← Chapters

ရန်ညှိုးမရှိသူမရှိ

Vol. 28 Ch. 417

ရန်ညှိုးမရှိသူမရှိ

Vol. 28 Ch. 417

လုယန်တစ်ခုခုမူမမှန်ဟု မုန်ကျင်းကျိုးထင်မိသည်။

အရိုင်းနယ်မြေသို့ ဝင်လာပြီးကတည်းက လုယန်အခြေအနေက ပိုဆိုးလာသည်ဟု သူခံစားရသည်။

"ဒီလိုပါ...ချောက်နက်သခင်မနဲ့ ငါတွေ့ခဲ့တယ်။ သူက အကြီးအကဲရှဲ့နဲ့ နည်းနည်းပတ်သက်မှုရှိတော့ ကံကြမ္မာကျိန်စာနဲ့ပတ်သက်ပြီး မင်းကိုကူညီပေးမယ်တဲ့။ ဒါပေမယ့် သူ့စွမ်းရည်က အကန့်အသတ်ရှိတယ်။ ကျိန်စာကိုလျော့ပါးအောင်ပဲ လုပ်ပေးနိုင်မယ်။ အပြည့်အဝ မဖယ်ရှားပေးနိုင်ဘူး"

‌ချောက်နက်သခင်မ၏စွမ်းအားက ကျိန်စာဖျက်ဖို့မလုံလောက်လျှင် ယခင်ချောက်နက်သခင်ဟောင်း သို့မဟုတ် ချောက်နက်အကြီးအကဲတစ်ယောက်ယောက်ကို အကူအညီတောင်းလျှင်ရလောက်မလားဟု မုန်ကျင်းကျိုးကို လာရှာသည့်လမ်းတွင် ချောက်နက်သခင်ကို သူမေးခဲ့သည်။

ချောက်နက်သခင် ပြန်ပြောသည့်စကားက 'သူတို့ကငါ့ထက်အသက်ကြီးရုံနဲ့ ကူးဖြတ်ခြင်းအဆင့်ကို ရောက်နေပြီလို့ နင်ထင်နေတာလား'ဟု ဖြစ်သည်။

"ချောက်နက်သခင်က ကံကြမ္မာကျိန်စာကို မိန်းမတွေမတွေ့နိုင်တဲ့အဖြစ်ကနေ့ တွေ့သမျှမိန်းမတိုင်းက မင်းကိုမုန်းတဲ့အဖြစ်မျိုး ပြောင်းပေးနိုင်တယ်။ ကျိန်စာအပြည့်အဝပယ်ဖျက်ဖို့တော့ နောက်ထပ်ဆက်ကြိုးစားရမှာ"

မုန်ကျင်းကျိုးမျက်နှာ ကြောင်တက်တက်ဖြစ်သွားသည်။

"ဒီသက်ရောက်မှုနှစ်ခုလုံး အတူတူပဲမဟုတ်ဘူးလား"

"ဘာလို့တူရမှာလဲကွ။ အခုမင်းအခြေအနေက ဆောင်ကြာမြိုင်တံခါးဝကိုတောင် သွားလို့မရဘူးလေ။ နောက်ဆို ဆောင်ကြာမြိုင်ထဲကို မင်းဝင်နိုင်တော့မှာ"

"နောက်တစ်ခါပြောရင် ဒီထက်ကောင်းတဲ့ဥပမာလေးနဲ့ ပြောပါကွာ။ ကျေးဇူးပါ"

မုန်ကျင်းကျိုး မြေပြင်ပေါ်ဆောင့်ကြောင့်ထိုင်၍ မေးကိုပွတ်ရင်း စည်းစားနေသည်။ ကျိန်စာတစ်စိတ်တစ်ပိုင်း ဖယ်ရှားလိူက်လျှင် တစ်ချိန်လုံး တောင်တန်းပေါ်တွင် ပုန်းအောင်းပြီး လုယန်စန်းပွင့်သည့်အကြောင်းများ ကြွားလုံးထုတ်သည်ကို နားထောင်နေစရာမလိုတော့။

မြို့ထဲတို့ ပြန်သွားနိုင်မည်။ အကန့်အသတ်မရှိဘဲ သူသွားချင်ရာ သွားနိုင်မည်။ ကပ်ဆိုးများကြောင့် ထွက်ပြေးနေရမည့်အဖြစ်မျိုးလည်း ရှိမည်မဟုတ်တော့။

"ကောင်းပြီလေ၊ ဒါဆိုရင် ချောက်နက်သခင်ကိုပဲ အားကိုးရတော့မှာပေါ့။ အဲ...ဒါပေမယ့်...ငါသူနဲ့ ဘယ်လိုဆက်သွယ်ရမှာလဲ"

လုယန်သက်ပြင်ချသည်။ မုန်ကျင်းကျိုးသည် ချောက်နက်သခင်နှင့် တွေ့နိုင်မည်မဟုတ်။ မြင်းအိုကလည်း မယုံကြည်ရ။ တမန်တော်လုပ်ပေးရမည့်တာဝန်က သူ့အပေါ်သာကျလာသည်။

ကံတရားကိုလက်ခံ၍ လာရာလမ်းအတိုင်း ပြန်သွားသည်။ သစ်ပင်တစ်ပင်အောက်တွင် ကျင့်ကြံနေသည့် ချောက်နက်သခင်ကိုတွေ့သည်။

"နင့်အဖော်ကို တွေ့ခဲ့လား"

"တွေ့ပါတယ်။ ခင်ဗျားကုသတာခံယူဖို့ သူဆန္ဒရှိပါတယ်"

ချောက်နက်သခင် ခေါင်းငြိမ့်သည်။ သို့သော် နောက်ထပ်ပြဿနာတစ်ခုကို တွေမိဟန်ဖြင့် မျက်မှောင်ကျုံ့သွားသည်။

"တစ်ခုခုပြဿနာရှိလို့လား"

"သူ့ကျိန်စာက ကိုင်တွယ်ဖြေရှင်းဖို့ အရမ်းခက်တယ်။ တစ်စိတ်တစ်ပိုင်းလျော့ပါးအောင်လုပ်ဖို့တောင် အတော်ကြိုးစားရမှာ။ အကောင်းဆုံးဖြေရှင်းနိုင်မယ့်နည်းလမ်းကိုသိဖို့တွက် သူ့အခြေအနေကို ငါစမ်းသပ်စစ်ဆေးဖို့လိုတယ်"

"ဒါပေမယ့် ခင်ဗျားနဲ့လောင်မုန် မျက်နှာချင်းဆိုင်တွေ့လို့မရနိုင်ဘူးမဟုတ်လား"

"ဟုတ်တယ်၊ ပြဿနာက အဲဒါပဲ"

သို့သော် နှစ်နှစ်ထောင်ကျော်သက်တမ်းရှိခဲ့သူဖြစ်၍ လုယန်ထက် အတွေ့အကြုံပိုများသည်။ နည်းလမ်းတစ်ခု ချက်ချင်းစဉ်းစားမိသည်။

"နည်းလမ်းတစ်ခုရှိတယ်။ 'ကြိုးသွယ်သွေးခုန်နှုန်းစမ်းသပ်နည်း'ကို ငါသုံးလို့ရတယ်။

ဒါပေမယ့် ဒီဘေးပတ်လည်က သစ်ပင်တွေကြောင့် အနှောက်အယှက်ဖြစ်နိုင်တယ်။ စမ်းသပ်ဖို့ အဆင်မပြေဘူး။ ဒီတော့ နင့်အဖော်ကို ချောက်နက်ဂိတ်တံခါးဆီ ခေါ်ခဲ့ပါ။ အဲဒီမှာ ဘာအဟန့်အတားမှမရှိဘူး"

ထို့သို့ပြောပြီးနောက် သွေးခုန်နှုန်းစမ်းသပ်ရန်အတွက် လိုအပ်သည့်ပစ္စည်းများ ပြင်ဆင်ဖို့ သခင်မရွှမ် ချောက်နက်သို့ ပြန်သွားသည်။

လုယန်က မုန်ကျင်းကျိုးရှိနေသည့်တောအုပ်သို့ ပြန်သွားရသည်။ မြင်းအိုအကူအညီဖြင့် ချောက်နက်ဆီသို့ ခြေဦးပြန်လှည့်ကြသည်။

ဤတစ်ကြိမ်တွင် မြင်းအိုက ခါတိုင်းလို့ နှေးတိနှေးကွေမလုပ်ပါ။ လေဟာနယ်ပညာသုံး၍ သူတို့ကို မြန်မြန်ပြန်ခေါ်သွားပေးသည်။

သူတို့ရောက်လာချိန်တွင် ချောက်နက်သို့ ကျိန်စာဖျက်ရန်လာသည့်အပြင်လူများ ပြန်သွားကြပြီးဖြစ်သည်။ ရောဂါစစ်ဆေးနေသည့် ချောက်နက်တပည့်များလည်း မရှိတော့။ ခံစားချက်ခုနစ်မျိုးချောက်နက်သို့ မုန်ကျင်းကျိုး ချောမွေ့စွာ ပြန်ရောက်လာသည်။

လုယန် ချောက်နက်ထဲသို့ဝင်၍ ကြိုးသွယ်သွေးခုန်နှုန်းစမ်းသပ်ရန်အတွက် လိုအပ်သည့်မှော်ပစ္စည်းများကို သခင်မရွှမ်ထံမှ လက်ခံယူသည်။

ကြိုးသွယ်သွေးခုန်နှုန်းစမ်းသပ်နည်းသည် မဟာချန်ခေတ်မှအစပြုခဲ့သည့် ရှေးဟောင်းရောဂါစမ်းသပ်နည်းဖြစ်သည်။ ချန်အင်ပါယာ၏ကိုယ်လုပ်တော်တစ်ယောက် နေမကောင်းဖြစ်သည်။ တော်ဝင်သမားတော်တစ်ယောက်၏ ကုသမှုခံယူရန်လိုအပ်နေသည်။

သို့သော် ထိုကိုယ်လုပ်တော်သည် အင်ပါယာ၏မိန်းမဖြစ်သည် တစ်ခြားယောက်ျားများ သူ့ကို ထိကိုင်ခွင့်မရှိ။

မဟာချန်တော်ဝင်သမားတော်များက နည်းလမ်းတစ်ခုတီထွင်ကြံဆကြသည်။ ပိုးကြိုးတစ်ခု၏ အစွန်းတစ်ဘက်ကို ကိုယ်လုပ်တော်၏ လက်ကောက်ဝတ်တွင်ချည်သည်။ နောက်အစွန်းတစ်ဘက်ကို သမားတော်ကကိုင်ထားသည်။

သွယ်ထားသည့်ပိုးကြိုး၏ တုန်ခါမှုမှတစ်ဆင့် သွေခုန်နှုန်း၊ ဝိညာဉ်စွမ်းအင်နှင့် တစ်ခြားလက္ခဏာများကို အာရုံခံသည်။ ကျယ်ပြန့်သည့် ဆေးအသိပညာဖြင့်ပေါင်းစပ်၍ ရောဂါကိုအဖြေရှာသည်။

သို့သော် ထိုထက်ပိုကျွမ်းကျင်သည့် သမားတော်များက ကိုယ်ယောင်ဖျောက်ပညာကို တတ်မြောက်ကြသည်။ ညအမှောင်ကို အကာအကွယ်ယူ၍ ကိုယ်လုပ်တော်ထံ တိတ်တဆိတ်သွားပြီး ဘယ်သူမှမသိအောင် ကုသကြသည်။

"ဒါတွေကိုတော့ ငါနားလည်ပါတယ်။ ဒါပေမယ့် မင်းငါ့ကိုဘာလို့ ဒီလောက်တင်းကြပ်နေအောင် ချည်ထားတာလဲ။ ကြိုးသွယ်သွေးခုန်နှုန်းစမ်းသပ်နည်းက လက်ကောက်ဝတ်မှာ ကြိုးချည်ရုံပဲလို့ မင်းပြောခဲ့တယ်လေ"

မုန်ကျင်းကျိုး ဒေါသထွက်နေသည်။ သူ့တစ်ကိုယ်လုံး အဖြူရောင်ပိုးကြိုးများဖြင့် ရစ်ပတ်ခံထားရသည်။ ပါးစပ်နေရာသာကျန်နေသည်။

"တိတ်တိတ်နေစမ်းပါ"

လုယန် ပါးစပ်ကိုပါ ကြိုးဖြင့်ရစ်ပတ်လိုက်သည်။

"ဒီနည်းလမ်းတစ်ခုပဲရှိတယ်။ မင်းကျိန်စာက သာမန်ကျိန်စာမဟုတ်ဘူးလေ။ ပိုးကြိုးတစ်ချောင်းတည်းနဲ့ စစ်ဆေးလို့မရဘူး။ ပြည့်ပြည်ဝဝ စစ်ဆေးနိုင်အောင် တစ်ကိုယ်လုံးချည်ထားဖို့လိုတယ်။ သည်းခံလိုက်ပါ။ ချောက်နက်သခင်မက ဒီလိုလုပ်ဖို့အကြံပေးခဲ့လို့ပါ"

နောက်ဆုံးတွင် မုန်ကျင်းကျိုး လက်လျှော့လိုက်ပြီး ချောက်နက်သခင်မ၏ စမ်းသပ်စစ်ဆေးမှုကို အပိုးကျိုးကျိုးစောင့်သည်။

လုယန်က ချောက်နက်ထဲပြန်သွားသည်။ ချောက်နက်သခင်မလက်တွင် ပိုးချည်မျှင်များအစည်းလိုက်ဆုပ်ကိုင်ထားသည်။ မျက်လုံးမှိတ်၍ အာရုံခံရင်း ကျိန်စာဖြေရှင်းနိုင်မည့်နည်းလမး်ကို စဉ်းစားနေသည်။

လုယန် အသက်အောင့်ထားသည်။ ချောက်နက်သခင်မ စမ်းသပ်စစ်ဆေးနေသည်ကို အနှောက်အယှက်မပေးရဲ။

"တစ်ကိုယ်တော်ရွှေသန္ဓေနှစ်ခုတောင်လား။ ဟား...အတော်ရဲတင်းတဲ့ရွေးချယ်မှုပဲ"

"တစ်ကိုယ်တော်ရွှေသန္ဓေဆိုတာ ခင်ဗျားသိတယ်ပေါ့"

တာအိုလမ်းစဉ်ဂိုဏ်းပြင်ပတွင် မုန်ကျင်းကျိုး၏ရွှေသန္ဓေကို ခွဲခြားနိုင်သည့် ပထမဆုံးလူဖြစ်သည်။

"ငါငယ်ငယ်တုန်းက တစ်ကိုယ်တော်ဝိညာဉ်မြစ်ပိုင်ရှင်တစ်ယောက်နဲ့ တွေ့ခဲ့ဖူးတယ်။ အတော်ပါရမီရှိတယ်။ ဒါပေမယ့် နင့်အဖော်ကိုတော့ မမီသေးဘူး။

သူ့သွေးဆက်ဗီဇတွေကို အကဲဖြတ်ရသလောက် ဒီမုန်မျိုးရိုးဟာ နန်းမြို့တော်က မုန်မိသားစုဝင်ပဲဖြစ်ရမယ်"

ချောက်နက်သခင်မ ပြုံးလိုက်သည်။ သူငယ်စဉ်ကနေ့ရက်များကို ပြန်သတိရနေသည်။

"ဒီကံကြမ္မာတန်ပြန်ကျိန်စာက စိတ်ဝင်စားစရာပဲ။ ရှန်ရန်ပြောထားတာထက်တောင် ပိုပြီးပြင်းထန်တယ်။ ဒါပေမယ့် ငါခန့်မှန်းထားတဲ့ အတိုင်းအတာထက်တော့ မပိုသေးပါဘူး"

ကျိန်စာတစ်စိတ်တစ်ပိုင်း ဖယ်ရှားဖို့ အစီအစဉ်တစ်ခု သူတွေးထားပြီးဖြစ်သည်။

"ကျိန်စာပညာတွေကို နင်လေ့လာဖူးလား"

"မလေ့လာဖူးပါဘူး"

"ကျိန်စာတွေမှာ ဝိညာဉ်ဂုဏ်သတ္တိနဲ့ရုပ်ဂုဏ်သတ္တိ နှစ်ခုလုံးရှိတယ်။ ကျိန်စာတစ်ခုဖျက်ဖို့ဆိုရင် ရုပ်ခန္ဓာနဲ့ စိတ်ဝိညာဉ် နှစ်ခုလုံးကို ကုသဖို့လိုတယ်။

...ဒါက ဖားပြုတ်အရေခွံ၊ ကင်းခြေများခြောက်နဲ့ အဆိပ်ငါးမျိုးပိုးမှုန့်ပါ။ ဒါတွေကို ငါပြောထားတဲ့ အစီအစဉ်အတိုင်း မုန်မျိုးရိုးကောင်လေးကို ကျွေးလိုက်။

မှတ်ထားပါ၊ ကျိန်စာရဲ့ရုပ်ဂုဏ်သတ္တိကိုဖျက်နိုင်ဖို့ ဒါတွေကို အစိမ်းလိုက်ကျွေးရမယ်။

ပြီးတော့ သွေးဖောက်ထုတ်ဖို့အတွက် ဒီခုနစ်စဉ်ကြယ်ငွေအပ်တွေကို သုံးပါ။ အပ်ဒဏ်ရာတွေကျက်သွားတာနဲ့ နောက်ထပ်နှစ်ကြိမ်ထပ်လုပ်ပါ။

ခုနစ်စင်ကြယ်ငွေအပ်ဟာ စိတ်ဝိညာဉ်နဲ့ဆက်သွယ်နိုင်တဲ့ အစွမ်းရှိတယ်။ ဒါက ကျိန်စာရဲ့ ဝိညာဉ်ဂုဏ်သတ္တိတွေကို ပျက်ပြယ်စေလိမ့်မယ်။

ငါပြောတောတွေအားလုံး နင်မှတ်မိလား"

"ကျုပ်သေချာအောင် ထပ်မေးချင်တယ်။ ဖားပြုတ်အရေခွံနဲ့ တစ်ခြားပစ္စည်းတွေကို အစိမ်းလိုက်ကျွေးရမျာသေချာလား"

"ချက်ပြုတ်ပြီးမှကျွေးချင်လည်း ကျွေးလို့ရပါတယ်။ ဒါပေမယ့် အစိမ်းကျွေးတာက ပိုကောင်းတယ်"

"စုပ်ယူနိုင်စွမ်းကောင်းတာလား"

"အချိန်ကုန်သက်သာလို့ပါ။ ချက်ရပြုတ်ရမယ့်အချိန် သက်သာတယ်လေ"

"ဟုတ်ကဲ့၊ နားလည်ပါပြီ"

လုယန် လှည့်ထွက်သွားရန်ပြင်သည်။

"ခဏနေဦး၊ တစ်ခြားကိစ္စတစ်ခု နင့်ဆီကသေချာအတည်ပြုချင်တယ်"

"ဟုတ်ကဲ့"

"သူခိုးအိုဝစီပိတ်က တကယ်အသက်ရှင်နေတုန်းလား။ တစ်ချို့ဂိုဏ်းချုပ်တွေက ပြဿနာရှောင်ချင်လို့ သေဟန်ဆောင်တတ်ကြတာငါသိတယ်။ ဒါပေမယ့် ဒီသူခိုးအို တကယ်သေသွားပြီဆိုရင် ငါ့ကိုသာပြောပါ။ နင်အလောင်းသန့်စင်နည်း လေ့လာနိုင်အောင် အလောင်းထိန်းဂိုဏ်းကို ငါကိုယ်တိုင်ခေါ်သွားပေးမယ်"

"ကျုပ်ဆရာနဲ့ရန်ငြှိုးရန်စရှိလို့လား"

ချောက်နက်သခင်မ အေးစက်စက်ရယ်သည်။

"ကောင်းကင်အောက်မှာ နင့်ဆရာနဲ့ရန်ငြှိုးမရှိတဲ့လူ ဘယ်သူရှိလဲ။

ဟိုအရင်တုန်းက နင့်ဆရာ ထောင်ကျနေတဲ့အချိန် ငါနဲ့ရှန်ရန် သူ့ဆီသွားလည်တယ်။ ငါ့ကိုမြင်တော့ ကျိန်စာတွေကို သူခံနိုင်ရည်ရှိတယ်လို့ ကြွေးကြောတယ်။ ဘယ်ကျိန်စာမှ သူ့ကိုထိခိုက်အောင်မလုပ်နိုင်ဘူးတဲ့။ မယုံရင်စမ်းကြည့်ပါလို့ ငါ့ကိုပြောတယ်။ ငါလည်း သူ့စကားကို ဘယ်ယုံမလဲ။ ဒီတော့ သူ့ကို ကျိန်စာသုံးလေးမျိုးတိုက်လိုက်တယ်။ အဲဒီ့နောက်မှာ နင့်ဆရာက ကျန်းမာရေးမကောင်းဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ထောင်ကလွတ်သွားတယ်"

လုယန် "..."

"နောက်ပိုင်း ဒီကိစ္စ သတင်းပေါက်သွားတော့ အာဏာပိုင်တွေက ထောင်ကထွက်ပြေးတဲ့အမှုနဲ့ နင့်ဆရာနဲ့ငါ့ကို ထပ်ဖမ်းတယ်လေ"

"...ကျုပ်ဆရာ အသက်ရှင်နေပါသေးတယ်။ သိပ်မကြာသေးခင်က သူထောင်ထဲမှာ ရှိပါတယ်။ အခုသူ လွတ်လာပြီးလားဆိုတာတော့ ကျုပ်သေချာမသိဘူး"

"ဆိုးတာပဲ"

********************************

All Chapters