ့သစ္စာရှိ ကိုးကွယ်သူတွေ ဖြစ်လာလိမ့်မယ်။ ငါ့နောက်ကို လိုက်ပြီး အတွင်းဘက်နယ်မြေကို ပြန်နိုင်ကြလိမ့်မယ်..'
သူက စဉ်းစားလေလေ ပိုမို စိတ်လှုပ်ရှားလာလေ ဖြစ်လာခဲ့၏။ သူ့ကိုယ်သူ နောက်လိုက်တစ်စုကို ဦးဆောင်ပြီး အတွင်းဘက်နယ်မြေသို့ ပြန်ကာ မြင်မြင်သမျှ လူအားလုံးအား ပြန်လည် သတ်ဖြတ်မည့် မြင်ကွင်းတို့ကို မြင်ယောင်လာသည့်နှယ် ရှိလာခဲ့သည်။
"အဟမ်း.."
အလွန် စိတ်လှုပ်ရှားလာပြီး ရုတ်တရက် စတင်ချောင်းဆိုး၏။ သူ၏မျက်နှာက ပိုမိုကာ ဖြူရော်လာခဲ့သည်။
'မဟုတ်ဘူး... သားရဲသွေးက အသုံးမဝင် ဖြစ်လွန်းတယ်။ ငါလူသားသွေးကို ဝါးမြိုရမယ်..'
ရွှယ့်ဝူရှင်းက ခေါင်းကိုမော့ကာ ရှေ့သို့ လှမ်းမျှော်ကြည့်သည်။ သူ၏မျက်လုံးများက သွေးလွှမ်းလာခဲ့၏။
ခန္ဓာကိုယ်က လှုပ်ရှားမှုတစ်ချက်နှင့် လေထဲသို့ မြင့်တက်သွားပြီး သံတံတိုင်းတောင်၏ အပြင်ဘက်သို့ ဦးတည်သွားသည်။
စွမ်းအားကြီး ဆရာသခင်အား ရှာဖွေနေသည့် အဖွဲ့သည် မိုင်ပေါင်း၅၀၀ အကွာသို့ပင် ရှေ့တက်လာခဲ့၏။ သို့ပေမယ့် ရှာတွေ့နိုင်ခြင်း မရှိသေးပေ။
ဒီအချိန်အတွင်းတွင် သူတို့သည် ကျားတစ်ကောင်ကို ကြုံတွေ့ခဲ့ရ၏။ ပစ်ခတ်သတ်ဖြတ်ပြီးနောက် စားသောက်ခဲ့ကြသည်။
"ကြည့်လိုက်... ရှေ့မှာ မက်ဆောက်တဲ့ တောင်ထွဋ်တွေနဲ့ တောင်ကြီးတစ်လုံး ရှိတယ်.."
"ဖြစ်နိုင်တာက... အဲ့ဒီနေရာမှာ စွမ်းအားကြီး ဆရာသခင်တစ်ယောက် တစ်သီးတစ်သန့် နေထိုင်နေတာ ဖြစ်လောက်တယ်။ ငါတို့တွေရဲ့ နောက်ထပ် ဦးတည်ရာက အဲ့ဒီတောင်ပဲ.."
စစ်မက်ရေးရာ အမတ်ကြီး၏ သားဖြစ်သူက ရှေ့ရှိတောင်ကြီးတစ်ခုကို ညွှန်ပြကာ ပြော၏။ တောင်က လှမ်းမြင်နိုင်ခြင်း ရှိပေမယ့် အကွာအဝေးက နီးကပ်ခြင်းမရှိပါ။
ထူထဲသည့် တောတောင်များကို ဖြတ်သန်းရန်အတွက် တစ်နေ့နှင့်တစ်ည ကြာပြီးမှ သူတို့အားလုံး နောက်ဆုံးတွင် တောင်ခြေကို ရောက်နိုင်ကြ၏။
"ငါတို့တွေ ဘယ်လိုမျိုး တက်ကြမလဲ.."
တောင်က မက်ဆောက်လွန်းကာ အန္တရာယ်များလှသည်။ ကြည့်လိုက်သည်နှင့် မလွယ်ကူတာ သိသာ၏။
အထူး ကိုယ်ဖော့သိုင်းပညာကို တတ်မြောက်ထားသည့် သိုင်းသမားအချို့က သွားရှာပေးလိုကြောင်းအား ရှေ့တက်ကာပြောသည်။
သူတို့က ခဏတာ တက်သွားပြီးနောက် မည်သည့်စွမ်းအားကြီး ပုဂ္ဂိုလ်ကိုမှ ရှာတွေ့ခြင်းမရှိဘဲ ပြန်လာခဲ့ရ၏။ လူအုပ်စုသည် စိတ်ပျက်စွာ ခံစားလိုက်ရသည်။ သို့ရာတွင် လျှင်မြန်စွာဖြင့် အားပြန်တက်လာပြီး ဆက်လက်ရှေ့ဆက်ခဲ့ကြ၏။
"ခဏလောက် အနားယူရအောင်.."
"ဟိုခွေးကောင်ရွှီယန် စွမ်းအားကြီး ပုဂ္ဂိုလ်ကြီးကို ဘယ်ကနေ ရှာတွေ့ခဲ့တာပါလိမ့်.."
"ချီး.. စောက်ကောင်.."
လူတစ်စုသည် ကျယ်ပြောသည့် တောင်စောင်း မြေနေရာတစ်ခုတွင် ထိုင်လိုက်ကြ၏။
"စီနီယာ.. ကျေးဇူးပြုပြီး ကျွန်တော့်ရဲ့ ဦးချမှုကိုလက်ခံပေးပါ.."
ရုတ်တရက် တစ်ယောက်ယောက်က ဒူးထောက်ကျသွားပြီး စိတ်လှုပ်ရှားစွာနှင့် ကျယ်လောင်စွာ အော်၏။
ကျန်ရှိသည့် လူများလည်း လှည့်ကြည့်လိုက်ပြီးနောက် ပျံသန်းနေသည့် ပုံရိပ်တစ်ခု သူတို့ဆီသို့ ချဉ်းကပ်လာကြောင်းကို တွေ့လိုက်ရသည်။
ထိုပုဂ္ဂိုလ်၏ ပျံသန်းမှုက တည်မြဲမှု မရှိသည့်ပုံပါ။ သို့ပေမယ့် လေထဲတွင် လွတ်လွတ်လပ်လပ်နှင့် အထိန်းအကွပ်ကင်းမဲ့စွာ ပျံသန်းနိုင်၏။
"စွမ်းအားကြီး ပုဂ္ဂိုလ်တစ်ယောက်ပဲ.."
သူတို့သည် နောက်ဆုံးတွင် စွမ်းအားကြီးပုဂ္ဂိုလ်နှင့် တွေ့ဆုံခဲ့ရလေပြီ။
လူစုက စိတ်လှုပ်ရှားမှုတို့ မြင့်တက်လာခဲ့၏။ လောကကြီးတွင် ပျံသန်းနိုင်သူသည် စွမ်းအားကြီးပုဂ္ဂိုလ်၊ စွမ်းအားကြီး သိုင်းသမားတစ်ဦး မဟုတ်လို့ မည်သူဖြစ်မည်နည်း။
"ကျွန်တော်တို့တွေ စွမ်းအားကြီး ဆရာသခင်ကြီးကို တွေ့ဆုံပါတယ်.."
"စီနီယာ.. ကျွန်တော်က ချီနိုင်ငံရဲ့ စစ်မက်ရေးရာ အမတ်ကြီးရဲ့သားပါ။ ကျွန်တော့်ကို တပည့်အဖြစ် လက်ခံပေးဖို့ တောင်းဆိုပါတယ်.."
လူထုက စိတ်လှုပ်ရှားစွာနှင့် အရူးအမူး ဖြစ်သွားကြ၏။
ဒဏ်ရာပြင်းထန်နေသည့် ရွှယ့်ဝူရှင်းက တုန်ရီနေပြီး လေထဲတွင် ထိန်းချုပ်နိုင်ခြင်း သိပ့်မရှိတော့ရာ နေရာတစ်ခုကို ရှာဖွေကာ အနားယူပြီး ဒဏ်ရာကုသတော့မှာပါ။
ရုတ်တရက် ခေါ်သံများကို ကြားလိုက်ရပြီးနောက် ချက်ချင်းပင် အားတက်သရော ဖြစ်သွားခဲ့၏။
"သံတံတိုင်းတောင်ထဲမှာ လူတွေရှိနေတာလား။ မနည်းဘူးပဲ.."
သူ၏မျက်လုံးများက စိတ်လှုပ်ရှားမှုတို့ဖြင့် လင်းလက်လာပြီး သွေးဆာလာခဲ့၏။ ရှေ့တွင် လူအုပ်စုတစ်ခုက ဒူးထောက်ကာ အော်ဟစ်နေကြပါသည်။ အနည်းဆုံး လူ၁၀၀လောက်ရှိ၏။
"အများစုက အဆင့်၉သိုင်းသမားတွေပဲ။ အဆင့်၈သိုင်းသမား အနည်းငယ်လည်း ပါဝင်ကြတယ်။ သူတို့ထဲမှာ အသန်မာဆုံးက အဆင့်၇နီးပါး ရှိနေပြီ.."
"ဒီလူတွေက.. နယ်စပ်ဒေသက အထူးချွန်ဆုံး သိုင်းသမားတွေလား.."
"ဒီလူငယ်တွေကတော့ ကြည့်ရတာ သာမာန်ပဲ။ ဒါပေမယ့် သူတို့က ငယ်ရွယ်တယ်။ ဒါကြောင့် သွေးက အရသာပိုရှိလောက်မှာ.."
တစ်ချက် ကြည့်လိုက်သည်နှင့် သူက ရှေ့ရှိလူအုပ်စု၏ စွမ်းရည်များကို တွေ့မြင်နိုင်ပါသည်။
"စစ်မက်ရေးရာ အမတ်ကြီးရဲ့သားလား။ သူ့ရဲ့နောက်ခံက သာမန်မဟုတ်ဘူးပဲ။ ဒီလောက်များတဲ့ အစောင့်တွေက သူ့ကို ကာကွယ်ထားတာ အံ့သြစရာ မရှိဘူး။ ဒီစွန့်ပစ်ဒေသက လူတွေက ငါ့ကိုတကယ်ပဲ နတ်ဘုရားတစ်ပါးလို့ ထင်နေကြတာပဲ.."
သူ၏ မျက်နှာပေါ်၌ အပြုံးတစ်ခု ပေါ်လာခဲ့သည်။အနားယူရန်အတွက် နေရာကို ဆက်လက်ရှာဖွေစရာ မလိုတော့ပေ။ ဒီလူများ၏ သွေးကို ဝါးမြိုပြီးပါက သူ၏ ဒဏ်ရာအချို့တို့ ပြန်လည်ကောင်းမွန်လာမှာဖြစ်၏။
အားပါးတရ ရယ်မောပြီးနောက် ဝမ်းမြောက်စွာဖြင့် ရှေ့သို့တစ်ခါတည်း ပျံသန်းသွားသည်။
တောင်စောင်းပေါ်ရှိ လူစုက ရယ်သံကို ကြားရပြီးနောက် ပိုမိုကာပင် စိတ်လှုပ်ရှားလာခဲ့၏။ ကြည့်ရတာ ထိုပုဂ္ဂိုလ်ကြီးသည် ဝမ်းသာသွားသည့် ပုံရှိ၏။
ဖြစ်နိုင်တာက သူတို့တွင် တပည့်ခံနိုင်ရန်အတွက် အမှန်တကယ် အခွင့်အရေးတို့ ရှိနေသည်လား။
"ကျွန်တော်တို့တွေ အကြီးအကဲ ဆရာကြီးကို ဂါရဝပြုပါတယ်.."
မြင့်မြတ်သည့် မိသားစု မျိုးဆက်များသာမက သူတို့၏ အစောင့်များအားလုံးလည်း လေးစားစွာ ဦးချသည်။
စိတ်လှုပ်ရှားမှုတို့ဖြင့် ပြည့်နှက်နေ၏။
"ကောင်းတယ်။ အရမ်းကောင်းတယ်။ မင်းတို့တွေက အချိန်ကိုက် ရောက်လာတာပဲ.."
သူက ရွှင်မြူးသည့် စိတ်ဖြင့် ပြော၏။
တောင်စောင်းရှိ လူတိုင်းက ပျော်သွားကြသည်။ တစ်ဖက်ရှိ ပုဂ္ဂိုလ်ကြီးက သူတို့ကို အချိန်ကိုက်ရောက်လာခဲ့သည်ဟု ဆို၏။ ဆိုလိုသည်ကား ကံပါလာသည်ဟု ဖြစ်ပေလိမ့်မည်။
နောက်ဆုံးတွင် စစ်မှန်သည့် သိုင်းသမားတစ်ယောက် ဖြစ်လာမည့် အခွင့်အရေးက မျက်စိရှေ့သို့ ရောက်လာခဲ့ပါပြီ။
"ဘုန်း.."
ရုတ်တရက် အေးစက်သည့် စွမ်းအင်တစ်ခုက လူတိုင်းကို လွှမ်းခြုံသွား၏။ အားလုံးက မနေနိုင်ဘဲ တုန်ယင်လာကြသည်။ ခေါင်းမော့ကြည့်ပြီးနောက် ကြောက်စရာကောင်းသည့် မြင်ကွင်းတစ်ခုကို တွေ့လိုက်ရ၏။
ထိုပုဂ္ဂိုလ်ကြီးသည် သေးငယ်ကာ အေးစက်သည့် ပင့်ကူမျှင်ကဲ့သို့ အမျှင်များဖြင့် ဝန်းရံနေပြီး မျက်စိတစ်မှိတ်အတွင်းတွင် ထိုအမျှင်ကြောင်းများက သူတို့ဆီသို့ ပျံသန်းလာခဲ့သည်။
ရင်ဘက်များ၌ စူးရှသည့် နာကျင်မှုတစ်ခုကို ခံစားလိုက်ရပြီး ခေါင်းငုံ့ကြည့်ပြီးနောက် အမျှင်တစ်ခုစီတို့ သူ တို့၏ ရင်ဘက်များ အတွင်းသို့ စိုက်ဝင်နေကြောင်းအား တွေ့လိုက်ရသည်။
ထိုအမျှင်များမှ တစ်ဆင့် သူတို့ဆီမှ သွေးများက ထိုပုဂ္ဂိုလ်ကြီးဆီသို့ စီဆင်းသွားခဲ့၏။ ခန္ဓာကိုယ်များက အားနည်းလာပြီး မြင်ကွင်းတို့ မဲမှောင်လာခဲ့သည်။
ခန္ဓာကိုယ်ရှိသွေးများ ခမ်းခြောက်လာမှုကို ခံစားနိုင်လုနီးပါး ရှိနေ၏။
"အားးးကယ်ကြပါဦး.."
"အကြီးအကဲ ကျွန်တော့်ကိုချမ်းသာပေးပါ.."
"နတ်ဆိုး...သူက နတ်ဆိုးတစ်ကောင်ပဲ.."
ထိပ်တန်းသိုင်းသမားများက အော်ဟစ်ကြ၏။ သို့ပေမယ့် သူတို့သည် ခုခံရန်အတွက် စွမ်းအားမဲ့နေကြသည်။
အကူအညီမဲ့စွာဖြင့် သွေးများ ခမ်းခြောက်သွားခြင်းကိုသာ ကြည့်နေရ၏။
သူတို့၏ နှလုံးသားက ဆက်တိုက်နာကျင်နေပြီး ခန္ဓာကိုယ်များက တုန်ယင်လာခဲ့သည်။ အသိစိတ်တို့ တဖြည်းဖြည်းနှင့် အဝေးသို့ ပျောက်ကွယ်သွားခဲ့၏။
God Genzo: