ထူးခြားဆန်းကြယ်သောမိန်းကလေး
Vol. 018 Ch. 1735
ထိုမဟာလမ်းစဥ် သီးသန့်နယ်မြေသည် သီးခြားကမ္ဘာငယ်တစ်ခုဖြစ်ပြီး နေ၊ လနှင့် ကြယ်များပါဝင်သည်။ ထိုသည်မှာ ကမ္ဘာအစစ်တစ်ခုနှင့်ပင်တူလေသည်။ တစ်ခုတည်းသောမူမမှန်သည့်အရာမှာ ဆဌမတန်းစားနတ်ဝင်ရိုးနှင့်လူပင်လျှင် ပြင်ပကမ္ဘာနှင့် ဆက်သွယ်၍မရတော့ခြင်းဖြစ်ပေသည်။ ရန်ဟောင်အလယ်အလတ်အဆင့်မှ စွမ်းအားအကောင်းဆုံးကျင့်ကြံသူများထဲတွင်ပါဝင်သောသူက မဟာလမ်းစဥ်ခန္ဓာနှင့်ပတ်သတ်လျှင် အလွန်အမင်း အားကောင်းလှပေသည်။ သို့သော် ယခုတွင် သူက သူ၏စွမ်းအားများနှင့်အဆက်အသွယ်ဖြတ်ခံလိုက်ရပုံပေါ်သည်။
"ဒါက ဘယ်လိုနတ်ဝင်ရိုးမျိုးလဲ" သူက ရီဖူရှင်းကိုကြည့်၍ အေးစက်သောအသံဖြင့်မေးလိုက်သည်။
ဘန်း...
သူက ကြောက်မက်ဖွယ် ပေါက်ကွဲထွက်ပေါ်လာသော မဟာလမ်းစဥ်စွမ်းအားလှိုင်းလုံးကို ခံစားလိုက်ရသည်။ မဟာလမ်းစဥ်၏ စည်းမျဥ်းများက မရေမတွက်နိုင်သော ကြယ်များကောင်းကင်မှကျဆင်းလာချိန်တွင် လိုက်ပါလာပြီး သူ၏ခန္ဓာကိုယ်အား တိုက်ခိုက်လိုက်သည်။
ထိုရန်ဟောင်အလယ်အလတ်အဆင့်ပုဂ္ဂ်ုလ်ကြီးမှာ ထိုအခိုက်တွင် သူ၏ကမ္ဘာကပျက်စီးသွားတော့မလို ခံစားလိုက်ရလေသည်။
ဖျစ်...
သူ၏ခန္ဓာကိုယ်က အရိပ်အဖြစ်ပြောင်းလဲသွားပြီး အမှောင်ထဲသို့တိုးဝင်သွားသည်။
သူက အလွန်လျင်မြန်လေသည်။ အလွန်လျင်မြန်လှသောအမြန်နှုန်းကြောင့် သူ၏အရိပ်များက ရီဖူရှင်းအား ပတ်ပတ်လည်မှဝန်းရံထားသကဲ့သို့ ခံစားလိုက်ရသည်။ သို့သော် သူက ရီဖူရှင်းအာရုံမခံမိခင် အမှောင်ထုထဲသို့ပျောက်ကွယ်သွားရန် မတတ်နိုင်ခဲ့ပေ။
ရီဖူရှင်းက သူမည်မျှမြန်အောင်လှုပ်ရှားသည်ဖြစ်စေ သူ၏တည်ရှိမှုအား အာရုံခံမိနေဆဲဖြစ်သည်။
ကြောက်မက်ဖွယ်အနက်ရောင်မုန်တိုင်းတစ်ခုက ရီဖူရှင်း၏ခန္ဓာကိုယ်ဝန်းကျင်၌ ဖွဲ့စည်းလာလေသည်။ ထိုပုဂ္ဂိုလ်က သူ၏နတ်ဝင်ရိုးမှစွမ်းအားကိုထုတ်ဖော်လ်ုက်ပြီး သူ၏အမှောင်ထုလေဆင်နှာမောင်းက ပတ်ဝန်းကျင်မှ အရာအားလုံးကို စတင်ဝါးမြိုလိုက်သည်။
ဘန်း....
ရီဖူရှင်းက လှံတံတစ်ချောင်းအားရှေ့သို့ပစ်လွှတ်လိုက်သည်။ ကြောက်မက်ဖွယ် အမှောင်ထုလေဆင်နှာမောင်းက ရီဖူရှင်း၏ခန္ဓာကိုယ်သို့ ရိုက်ခတ်ရန်ဦးတည်လာပြီး ကောင်းကင်ယံမှကြယ်များပင်လျှင် ထိုလေဆင်နှာမောင်းကြောင့် ဝါးမြိုခံလိုက်ရသလို ပျောက်ကွယ်သွားကြသည်။
ရီဖူရှင်းက လျှင်မြန်စွာခုန်ထွက်လိုက်ပြီး အပေါ်ဖက်မှလေထုထဲတွင်ပေါ်လာလေသည်။ သူ၏လက်ထဲမှလှံတံက ပျောက်ကွယ်သွားပြီး တုတ်ရှည်တစ်ချောင်းက ရောက်ရှိလာသည်။
ဘုန်း...
တုတ်ရှည်က အံ့သြဖွယ်ကောင်းလောက်အောင် ရှည်ထွက်လာလေသည်။ ရီဖူရှင်းက ဤလောကမှမဟာလမ်းစဥ်စွမ်းအားများအားလုံးကို သူ၏ခန္ဓာကိုယ်အတွင်းသို့ဆွဲယူလိုက်ပြီး စစ်နတ်ဘုရားတပါးသဖွယ် ပြောင်းလဲသွားသည်။
ဘန်း၊ ဘန်း...
ကြယ်တာရာမုန်တိုင်းက ပေါက်ကွဲသံများနှင့်အတူ ဖြစ်ပေါ်လာလေသည်။ ထိုသီးသန့်နယ်မြေထဲ၌ ပေါ်ထွန်းနေသော ကြယ်များက လျင်မြန်စွာလှည့်ပတ်လာပြီး ဟင်းလင်းပြင်က အဆုံးမဲ့ပေါက်ကွဲသွားတော့မယောင် ဖြစ်ပေါ်လာသည်။
မဟာလမ်းစဥ်သီးသန့်နယ်မြေက မကြာခင်တွင် ဒေါသမုန်တိုင်းထန်လာပေတေါ့မည်။
ဘန်း... အလွန်ပြင်းထန်လှသော မဟာလမ်းစဥ်မုန်တိုင်းကထွက်ပေါ်လာပြီး နေရာပြောင်းရန်ပြင်နေသော ဆဌမတန်းစားနတ်ဝင်ရိုးကိုပိုင်ဆိုင်ထားသည့် ကျင့်ကြံသူအား ပိတ်ဆို့လိုက်လေသည်။ သူ၏အရိပ်က အလွန်လျင်မြန်လှသော်လည်း မုန်တိုင်းက နေရာတိုင်းတွင်ရှိနေလေသည်။
ရီဖူရှင်းကား တောက်ပသောအလင်းတန်းများဖြင့် လွှမ်းခြုံနေလေသည်။ သူ၏ရှည်လျားသော ငွေဖြူရောင်ဆံပင်များက လေထဲတွင်တဖျပ်ဖျပ်လှုပ်ခတ်နေသည်။
သူက လက်ထဲမှတုတ်ရှည်ကိုမြှောက်လိုက်သည်။ ကမ္ဘာတစ်ခုလုံးက ကြောက်မက်ဖွယ် မိုးကြိုးလျှပ်စီးများကြောင့် စတင်ပြိုကွဲလာသည်။
ထိုအခိုက်တွင် ဆဌမမြောက်နတ်ဝင်ရိုးဖြင့် ရန်ဟောင်က ရီဖူရှင်းနှင့် သူ၏မဟာလမ်းစဥ်သီးသန့်နယ်မြေသည် ပြီးပြည့်စုံသောအရာတစ်ခုအဖြစ်ပြောင်းလဲသွားသလို ထင်မှတ်မိသွားသည်။ ရီဖူရှင်း၏လှုပ်ရှားမှုတိုင်းက မဟာလမ်းစဥ်သီးသန့်နယ်မြေအား လွှမ်းမိုးထားဆလသည်။
အလယ်အလတ်ရန်ဟောင့်အဆင့်မှ ကျင့်ကြံသူတစ်ဦးဖြစ်သော်လည်း သူက ရီဖူရှင်း၏ ခြိမ်းခြောက်မှုအား ခံနေရလေသည်။
အားကောင်းလှသော ကြယ်တာရာမုန်တိုင်းက ဆက်လက်တိုက်ခတ်နေသည်။ ကျယ်လောင်သောအသံကြီးဖြင့် ပြင်းထန်စွာတိုက်ခတ်မိပြီးနောက်တွင် သူ၏လှုပ်ရှားမှုများအား ရပ်တန့်လိုက်လေသည်။
သူက လေထဲတွင်ရပ်နေလေသည်။ သူ၏နောက်မှ နတ်ဝင်ရိုးက ပို၍ကြောက်မက်ဖွယ်ကောင်းလာပုံပေါ်သည်။ အနက်ရောင်လေဆင်နှာမောင်းက အာကာသမဟာလမ်းစဥ်အား ဖြည်းညင်းစွာဝါးမြိုနေပြီး ငရဲအဖြစ်ပြောင်းလဲပစ်နေသည်။
ဖျက်စီးနိုင်သောစွမ်းအားများက သူ၏ခန္ဓာကိုယ်အား လွှမ်းခြုံလာပြီး သူက အနက်ရောင်မိုးကြိုးသွားတစ်ခုအသွင်ပြောင်းကာ အလွန်အားကောင်းသောအရှိန်ဖြင့် ရှေ့သို့လှမ်းတက်လိုက်သည်။
ဘန်း ဘန်း... သူ၏လှံတံက ထိတွေ့မိသောကြယ်အားလံးကို ဖျက်စီးပစ်လေသည်။ ထိုမြင်ကွင်းမှာ ကောင်းကင်ကြီးပြိုကျနေသကဲ့သို့ ဖြစ်နေလေသည်။
အာကာသမဟာလမ်းစဥ်သီးသန့်နယ်မြေတစ်ခုလုံးက ကြယ်သန်းပေါင်းများစွာ ပေါက်ကွဲနေသောကြောင့် ပျက်စီးတော့မယောင် ဖြစ်ပေါ်လာသည်။
နီးကပ်လာသော လှံတံကိုစိုက်ကြည့်နေရင်း ရီဖူရှင်းက သူ၏လက်ထဲမှ တုတ်ရှည်အားဝှေ့ယမ်းလိုက်လေသည်။ ဤကမ္ဘာမှစွမ်းအင်အားလုံးက ရီဖူရှင်းနှင့်ဆက်သွယ်သွားသကဲ့သို့ အာကာသမဟာလမ်းစဥ်က အစွမ်းကုန် လှုပ်ခါလာသည်။
တုတ်ရှည်၏ရွေ့လျားမှုတိုင်းသည် မဟာလမ်းစဥ် သီးသန့်နယ်မြေထဲ၌ ကြယ်များဟိန်းဟောက်လိုက်သကဲ့သို့ ခမ်းနားလှပေသည်။
တုတ်ရှည်၏အရိပ်က နေမင်းအား ဖုံးကွယ်လိုက်သည်။ ရီဖူရှင်းက ရှေ့သို့တက်၍ တုတ်ရှည်အား ဝှေ့ယမ်းလိုက်သည်။
တုတ်ရှည်က လောကတစ်ခုလုံးမှ စွမ်းအားများပါဝင်နေပြီး သီးသန့်နယ်မြေအားဝန်းရံထားသည့် ကြယ်အလင်းရောင်များဖြင့် ဖုံးလွှမ်းနေလေသည်။ ထိုရန်ဟောင်က တုတ်ရှည်အားမြင်လိုက်ရချိန်တွင် ကြယ်သန်းပေါင်းများစွာက သူ၏ဦးခေါင်းထက်သို့ ကျဆင်းလာသကဲ့သို့ ခံစားလိုက်ရသည်။
အုန်း…
မိုးကြိုးပစ်သံကိုကြားလိုက်ရပြီးနောက် အာကသမဟာလမ်းစဥ်သီးသန့်နယ်မြေနှင့် အတွင်းထဲမှအရာအားလုံးသည် အစိတ်စိတ်အမွှာမွှာ ပျက်စီးသွားလေသည်။
အရိပ်ကြီးကပျောက်ကွယ်သွားပြီးနောက် ထိုနေရာ၌ ရီဖူရှင်းတစ်ဦးတည်းသာ မတ်တပ်ရပ်နေသည်ကို မြင်လိုက်ကြရသည်။ ရွှယ်ယူခေါင်းဆောင်နှင့် ကျန်လူများက သူ၏ပြိုင်ဘက်မှာ သေဆုံးသွားပြီဖြစ်ကြောင်း နားလည်လိုက်ကြသည်။ သူက အသတ်ခံလိုက်ရဟန်ပေါ်သည်။
သူတို့နှစ်ဦးက သီးသန့်နယ်မြေထဲသို့ တိုက်ခိုက်ရန် ဝင်ရောက်သွားခဲ့ပြီး ထိုတိုက်ပွဲက တစ်ဦးသေဆုံးကာ ပြီးဆုံးသွားခဲ့သည်။
သူတို့အား အံ့သြသွားစေသည်မှာ ရီဖူရှင်းက အနိုင်ရခဲ့ခြင်းဖြစ်လေသည်။
ရွှယ်ယူခေါင်းဆောင်က ဟွားကျန့်ရှန်နှင့် လေထုထဲ၌ ယခုထိတိုက်ခိုက်နေဆဲဖြစ်သည်။အရှက်ရသောအမူအရာက သူ့မျက်နှာထက်တွင် ဖြတ်ပြေးသွားလေသည်။ ရီဖူရှင်းက ဆဌမတန်းစားနတ်ဝင်ရိုးကိုဖွဲ့စည်းထားသည့် အလယ်အလတ်အဆင့်ထိပ်ဆုံးတွင်ရှိသော ကျင့်ကြံသူအား မည်သို့သတ်ဖြတ်ခဲ့လေသနည်း။
သူတို့နှစ်ဦးကြားတွင် အဆင့်လေးဆင့်ကွာခြားပေသည်။ ရွှယ်ယူခေါင်းဆောင်က ရီဖူရှင်း၏အစွမ်းထက်ပုံကိုကြားဖူးသော်လည်း ထိုကဲ့သို့ ရလာဒ်မျိုးအား တွေးပင်မတွေးဖူးခဲ့ပေ။
သူတို့က ဒုတိယတန်းစားနတ်ဝင်ရိုးကိုသာဖွဲ့စည်းထားနိုင်သေးသည့် ကျင့်ကြံသူတစ်ဦးအား အနိုင်ရရှိရန်အတွက် အဆင့်မြင့်ရန်ဟောင်အားစေလွှတ်ရန် လိုအပ်သည်လား။
"ပြန်ဆုတ်ကြ" ရွှယ်ယူခေါင်းဆောင်က ပြောလိုက်သည်။ ရီဖူရှင်းနှင့် ထိုအလယ်အလတ်အဆင့်ရန်ဟောင်၏တိုက်ပွဲမှာ သိပ်မကြာလိုက်ပေ။ အရာအားလုံးက အချိန်တိုအတွင်း ဖြစ်သွားခဲ့ခြင်းဖြစ်လေသည်။ အခြားအုပ်စုများမှ ကျင့်ကြံသူများက သူတို့ထံသို့ဦးတည်၍ တိုက်ခိုက်မှုတွင်ပူးပေါင်းလာနိုင်သည်။
သူတို့က ယခုမဆုတ်ခွာလျှင် ပြန်လည်ဆုတ်ခွာရန်တတ်နိုင်တော့မည်မဟုတ်ပေ။
"မင်းတို့က ဘယ်သွားဖို့ပြင်နေတာလဲ..." ကောင်းကင်အာဏာစက်ကျောင်းတော်မှကျင့်ကြံသူများက သူတို့အား အလွယ်တကူသွားခွင့်ပြုမည်မဟုတ်ပေ။ လူတချို့သည်လည်း အဝေးမှ ဤနေရာသို့ဦးတည်လာနေကြသည်။ သူတို့က ရန်သူအား ထိုနေရာ၌ ထိန်းသိမ်းထားလိုပေသည်။
သို့သော်လည်း ရုတ်တရက် အမှောင်ထုက နေရာတစ်ခုလုံးအား ဖုံးလွှမ်းသွားလေသည်။ လောကတစ်ခုလုံးက တိတ်ဆိတ်ငြိမ်သက်သွားသည်။
လူများစွာက သူတို့အားလွှမ်းခြုံသွားသည့် လွှမ်းမိုးနိုင်သော အန္တရာယ်အားခံစားလိုက်ကြရပြီး လှုပ်ရှားမှုကို ရပ်တန့်လိုက်ကြသည်။
"ဂရုစိုက်ကြ" ဟွားကျန့်ရှန်က လူတိုင်းအား သတိပေးလိုက်သည်။ ကောင်းကင်အာဏာစက်ကျောင်းတော်မှကျင့်ကြံသူများစွာက ရီဖူရှင်းအားဝန်းရံ၍ မဟာလမ်းစဥ်၏ လွှမ်းမိုးနိုင်သောစွမ်းအားဖြင့် နေရာတစ်ခုလုံးကို ပိတ်လှောင်ထားလိုက်သည်။ သူတို့က သူတို့၏စောင့်ကြပ်မှုအောက်မှ တစ်စုံတစ်ယောက်လွတ်ထွက်သွားမည်ကို စိုးရိမ်နေမိသည်။
သို့သော် အမှောင်ထုက ဖြည်းညင်းစွာပျောက်ကွယ်သွားပြီး မည်သည့်အရာမျှမဖြစ်ခဲ့ပေ။ ရွှယ်ယူခေါင်းဆောင်နှင့် သူ၏လူများက အရာအားလုံးပုံမှန်ပြန်ဖြစ်လာချိန်တွင် ပျောက်ကွယ်သွားကြလေသည်။
"ဘာဖြစ်သွားတာလဲ" လူအများစုက အံ့သြထိတ်လန့်နေကြသည်။ ထိုသည်က မည်သည့်အရာပင်နည်း။
ရီဖူရှင်း၏မျက်ခုံးများက တွန့်ချိုးသွားသည်။ ထိုသည်က မှော်လက်နက်တမျိုးမျိုးပင်လော... သို့မဟုတ် အားကောင်းသောကျင့်ကြံသူတစ်ယောက်ယောက်က အမှောင်ထဲမှနေ၍ သူတို့အားကူညီနေခြင်းပင်လော။
ထိပ်သီးအင်အားစုများမှ ကျင့်ကြံသူများက တစ်ယောက်ပြီးတစ်ယောက်ရောက်ရှိလာကြသည်။ သူတို့က ရန်သူများမရှိတော့ကြောင်းသိလိုက်ရသောအခါ စိုးရိမ်ပူပန်မှုနှင့် စိတ်ရှုပ်ထွေးမှုတို့ကြောင့် မျက်မှောင်များကျုတ်သွားကြသည်။
သူတို့သည်လည်း ယခုလေးတင်ဖြစ်ပျက်ခဲ့သော မူမမှန်သည့်အရာအား ခံစားမိခဲ့ကြသည်။
နန်လော့ရှန်းက တိုက်ပွဲဖြစ်ပွားခဲ့သည့်နေရာ၌ ကျက်သရေရှိစွာရပ်နေလေသည်။ သူမ၏ဘေးမှ ကြောက်မက်ဖွယ် အဘိုးအိုက သူမအားအသံတိုးတိုးဖြင့်ပြောလိုက်သည်။ "လျှို့ဝှက်ဆန်းကြယ်တဲ့အင်အားစုတစ်ခုက ဒီမှာရှိနေတယ်။ နတ်တစ္ဆေအဖွဲ့ကလူတွေက ရွှယ်ယူမြို့ထဲမှာ စိမ့်ဝင်နေခဲ့ပြီးပြီ။ ကျုပ်တို့ရဲ့ခရီးစဥ်က ထင်ထားတာထက် ပိုရှုပ်ထွေးနေတော့မှာပဲ"
နန်လော့ရှန်းက အသာခေါင်းညိမ့်လိုက်သည်။ သူမသည်လည်း ထိုသည်အား နားလည်လေသည်။
နတ်တစ္ဆေအဖွဲ့က သူတို့အား ဤနေရာသို့ရောက်လာစေရန် ဖြားယောင်း၍ခေါ်ဆောင်လာခဲ့ပြီး ငရဲဂိတ်တံခါးအားရှာဖွေစေချင်သည်။ သူတို့က ထိုအဖွဲ့၏ရည်ရွယ်ချက်အစစ်အမှန်နှင့် မည်သည့်အရာအားဖုံးကွယ်ထားသည်ကို ယခုထိမသိရသေးပေ။
နန်လော့ရှန်းက အကြာကြီးတွေးမနေတော့ပေ။ သူမက ခေါင်းကိုငုံ့၍ ရီဖူရှင်းကိုကြည့်လိုက်သည်။ ထူးဆန်းသောအမူအရာက သူမ၏လှပသောမျက်နှာထက်၌ ဖြတ်သန်းသွားလေသည်။
သူနှင့်တိုက်ခိုက်ခဲ့သောသူမှာ ဆဌမတန်းစားနတ်ဝင်ရိုးအား ဖွဲ့စည်းထားပြီးပုံပေါ်သည်။
သို့သော်လည်း ရီဖူရှင်းက တိုက်ပွဲကွင်းပြင်မှထွက်လာနိုင်၍ သူ၏ပြိုင်ဘက်မှာ ပျောက်ကွယ်သွားခဲ့သည်။ ထိုသူက ရီဖူရှင်း၏သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်မှာ သံသယဖြစ်စရာမလိုပေ။
သူမသည်လည်း အက်ကြောင်းမဲ့နတ်ဝင်ရိုးကို ဖွဲ့စည်းထားနိုင်၍ အက်ကြောင်းမဲ့နတ်ဝင်ရိုးအားပိုင်ဆိုင်ထားသည့် ရန်ဟောင်တပါးက မဟာလမ်းစဥ်၏အစွမ်းထက်ဆုံးစွမ်းအားများအား ထိန်းချုပ်နိုင်ကြောင်း သိရှိထားသည်။ ထိုသို့ဆိုလျှင်ပင် သူ၏စွမ်းအားမှာ အကန့်အသတ်မဲ့သည်ဟုဆိုလိုခြင်းမဟုတ်ပေ။ ထို့အပြင် သူ၏ပြိုင်ဘက်မှာလည်း ရန်ဟောင်တပါးဖြစ်လေသည်။
သို့သော်လည်း ရီဖူရှင်းက သူ့ထက် အဆင့်လေးဆင့်မြင့်သော ပြိုင်ဘက်အားသတ်ဖြတ်နိုင်ခဲ့သည်။ ထိုသည်မှာ မည်မျှသန်မာ၍ ကြောက်မက်ဖွယ်ကောင်းလိုက်မည်နည်း။
သူက တတိယတန်းစားနတ်ဝင်ရိုးအားဖွဲ့စည်းပြီးလျှင် အဆင့်မြင့်ရန်ဟောင်များကိုပင် အနိုင်ယူနိုင်လိမ့်မည်လော။
အဆင့်မြင့်ရန်ဟောင်များက ကျင့်ကြံခြင်း၏ ထိပ်သီးပုဂ္ဂိုလ်များဖြစ်ကြသည်။
ရီဖူရှင်းက မည်သည့်အတွက် ထိုသို့လုပ်နိုင်ခဲ့လေသည်နည်း။
"နတ်ဝိညာဥ်လက်နက်"
အတွေးတစ်ခုက နန်လော့ရှန်း၏ခေါင်းထဲ၌ ပေါ်ပေါက်လာသည်။ သူမသည် နတ်ဘုရားအကြွင်းအကျန်နယ်မြေမှ ကောင်းကင်ဘုံနန်းတော်တွင် နတ်ဝိညာဥ်လက်နက်တစ်ခုအား ရရှိခဲ့သည်။ ရီဖူရှင်းသည်လည်း ထိုသို့ရရှိခဲ့ခြင်း ဖြစ်နိုင်သည်။ ဖြစ်နိုင်သည်မှာ သူက ရာရာအားပေးခဲ့သည့် နတ်ဝိညာဥ်လက်နက်အပြင် အခြားသိဒ္ဓိဝင်ပစ္စည်းများ ရခဲ့ဟန်ပေါ်သည်။
နတ်ဝိညာဥ်လက်နက်ကြောင့်သာ အလယ်အလတ်အဆင့်ရန်ဟောင်အား ရီဖူရှင်းက သတ်နိုင်ခဲ့ခြင်းဖြစ်ပေမည်။
ရီဖူရှင်းအားကြည့်နေသည်မှာ နန်လော့ရှန်းတစ်ယောက်တည်းသာမဟုတ်ပေ။ ယခုရောက်ရှိလာကြသော ကျင့်ကြံသူအားလုံးသည်လည်း ရီဖူရှင်းအား ကြည့်နေကြသည်။ သူတို့က တိုက်ပွဲအားကိုယ်တိုင်မမြင်တွေ့ခဲ့သော်လည်း တိုက်ပွဲ၏ရလဒ်က အလွန်ဂယက်ရိုက်စေခဲ့သည်။
"ရန်ဟောင်ရီ... ရွှယ်ယူဂိုဏ်းရဲ့ရည်ရွယ်ချက်က ဘာလဲ..." နန်လော့ရှန်းက မေးလိုက်သည်။
ရွှယ်ယူဂိုဏ်းက နတ်တစ္ဆေအဖွဲ့နှင့် ပတ်သတ်နေမည်မှာ သေချာလှသည်။
ရီဖူရှင်းက နန်လော့ရှန်းအားကြည့်၍ ခေါင်းယမ်းကာပြောလိုက်သည်။ "ကျွန်တော်လည်းမသိဘူး"
သူကထိုသို့ပြောလိုက်ရင်း အာကာသရတနာခန်းမဖြင့် ကာကွယ်ထားသော မိန်းမငယ်လေး၏ပုံရိပ်အား လှမ်းကြည့်လိုက်သည်။
သူပြောနိုင်သည်မှာ ချင်းယောင်အား ရွှယ်ယူဂိုဏ်းကသာ အလိုရှိသည်မဟုတ်ပေ။ နတ်တစ္ဆေအဖွဲ့ကလည်း သူမ၏နောက်သို့လိုက်နေခြင်းဖြစ်ပေမည်။
ထိုသို့ဖြစ်ခဲ့လျှင် သူက ချင်းယောင်အား ပို၍ကောင်းကောင်းကာကွယ်ရန် အကြောင်းပြချက်များရှိလာပြီဖြစ်သည်။
အစက သူသည် ရန်ဟောင်အုပ်စုတစ်စုက ကလေးငယ်လေးအား အနိုင်ကျင့်နေသည်ကို ကြည့်မနေနိုင်သောကြောင့် ကိုယ်ချင်းစာစိတ်ဖြင့် ရိုးရှင်းစွာ ကူညီခဲ့ခြင်းဖြစ်သည်။ သို့သော် အခြေအနေက ယခုမူ များစွာရှုပ်ထွေးလာပြီဖြစ်သည်။
ရီဖူရှင်းက မြေပေါ်သို့ဆင်းသက်၍ အာကာသရတနာခန်းမအား ပြန်သိမ်းလိုက်သည်။ ရီချင်းယောင်က ရီဖူရှင်းအား တိတ်ဆိတ်စွာကြည့်နေပြီး သူမ အမှားလုပ်မိထားသကဲ့သို့ ခေါင်းကိုငုံ့ထားလေသည်။
"သမီးက ကံကြမ္မာဆိုးတွေယူလာခဲ့လို့ဖြစ်ရတာ" သူမက တိုးညင်းစွာဆိုလိုက်သည်။
ရီဖူရှင်းက သူမ၏စကားကိုကြားပြီး ရှေ့သို့လျှောက်လာသည်။ သူက ရီချင်းယောင်၏ပုခုံးပေါ်တွင် လက်တင်၍ ပြောလိုက်သည်။ "ချင်းယောင် ကိုယ့်ဘာကို အားငယ်မနေပါနဲ့။ ညီမလေးသာ ကံကြမ္မာဆိုးတွေသယ်ဆောင်လာမယ်ဆိုရင် သူတို့က ဘာလို့ ဒီလောက်ဒုက္ခခံပြီး မင်းနောက်ကိုလိုက်လာမှာလဲ...။ သူတို့က ရွှယ်ယူမြို့က ထိပ်သီးအင်အားစုတွေပဲလေ"
ရီချင်းယောင်က ခေါင်းကိုမော့၍ ရီဖူရှင်းအား ကြည့်လိုက်သည်။ သူမသည်လည်း သူတို့က အဘယ်ကြောင့် သူမနောက်သို့လိုက်နေသည်အား မသိချေ။
သို့သော်လည်း ဤသည်မှာ တခြားသူ၏ကာကွယ်ပေးမှုကို ပထမဆုံးအကြိမ် သူမ,ခံစားဖူးခြင်းဖြစ်ပေသည်။
"ကမ္ဘာကြီးက ဝမ်းနည်းစရာတွေ ကံဆိုးမှုတွေနဲ့ပဲပြည့်နေတယ်လို့ထင်ရပေမယ့် မင်းထင်ထားသလို ကြောက်စရာမကောင်းတဲ့လူတွေနဲ့ အခြားအရာတွေအများကြီးရှိနေတာပဲမဟုတ်လား..." ရီဖူရှင်းက ညင်သာစွာပြောလိုက်သည်။ "ချင်းယောင် မင်းက သာမန်လူမဟုတ်ဘူး...အဲ့ကြောင့် ကိုယ့်ဘာကို နှိမ့်ချပြီး အထင်မသေးပါနဲ့"
"ဟုတ်ကဲ့" ရီချင်းယောင်က ခေါင်းညိမ့်လိုက်သည်။
"အကိုကြီးက မင်းကိုကာကွယ်မပေးနိုင်တော့တဲ့အချိန်ရောက်ရင် မင်းကိုမင်း ဂရုစိုက်ဖို့သတိရပါ" ရီဖူရှင်းက ပြောလိုက်သည်။
ရီချင်းယောင်က ငြိမ်သက်သွားသည်။ သူမက ဝမ်းနည်းနေသောမျက်လုံးများဖြင့် ရီဖူရှင်းကိုကြည့်လိုက်သည်။ ထို့နောက် သူမ၏ခေါင်းကို ငုံ့လိုက်ပြီး ရီဖူရှင်းအား မျက်နှာချင်းမဆိုင်ဝံ့တော့ပေ။
"အများကြီး မစိုးရိမ်ပါနဲ့။ အကိုကြီးက မင်းကိုကာကွယ်ဖို့ အကောင်းဆုံးကြိုးစားမှာပါ။ ခုနကပြောတာက မင်းနားလည်အောင်ပြောပြတာ ဟုတ်ပြီလား" ရီဖူရှင်းက သူမ၏မျက်လုံးများကိုမြင်လိုက်ရချိန်တွင် သူမက အလွန်ထိရှခံစားလွယ်ကြောင်း သိလိုက်သည်။ သူမက တခြားသူများအားဒုက္ခမရောက်စေလိုသော်လည်း သူမသည် ထိုနွေးထွေးမှုအား အလွန်သဘောကျပေသည်။ ထိုသည်မှာ သူမသည် ယခင်က ထိုကဲ့သို့ မခံစားဖူးသောကြောင့် ဖြစ်ပေမည်။
ရီဖူရှင်း၏မျက်လုံးများကိုကြည့်၍ သူမက ဝမ်းနည်းစွာခေါင်းညိမ့်လိုက်ရင်း သူ၏စကားများကို မှတ်မိရန်ကြိုးစားလိုက်သည်။
"အကိုကြီးကို ပြုံးပြပါဦး " ရီဖူရှင်းက သူမ၏ခေါင်းကို ပွတ်၍ ရယ်မောလိုက်သည်။ ရီချင်းယောင်က သူ့အားငေးကြည့်၍ မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ကာ ကြိုးစားလိုက်သော်လည်း ပြုံး၍မရပေ။
"မင်းက အရူးမလေးပဲ" ရီဖူရှင်းက ပြုံးဖြဲဖြဲဖြင့်ပြောလိုက်သည်။ ရီချင်းယောင်က ရုတ်တရက် နှုတ်ခမ်းတွန့်၍ အပြစ်ကင်းစွာ ပြုံးလိုက်မိသည်။
ရီဖူရှင်းက သူမ၏အပြုံးကိုကြည့်၍ အသာပင့်သက်ရှိုက်မိလိုက်သည်။ ရီချင်းယောင်က အလွန်ကြီးမားသော လျှို့ဝှက်ချက်တစ်ခု၌ ပါဝင်ပတ်သတ်နေပြီး သူသည်ပင် သူမအား ကာကွယ်နိုင်ပါ့မည်လားဟု ရီဖူရှင်းက ခံစားလိုက်ရသည်။
***