ကြမ်းတမ်းသောနည်းလမ်း
Vol. 018 Ch. 1733
ရွှယ်ယူခေါင်းဆောင် ထွက်ခွာသွားခဲ့သည်။ ရီဖူရှင်းအပေါ် သူက စိတ်ရင်းဖြင့် ဆက်ဆံရန် ကြိုးစားခဲ့သော်လည်း တစ်ဘက်လူက မိန်းကလေးကို ထုတ်ပေးမည့်ပုံမရရှိရာ သူလည်း မည်သို့မှ မတတ်နိုင်ပေ။
ထို့နောက်တွင် ကောင်းကင်အာဏာစက်ကျောင်းတော်မှ ရီဖူရှင်း ထိုတည်းခိုခန်း၌ ရှိနေသည်ကို ကြားသူတိုင်းက သူ့ထံသို့ လာရောက်လည်ပတ်ရန် ကြိုးစားကြသည်။ လူတိုင်းက နာမည်ကျော် ရီဖူရှင်းကို တွေ့ဖူးလိုကြ၏။
အားလုံးက ထိုကိစ္စကို ဆွေးနွေးနေကြသည်။ ရွှယ်ယူခေါင်းဆောင်သည် ယခင်က ထိုသို့မဟုတ်ပေ။ သူသည် ကိစ္စများကို ရက်စက်ကြမ်းကြုတ်စွာ ဖြေရှင်းလေ့ရှိသည်။ သို့သော်လည်း ကောင်းကင်အာဏာစက်ကျောင်းတော်ကား ကွဲပြားခြားနားသည်။ သူ့အနေဖြင့် ရီဖူရှင်းကို အထက်စီးမှ ဆက်ဆံ၍ မရနိုင်ပေ။
သို့သော်လည်း သူထွက်သွားသည်နှင့် ရီဖူရှင်းက ပြောသည် “ကျုပ်တို့အားလုံး နည်းနည်းသတိထားဖို့လိုတယ်။ အပြင်ကို တစ်ယောက်တည်း မထွက်ပါနဲ့...”
“ရွှယ်ယူခေါင်းဆောင်က ကျုပ်တို့ကို တိုက်ခိုက်ရဲမယ်လို့ မင်းထင်လား...” သောကျောက်က ပြောသည်။
“အဲလိုတော့လည်း မဟုတ်ဘူး။ ဒါပေမဲ့ ဒီနေရာက လူတွေဟာ ကြမ်းတမ်းရက်စက်ကြတယ်။ သူက ဒီလို ငြိမ်ငြိမ်သက်သက်ထွက်သွားမှတော့ လွယ်လွယ်နဲ့လက်လျှော့မှာ မဟုတ်ဘူး” ရီဖူရှင်းက ထပ်မပြောတော့။ သူဆိုလိုသည်ကို အားလုံးက နားလည်ကြသည်။
ရွှယ်ယူမြို့သည် ရွှယ်ယူခေါင်းဆောင်၏နယ်မြေဖြစ်၏။ မည်သို့ဆိုစေ သည်နေရာသည် ကြမ်းတမ်းရက်စက်သော နေရာဖြစ်သည်မဟုတ်ပါလား။ သတိထားခြင်းက မမှားပေ။
“မမ... ညီမက အစ်ကိုကြီးကို ပြဿနာတွေ ဖြစ်စေမှာလားဟင်...” ချင်းယောင်က ကျင့်ကြံခြင်းလောကအကြောင်းကို နားမလည်ပေ။ သို့သော်လည်း တစ်စုံတစ်ယောက်က သူမကို ခေါ်ဆောင်သွားလိုသောအခါ ရီဖူရှင်းက သူမ၏ဆန္ဒကို မေးမြန်းခဲ့၏။ ထိုအရာက မည်သို့ဆိုလိုသည်ကို သူမ နားလည်ပေသည်။
“ဒါက ပြဿနာမဟုတ်ဘူး။ ချင်းယောင်လေး စိတ်မပူပါနဲ့... ညီမလေးရဲ့အစ်ကိုကြီးက ညီမလေးကို ဘေးကင်းတဲ့နေရာသို့ ခေါ်သွားမှာပါ” ရာရာက ချင်းယောင်၏ခေါင်းကို ပွတ်ကာ ဆိုသည်။
“ဟုတ်ကဲ့...” ချင်းယောင်လေးသည် သာမန်ရုပ်ရည်မျှသာရှိသော်လည်း သူမထံမှ ရိုးရှင်းကာ လတ်ဆတ်သော ခံစားချက်ကို ပေး၏။
ထို့နောက်တွင် ရွှယ်ယူမြို့မှ ပိုမိုများပြားသောလူများ လာရောက်လည်ပတ်ကြသည်။ ရီဖူရှင်းက သူတို့အား တခြားလူများဖြင့် ဧည့်ခံစေသည်။ သူ့တွင် ထိုလူများဖြင့် အချိန်ဖြုန်းရန် မအားလပ်ပေ။
ထိုလူများထဲတွင် တချို့မှာ ရိုးရိုးလည်ပတ်ခြင်းဖြစ်ပြီး တချို့မှာ တပည့်လာခံလိုခြင်းဖြစ်ကာ တချို့မှာ သူတို့၏သမီးများကို ရီဖူရှင်းနှင့်လက်ဆက်ရန် ရည်ရွယ်ကြောင်း ကြားသိရသောအခါ ရီဖူရှင်းမှာ ရယ်ရမလို၊ ငိုရမလို ဖြစ်ရသည်။
ထိုနေ့တွင် ရီဖူရှင်းသည် တိတ်ဆိတ်စွာ ကျင့်ကြံနေခဲ့သည်။ သူက ပြင်ပလောကသို့ လူများစေလွတ်ကာ သတင်းများ စုံစမ်းခိုင်းထားခဲ့သည်။ သူက ငရဲတံခါးမှ လူများ၏လှုပ်ရှားမှုများကို စောင့်ကြည့်နေခြင်းဖြစ်သည်။
လောလောဆယ်ကား ဘုံကိုးခုတွင် ငရဲတံခါးကို ခြေရာခံရန် အလွန်ခက်ခဲပေသည်။
“ဟမ်...”
ထိုအခိုက်တွင် ရီဖူရှင်းသည် ကျင့်ကြံနေရင်း မျက်မှောင်ကြုတ်လိုက်သည်။ သူက တစ်စုံတစ်ခု မူမမှန်သည်ကို ခံစားမိ၏။
ပုံရိပ်တစ်ခု သူ့ဘေးကို ရောက်လာသည်။ သူကား ဟွားကျန့်ချန်ဖြစ်သည်။ သူက ပြောသည် “အန္တရာယ်ရှိတယ်...”
ရီဖူရှင်းက မျှော်လင့်ထားသည့်အလား ခေါင်းညိတ်ကာ ပြောသည် “အားလုံးကို သတိလှမ်းပေးပေးပါ”
ထို့နောက်တွင် ဟွားကျန့်ချန်၏အရှိန်အဝါသည် ရုတ်တရက် ထွက်ပေါ်လာခဲ့၏။ ရုတ်တရက် လူတစ်စု ပေါ်လာခဲ့သည်။
ထိုအခိုက်တွင် များစွာသော နတ်အာရုံများသည် သူတို့ထံသို့ ရိုက်ခတ်လာခဲ့သည်။ တစ်ယောက်စီတိုင်းသည် အလွန်ကြောက်မက်ဖွယ်ကောင်း၏။
ကောင်းကင်သည် ရုတ်တရက် မှေးမှိန်သွားကာ အနက်ရောင်များဖြင့် လွှမ်းခြုံလာခဲ့သည်။ ကြောက်မက်ဖွယ်စွမ်းအားသည် ကောင်းကင်ကို အုပ်မိုးကာ အလင်းကို ပိတ်ဆို့ထား၏။ အနက်ရောင်စီးကြောင်းများ မြေပြင်ကို ဖုံးအုပ်သွားသည်။ စက္ကန့်ပိုင်းအတွင်း နေ့သည် ညသို့ ပြောင်းသွားဟန်ရသည်။
မရေမတွက်နိုင်သောလူတို့သည် ကောင်းကင်ထက်ကို ပျံတက်ကာ အဝေးသို့ ထွက်ပြေးကြ၏။ သူတို့က ဘာဖြစ်နေသည်ကို နားမလည်ကြသော်လည်း အားလုံးက ပြင်းထန်သောစွမ်းအားများကို ခံစားမိကြသည်။ တိုက်ပွဲက မကြာခင် ဖြစ်လာတော့မည့်အခြေအနေရှိ၏။
ဟူး...
ထိုအခိုက်တွင် အဆုံးမဲ့သော မီးတောက်များ ကောင်းကင်ထက်မှ ကျဆင်းလာခဲ့သည်။ မီးတောက်များသည် မိုးစက်မိုးပေါက်များအလား အဆက်မပြတ်ကျဆင်းလာခဲ့လျှင် မြေပြင်မှ အရာခပ်သိမ်းမှာ လောင်ကျွမ်းသေဆုံးရသည်။
“ပြေးကြဟေ့..” များစွာသော လူတို့က အော်ဟစ်သတိပေးကြသည်။ ထိုနေရာကား ချက်ချင်း မီးလောင်ပြင်ဖြစ်သွားသည်။
မီးလောင်ပြင်ထဲတွင် လူတစ်ယောက်ပေါ်လာသည်။ သူကား ရွှယ်ယူခေါင်းဆောင်ဖြစ်သည်။
သူက အဌမအဆင့်ရှိ နတ်ဝင်ရိုးကို ထုတ်လွှတ်လိုက်သည်။ မီးတောက်များသည် ပတ်ဝန်းကျင်တစ်ခုလုံးကို ပျံ့နှံ့သွား၏။
သူ့အနီးတွင် ရန်ဟောင်အများအပြား ပေါ်လာသည်။
ရီဖူရှင်းက ကောင်းကင်ကို လှမ်းကြည့်သည်။ ရွှယ်ယူခေါင်းဆောင်သည် အလွယ်တကူ လက်လျှော့မည်မဟုတ်သည်ကို သူက သိသော်လည်း ဤသို့ နည်းလမ်းဖြင့် ရောက်လာမည်ဟုတော့ မထင်ထား။
သူကား ကောင်းကင်အာဏာစက်ကျောင်းတော်ကို တိုက်ရိုက်ရင်ဆိုင်ရဲသည်။
စူးရှသော အလင်းများ ပေါက်ကွဲထွက်လာခဲ့သည်။ တချိန်တည်တွင် ဟွားကျန့်ချန်သည် ရှေ့ကို တက်သွားကာ လက်ဝါးရိုက်ချက်တချို့ ထုတ်လိုက်၏။
သို့သော်လည်း ရွှယ်ယူခေါင်းဆောင်ကား အနည်းငယ်မျှ ကြောက်လန့်ခြင်းမရှိပေ။ သူက အနက်ရောက်လက်ဝါးများဖြင့် ပြန်လည်ဖိနှိပ်သည်။ ပတ်ဝန်းကျင်တစ်ခုလုံး ဖျက်ဆီးခြင်းစွမ်းအားများဖြင့် ပြည့်နှက်နေ၏။
ဘန်း...
လက်ဝါးရိုက်ချက်များ ရင်ဆိုင်မိကာ စွမ်းအားလှိုင်းများသည် ပတ်ဝန်းကျင်သို့ ပျံ့လွင့်သွား၏။
တချိန်တည်းတွင် တခြားသော တန်ခိုးရှင်များသည်လည်း မြန်ဆန်စွာ ထွက်ပြေးနေကြရသည်။ ရောက်လာသူများသည် အမှန်တကယ် အဆင့်မြင့်ရန်ဟောင်များဖြစ်ကြပြီး တချို့မှာ အဌမအဆင့် သို့မဟုတ် သတ္တမအဆင့်များ ရှိကြသည်။ သူတို့အုပ်စုကား အမှန်တကယ် ကြောက်မက်ဖွယ်ကောင်းလှသည်။
“ရွှယ်ယူခေါင်းဆောင်တစ်ယောက်တည်းမဟုတ်ဘူး။ တခြားလူတွေလည်း ပါတယ်...” လူတိုင်းကပြေးလွှားရင်း စိတ်လှုပ်ရှားနေကြသည်။
သူတို့အားလုံးမှာ ရွှယ်ယူမြို့၏ထိပ်သီးတန်ခိုးရှင်များဖြစ်ကြသည်။ ယခု သူတို့သည် ကောင်းကင်အာဏာစက်ကျောင်းတော်ကို တိုက်ခိုက်နေကြ၏။
“သွေးမိစ္ဆာအင်ပါယာ...” တစ်ယောက်က ကြောက်မက်ဖွယ်လူတစ်ယောက်ကို ကြည့်ကာ ရေရွက်သည်။ သွေးနီရောင်သည် သူ့ကို လွှမ်းခြုံထား၏။
“အဲဒါ ကောင်းကင်ဓားအင်ပါယာပဲ...” နောက်တစ်ယောက်က ရေရွက်သည်။
အားလုံးက ထိတ်လန့်နေကြသည်။ ရွှယ်ယူမြို့မှ တန်ခိုးရှင်အများအပြားသည် ကောင်းကင်အာဏာစက်ကျောင်းတော်ကို လာရောက်တိုက်ခိုက်ကြ၏။ သူတို့ ရူးနေကြသည်လား။
အောက်တွင် ကျောင်းတော်မှ လူအများအပြားသည်လည်း စွမ်းအားများကို ထုတ်လွှတ်ကာ တစ်ဘက်မှ တိုက်ခိုက်မှုများကို ကာကွယ်ကြရသည်။
ကောင်းကင်အာဏာစက်ကျောင်းတော်သည် လျှို့ဝှက်နယ်မြေဘုံသို့ ခရီးထွက်လာသောအခါ အစွမ်းထက်တန်ခိုးရှင်တချို့ကို သေချာပေါက် ခေါ်လာပေသည်။ ရှန်ကလန်နှင့် ရွှေရောင်နတ်ပြည်ထောင်တို့က တိုက်ခိုက်မည်မဟုတ်သော်လည်း အနည်းဆုံး သတိထားခြင်းက မမှားပေ။
ရီဖူရှင်းက ကမ္ဘာပျက်မတတ် တိုက်ပွဲကို ကြည့်နေ၏။ သူ၏မျက်နှာက အေးစက်နေသည်။
သည်မျှ အစွမ်းထက်လူများက သူ့ကို ပူးပေါင်းတိုက်ခိုက်လိုကြသည်။
သူတို့အားလုံးက မည်သည့်အကျိုးဆက်ကိုမှ ဂရုမစိုက်ကြပေ။
မိန်းမငယ်လေးတစ်ယောက်က ထိုမျှ အရေးပါနေသည်လား။
ရီဖူရှင်းတွင် ထူးခြားသော စွမ်းအားရှိရာ သူသည် ရီချင်းယောင်၌ တခြားလူများ မမြင်နိုင်သော အရာများကို မြင်နိုင်ပေသည်။ သူမသည် စိတ်နှင့်ရုပ် နှစ်ခုလုံးတွင် ထူးခြားဆန်းကြယ်စွာ ပါရမီမြင့်မားလွန်း၏။ သို့သော် တစ်ဘက်ရန်သူများသည်လည်း သူမ၏လျှို့ဝှက်ချက်များကို သိနေဟန်ရသည်။
သို့တိုင်အောင် တစ်ဘက်လူများက သူတို့၏အသက်များကိုပင် စွန့်စားရအောင် မည်သို့သော လျှို့ဝှက်ချက်ဖြစ်သနည်း။
ရီဖူရှင်းက ရီချင်းယောင်ကို လှမ်းကြည့်သည်။ သူမသည် အလွန်ကြောက်လန့်နေဟန်ရကာ ရာရာ၏နောက်၌ ပုန်းနေသည်။ သူမက ရီဖူရှင်း၏မျက်လုံးများကို မြင်သောအခါ သွေးဆုတ်သွားသည်။ သူမက သူမ၏အစ်ကိုကြီးနှင့် မမတို့အား ပြဿနာအများအပြားပေးနေသည်ဟု တွေးနေပေသည်။
သူမသည်ကား အမှန်တကယ် ကံဆိုးသူဖြစ်သည်။ သူမသွားလေရာနေရာတိုင်းက အတိဒုက္ခများဖြင့် ပြည့်နေသည်။
သူမကဲ့သို့သာသူက ဤသို့ ကောင်းမွန်သော မိတ်ဆွေများဖြင့် မထိုက်တန်ပေ။
သူမက အလွန်ကြောက်လန့်နေသည့်တိုင် ရာရာ၏လက်ကို လွှတ်လိုက်ကာ ရှေ့ကို တက်လာသည်။ သူက ကောင်းကင်မှ လူကို ကြည့်ကာ ပြောသည် “ကျွန်မ ရှင်တို့နဲ့ လိုက်ခဲ့မယ်...”
သူမက ထိုစကားကို အော်ဟစ်လိုက်သောအခါ အထီးကျန်ဆန်လှသည်။ သူမကား ထိုအုပ်စုနှင့် မည်သည့်အခါကမှ မသက်ဆိုင်ခဲ့သည့်အလား...။
သို့သော် သူမသည် ဤရက်ပိုင်းအတွင်း အလွန်ပျော်ရွှင်ခဲ့ရသည်။ သူမတွင် ဤသို့သော မိတ်ဆွေများ ရှိခဲ့သည့်အပေါ် ပျော်ရွှင်ရ၏။
“အင်ပါယာရီ... ကျုပ်တို့က သူမကို ခေါ်သွားမယ်။ ဒီကိစ္စ ဒီမှာ အဆုံးသတ်တာပေါ့။ ဟုတ်တယ်မလား...” ရွှယ်ယူခေါင်းဆောင်က ရီချင်းယောင်၏စကားကိုကြားလျှင် ပြုံးလျှက်ပြောသည်။ သူသည်လည်း မတတ်သာ၍ ဤနည်းကို သုံးရခြင်းဖြစ်သည်။ သည်နေ့သည်နေရာ၌ အဖြစ်အပျက်အပြီးတွင် ရွှယ်ယူမြို့၌ သူ့နေရာ မရှိတော့သည်ကို သူနားလည်၏။
သို့သော် အကယ်၍ ကလေးမကိုသာ သူက ငြိမ်းချမ်းစွာ ခေါ်သွားနိုင်လျှင် ကောင်းကင်အာဏာစက်ကျောင်းတော်၏ဒေါသက များစွာ ပြင်းထန်မည် မဟုတ်ပေ။
မှန်သည်၊ ရီဖူရှင်းက လက်မခံလျှင်လည်း သူက ကြမ်းတမ်းသော နည်းလမ်းကို သုံးရပေမည်။
သူက ကလေးမကိုခေါ်သွားရမှ ဖြစ်မည်။
***