မဟာလမ်းစဉ်၏နတ်သန္ဓေသား
Vol. 018 Ch. 1736
ပိုမိုများပြားသော တန်ခိုးရှင်များ ရွှယ်ယူမြို့သို့ ရောက်လာခဲ့သည်။ လက်ရှိတွင် တန်ခိုးရှင်အချို့သည် မြစ်ဝါမြစ်အပေါ်၌ ရပ်နေကြ၏။ သူတို့အားလုံးက ပြင်းထန်စွာ လှိုင်းထန်နေသာ မြစ်ရေအား ကြည့်နေကြသည်။
ဘုန်းတော်ကြီးဝတ်ရုံများနှင့် ဗုဒ္ဓအလင်းများ ဖြာထွက်နေသော ထိုလူများသည် တည်ငြိမ်သော အမူအရာများ ရှိနေကြ၏။ သူတို့သည် တောင်တန်းဘုံမှ ဗုဒ္ဓကျင့်ကြံသူများဖြစ်သည်။
ထို့အပြင် တောင်တန်းဘုံမှ တန်ခိုးရှင်များသည် အလွန်အမင်း သန်မာကြ၏။ နတ်ဘုရားအကြွင်းအကျန်နယ်မြေ၌ အက်ကြောင်းမဲ့ဝင်ရိုးကို ဖွဲ့စည်းနိုင်ခဲ့သော ဆရာကွေ့ကျန်းသည်လည်း သူတို့အထဲမှ တစ်ယောက်ဖြစ်သည်။
“ဆရာဦးလေး... ကြည့်ရတာ ခင်ဗျားတစ်ယောက်တည်းလာတာတော့ ဟုတ်ပုံမရဘူး။ တခြားကျောင်းတော်တွေကလည်း သူတို့ရဲ့ကိုယ်တော်တွေကို စေလွှတ်လိုက်ပုံရတယ်...” ကွေ့ကျန်းက သူ့ဘေးတွင်ရပ်နေသော ဘုန်းကြီးအား ပြောသည်။ ထိုဘုန်းကြီးကား ပိန်သွယ်ကာ ခွန်အားရှိပုံပင် မရပေ။ သူ၏လက်များက စိတ်ပုတီးတစ်ခွေကို ကိုင်ထား၏။ သူသည် သာမန်လူများ နားလည်ရန် ခက်ခဲသော တရားစာအချို့ကိုလည်း ရေရွက်နေဟန်ရသည်။ ကွေ့ကျန်းသည်ပင် ထိုတရားစာများအားလုံးကို နားမလည်ပေ။
“ငရဲတံခါး ပြန်ပေါ်လာမှတော့ သူတို့ရောက်လာတာလည်း မထူးဆန်းပါဘူး” ပိန်ပိန်ပါးပါး ဘုန်းကြီးက ပြောသည်။ တောင်တန်းဘုံမှ ဗုဒ္ဓဘုန်းကြီးအများအပြားသည် ထိုကိုယ်တော်အား မြင်တွေ့ပြီးနောက်တွင် သူ့ထံသို့ ရောက်လာကြသည်။ သူတို့က ထိုဘုန်းကြီးအား လက်အုပ်မိုး ဦးညွတ်ကာ နှုတ်ဆက်ကြသည် “ဆရာတော် ပုတောက်ကို တွေ့ရတာ ဝမ်းသာစရာပဲ...”
ထျန်ရှင်းဘုရားကျောင်းမှ ဆရာတော်ပုတောက်သည် ဂုဏ်သိက္ခာမြင့်မားကာ လေးစားဖွယ်ပုဂ္ဂိုလ်ဖြစ်သည်။ သူသည် ဗုဒ္ဓတရားတော်နှင့်ပတ်သက်၍ ကြီးမားနက်ရှိုင်းသော ဗဟုသုတများဖြင့် ပြည့်စုံကာ တောင်တန်းဘုံမှ မရေမတွက်နိုင်သောလူတို့၏လေးစားမှုကို ရရှိထားသူဖြစ်သည်။
တခြားသော ဘုံများမှ ထိပ်သီးအင်အားစုနှင့်ယှဉ်လျှင် တောင်တန်းဘုံသည် ပြင်ပလောကနှင့် အဆက်အစပ်နည်းလွန်းလှသည်။ သူတို့သည် တရားတော်များကို သင်အံ့လေ့လာခြင်း၊ ဆင်ခြင်ကျင့်ကြံခြင်းများဖြင့်သာ အချိန်ကုန်ဆုံးနေသူများဖြစ်ကြသည်။
သို့သော်လည်း ယခင်မျိုးဆက်ဟောင်းများမှ လူတချို့သည် ထိုဘုန်းကြီးများ လွန်ခဲ့သော နှစ်သုံးရာခန့်က တစ်ကြိမ် အပြင်လောကသို့ ထွက်လာဖူးကြောင်း သိကြပေသည်။
ထိုခေတ်ကာလကား အလွန်ပင် ကြမ်းတမ်းခက်ရော်လွန်းသည်။
“ဆရာတော်ပုတောက်နဲ့တွေ့ရတာ ဝမ်းသာပါတယ်...” လူအများက တစ်ယောက်ပြီးတစ်ယောက် နှုတ်ဆက်ကြသည်။ ဆရာတော်ပုတောက်သည် တောင်တန်းဘုံတွင် မြင့်မားသော အဆင့်အတန်းတစ်ခုရှိသည်မှာ သေချာ၏။ သူက စိတ်ပုတီးကို လက်ဖြင့်ကိုင်ကား အားလုံးကို တလေးတစား ပြန်နှုတ်ဆက်သည်။
“ဆရာတော်ပုတောက်... ခင်ဗျား တောင်အောက်ကို ဆင်းလာတာ စိုးရိမ်စိတ်တွေ အရမ်းများနေလို့နဲ့တူတယ်...” အဆင့်မြင့်ဘုန်းတော်ကြီးတစ်ပါးက မေးသည်။ တောင်တန်းဘုံသည် အမှန်ကယ်လည်း စွမ်းအားမြင့်တန်ခိုးရှင် အများအပြားကို စေလွှတ်ခဲ့သည်။
“ငရဲတံခါးပေါ်လာတဲ့အပေါ် ဆရာတော်ပုတောက်က ဘယ်လိုမြင်လဲ...” နောက်တစ်ယောက်က မေးသည်။ သူတို့အားလုံးက ဆရာတော်ပုတောက်၏ထင်မြင်ယူဆချက်ကို နားထောင်လိုကြသည်။
ဆရာတော်ပုတောက်က အနည်းငယ် ခေါင်းငုံ့လိုက်သည်။ အပြုံးယဲ့ယဲ့ဖြင့်ပင် သူက လက်အုပ်မိုးလျှက် ပြောသည် “ဖြစ်တဲ့တဲ့အရာက ဖြစ်ကို ဖြစ်မှာပါပဲ။ ကျုပ်တို့က ငြိမ်ငြိမ်သက်သက်လေး စောင့်နေရုံပဲ...”
သူ၏ပြောစကားက အဓိပ္ပာယ်ကင်းမဲ့သော်လည်း လူအများက သဘောတူဟန်ဖြင့် ခေါင်းညိတ်ကြ၏။
မြစ်ဝါမြစ်ကမ်းဘေးမှ လူများက ဆရာတော်ပုတောက်ကို လှမ်းကြည့်ကာ အချင်းချင်း တီးတိုးပြောနေကြသည်။
“တောင်တန်းဘုံက လူတွေဟာ အပြင်ကို ထွက်ခဲတယ်… ဒါပေမဲ့ ဒီတစ်ခေါက် သူတို့က စွမ်းအားမြင့်တန်ခိုးရှင်တွေကို စေလွှတ်လိုက်တယ်။ ထျန်ရှင်းဘုရားကျောင်းက ဆရာတော်ပုတောက်တောင်မှ ကိုယ်တိုင် ရောက်လာတယ်...” တစ်ယောက်က ပြောသည်။ ထျန်ရှင်းဘုရားကျောင်းသည် တောင်တန်းဘုံ၏အကြီးကျယ်အခန်းနားဆုံးသော ဘုရားကျောင်းဖြစ်ကာ ဆရာတော်ပုတောက်သည် ထျန်ရှင်းကျောင်းတော်၏အဆင့်မြင့်ဘုန်းတော်ကြီးလည်းဖြစ်၏။ မရေမတွက်နိုင်သောလူများသည် သူ့အား လူချင်းမသိကျွမ်းလျှင်ပင် သူ၏ကျော်ကြားသော နာမည်ကို ကြားသိဖူးကြပေသည်။
“ဆရာတော်ပုတော်ဘေးမှာ ရပ်နေတဲ့သူက ကွေ့ကျန်းပဲ...သူဟာ နတ်ဘုရားအကြွင်းအကျန်နယ်မြေမှာ ရှန်ဟောက်၊ ကျန့်ချင်းကျူ၊ နန်လော့ရှန်း၊ တိဝူနဲ့ တခြားလူတွေလိုပဲ အက်ကြောင်းမဲ့ဝင်ရိုးကို ဖွဲ့စည်းနိုင်ခဲ့ပြီးတယ်။ ပြီးတော့ ကွေ့ကျန်းဟာ နှိမ့်ချပြီးနေတတ်တယ်။ သူဟာ ရှန်ဟောက်ထက်တောင် သန်မာမယ်လို့ လူတွေက ထင်ကြေးပေးကြတယ်...”
တောင်တန်းဘုံမှ လူများသည်သာ ရောက်လာသည်မဟုတ်၊ တခြားလူများသည်လည်း ရီဖူရှင်း ရပ်နေရာသို့ ရောက်လာကြ၏။
ထိုလူများကို ဦးဆောင်လာသူမှာ ရှန်လော့ရွှီဖြစ်သည်ကို ရီဖူရှင်းက အံ့အားသင့်ဖွယ် တွေ့ရှိရသည်။
“အဖွား...” ရီဖူရှင်းက ခေါ်သည် “ဘာလို့ ကိုယ်တိုင် ရောက်လာရတာလဲ...”
စီနီယာအရဆိုပါက သူမအား ရီဖူရှင်းက ဆရာဖွားဖွားဟု ခေါ်ရမည်ဖြစ်သော်လည်း ပို၍ အဖွားဟုခေါ်ခြင်းက ပိုမို၍ သက်တောင့်သက်သာဖြစ်ကာ ရင်းနှီးမှုရှိသည်ဟု ရီဖူရှင်းက ယူဆသည်။
ရီဖူရှင်းက သူမအား အဖွားဟု ခေါ်သည့်တိုင် ရှန်လော့ရွှီသည် အသက်များစွာ ကြီးရင့်သည့်ပုံတော့ မဟုတ်ပေ။ သို့တိုင်အောင် သူမတွင် ရီဖူရှင်းကဲ့သို့ ငွေရောင်ဆံပင်များ ရှိသည်။
“အဖွားက ရှင့်ကို စိတ်ပူနေတာ...” ဖေးရွှီက ရီဖူရှင်းကို ပြုံးလျှက်ပြောသည်။ ရှန်လော့ရွှီသည် ပုံမှန်အားဖြင့် အေးစက်စက်နေတတ်သော်လည်း သူ့ကို အမှန်တကယ် ဂရုစိုက်ကြောင်း ရီဖူရှင်း သိသည်။ သူမသည် နန်းယွီအပေါ်လည်း အမှန်ကောင်းပေသည်။
“ရွှယ်ယူမြို့မှာ တစ်ယောက်ယောက်က မင်းကို တိုက်ခိုက်ခဲ့သေးလား...” ရှန်လော့ရွှီက မေးသည်။
“ဒါက ပြဿနာသိပ်မရှိပါဘူး။ သူတို့က နောက်တစ်ခါ လာရဲတော့မှာ မဟုတ်ဘူး...” ရီဖူရှင်းက ပြောသည် “အဖွား... ဒီအတွက်နဲ့တော့ အထူးတလေ ရောက်လာဖို့ မလိုပါဘူး...”
“ငါက ဒီကိစ္စတစ်ခုတည်းအတွက် ရောက်လာတာ မဟုတ်ဘူး...” ရှန်လော့ရွှီက ပြောသည် “လျှို့ဝှက်နယ်မြေဘုံမှာ ဖြစ်နေတာတွေ ကြားသိပြီးနောက်မှာ ဘုံကိုးခုက အင်အားစုတွေအကုန်လုံး စစ်ကူတွေ လွှတ်လိုက်ကြတယ်။ ငရဲတံခါးကိစ္စက ငါတို့ထင်သလောက် မရိုးရှင်းဘူး...”
ရီဖူရှင်းက ရှန်လော့ရွှီကို ကြည့်ကာ မေးသည် “ငရဲတံခါးဆိုတာ ဘယ်လိုအုပ်စုလဲ...”
ရှန်လော့ရွှီကဲ့သို့ ယခင်မျိုးဆက်များသည် ခေတ်ကာလများစွာကို ကျော်ဖြတ်လာခဲ့ပြီးဖြစ်ရာ ငရဲတံခါးနှင့်ပတ်သက်၍ များစွာ သိနားလည်ကြပေသည်။
“ငရဲတံခါး...” ရှန်လော့ရွှီသည် အဝေးကို လှမ်းကြည့်လိုက်ပြီးနောက်တွင် သူမ၏စိတ်က အတိတ်ကို ပြန်ရောက်သွားဟန်ရသည်။ ယခင် ဘုံသုံးထောင်သည်ကား စွမ်းအားမြင့်တန်ခိုးရှင်များနှင့် ပြည့်နှက်နေကာ အန်မတန်လည်း ရန်လိုကြ၏။ တိုက်ပွဲများ နေရာတိုင်းတွင်ရှိကာ အရာရာတိုင်းမှာ ပရမ်းပတာဆန်လှသည်။ ထိုအခြေအနေသည် အရှင်ဒွန်ဟောင်နှင့် အင်ပါယာရီချင်တို့ကြောင့် အဆုံးသတ်ခဲ့ရ၏။
အရှင်ဒွန်ဟောင်နှင့် အင်ပါယာရီချင်တို့သည် အမှန်တကယ် တော်လွန်းထက်လွန်းသော ခေါင်းဆောင်များဖြစ်ကြသည်။
“ဒါက ဘုံသုံးထောင်ကို ကျော်လွန်ပြီး ဖြစ်ပျက်လာတဲ့ကိစ္စပဲ...” ရှန်လော့ရွှီက ရေရွက်သည်။ ရီဖူရှင်း၏အမူအရာက လေးနက်သွားသည်။
“ဘယ်လိုပြောပြော ငရဲတံခါးဟာ အရင်တုန်းက လျှို့ဝှက်နယ်မြေဘုံမှာ ကြောက်စရာကောင်းအောင် လွှမ်းမိုးနိုင်ခဲ့တယ်။ သူတို့ ပျောက်သွားတာ နှစ်ပေါင်းများစွာ ကြာပြီဆိုရင်တောင်မှ လက်ကျန်တချို့ဟာ လျှို့ဝှက်နယ်မြေဘုံမှာ ပုန်းအောင်းနေခဲ့ကြတယ်။ အခု သူတို့ ရုတ်တရက် လှုပ်ရှားလာခဲ့တာ ပုံမှန်မဟုတ်ဘူး...”
ရှန်လော့ရွှီက ရီဖူရှင်းကို ပြောသည် “တခြားဘုံက တန်ခိုးရှင်တွေလည်း မကြာခင် ရောက်လာလိမ့်မယ်...”
“အဖွား... ကျွန်တော်က ရွှယ်ယူမြို့မှာ မိန်းကလေးတစ်ယောက်ကို တွေ့ထားတယ်...” ရီဖူရှင်းက နောက်လှည့်ကာ လှမ်းခေါ်လိုက်သည် “ချင်းယောင်... လာခဲ့ပါဦး...”
ရီချင်းယောင်သည် သူတို့ထံသို့ လျှောက်လာကာ ရှန်လော့ရွှီအား စိတ်ဝင်တစားကြည့်လျှက် ပြောသည် “အဖွားကို တွေ့ရတာ ဝမ်းသာပါတယ်...”
ရှန်လော့ရွှီက သူမအား နတ်မျက်လုံးဖြင့် တိုက်ရိုက်လှမ်းကြည့်သည်။ သက်တောင့်သက်သာမရှိသော ခံစားချက်ကို ရသည်တွင် ရီချင်ယောင်သည် ရီဖူရှင်း၏နောက်တွင် ပုန်းအောင်းရန် ကြိုးစား၏။
“အဖွား... ခဏနေပါဦး...” ရီဖူရှင်းက တားလိုက်သည်။ ထို့နောက် သူက ရီချင်းယောင်ကို ကြည့်ကာ ညင်သာစွာ ပြောသည် “ချင်းယောင်... အဖွားက ညီမလေးကို ကူညီဖို့အတွက် သေသေချာချာ စစ်ကြည့်ဖို့လိုနေတယ်... တကယ်လို့ ညီမလေး အဆင်မပြေရင် အဖွားကို ရပ်ဖို့ အစ်ကိုပြောပေးမယ်...”
ရီချင်းယောင်က ရီဖူရှင်း၏မျက်လုံးများကို ကြည့်သည်။ ရီဖူရှင်းထံမှ ကြင်နာသော ခံစားချက်ကို သူမ သေချာပေါက် ခံစားမိပေသည်။ သူမက ခေါင်းညိတ်ကာ ပြောသည် “အစ်ကိုပြောတာကို နားထောင်ပါ့မယ်...”
ရီဖူရှင်းက ပြုံးကာ သူမ၏ပါးပြင်လေးကို အသာဆွဲညှစ်လျှက်ပြောသည် “လိမ္မာတဲ့ကလေး...”
ထို့နောက် သူက ရှန်လော့ရွှီကို အချက်ပြလိုက်သည်။ ရီချင်းယောင်က ပုန်းကွယ်မနေတော့။ သူမက လက်သီးလေးကို တင်းတင်းဆုပ်ကာ မသက်မသာခံစားချက်ကို တောင့်ခံသည်။ သူမ၏လက်မှ ချွေးစေးများကို ရီဖူရှင်း သတိထားမိ၏။
အမှောင်ထဲတွင်သာ ကြီးပြင်းလာခဲ့ရသည့် ကလေးငယ်တစ်ဦးအတွက် သူမကိုယ်တိုင်မှလွဲ၍ ယုံကြည်သူ တစ်ဦးတစ်လေမျှ ရှိမနေ။
သူမ၏ဘဝအတွေ့အကြုံအရ လူအများစုကို သတိထားရန် ဖြစ်လာခဲ့သည်။ သို့သော်လည်း ရီဖူရှင်းကိုမူ သူမက ယုံကြည်၏။
ရှန်လော့ရွှီသည် အကြောင်းအရာများစွာကို မြင်တွေ့ရသည်။ အတန်ကြာပြီးနောက်တွင် နတ်အလင်းများ ပျောက်ကွယ်သွားကာ သူမက ရီချင်းယောင်ကို သုန်မှုန်စွာ ကြည့်သည်။
သူမကား သိသိသာသာ ထိတ်လန့်အံ့အားသင့်နေသည်။
“မင်း ငါ့နောက်ကို လိုက်ခဲ့...” ရှန်လော့ရွှီက ရီဖူရှင်းကို ကြည့်ကာ ပြောသည်။
သူမ၏အမူအရာက အလွန်လေးနက်နေသည်။
ရီချင်းယောင်သည် သာမန်မိန်းကလေးမဟုတ်သည်ကို ရီဖူရှင်းက ကြိုတင်ခန့်မှန်းထားပြီးဖြစ်သော်လည်း ထိုမျှ အရေးကြီးမည်ဟု ရီဖူရှင်းလည်း မထင်ထား။
သူက ရီချင်းယောင်ကို ကြည့်လိုက်လျှင် မိန်းကလေးသည် သူ့အား စိုးရွံ့သော မျက်လုံးများဖြင့် ကြည့်နေသည်ကို မြင်၏။ သူမက ရီဖူရှင်း၏လက်ကို တင်းတင်းဆွဲကိုင်ထားသည်။
“စိတ်မပူနဲ့ ညီမလေး... အဆင်ပြေသွားလိမ့်မယ်...” ရီဖူရှင်းက ပြုံးသည်။ ချင်းယောင်က ခေါင်းညိတ်ကာ သူ၏လက်ကို လွှတ်ပေးသည်။
ရှန်လော့ရွှီနှင့် ရီဖူရှင်းတို့ သီးသန့်တစ်နေရာသို့ ထွက်လာကြသည်။ ရီဖူရှင်းက မေးသည် “အဖွား... ဘာဖြစ်လို့လဲ...”
“မင်းကိုယ်တိုင်သာ ကြည့်တော့...” အလင်းတန်းတစ်ခု ရှန်လော့ရွှီ၏နဖူးမှ ထွက်ပေါ်လာကာ ရီဖူရှင်း၏စိတ်ထဲကို တိုးဝင်လာသည်။
ရီဖူရှင်းက တားဆီးခြင်းမပြုပေ။ သူက အလွန်ထူးဆန်းသော မြင်ကွင်းတစ်ခုကို တွေ့ရ၏။
ကျင့်ကြံသူတစ်စုသည် ရွှယ်ယူမြို့မှ အိမ်ကလေးတစ်လုံးကို ဝန်းရံထားကြသည်။ မြေပြင်တွင်ကား လူသေအလောင်း အများအပြားကို တွေ့ရ၏။ မိန်းကလေးတစ်ဦးတည်းသည်သာ အလောင်းများဘေးတွင် ထီးထီးတည်းရပ်နေ၏။ သူမ၏အဝတ်အစားများက သွေးများ စွန်းထင်းနေသည်။
တန်ခိုးရှင်များက သူထံသို့ လှမ်းသွားကာ ခေါ်သွားရန် ကြံကြသည်။ သို့သော်လည်း သူမ၏မျက်လုံးများက ရုတ်တရက် နက်မှောင်သွား၏။ ကောင်းကင်သည် မှောင်မဲလာခဲ့ကာ ကြောက်မက်ဖွယ် အနက်ရောင်စွမ်းအားများ ထိုနေရာတစ်ခုလုံးကို လွှမ်းမိုးလာခဲ့၏။ ချက်ချင်းပင် တန်ခိုးရှင်များသည် အမှောင်ထု၏ဝါးမျိုခြင်းကို ခံရကာ သူတို့၏အသွေးအသားများ ရင့်ရော်ခြောက်သွေ့ကာ သေဆုံးသွားကြ၏။
အမှောင်စွမ်းအားက တစတစ ထိုနေရာမှ အရာအားလုံးကို ဝါးမျိုသွားခဲ့၏။
ထိုမြင်ကွင်းက ရီဖူရှင်းကိုပင် ထိတ်လန့်စေသည်။ ချင်းယောင်က သူမသည် ကံဆိုးမှုနှင့်အတူ မွေးဖွားလာခြင်းဟု ပြောခဲ့သည်မှာ မထူးဆန်းတော့။
ချင်းယောင်သည် မဟာလမ်းစဉ်သန္ဓေသားဖြစ်ကြောင်းကို ရီဖူရှင်းက သိပြီးဖြစ်သည့်တိုင် သူမက ထိုမျှ ကြောက်မက်ဖွယ်စွမ်းအားများကို ထုတ်လွှတ်နိုင်ခြင်းအား ရီဖူရှင်းက အံ့အားသင့်ရသည်။
“သူမမှာ ကြောက်စရာနောက်ခံရှိရမယ်...” ရှန်လော့ရွှီက ရီဖူရှင်းကို ပြောသည် “သူမက ငရဲတံခါးနဲ့လည်း ဆက်စပ်နေဖို့များတယ်...”
ရီဖူရှင်း၏မျက်နှာလည်း သုန်မှုန်နေသည်။
“သူမက ဒါကို သူကိုယ်တိုင်သိထားလား...” ရီဖူရှင်းက မေးသည်။
ရှန်လော့ရွီက ခေါင်းယမ်းသည် “သူမက ဒါတွေကို ဘာမှ မသိထားဘူး...”
ရီဖူရှင်း သက်ပြင်းချသည်။ မိန်းကလေးသည် ငယ်ငယ်ရွယ်ရွယ်ဖြင့် ခက်ခဲကြမ်းတမ်းသော ကံကြမ္မာကို ပိုင်ဆိုင်ထား၏။
“ကလေးမကိုသာ ငါတို့ခေါ်ထားရင် မင်းမြင်ခဲ့တဲ့ မြင်ကွင်းမျိုး ထပ်ဖြစ်လာနိုင်တယ်။ ကျောင်းတော်ဟာလည်း ဘယ်တော့မှ ငြိမ်းချမ်းမှာ မဟုတ်တော့ဘူး” ရှန်လော့ရွှီက ပြောသည်။
***