← Chapters

ခြောက်သွေ့နေသော အလောင်းများ

Vol. 5 Ch. 70

ခြောက်သွေ့နေသော အလောင်းများ

Vol. 5 Ch. 70

"ဂစ်.."

ရွှယ့်ဝူရှင်း၏ ကိုယ်တွင်းပိုင်းမှ ပဲ့တင်ထပ်သံတစ်ခု ပေါ်လာ၏။ သူက အားပါးတရ စားပွဲတစ်ခုကို စားသုံးပြီး၍ လေတပ်လိုက်သည့်ပုံ ရှိသည်။

ဖြူရော်နေသော မျက်နှာက အနည်းငယ် သွေးရောင်လွှမ်းလာ၏။ မရေမတွက်နိုင်သည့် ခန္ဓာကိုယ်များမှ  ပင့်ကူမျှင်သဖွယ် အမျှင်များက သူ့ဆီသို့ ပြန်လာခဲ့သည်။

အေးစက်စိုထိုင်းသော အငွေ့အသက် တစ်ခုက သူ့ကိုလွှမ်းခြုံနေပြီး သူ၏ သွေးလွှမ်းနေသည့် အသားအရည်က ထပ်မံ ဖြူရော်သွားပြန်၏။

'စွန့်ပစ်ဒေသက လူတွေရဲ့သွေးက ညစ်ညမ်းလွန်းတယ်။ သန့်စင်ပြီးတော့ အညစ်အကြေးတွေကို ရှင်းထုတ်ဖို့ လိုအပ်သေးတယ်..'

'ဒါပေမယ့် လူများစွာရဲ့ သွေးအဆီအနှစ်ကို စုပ်ယူပြီးတဲ့နောက်မှာ သန့်စင်ပြီးရင် ငါ့ရဲ့ဒဏ်ရာတွေလည်း တစ်ဝက်လောက် ပြန်ကောင်းသွားလောက်တယ်..'

ရွှယ့်ဝူရှင်းက ကိုယ့်ကိုယ်ကို ရေရွတ်၏။ သူက အဆုံးမဲ့တောင်များ၏ အလွန်ကို ကြည့်လိုက်သည်။ မျက်လုံးများက စိတ်လှုပ်ရှားမှုတို့ဖြင့် လင်းလက်လာခဲ့၏။

စွန့်ပစ်ဒေသသည် သူ၏စွမ်းအားတို့ မြင့်တက်လာမည့်နေရာတစ်ခု ဖြစ်ပေလိမ့်မည်။

'သွေးအဆီအနှစ်ကို သန့်စင်ဖို့အတွက် နေရာတစ်ခုကို ရှာဖွေဖို့ ငါလိုအပ်တယ်။ ငါ့ရဲ့ ဒဏ်ရာတွေကိုလည်း ကုသရမယ်..'

'ခွန်အားသာ ပြန်ရလာခဲ့ရင် သွေးစတေးမှုတွေ ပြုလုပ်ပြီး သွေးအဆီအနှစ်ကို သန့်စင်ကျင့်ကြံရမယ်..'

"ဟား ဟား ဟား.. ငါ့ရဲ့လက်စားချေမှုကို စောင့်နေလိုက်။ မင်းတို့အားလုံး.."

ဝူရှင်းက မြင့်မားတတ်ကြွသည့် စိတ်အခြေအနေနှင့် လေထဲသို့ မြင့်တက်သွားပြီး မျက်စိတမှိတ် အတွင်းတွင် ကောင်းကင်၌ ပျောက်ကွယ်သွားသည်။ တောင်စောင်းပေါ်တွင် ရှုံ့တွနေသည့် အလောင်း ၁၀၀ကျော်တို့သာ ကျန်ရစ်ခဲ့၏။

ထိုရှုံ့တွနေသည့် မျက်နှာများ၌ ကြောက်ရွံ့နေသည့် အသွင်အပြင်ကို ရေးတေးတေး တွေ့မြင်နိုင်ပါသည်။

စွမ်းအားကြီး ဆရာသခင်ကို ရှာဖွေသည့် အရူးရောဂါက ချီနိုင်ငံကို ဖြတ်သန်းသွား၏။ ထို့ကြောင့် အဆုံးမဲ့တောင်များဆီသို့ လာရှာသည့် လူများမှာ စစ်မက်ရေးရာ အမတ်ကြီးနှင့် သူ၏လူစုသာ မဟုတ်ပါ။

အဆုံးမဲ့တောင်များသည် အန္တရာယ်များဖြင့် ပြည့်နက်နေ၏။ ထို့ကြောင့် လိုက်လံ ရှာဖွေသူများက အုပ်စုလိုက်  ခရီးသွားကြသည်။ ဦးဆောင်လမ်းပြမည့် အစောင့်များ သို့မဟုတ် သိုင်းသမားများကို ခေါ်ယူကာ တောတောင်အတွင်းသို့ အတူတူ ဝင်ရောက်ကြ၏။

ထိုနေ့တွင် စွမ်းအားကြီး ဆရာသခင်အား ရှာဖွေနေသည့် အဖွဲ့တစ်ခု ထိုတောင်ခြေသို့ ရောက်ရှိလာခဲ့၏။

"အပေါ်ကိုတက်ပြီး အနားယူရအောင်.. တံခါးပိတ် ကျင့်ကြံနေတဲ့ ပုဂ္ဂိုလ်တွေကို ဘယ်တော့များမှ ရှာတွေ့မလဲမသိဘူး.."

"ရွှီယန်က ဘာလို့ဒီလောက်တောင် ကံကောင်းရတာလဲ။ သူကျ ဆရာသခင်တစ်ယောက်ကို ရှာတွေ့နိုင်ခဲ့တယ်.."

"အားမပျက်နဲ့။ စွမ်းအားကြီး ပုဂ္ဂိုလ်ကို ရှာဖွေဖို့ဆိုတာ ဘယ်လွယ်ကူမှာလဲ။ ရွှီယန်ဆိုရင် နှစ်ပေါင်းများစွာ ရှာဖွေနေခဲ့တာ။ အလိမ်တောင် ခံခဲ့ရတာတွေ ရှိတယ်.."

လူချမ်းသာ မျိုးဆက်အုပ်စုက သူတို့အစောင့်များ၏ အကာအကွယ်အောက်တွင် တောင်စောင်းသို့ စတင်တက်ကြ၏။

"အား.."

ရုတ်တရက် အော်သံတစ်ခုကို ကြားလိုက်ရသည်။

"မင်းကဘာဖြစ်တာလဲ။ ဒီမှာလန့်လို့သေတော့မယ်.."

"ဘာဖြစ်တာလဲ... ထိပ်တန်း သိုင်းသမားတစ်ယောက်ဖြစ်ပြီး ဘာလို့ ဒီလောက်တောင် ကြောက်တတ်ရတာလဲ...အား..."

အော်သံများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာခဲ့၏။ လူတိုင်းသည် တောင်စောင်းပေါ်ရှိ မြင်ကွင်းကို ကြည့်ပြီးနောက် ခန္ဓာကိုယ်များ၌ အေးစက်မှုတစ်ခုကို ခံစားလိုက်ရသည်။ဦးရေပြားများက ထုံထိုင်းသွားကြ၏။

တောင်စောင်းပေါ်တွင် ၁၀၀ကျော်သည့် အလောင်းများ လဲလျောင်းနေပါသည်။ လေထုမှာလည်း ခြောက်ခြားဖွယ်အပြည့်ဖြင့် ပြည့်နက်နေ၏။ အလောင်းတစ်ခုချင်းစီတိုင်းက ရှု့တွနေပြီး သွေးများအားလုံး အစုပ်ခံထားရသည့်ပုံ ရှိသည်။

ထိုရှုံ့တွနေသည့် အလောင်းများ၏ မျက်နှာပေါ်တွင်  သေခြင်းတရားအား ကြောက်ရွံ့သည့် ထိတ်လန့်တုန်လှုပ်မှုတို့ ကျန်ရစ်နေပါသေးသည်။

"ဒါက...ဒါက..."

လူတစ်ယောက်က အလောင်းကို မှတ်မိလိုက်၏။ "စစ်မက်ရေးရာ အမတ်ကြီးရဲ့ အကြီးဆုံးသားပဲ.."

"ယဉ်ကျေးမှု အမတ်ကြီးရဲ့ ဒုတိယမြောက်သားပဲ.."

"ပြီးတော့..."

လူတိုင်း၏ နှလုံးသားများ၌ အကြောက်တရားက မြင့်တက်လာခဲ့၏။ ပတ်ဝန်းကျင်ကို အလိုလို ကြည့်မိကြသည်။ လူတိုင်းကို အချိန်မရွေး ဝါးမြိုချင်သည့် မကောင်းဆိုးဝါး စိတ်ဝိဉာဉ်တစ်ခု စောင့်ကြည့်နေသည့်အလား ရှိ၏။

"သူတို့တွေ ဘယ်လို သေသွားခဲ့တာလဲ.."

ရဲတင်းသည့် သိုင်းသမားများက ရှေ့သို့တက်ကာ  အလောင်းများကို စစ်ဆေးကြသည်။ သူတို့သည် ကြည့်လေလေ ပိုမိုကြောက်ရွံ့လေလေ ဖြစ်လာခဲ့၏။

"ခန္ဓာကိုယ်က ကျုံ့ဝင်သွားပြီးတော့ မံမီလို ရှုံ့တွသွားတယ်..."

"ထူးဆန်းလွန်းတယ်.."

စစ်မက်ရေးရာအမတ်ကြီးနှင့် သူ့လူများ အဆုံးမဲ့တောင်များသို့ ရောက်ရှိတာ အချိန်မည်မျှ ကြာသေးလို့နည်း။

သေဆုံးသွားလျှင်တောင် မံမီများကဲ့သို့  ခြောက်သွေ့မသွားသင့်ပါ။ ထို့အပြင် တစ်ယောက်ချင်းစီတိုင်း၏ သေဆုံးမှုက အလွန်ကြောက်ဖို့ ကောင်းလှ၏။

သူတို့ပုံမှာ မသေခင်တွင် ထိတ်လန့်ကြောက်ရွံ့ဖွယ် တစ်ခုခုကို မြင်တွေ့ခဲ့သည့်ပုံ ရှိသည်။

"ဒါက ရိသောင်ဝမ်ပဲ.. မြို့တော်က နာမည်ကြီး ထိပ်တန်းသိုင်းသမားတစ်ယောက်ပဲ။ သူလည်း သေဆုံးခဲ့တယ်.."

လူတိုင်းက အလောင်းများ၏ နောက်ခံများကို တစ်ခုပြီးတစ်ခု မှတ်မိလာခဲ့သည်။ အချို့ နာမည်ကျော် သိုင်းသမားများလည်း ပါဝင်၏။

လူ၁၀၀ကျော်သည့် အုပ်စုတစ်ခု ဖြစ်သည်။ ထိပ်တန်းသိုင်းသမားများ၊ စွမ်းအားကြီးမားသည့်  ဒူးလေးအပြည့်နှင့် အစောင့်များ ပါဝင်၏။

သို့ပေမယ့် သူတို့အားလုံး တောင်စောင်းပေါ်တွင် သေဆုံးခဲ့ရလေသည်။ မြင်ကွင်းတွင် တိုက်ခိုက်သည့် အရိပ်အယောင်လည်း တစ်စက်မှမရှိပါ။ လူတိုင်း တပြိုင်နက် သေဆုံးခဲ့ရသည့်နှယ် ရှိနေ၏။ ထို့အပြင် အလောင်းများက တစ်ခါတည်း  မံမီများကဲ့သို့ ရှုံ့တွကုန်ကြသည်။

ထိုကဲ့သို့သော ထူးစမ်းသည့် မြင်ကွင်းက လူတိုင်းကို  ထိတ်လန့်သွားစေပြီး သူတို့တွင် စွမ်းအားကြီးဆရာသခင်ကို ဆက်လက် ရှာဖွေရန်အတွက် မည်သည့်နှလုံးသားမှ ရှိမနေတော့ပါ။

"သွား...သွား.. ပြန်သွားရအောင်.."

"အဆုံးမဲ့တောင်က အန္တရာယ်များလွန်းတယ်.."

လူအုပ်စုက ဆက်လက်နေရဲခြင်း မရှိတော့ဘဲ တောင်ပေါ်မှ တစ်ယောက်ပြီး တစ်ယောက် ဆင်းသွားကြ၏။

"စစ်မက်အမတ်ကြီးရဲ့ သားဖြစ်သူအလောင်းကို ယူခဲ့ကြ။ အခြားလူတွေရဲ့ အလောင်းတွေကိုလည်း ယူခဲ့။ သူတို့ကို မြို့တော်ဆီကို သယ်သွားရမယ်.."

"ဟုတ်တယ်။ သူတို့ ခန္ဓာကိုယ်တွေကို မြို့တော်ဆီကို သယ်သွားရမယ်။ သူတို့ရဲ့ သေဆုံးမှုက ထူးဆန်းလွန်းတယ်။ ငါတို့တွေ စုံစမ်းရမယ်။ ရွှီယန်က သိုင်းသမားတစ်ယောက် မဟုတ်ဘူးလား။ သူ့မှာ သဲလွန်စအချို့ ရှာတွေ့လောက်မှာ.."

တစ်ယောက်ယောက်က အကြံပေး၏။

အခြားလူများလည်း ဤသည်မှာ အဓိပ္ပါယ်ရှိသည်ဟု ခံစားရပြီး ခန္ဓာကိုယ်ကို သယ်ဆောင်သွားလျှင် ဆုကြေးရနိုင်ကြောင်းအား တွေးမိလိုက်၏။

လူသတ်သမားအဖြစ် ယူဆခံရနိုင်သည့် ကိစ္စမှာတော့ ဤသည်မှာ ဖြစ်နိုင်ခြင်းမရှိပေ။ အလောင်းများက ထူးဆန်းသည့် အခြေအနေများဖြင့် သေဆုံးခဲ့ကြ၏။

ထို့အပြင် သူတို့၏ ခွန်အားနှင့် စစ်မက်အမတ်ကြီး၏ သားက ဦးဆောင်လာသည့် အဖွဲ့ကို သတ်ဖြတ်နိုင်ခြင်း မရှိပေ။

မြို့တော်တွင် ရွှီယန်က ချီနှင့်သွေး၏ အကြီးစားကျွမ်းကျင်မှုအဆင့်သို့ ချိုးဖျက်ကာ မူလအဆင့်ကျင့်စဉ်ကို နားလည်မှုရခဲ့သည့် အတွက်  စိတ်အခြေအနေ ကောင်းမွန်စွာ ရှိနေ၏။

ဧကရာဇ်ချီက လူလွှတ်ကာ ဂုဏ်ပြုစကားပြောကြားသည်။ သူ၏သိုင်းပညာ လမ်းကြောင်းတွင် အဆင့်မြင့်တက်မှုအတွက် အောင်ပွဲတစ်ခုကို ကျင်းပပေးလို၏။

သို့ရာတွင် ရွှီယန်က ငြင်းဆန်လိုက်လေသည်။ မြို့တော်တွင် ရက်အနည်းငယ် နေပြီးနောက် သူက သုံဟယ်ကောင်တီဆီသို့ ပြန်ခဲ့၏။

ရွှီယန်ထွက်ခွာသွားပြီး မကြာခင် စစ်မက်အမတ်ကြီး၏ သားဖြစ်သူနှင့် သူ၏လူအုပ်စုတို့ အဆုံးမဲ့တောင်များအတွင်းတွင် လျှို့ဝှက်ဆန်းကြယ်စွာ သေဆုံးခဲ့သည့်သတင်းမှာ အမှုထမ်းများအကြားတွင် ပျံ့နှံ့သွားကြသည်။

ခန္ဓာကိုယ်များကို ပြန်လည် သယ်ဆောင်လာခဲ့၏။ ဧကရာဇ်ချီက ကိုယ်တိုင်သွားရောက် စစ်ဆေးမှု ပြုသည်။ ရှုံ့တွနေသည့် ခန္ဓာကိုယ်များ၊ မျက်နှာများပေါ်တွင် သိသာလှသည့် ထိတ်လန့်ကြောက်ရွံ့မှုများက  မသိုးမသန့် ခံစားရစေ၏။

"သခင်ကော...ခင်ဗျားရဲ့မြေးကို မြန်မြန်လေး ပြန်ခေါ်လိုက်ပါလား.."

"ဟုတ်တယ်သခင်ကော ဒီကိစ္စက အရမ်းကို ထူးဆန်းလွန်းတယ်.."

အမှုထမ်းများ ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြသည်။ သူတို့၏ သားများသည်လည်း စွမ်းအားကြီး ပုဂ္ဂိုလ်များကို ရှာဖွေနေကြ၏။ ထို့အပြင် အများစုတို့မှာ အဆုံးမဲ့တောင်များဆီသို့ သွားကြခြင်းဖြစ်သည်။

စစ်မက်ရေးရာအမတ်ကြီးနှင့် ယဉ်ကျေးမှုအမတ်ကြီးတို့ နှစ်ယောက်စလုံး  ယူကျုံးမရ ဖြစ်ကုန်ကြသည်။ ကြီးမားသည့် ထိုးနှက်မှုကို ခံလိုက်ရ၏။

ကောရုန်ရှန်လည်း တစ်ခုခု မှားယွင်းနေကြောင်းကို နားလည်လိုက်သည်။ အဆုံးမဲ့တောင်များ အတွင်းတွင် မကောင်းဆိုးဝါးအချို့ ရှိနေသည်လား။

သူက ချက်ချင်းပင် ရွှီယန်ဆီသို့ အကြောင်းကြားလိုက်၏။ အသစ်တည်ထောင်ထားသည့် စာပို့ခို ဆက်သွယ်ရေးစနစ်ကို ချက်ချင်းပင် အသုံးပြုလိုက်သည်။

ချီဘုရင်အဖြစ် မြင့်တက်မှု၊ အမတ်ချုပ်ကြီးနှင့် အိမ်ရှေ့စံ၏ အထွတ်အထိပ် ဆရာသခင် ရာထူးတို့ကို ရရှိမှုနှင့်အတူ သူသည် ချီနိုင်ငံ၏ စာပို့ခိုဌာနမှ လေ့ကျင့်ပြီးသည့် စာပို့ခိုအချို့ကို ခွဲဝေရရှိခဲ့သည်။ သုံဟယ်ကောင်တီနှင့် သုံဟယ်မြို့တော်တို့အကြား  ဆက်သွယ်မှုပြုနိုင်ရန် ဖြစ်၏။

ဤသည်က သုံဟယ်ကောင်တီနှင့် ချီဘုရင်အိမ်တော်တို့ အကြားတွင် မြန်ဆန်ချောမွေ့သည့် ဆက်သွယ်ရေးကို သေချာစေခဲ့သည်။

ရွှီယန်သည် ဖုန်လွှမ်းသည့် ခရီးတစ်ခုအပြီးတွင် သုံဟယ်ကောင်တီဆီသို့ အမြန်ပြန်ခဲ့၏။ မိဘများနှင့် စားသောက်မှုပြုလုပ်ကာ ကျင့်ကြံခြင်းအတွက် အကြံပေးမှု အချို့အား ပေးပြီးရုံ ရှိသေး၏။

အဘိုးဖြစ်သူဆီမှ စာပို့ခိုနှင့် စာတစ်ခုကို လက်ခံရရှိခဲ့၏။ 'ခြောက်သွေ့နေတဲ့ အလောင်းတွေလား..'

'ထူးဆန်းတဲ့ သွေးဆုံးမှု အသွင်အပြင်လား..'

သူက ချက်ချင်းပင် စိတ်ဝင်စားသွားသည်။

'ငါရှေးဟောင်းစာအုပ်တစ်ခု ထဲမှာ လျောင်အလောင်းလို့ခေါ်တဲ့ သတ္တဝါတစ်မျိုးရဲ့ ဒဏ္ဍာရီကို ဖတ်ခဲ့ဖူးတယ်..'

'သူတို့က လူသားတွေရဲ့သွေးကို စားသုံးရတာကို နှစ်သက်တယ်။ ဒီကောင်တွေ လျောင်အလောင်းကောင်ကိုများ တွေ့ခဲ့တာ များလား..'

ရွှီယန်၏ စိတ်ထဲ၌ ထိုအတွေး ဖြတ်သန်းသွားသည်နှင့် သူ၏စိတ်ဝင်စားမှုက ချက်ချင်းပင် မြင့်တက်လာခဲ့သည်။ ပြောကြသည်ကား လျောင်အလောင်းကောင်များသညါ ကြမ်းကြုတ်ကာ သွေးဆာကြပြီး အလွန် စွမ်းအားကြီးကြ၏။

ယခုအချိန်၌ သူက ချီနှင့်သွေးအဆင့်၏ အကြီးစားကျွမ်းကျင်မှုအဆင့်ကို ရောက်ရှိနေပြီး ခွန်အားက သိသိသာသာ တိုးတက်လာခဲ့သည်။

'ငါလည်း ခွန်အားကို စမ်းသပ်ဖို့အတွက် လူရှာနေတာ။ တကယ်လို့ လျောင်အလောင်းကောင်သာဆိုရင် စမ်းကြည့်ဖို့ ထိုက်တန်တယ်..'

ရွှီယန်တစ်ယောက် စိတ်လှုပ်ရှားမှုတို့ လွှမ်းခြုံလာပြီး ချက်ချင်းပင် မြို့တော်ဆီသို့ ခရီးပြန်ထွက်ခဲ့သည်။

သူသည် ရှေးဟောင်းစာအုပ်ဆိုင် တစ်ခုအတွင်းတွင်သာ  လျောင်အလောင်းကောင်များ၏ အကြောင်းကို ဖတ်ဖူးပါသည်။ ထိုစာအုပ်သည် သာမန်လူများ အကြားတွင် ပျံ့နှံခြင်းမရှိပေ။ ထို့ကြောင့် လူအနည်းစုသာလျှင် ထိုဒဏ္ဍာရီ သတ္တဝါများ အကြောင်းကို သိကြပါသည်။

မြို့တော်တွင် ထွက်ခွာသွားတာ မကြာသေးသည့် ရွှီယန်ဟာက ပြန်လာခဲ့၏။

"ခန္ဓာကိုယ်တွေ ဘယ်မှာလဲ.."

သူက ခန္ဓာကိုယ်များအား ထိန်းသိမ်းထားသည့် နေရာဆီသို့ ချက်ချင်းပင် သွားရောက်သည်။ ခြောက်သွေ့နေသည့် အလောင်းများစွာကို တွေ့လိုက်ရ၏။ ဧကရာဇ်ချီနှင့် သူ၏အမတ်ကြီးများ အားလုံးလည်း ရှိနေကြသည်။

အလောင်းများကို စစ်ဆေးပြီးနောက် ရွှီယန်က မျက်မှောင်ကြုံ့သွား၏။ အလောင်းများ၏ သွေးများက ခမ်းခြောက်နေပုံ ပေါ်ပြီး ရှုံ့တွနေကြ၏။

ခန္ဓာကိုယ်များအတွင်းတွင် မကောင်းသည့် အငွေ့အသက်တစ်ခု ရှိနေပါသေးသည်။

သို့ရာတွင် ရှေးဟောင်း စာအုပ်ထဲရှိ စာသားများမှ ဖော်ပြချက်နှင့် နှိုင်းယှဉ်ပါက သေဆုံးသူများ၏ ဒဏ်ရာများမှာ လျောင်အလောင်းကောင်များ၏  တိုက်ခိုက်မှု ဖြစ်ဟန်မဟုတ်ပါ။ မည်သည့် ကိုက်ရာမှလည်း မရှိပေ။

‌ဒဏ္ဍာရီများအရ သေဆုံးသူများ၏ လည်ပင်းတွင် ကိုက်ရာများ  ရှိရမည်ဖြစ်၏။ ထို့အပြင် လျောင်အလောင်းကောင်များ၏ သတ်ဖြတ်ခြင်းကို ခံထားရသည့် သေလူများသည် ရှုံ့တွသည့် အလောင်းများအဖြစ် တစ်ခါတည်း ပြောင်းလဲသွားခြင်း မရှိပါ။

အလောင်းအဆိပ်ကြောင့် နက်ပြာရောင်သို့သာ  ပြောင်းလဲသွားကြ၏။ သို့ရာတွင် ဒီခန္ဓာကိုယ်များမှာတော့ နက်ပြာရောင် မရှိသလို အလောင်းအဆိပ် တစ်စွန်းတစ်စမှလည်း တွေ့ရခြင်း မရှိပါ။

သူတို့က လုံးဝမံမီများကဲ့သို့ ခြောက်သွေ့သွားခြင်းဖြစ်၏။

နေ၏အပူဖြင့် ခြောက်သွေ့သွားသည်ဟု ဆိုရအောင်လည်း ယခုမျှ အချိန်အတော် ကြာသည့်တိုင်အောင် မည်သည့် ပုပ်သိုးဆွေးမြေ့မှုကိုမှ တွေ့ရခြင်း မရှိပေ။

"ဒီအလောင်းတွေကို ကြည့်ပြီးတော့ မင်းဘာသဲလွန်စတွေ ရလိုက်လဲ.."

ဧကရာဇ်ချီက မေး၏။

ခန္ဓာကိုယ်ကို ဆက်လက်စစ်ဆေးရင်းမှ ရွှီယန်က ခေါင်းကိုရမ်းကာ ပြောသည်။

"အစက ဒီအလောင်းတွေကို တိုက်ခိုက်ခဲ့တာ ဒဏ္ဍာရီထဲက လျောင်အလောင်းကောင်တွေလို့ ထင်ထားခဲ့တာ.."

"ဒါပေမယ့် သူတို့ ခန္ဓာကိုယ်ပေါ်က ဒဏ်ရာတွေနဲ့ အသွင်သဏ္ဍာန်ကို ကြည့်ပြီးတဲ့နောက်မှာ အဲ့လို မဟုတ်လောက်ဘူး ဆိုတာကို တွေ့ရတယ်.."

"လျောင်အလောင်းကောင်က ဘာတွေလဲ.."

ဧကရာဇ်ချီနှင့် အမတ်ကြီးများက တစ်ယောက်နှင့်တစ်ယောက် ကြောင်တောင်စွာ ကြည့်ကြသည်။ညထိုကဲ့သို့သော သတ္တဝါမျိုး တစ်ခါမှ ကြားဖူးထားခြင်း မရှိပေ။ "အဲ့ဒီ့သတ္တဝါက အရမ်းကို ကြမ်းကြုတ်ပြီး လူသားတွေရဲ့သွေးကို စားသုံးမှုအပေါ် နာမည်ကြီးတယ်.."

ရွှီယန်က အကြမ်းဖျင်းရှင်းပြ၏။ ဧကရာဇ်ချီနှင့်  အမတ်ကြီးများက ထိတ်လန့်သွားကြသည်။ ဒီလောကကြီးတွင် ထိုကဲ့သို့သော ကြောက်စရာကောင်းလှသည့် သတ္တဝါတစ်မျိုး အမှန်တကယ် ရှိနေသည်လား။

"သခင်လေးရွှီ...လျောင်အလောင်းကောင်တွေ အကြောင်းကို မင်းဘယ်လိုလုပ်ပြီးတော့ သိတာလဲ.." အမတ်ကြီးတစ်ဦးက သိလိုစိတ်ဖြင့် မေး၏။

သူသည် ကိုယ့်ကိုယ်ကို ဗဟုသုတကြွယ်ဝပြီး များပြားလှသည့် စာအုပ်များကို ဖတ်ဖူးခြင်းအတွက် ဂုဏ်ယူလေ့ရှိ၏။ နက္ခတ်ဗေဒ၊ ပထဝီ၊ သမိုင်းနှင့် အမွေအနှစ်ဆိုင်ရာ နေရာများတွင် အသိဉာဏ် ကြီးရင့်လှသည်။

သို့ရာတွင် အံ့သြစရာကောင်းလောက်အောင် ထိုကဲ့သို့သော သတ္တဝါကို ဘယ်တုန်းကမှ ကြားဖူးခြင်း မရှိပေ။

ဤသည်က ရွှီယန်က ပုံပြင်များကို လျှောက်ဖန်တီးခဲ့သည်လားဟု သံသယအချို့ ဝင်လာစေ၏။

"အဲ့ဒါကို ရှေးဟောင်းစာအုပ် တစ်ခုထဲမှာ ဖတ်ဖူးတာ။ အရမ်းကို အိုဟောင်းတဲ့ စာအုပ်ပဲ။ ပြောကြတာက ကူးရေးထားတာဆိုလို့ အဲ့တစ်ခုပဲ ရှိတယ်လို့  ကြားတယ်.."

ရွှီယန်က ပြန်ဖြေ၏။

"စာအုပ်တစ်အုပ်ထဲမှာ ဖတ်ဖူးတာလား.."

သတိလက်လွတ်ဖြစ်စွာဖြင့် အမတ်ကြီးတစ်ယောက်က အလိုလိုပြောမိ၏။

"စာအုပ်ထဲမှာ ရေးထားတာက တကယ်ပဲ..."

သို့ပေမယ့် သူ၏စကားမဆုံးခင်တွင် အားလုံးသည် တစ်ခုခုကို ရုတ်တရက် နားလည်လိုက်ကြသည်။ သူတို့ပြောကြသည်ကား ရွှီယန်သည် ဒဏ္ဍာရီစာအုပ်များကို ယုံကြည်မှုရှိသောကြောင့် လှောင်ပြောင်ရယ်မောခြင်းတို့ ခံရလျှင်တောင် စစ်မှန်သည့် သိုင်းပညာကို  သင်ယူရန်အတွက် စွမ်းအားကြီးပုဂ္ဂိုလ်ကို ရှာဖွေခဲ့သည်ဟု ဆို၏။

ထို့နောက် သူသည် ပုံပြင်စာအုပ်များထဲမှ ဖော်ပြခဲ့သည့် ဒဏ္ဍာရီလာ အံ့ဖွယ်သိုင်းပညာရပ်များကို  အောင်မြင်စွာ ကျင့်ကြံနိုင်ခဲ့လေသည်။

ဤသည်ကို ကြည့်ရတာ စာအုပ်များတဲ့ရှိ ဒဏ္ဍာရီများက အမှန်တကယ်ကို မှန်လောက်သည့်ပုံပါ။ ထိုကဲ့သို့ နားလည်ပြီးနောက် သူ၏ စကားကို ဆက်လက် အဆုံးသတ်ရန်အတွက် သတ္တိမရှိတော့ပေ။

ရွှီယန်က အလောင်းများကို ဆက်လက်စစ်ဆေး၏။ အဝတ်များကို ချွတ်ကာပင်လျှင် အသေးစိတ် စစ်ဆေးမှုပြုသည်။

စစ်မက်အမတ်ကြီးမှာ မျက်ရည်များဖြင့် ပြည့်နက်နေပြီး တုန်ယင်သွား၏။ တားဆီးမှု ပြုတော့မှာပါ။

သို့ရာတွင် ဧကရာဇ်ချီ၏ စူးစိုက်သည့် အကြည့်ကိုတွေ့ရပြီးနောက် တိတ်ဆိတ်စွာသာ နေရန် ဆုံးဖြတ်လိုက်၏။

သူတိုအားလုံး ရွှီယန်၏ အလောင်းများအား လှန်လောမှုကိုဒီအတိုင်း ကြည့်နေရသည်။

"ထူးဆန်းတယ်... လျောင်အလောင်းကောင် မဟုတ်ရင် ဘာပါလိမ့်.."

ရွှီယန်က ဦးနှောက်ခြောက်သွားသည်။ သူဖတ်ခဲ့သည့် ရှေးဟောင်းစာအုပ်များထဲမှ စာသားများကို  ခြုံငုံကာစဉ်းစား၏။ ထိုကဲ့သို့သော ဖြစ်ရပ်မျိုးကို ဖော်ကျူးထားခြင်း မတွေ့ရပေ။

သူ၏အကြည့်က ခြောက်သွေ့နေသည့် ခန္ဓာကိုယ်များ၏ ရင်ဘက်နေရာမှ သေးငယ်သည့် အပေါက်ပေါ်သို့ ရောက်ရှိသွား၏။

နှလုံးသားကို တစ်ခုခုက ထိုးဖောက်ခဲ့သည့်ပုံပါ။

"ဒါက..."

မျက်မှောင်ကြုံ့ရင်းက ရွှီယန်က ဒဏ်ရာကို ထိကြည့်သည်။ ဤသည်မှာ သေးငယ်သည့် ဆူးချွန်တစ်ခုနှင့် ထိုးစိုက်ထားသည့်နှယ် ရှိ၏။

"ခြင်ကိုက်တာလား.."

ခန္ဓာကိုယ်များတွင် သွေးများ ခမ်းခြောက်နေပြီး မံမီများကဲ့သို့ ရှုံ့တွနေကာ နှလုံးသားနေရာ၌ သေးငယ်သည့် အပေါက်ရာတစ်ခု ရှိလေသည်။

ရွှီယန်အနေနှင့် ကြီးမားသည့် ခြင်ကြီးတစ်ကောင်  စစ်မက်ရေးရာ အမတ်ကြီး၏ သားဖြစ်သူတို့နှင့်  ကြုံတွေ့ခဲ့သည်လားဟု အလိုလို တွေးမိ၏။

နှုတ်သီးဖြင့် နှလုံးသားကိုစိုက်ကာ သွေးများအားလုံးကို စုပ်ယူခဲ့သည့် မြင်ကွင်းက သူ၏မျက်လုံးထဲတွင် မြင်ယောင်လာခဲ့သည်။

"အဲ့ဒါက ခြင်တစ်ကောင်လိုမျိုး သွေးစုပ်တဲ့ သားရဲတစ်မျိုးမျိုးလား.."

ရွှီယန်က မီးတောက်လည်ဆံ‌မွှေး ဝံပုလွေကို မနေနိုင်ဘဲ တွေးမိလိုက်သည်။

ဤသည်မှာ သာမန် သားရဲရိုင်းတစ်ကောင် မဟုတ်ပေ။ သာမန်သားရဲတစ်ကောင်သည် ဘယ်လိုလုပ်ပြီး ယခုမျှအထိ စွမ်းအားကြီးနိုင်မည်လဲ။

ထို့ကြောင့် စစ်ဘက်အမတ်ကြီး၏ သားနှင့် သူတို့အုပ်စုကို သတ်ဖြတ်ခဲ့သည့် လူသတ်ကောင်မှာ  မီးတောက်လည်ဆံမွှေး ဝံပုလွေကဲ့သို့ သာမန်မဟုတ်သည့် သားရဲတစ်ကောင် ဖြစ်ပေလိမ့်မည်။

ခဏတာ တိတ်ဆိတ်နေပြီးနောက် သူကပြော၏။

"ဒီသတ်ဖြတ်မှုကို ဘယ်သတ္တဝါက လုပ်ခဲ့လဲဆိုတာကို  မသိဘူး။ သားရဲ တစ်မျိုးမျိုးလည်း ဖြစ်နိုင်တယ်။ ကျွန်တော်ပြန်ပြီးတော့ ဆရာ့ကို သွားမေးလိုက်မယ်။ ဆရာဆိုရင်တော့ သိလောက်မှာ.."

သူ၏ ဆရာမှာ တသီးတစ်သန့်နေထိုင်သည့် စွမ်းအားကြီး ပုဂ္ဂိုလ်ကြီး ဖြစ်သည်။ ဤသည်မှာ မည်ကဲ့သို့သော သားရဲဖြစ်သည်ကို သိလောက်မှာပါ။

ထိုကဲ့သို့သော သားရဲတစ်ကောင် အဆုံးမဲ့တောင်များအတွင်းတွင် ပုန်းအောင်းနေသည်လား။ ရွှီယန်တစ်ယောက် အဆုံးမဲ့တောင်များ အပေါ်တွင် ရုတ်တရက် စိတ်ဝင်စားလာခဲ့သည်။

ဒီအမည်မသိ သားရဲများ အကြောင်းကို သိလိုလာ၏။ သူဟာ ဆရာ့ဆီသို့ ပြန်ပြီးနောက်  သူ၏လက်ရှိခွန်အားနှင့် အဆုံးမဲ့တောင်များသို့ သွားရောက်ကာ အမဲလိုက်နိုင်ပြီလားဟု မေးမြန်းလိုပါသည်။

"ကျွန်တော်ပြန်ပြီးတော့ ဆရာ့ကို မေးလိုက်ဦးမယ်.."

ရွှီယန်က စိတ်လှုပ်ရှားစွာဖြင့် ထွက်ခွာသွား၏။

သုံဟယ်စီရင်စုသို့ အမြန်ပြန်ကာ ဆရာဖြစ်သူဆီ၌  လူသားများကို ခြောက်သွေ့အောင် သွေးစုပ်သည့် သားရဲအမျိုးအစားများကို မေးမြန်းမည် ဖြစ်သည်။

၎င်းတို့၏ ခွန်အားက မည်မျှရှိသည်နှင့် သူ့အနှေင့် ရင်ဆိုင်နိုင်မည်လား ဟူ၍လည်း သိလိုနေ၏။

God Genzo:

All Chapters