ကျိန်စာများသည် ငါ့မပေါ်မသက်ရောက်နိုင်
Vol. 28 Ch. 416
တာအိုလမ်းစဉ်ဂိုဏ်းမောင်နှမကိုးဖော်အကြောင်း လုယန်ကြားဖူးသည် ထိုနာမည်သည် ဂိုဏ်းတပည့်များအတွက်က် အသွားနှစ်ပါသည့်ဘက်ဓားတစ်လက်နှင့်တူသည်။ ဝိညာဉ်ပြောင်းအဆင့် သို့မဟုတ် လေဟာနယ်အဆင့်လို အားနည်းသည့်ပြိုင်ဘက်များကို အလွယ်တကူခြိမ်းခြောက်နိူင်သည်။
သို့သော် ပြိုင်ဘက်က စုစည်းခြင်းအဆင့် ပုဂ္ဂိုလ်ဖြစ်ပြီး စွမ်းအားမြင့်ဂိုဏ်းကြိးတစ်ဂိုဏ်းတွင် ရာထူးတစ်ခု ပိုင်ဆိုင်ထားလျှင် ထိုနာမည်နှင့် ကံကြမ္မာယှက်နွယ်မှု ရှိသည့်သဘောဖြစ်သည်။ ရန်ကြွေးရှိဖို့ ရှစ်ဆယ်ရာနှုန်းသေချာသည်။
နန်းမြို့တော်သို့သွားလျှင် ရှစ်ဆယ်ရာနှုန်းမှ ရာနှုန်းပြည့်ဖြစ်သွားနိုင်ခြေပင်ရှိသည်။
မုန်ကျင်းကျိုး နန်းမြို့တော်သို့ပြန်လျှင် အနည်းဆုံးတော့ သူ့ကျောထောက်နောက်ခံ မုန်မိသားစုရှိသည်။ သူအတွက် အန္တရာ်မရှိ။
သို့သော် တာအိုရှင်ဝစီပိတ်၏တပည့် မုန်ကျင်းကျိုး၏သွေးသောက်ညီအကိုဖြစ်သည့် လုယန်အတွက် နန်းမြို့တော်သို့သွားခြင်းသည် ငရဲဂိတ်တံခါးသို့ဝင်ခြင်းနှင့်မခြားလှ။
အလယ်ပိုင်းတိုက်နယ်၏ ဗဟိုချက်ဖြစ်သည့် နန်းမြို့တော်သည် မဟာရှား၏ နှစ်တစ်သိန်းအမွေအနှစ်ကို ထိန်းသိမ်းထားသည်။ ကျင့်ကြံသူလောကတွင် စွမ်းအားအကြီးဆုံးမြို့တော်ဖြစ်သည်။ တိုက်နယ်မှလူများ ရှုခင်းကြည့်ဖို့ နန်းမြို့တော်သို့သွားလည်ချင်ကြသလို နတ်ဆိုနယ်မြေ၊ ရွှေဗုဒ္ဓနိုင်ငံနျင့် အရှေ့ပင်လယ်မျိုးနွယ်များလည်း ထိုနေရာသို့ သွားလိုကြသည်။
သို့သော် လုယန်ကတော့ သွားလိုစိတ်လုံးဝမရှိ။
ရုတ်တရက် သူကိစ္စတစ်ခုကို သတိရလာပြီး လက်ချိုးရေတွက်နေသည်။
"ဘာလို့ငါ့မှာ ရန်သူတွေအများကြီးရှိသလို ဖြစ်နေတာလဲ။ ရှေးဟောင်းခေတ်မသေမျိုးလေးယောက်။ သူတို့က သေချာပေါက် ငါ့ကိုအလွတ်ပေးမှာမဟုတ်ဘူး။
ငါ့ဆရာက နေရာတိုင်းမှာ ရန်သူရှိတယ်။ အဲဒါတွေလည်း ငါ့ရန်သူလို့ သတ်မှတ်ရမှာ။ ဒါဆို အတိတ်တစ်ချိန်က ရှေးခေတ်စွမ်းအားရှင်တွေတောင် ငါနဲ့ရန်ညှိုးရှိကြတဲ့သဘောလား။
မဟုတ်သေးပါဘူး။ ဒီခေတ်ရဲ့ စွမ်းအားအကြီးဆုံးဂိုဏ်းကို ငါဝင်ခဲ့တယ်။ ဂိုဏ်းချုပ်ရဲ့ အငယ်ဆုံးတပည့်ဖြစ်ခဲ့တယ်။ ပြီးတော့ စွမ်းအားအကြီးဆုံးရှေးဟောင်းခေတ်မသေမျိုးလည်း ငါ့ကိုယ်ထဲမှာရှိတယ်။
တကယ်ဆို ငါဟာ နတ်ဘုရားတွေဗုဒ္ဓတွေ လမ်းပိတ်လာရင်တောင် သတ်ဖြတ်နိုင်စွမ်းရှိတဲ့လူမျိုး မဖြစ်သင့်ဘူးလား။ ဘာလို့အားလုံးက မကောင်းတဲ့အကျိုးဆက်တွေအဖြစ် ပြောင်းလဲသွားတာလဲ"
ထိုအန္တရာယ်အားလုံး ခုခံနိုင်လောက်အောင် သူ့ကံကြမ္မာက အားကောင်းခဲ့သည့်အတွက် သူစိတ်သက်သာရာရမိသည်။
"ငါတို့ တစ်ယောက်စီခွဲပြီး အကျဉ်းချထားခံရတယ်။ ငါ့ဆရာက ငါနဲ့ရှန်ရန်ရဲ့ ဝိညာဉ်ချီတွေကို ချိတ်ပိတ်လိုက်တယ်။ ဘယ်သူမှမရှိတဲ့ အခန်းနှစ်ခန်းထဲမှာ ပိတ်လှောင်ခံရတယ်။ နံရံပေါ်က သံပြတင်းပေါက်လေးကနေပဲ တစ်ယောက်ကိုတစ်ယောက်ကြည့်ခွင့်ရတယ်။
အဲလိုနေရင်းနဲ့ တာအိုကို ငါတို့ဆွေးနွေးတယ်။ ငါက ကျိန်စာပညာသဘောတရားတွေကို ရှင်းပြတယ်။ သူက သူတော်စင်အဆိုအမိန့်တွေကို ရှင်းပြတယ်။ တစ်ယောက်ကိုတစ်ယောက် တိုးတက်အောင် ကူညီကြတယ်"
လုယန် သူ့ဘာသာတွေးသည်။
'ခင်ဗျားတို့နှစ်ယောက်က အပျင်းပြေရုံ အချိန်ကုန်ရုံ စကားပြောနေကြတာမျိုး မဟုတ်ဘူးလား'
ချောက်နက်သခင်မက လေသံပျော့ဖြင့်ပြောနေသည်။ အမှတ်တမဲ့ပြောသည့်စကားကြောင့် ဒုက္ခရောက်နိုင်သည်ကို လုယန်နားလည်သည်။ ထို့ကြောင့် ကိုယ့်ဒုက္ခကိုယ်မရှာတော့။
ချောက်နက်သခင်မက သက်ပြင်းချလျက် သူ့ဇာတ်လမ်းကို နိဂုံးချုပ်သည်။
"နောက်ဆုံးတော့လည်း ရှန်ရန်က ငါ့အချစ်ကို လက်မခံခဲ့ပါဘူး။ ငါစုစည်းခြင်းဆင့်ရောက်ပြီးတော့ ရှန်ရန်ငါ့ကို အရူးအမူချစ်လာအောင်လုပ်နိုင်မယ့် ကျိန်စာတစ်ခုလေ့လာဖို့ ငါတံခါးပိတ်ကျင့်ခဲ့တယ်။ ကံဆိုးတာက သူငါ့ကို ဘယ်တော့မှလာမတွေ့တော့ဘူးလေ"
လုယန် ကြက်သီးထသွားသည်။ သူ့တော်စင်၏ကျမ်းစာများ ရွတ်ဖတ်လျှင် အန္တရာယ်ကင်းသည်ဟု ဟိုအရင်ကတည်းက သူကြားဖူးသည်။ တကယ်ဟုန်မှန်ကြောင်း အခုမှ သူယုံသွားသည်။
"အင်း..ငါတို့က နင်တို့တာအိုလမ်းစဉ်ဂိုဏ်းနဲ့ ကံရေစက်နည်းနည်းရှိတယ်ဆိုတော့ ငါနင့်တို့ကိုကူညီပါ့မယ်"
ထို့နောက် လုယန် မုန်ကျင်းကျိုးအတွက် ပျော်ရွှင်ချိန်ပင်မရသေးမီ ချောက်နက်သခင်က ဆက်ပြောသည်။
"ဒါပေမယ့် ရှန်ရန်ရဲ့စာအရ နင့်အဖော်ရဲ့ကျိန်စာက အတော်အဆင့်မြင့်တယ်။ ငါအပြည့်အဝ ဖယ်ရှားပေးနိုင်မှယ်မထင်ဘူး။ ပြီးတော့ဒါက ကံကြမ္မာတန်ပြန်ကျိန်စာလေ။ ရိုးရိုးကျိန်စာမဟုတ်ဘူး"
"ဒါဆို တစ်ခြားတစ်ယောက်ယောက်ကို အကူအညီတောင်းရမလား"
"အဲလောက်တော့မလိုသေးပါဘူး။ ငါ့ဆီရောက်လာပြီးမှတော့ တစ်ခုခုလုပ်မပေးဘဲ နင်တို့ကို ထွက်သွားခွင့်မပေးနိင်ဘူး။ ဒီသတင်းသာ အပြင်ကိုပြန်သွားရင် ခံစားချက်ခုနစ်မျိုးချောက်နက်က ကျိန်စာပညာကျွမ်းကျင်တယ်ဆိုတဲ့ဂုဏ်ပုဒ်ကို ဘယ်ကြွေးကြော်နိုင်တော့မှာလဲ။
ဒီကျိန်စာကို အပြည့်အဝမဖယ်ရှားနိုင်ပေမယ့် နည်းနည်းသက်သာအောင်တော့ ငါလုပ်ပေးနိုင်ပါတယ်။
"ဘယ်လိုမျိုးလဲ"
"ဥပမာ နင့်အဖော်ရဲ့ကျိန်စာကို မိန်းမတွေနား မကပ်နိုင်တဲ့အဖြစ်ကနေ တွေ့သမျှမိန်းမတွေအားလုံးကမုန်းတဲ့အဖြစ်မျိုး ငါပြောင်းပေးနိုင်တယ်"
လုယန် "..."
ပိုဆိုးသွားသလိုလိုပါပဲလား...
"ကဲ..ဘယ်လိုလဲ။ ငါအဲလိုလုပ်ပေးရမလား"
"သူ့သဘောကို ကျုပ်အရင်မေးဖို့လိုမယ်ထင်တယ်"
သူသည် မုန်ကျင်းကျိုးမဟုတ်။ ကိုယ်စားဆုံးဖြတ်ပေး၍မရ။
"အဲလိုပဲဖြစ်သင့်ပါတယ်လေ။ ငါကိုယ်တိုင် သူ့ကိုသွားမေးမယ်"
လုယန် တုံ့ဆိုင်းဆိုင်းဖြစ်သွားသည်။ ချောက်နက်သခင်က သူ့အမူအရာကို သတိပြုမိသည်။
"ဘာဖြစ်တာလဲ"
"လောင်မုန်ရဲ့ကျိန်စာက ဘယ်မိန်းမနားကိုမှ ကပ်လို့မရဘူးလေ။ ချောက်နက်သခင်က..."
သခင်မရွှမ် ပြုံးလိုက်သည်။
"အဲဒါလား။ သူကျိန်စာသင့်နေရင်တောင် ထိပ်တန်းကျိန်စာသခင်ဖြစ်တဲ့ငါက ကျိန်စာအားလုံးကို ခုခံနိုင်ပါတယ်။ သူ့ကျိန်စာ ငါ့အပေါ်မသက်ရောက်နိုင်ပါဘူး။ ငါနင်နဲ့အတူ လိုက်ခဲ့မယ်"
ကျောက်ပိုနှင့်လော်လုကို ချောက်နက်တွင် စောင့်နေခဲ့ရန် ညွှန်ကြားသည်။ သူနှင့်လုယန် သိပ်မကြာခင်ပြန်လာမည်ဟု ပြောခဲ့သည်။
သခင်မရွှမ်က လုယန်ကို ချောက်နက်ထဲမှ ခေါ်ထုတ်သွားသည်။ လုယန်၏ လမ်းညွှန်မှုဖြင့် မုန်ကျင်းကျိူးရှိရာသို့ ပျံသန်းသွားကြသည်။
မုန်ကျင်းကျိုးရှိခဲ့သည့်နေရာသို့ သူတို့ရောက်လာသည်။ မြင်းရောလူပါ သဲလွန်စမတွေ့ရ။ မြေပေါ်တွင် စက်ဝိုင်းတစ်ခုသာကျန်ခဲ့သည်။
"ဒီစက်ဝိုင်းကဘာလဲ"
ချောက်နက်သခင် တွေးမရသဖြင့် မေးသည်။
"ကျုပ်ဆွဲခဲ့တာပါ။ လောင်မုန်လျှောက်သွားနေမှာစိုးလို့ စက်ဝိုင်းတစ်ခုဆွဲပြီး ဒီထဲကနေမထွက်ဖို့ မှာခဲ့တာ။ အခုသူဘယ်ကိုသွားလဲ ကျုပ်မသိဘူး"
ကံကြမ္မာစွမ်းအားကို ချောက်နက်သခင်မ နည်းနည်းနားလည်သည်။ လက်ချိုးတွက်ချက်နေပြီးနောက် ဦးတည်ရာတစ်ခုကို ညွှန်ပြသည်။
"သူဒီဘက်မှာဖြစ်မယ်။ လိုက်ရှာကြစို့"
နှစ်ယောက်သား တွက်ချက်ထားသည့်နေရာသို့ အတော်ကြာအောင် ပျံသန်းသွားသည်။ သို့သော် မုန်ကျင်းကျိုးအရိပ်အယောင်ကို လုံးဝမတွေ့။
"ထူးဆန်းတယ်။ ငါပျံသန်းတဲ့နှုန်းနဲ့ အခုချိန်လောက်ဆို သူ့ကိုအမီလိုက်နိုင်ရမှာပါ"
ချောက်နက်သခင် နောက်တစ်ကြိမ်တွက်ချက်ပြန်သည်။ နောက်ထပ်ကောက်ချက်တစ်ခုချသည်။
"အာ..သိပြီ။ သူက ခရီးတစ်ဝက်မှာ လမ်းကြောင်းပြောင်းသွားတာဖြစ်မယ်။ သူဒီဘက်ကိုသွားတာ။...သွားကြစို့"
ဦးတည်ရာအသစ်သို့ သူတို့ဆက်၍ ပျံသန်းသွားသည်။ မုန်ကျင်းကျိုးကို ထပ်ကာထပ်ကာရှာသည်။ သို့သော် အခြေအနေမထူးခြား။
ချောက်နက်သခင် နောက်ထပ်တွက်ချက်ရန်ပြင်နေစဉ် အခြေအနေကိုသဘောပေါက်လာသည့်လုယန်က အကြံပြုသည်။
"သခင်မရွှမ်၊ ခင်ဗျားက ဦးတည်ရာကိုပ တွက်ချက်ပေးပါ။ မုန်ကျင်းကျိုးကို ကျုပ်ပဲသွားရှာပါ့မယ်"
သူတို့ဆက်ရှာနေလျှင် မကြာမီ အရိုင်းနယ်မြေအပြင်ဘက်သို့ ရောက်သွားတော့မည်။
ချောက်နက်သခင်မ နည်းနည်းရှက်သွားသည်။
"အဲဒါ အဆင်ပြေတယ်။ သူက အနောက်ဘက်ကိုသွားတာပါ"
လုဘန် အနောက်ဘက်သို့ တစ်ယောက်တည်း ထွက်လာခဲ့သည်။ နောက်ဆုံးတွင် လူသူကင်းမဲ့သည့် တောအုပ်တစ်ခုထဲ၌ လဲကျနေသည့် မုန်ကျင်းကျိုးကို တွေ့ရသည်။ မြင်းအိုက အနီးမှစမ်းချောင်းတွင် အေးအေးလူလူရေသောက်နေသည်။
"မင်းအဆင်ပြေရဲ့လား"
"အဆင်ပြေတဲ့ပုံ ပေါက်နေလို့လားကွ"
မုန်ကျင်းကျိုး ခပ်ယဲ့ယဲ့လေသံဖြင့် ပြန်ဖြေသည်။ ဒေါသရိပ်ထွက်နေဟန်ဖြင့် အဖြစ်အပျက်ကို ရှင်းပြသည်။
"ခုနက ဘာဖြစ်သွားမှန်းမသိဘူး။ မုန်တိုင်တးစ်ခု ရုတ်တရက် ပေါ်လာတယ်။ အဲဒီ့မုန်တိုင်းထဲ ငါလွင့်ပါသွားတယ်။ မြင်းအိုက ငါ့နောက်ကနေ အေးအေးဆေးဆေးလိုက်လာတယ်။
မုန်တိုင်းရပ်သွားတော့ အထိန်းအကွပ်မဲ့နေတဲ့ ဖုတ်ကောင်တစ်ကောင်ပေါ်လာပြီး ငါ့ကိုလိုက်သတ်တယ်။ ဒီဖုတ်ကောင်အသက်မသေခင်က အတော်စွမ်းအားကြီးခဲ့ပုံပဲ။ ငါသူ့ကို မနိုင်မှန်းသိလို အသက်လုပြီးပြေးခဲ့ရတယ်။ ပင်ပန်းလွန်းလို့အသက်ထွက်မတတ်ပဲ။
ဖုတ်ကောင်စွမ်းအင်ကုန်တဲ့အထိ ငါ့မှာဝိညာဉ်စွမ်းအား လုံလုံလောက်လောက်ရှိလို့ တော်သေးတာပေါ့။ ဟိုမြင်းအိုကလည်း ဘာမှမကူညီပဲ ဒီအတိုင်းရပ်ပြီးကြည့်နေတာ။
ပြီးတော့ ဖုန်ကောင်လက်ကလွတ်လို့ အသက်ရှူချိန်တောင်မရသေးဘူး။ ငါ့ဝိညာဉ်စွမ်းအင်လည်ပတ်မှု ဖရိုဖရဲဖြစ်သွားတယ်။ အရှိန်ကုန်ထွက်ပြေးခဲ့ရလို့လည်း ဖြစ်ချင်ဖြစ်မယ်။ ငါ့ခန္ဓာကိုယ်ကို မထိန်းချုပ်နိုင်တော့ဘူး။ ဆက်ပဲပြေးနေရတယ်။ ငါ့ဝိညာစွမ်းအင်တွေကုန်တဲ့အထိ ပြေးနေခဲ့ရတာ ဘယ်လောက်ကြာသွားမှန်းတောင်မသိတော့ဘူး။
အဲဒါပြီးတော့ မဟာအားဖြည့်ဆေးတစ်လုံးတောင် သောက်ချိန်မရဘူး။ ငါ့ခေါင်းပေါ်မှာ ဝိညာဉ်ပြောင်းအဆင့်နှစ်ယောက် စပြီးတိုက်ခိုက်ကြတယ်။ တိုက်ပွဲက အရမ်းပြင်းထန်တော့ သူတို့တိုက်ပွဲစက်ကွင်းထဲ ငါကျသွားတော့မလိုပဲ။
ငါက ခန္ဓာကိုယ်ကျင့်ကြံတဲ့လူမို့သာ ဝိညာဉ်စွမ်းအင်သုံးစရာမလိုပဲ ထွက်ပြေးနိုင်ခဲ့တာ။ ီအနောက်ဘက်ကို ဆက်ပြေးလာပြီးမှ ငါအသက်ရှူချိန်ရတာ။ အဲဒီ့အချိန်မှာ မင်းရောက်လာတာပဲ"
အတော်ကံဆိုးတယ်ကွာ။...ဒါနဲ့..ငါဒီလောက်အဝေးကြီးပြေးလာခဲ့တာ။ မင်းငါ့ကို ဘယ်လိုရှာနိုင်တာလဲ"
ချောက်နက်သခင်မ သူ့နောက်သို့ တောက်လျှောက်လိုက်နေ၍ ထိုအဖြစ်များကြုံရခြင်းဖြစ်ကြောင်း လုယန် မပြောရက်။ ထို့ကြောင် စကားလမ်းကြောင်းပြောင်းလိုက်သည်။
"ခံစားချက်ခုနစ်မျိုးချောက်နက်မှာ မင်းကျိန်စာကို အတိုင်းအတာတစ်ခုထိ လျော့ပါးအောင်လုပ်ပေးနိုင်မယ့်လူတစ်ယောက် ငါတွေ့ခဲ့တယ်"
"ဘယ်လိုလုပ်မှာလဲ"
"မိန်းမတွေကမင်းကို စက်ဆုပ်မုန်းတီးတဲ့အကြည့်မျိုးနဲ့ကြည့်ရင် မင်းသဘောကျလား"
"..."
************************************