← Chapters

ကျိန်စာမသက်ရောက်ဖူးဆိုလားလို့

Vol. 28 Ch. 418

ကျိန်စာမသက်ရောက်ဖူးဆိုလားလို့

Vol. 28 Ch. 418

"ဪ...ဒါနဲ့ ကျုပ်လည်း ချောက်နက်သခင်မကို မေးချင်တာတစ်ခုရှိတယ်"

"မေးပါ"

"လောင်မုန်ရဲ့ကျိန်စာကို မိန်းမတွေအမုန်းခံရမယ့်အဖြစ်မျိုး ပြောင်းပြီးရင် အဲဒီ့စွမ်းအားက ခင်ဗျားအပေါ်မှာရော သက်ရောက်မှာလား"

ချောက်နက်သခင်မ အလိုမကျသည့်အရိပ်မျိုးပေါ်လာသည်။ လုယန် သူ့စွမ်းအားကို အထင်သေးသည်ဟု ယူဆသည်။

"သူ့ကျိန်စာမျိုး အရင်က ငါတစ်ခါမှမကြုံဖူးဘူးလေ။ ဒါကြောင့် ငါခန့်မှန်းတာလွဲသွားပြီ ဒီကောင်လေး နေ့တစ်ပိုင်းလောက် ပြေးလွှားခဲ့ရတာပါ။ ဒါပေမယ့်အခု ကြိုးသွယ်သွေးခုန်နှုန်းစမ်းသပ်ချက်အရ သူ့ကျိန်စာကို ငါအပြည့်အဝနားလည်သွားပြီ။ ကုသပြီးတာနဲ့ ကျိန်စာစွမ်းအားက ငါ့အပေါ်မသက်ရောက်နိုင်တဲ့ အတိုင်းအတာအထိ လျော့ပါးသွားမှာပါ"

လုယန် စိတ်သက်သာရာရသွားသည်။

......

"သခင်မရွှမ်က ပြောတယ်။ ဖားပြုတ်အရေခွံ၊ ကင်းခြေများခြောက်၊ အဆိပ်ငါးမျိုးပိုးမှုန့်...အားလုံးစားရမယ်။ အထိရောက်ဆုံးဖြစ်အောင် အစိမ်းလိုက်စားရမယ်တဲ့"

မုန်းကျင်းကျိုးကိုယ်ပေါ်မှ ပိုးချည်မျှင်များကို ဖယ်ရှားထားပြီးဖြစ်သည်။ ထူးဆန်းသည့်ဆေးပစ္စည်းများကိုကြည့်၍ သူမျက်နှာပျက်သွားသည်။

"ဒါတွေက စားလို့ရောရရဲ့လား။ အစိမ်းလိုက်စားရင်ပိုထိရောက်တယ်ဆိုတာ မင်းသေချာလို့လား"

"ဒါငါပြောတာမဟုတ်ဘူး။ ‌ချောက်နက်သခင်မပြောလိုက်တာပါ"

ရွေးချယ်စရာမရှိတော့သဖြင့် လမ်းညွှန်ချက်အတိုင်း မုန်ကျင်းကျိုးလိုက်နာရသည်။ ပျို့အန်ချင်စိတ်ကိုထိန်း၍ ဆေးပစ္စည်းများကို တစ်ခုချင်းမျိုချသည်။ ပစ္စည်းများက အသက်မဲ့နေသော်လည်း သူ့ဗိုက်ထဲရောက်သည်နှင့် အသက်ပြန်ရှင်လာသကဲ့ကို ဗြောင်းဆန်လာသည်။

ကျောက်ပိုက ဘေးမှ အသာရပ်ကြည့်နေသည်။ တာအိုလမ်းစဉ်ဂိုဏ်းပါရမီရှင်များသည် ထိုနည်းလမ်းမျိုးသုံး၍ အချင်းချင်း ချောက်ချလှည့်စားတမ်း အမြဲပြိုင်ဆိုင်ကြလေသလားဟု တွေးမိသည်။

"ပြီးတော့ ဒီအပ်တွေနဲ့ သွေးဖောက်ထုတ်ရမယ်"

လုယန် ခုနစ်စင်ကြယ်ငွေအပ်များကိုထုတ်သည်။ ငွေအပ်များက ထူးခြားသည့်မှော်ပစ္စည်းဖြစ်သည်။ ဝိညာဉ်စွမ်းအားပင် ထည့်သွင်းစရာမလို မုန်ကျင်းကျိုးလက်မောင်းကို ထိုးစိုက်လိုက်ချိန်တွင် အပ်ဖျားက ချောချောမွေ့မွေ့ထိုးဖောက်ဝင်သွားသည်။

မမေ့သင့်သည့် အချက်တစ်ချက်ရှိသည်။ မုန်ကျင်းကျိုးသည် ခန္ဓာကျင့်ကြံသူဖြစ်သည်။ ရုပ်ခန္ဓာ အလွန်တရာခိုင်ခံ့မာကျောသည်။ လုယန်ပင် ထိုအကာအကွယ်များကို အချိန်တိုးအတွင်း ချိုးဖျက်နိုင်မည်ဟု အာမမခံနိုင်။

"အားးးး..ငါ့ကိုအပ်နဲ့မထိုးခင် အနည်းဆုံးတော့ အချက်ကလေးဘာလေး ပြလို့မရဘူးလားကွ"

မုန်ကျင်းကျိူး ဝေဒနာကိုအံကြိတ်ခံနေရသည်။ မျက်နှာတစ်ခုလုံး ရှုံ့မဲ့နေသည်။ ထိုဝေဒနာမျိုး မခံစားဖူးသည်မှာ အတော်ကြာပြီဖြစ်သည်။

ကျွမ်းကျင်သည့်သမားတော်တစ်ယောက် အပ်စိုက်၍သွေးထုတ်လျှင် ဘာဝေဒနာမှမခံစားရပါ။ သို့သော် မုန်ကျင်းကျိုး ကံမကောင်း။ လုယန်သည် ကျွမ်းကျင်သည့်သမားတော်မဟုတ်။ သမားတော်ပင် လုံးဝမဟုတ်။

"ခင်ဗျား အပ်စိုက်ပညာကိုသိလား နတ်မယ်"

လုယန် မနောမယရွှေလက်ညှိုးကို ရုတ်တရက် သတိရလာသည်။

"သွေးဖောက်ထုတ်တာကိုပြောတာလား။ အဲဒီပညာနဲ့ ငါအတော်ရင်းနှီးပါတယ်။ နတ်ဆိုးသားရဲအသားတွေကို စီမံတဲ့အခါ သွေးထဲကလာတဲ့ ညှီနံ့တွေက လွယ်လွယ်ပျောက်မသွားတတ်ဘူး။ နင်ငါ့နည်းလမ်းကိုသာသုံးရင် သွေးတစ်စက်မှ မကျန်စေရဘူးလို့ ငါအာမခံတယ်"

ထိုနည်းလမ်းဖြင့် မုန်ကျင်းကျိုး အသက်စွန့်စရာမလိုလောက်ဟု လုယန်တွေးမိသည်။

လုယန် ငွေအပ်များကို ဆွဲနှုတ်သည်။ သွေးများ ခေါင်ပန်း၍ထွက်လာသည်။ ငွေအပ်များတွင် ဒဏ်ရာလွယ်လွယ်မကျက်(အနာဝမြန်မြန်မပိတ်)စေသည့် အာနိသင်မျိုးရှိဟန်တူသည်။ မုန်ကျင်းကျိုးဂုဏ်ယူရသည့် ကိုယ်ဘာသာကုသနိုင်စွမ်းများလည်း လုံးဝသုံးမရ။ သဘာဝအတိုင်းသာ ဒဏ်ရာကျက်အောင် စောင့်ရသည်။

စွမ်းအားကြီးသည့် ရွှေသန္ဓေအဆင့်တစ်ယောက်၏ဒဏ်ရာမှ တစက်စက်ကျလာသည့်သွေးများဖြစ်သည်။ အဖိုးတန်ဝိညာဉ်စွမ်းအင်များ ပြည့်နေသည်။ ထို့ပြင် မုန်ကျင်းကျိုးက တစ်ကိုယ်တော်အမွှာရွှေသန္ဓေပိုင်ရှင်ဖြစ်သည်။ သူ့သွေးက အလွန်တရာသန့်စင်၍ ယန်ဓာတ်များပြည့်နေသည်။ သန့်စင်ယန်ဆေးရည်အများစုထက် ပို၍အားကောင်းသည်။

ထိုသွေးတန်ဖိုးကို ဗီဇစိတ်အရသိကြဟန်တူသည့် ပိုးမွှားများက သွေးသောက်ရန်စုဝေးရောက်လာသည်။ သွေးသောက်ပြီးလျှင် ခွန်အားပြည့်မည်ဟု သူတို့ထင်ကြသည်။

သို့သော် ယနေ့မှစ၍ ဘယ်ပိုးမွှားမအနားကိုမှ ကပ်လို့ရတော့မည်မဟုတ်ကြောင်း သူတို့မသိ။

ယခုလောလောဆယ် ထိုအချက်ကို ဘယ်သူမှမသိပါ။ လုယန်နှင့်မုန်ကျင်းကျိုးလည်း သတိမထားမိ။ ပိုးမွှားများကိုယ်တိုင်လည်း မသိကြ...

ဒဏ်ရာများကျက်သွားသည်နှင့် လုယန်က ငွေအပ်များကို ထပ်စိုက်သည်။ သွေးများ ပန်းထွက်လာသည်။ အနာကျက်အောင်စောင့်သည်။ သုံးကြိမ်ပြည့်သွားချိန်တွင် မုန်ကျင်းကျိုးစိတ်ထဲ၌ လေးလံသည့်အရာတစ်ခု လျော့ပါးသွားသလိုခံစားလိုက်ရသဖြင့် ပြုံးရွှင်လာသည်။

"တကယ်အဆင်ပြေသားပဲ"

ကျိန်စာကို အပြီးပြတ်မဖယ်ရှားနိုင်သေးသော်လည်း တစ်စိတ်တစ်ပိုင်းဖယ်ရှားနိုင်ခြင်းသည် တိုးတက်မှုဟု ဆိုရမည်။

အရိုင်းနယ်မြေကိုလာခဲ့သည်မှာ တကယ်မှန်သွားသည်။ အကြီးအကဲတစ်ယောက်ထံမှ အကူအညီတောင်းသည်ထက် များစွာပိုအကျိုးရှိသည်။

ချောက်နက်သခင်မ အချိန်ကိုတွက်ချက်နေသည်။ ကိစ္စပြီးလောက်ပြီဟုယူဆ၍ မုန်ကျင်းကျိုးနှင့်တွေ့ရန် ချောက်နက်ထဲမှ ထွက်လာသည်။

"မင်းက မုန်မိသားစုကကောင်လေးပေါ့"

ချောက်နက်သခင်မကိုမြင်ရချိန်တွင် သူ့ရင်ထဲပေါ့ပါးသွားခဲ့သည့်ခံစားချက်က အာရုံထင်မှားခြင်းမဟုတ်ကြောင်း မုန်ကျင်းကျိုး နားလည်လာသည်။ သူ့ကျိန်စာစွမ်းအား တကယ်လျော့သွားပြီဖြစ်သည်။

"ဟုတ်ပါတယ် ချောက်နက်သခင်မ၊ ကျုပ်က မုန်မိသားစုက မုန်ကျင်းကျိုးပါ။ တာအိုလမ်းစဉ်ဂိုဏ်းရဲ့တပည့်ပါ"

"ငါထင်တဲ့အတိုင်း ဖြစ်နေတာကိုး"

ချောက်နက်သခင်မ အေးစက်စက် နှာခေါင်းရှုံ့သည်။

အခြေအနေမူမမှန်ဖြစ်လာသည်ကို ချက်ချင်းရိပ်စားမိသဖြင့် လုယန်အမြန်ရှေ့တိုးသွားပြီး လက်နှစ်ဘက်ဆုပ်၍ ကျေးဇူးတင်စကားပြောလိုက်သည်။

"ကျုပ်အဖော်ကို ကုသပေးတဲ့အတွက် ချောက်နက်သခင်မကို အများကြီးကျေးဇူးတင်ပါတယ်။ လောင်မုန်ရဲ့ကျိန်စာကို အပြည့်အဝဖယ်ရှားဖို့ နောက်တစ်ဆင့်ဘာလုပ်ရမလဲ မေးချင်ပါတယ်"

ချောက်နက်သခင်မမျက်နှာ တင်းမာလာသည်။

"အစကတည်းက နင်တို့ကို ငါမကူညီခဲ့သင့်ဘူး။ ဟိုသူခိုးအိုဝဏီပိတ်က ငါ့ကိုတစ်ကြိမ်လှည့်စားခဲ့တဲ့။ နင်တို့မုန်မိသားစုလည်း အတူတူပဲ။ နင်တို့နှစ်ယောက်လုံး ထွက်သွားကြစမ်း"

လုယန် - "..."

ခင်ဗျားအပေါ် ကျိန်စာစွမ်းအားမသက်ရောက်နိုင်ဘူးလို့ ပြောခဲ့တယ်မဟုတ်လား။

ဘာလို့ ရှေ့စကားနောက်စကားမညီတာလဲ ချောက်နက်သခင်။

အခြေအနေအရ ထပ်မေး၍မဖြစ်တော့သဖြင့် သူတို့နှစ်ယောက် ခံစားချက်ခုနစ်မျိုးချောက်နက်မှထွက်၍ ခရီးဆက်ခဲ့ကြသည်။

မြင်းရထားထဲတွင် တိတ်ဆိတ်နေသည့်လေထုကို ကျောက်ပိုက ပထမဆုံးဖြိုခွဲလိုက်သည်။

"ကျုပ်တို့အလောင်းထိန်းဂိုဏ်းကို အရင်သွားကြမလား။ ကျုပ်တို့ဂိုဏ်းချုပ်နဲ့ အကြီးအကဲတွေက အရိုင်းနယ်မြေနဲ့ ရင်းနှီးပြီးသားပါ။ ထိပ်တန်းကျိန်စာသခင်တွေ ရှေးဟောင်းစွမ်းအားရှင်တွေ အတော်များများသိတယ်။ သူတို့ကူညီနိုင်လောက်ပါတယ်"

"အဲဒါငါတို့အတွက် အကောင်းဆုံးရွေးချယ်စရာဖြစ်မယ်ထင်တယ်"

....

လူသုံးယောက်၊ အလောင်းတစ်လောင်းနှင့် မြင်းတစ်ကောင် အနားယူရန် မြို့တော်တစ်ခုဆီ ချဉ်းကပ်လာကြသည်။

ရုတ်တရက် မလှမ်းမကမ်းမှ ဆူဆူညံညံအသံများ ကြားလိုက်ရသည်။

"ဂုဏ်သရေရှိ ဧည့်သည်တော်များရှင်၊ ကျွန်မ ချင်လော်ပါ။ ယွမ်ထိုင်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်အသစ်ပါ။ ကျွန်မတို့ဂိုဏ်းရဲ့ စည်းမျဉ်းအရ ဂိုဏ်းချုပ်ရာထူးတက်လာတဲ့ ဘယ်မိန်းမမဆို သိုင်းပြိုင်ပွဲလုပ်ပြီး ခင်ပွန်းသည်တစ်ယောက် ရွေးချယ်ရပါတယ်။

ဒါကြောင့် ပြိုင်ပွဲစင်တစ်ခု ဒီနေရာမှာ ကျွန်မပြင်ဆင်ထားတာပါ။ ကျွန်မကို ယှဉ်ပြိုင်ပြီးအနိုင်ယူနိုင်တဲ့ ဘယ်သူမဆို ကျွန်မရဲ့စံပြခင်ပွန်း ဖြစ်လာမှာပါ"

ဆယ့်ရှစ်နှစ်သာရှိသေးသည့် ချင်ဟော်သည် ကြည်လင်သည့်မျက်နှာ၊ ဝိုင်းစက်တောက်ပသည့်မျက်လုံးများဖြင့် အပြစ်ကင်းသည့် အလှတရားမျိုး ပိုင်ဆိုင်ထားသူဖြစ်သည်။ တည်ကြည်သည့်ဟန်ပန်နှင့် နူးညံ့သည့်အလှတရား ပေါင်းစပ်ထားသဖြင့် ပို၍ပင်ဆွဲဆောင်မှုရှိနေသည်။

သိုင်းပြိုင်ပွဲဖြင့် ခင်ပွန်းရွေးမည်ဖြစ်ကြောင်း ချင်လော်ကြေငြာနေသည်မှာ အတော်ကြာပြီဖြစ်သည်။ ထို့ကြောင့် လူအများစုက သူနှင့်လက်တွဲနိုင်ရန် ကံစမ်းကြည့်ဖို့ ဤနေရာတွင်စုဝေးနေကြသည်။

သို့သော် ထိုသိုင်းပြိုင်ပွဲကို သတိမပြုမိသည့် လုယန်တို့လိုလူများလည်း ရှိသေးသည်။

"ယွမ်ထိုင်ဂိုဏ်းလား။ ဒီနာမည်တစ်ခါမှ မကြားဖူးပါဘူး။ ညီလေးကျောက်၊ မင်းကြားဖူးလား"

လုယန်မေးလိုက်သည်။

ကျောက်ပို အတော်ကြောအောင်စဉ်းစားနေပြီးမှ ယွမ်ထိုင်ဂိုဏ်းအကြောင်း မှတ်ဉာဏ်တစ်စွန်းတစ်စပေါ်လာသည်။

"ယွမ်ထိုင်ဂိုဏ်းက အတော်သေးငယ်တဲ့ဂိုဏ်းလေးပါ။ ဂိုဏ်းငယ်လို့တောင် ခေါ်လို့မရဘူး။ သူတို့လွှမ်းမိုးထားတာလည်း မြို့တော်တစ်ခုလောက်ပဲရှိတယ်။ ဒီဂိုဏ်းမှာ အမြင့်ဆုံးကျင့်စဉ်စွမ်းအားက ရွှေသန္ဓေအဆင့်ပဲဖြစ်မယ်။

ယွမ်ထိုင်ဂိုဏ်း နာမည်ကျော်တာက ဘိုးဘေးစည်းမျဉ်းတစ်ခုကြောင့်ပဲ။ ဂိုဏ်းချုပ်ကမိန်းမဖြစ်ရင် သူ့ထက်စွမ်းအားကြီးတဲ့ ခင်ပွန်းတစ်ယောက် ရွေးချယ်ရမယ်တဲ့။ ဒါကြောင့် ဒီလိုသိုင်းပြိုင်ပွဲလုပ်တာ"

ယွမ်ထိုင်ဂိုဏ်းလို ဂိုဏ်းငယ်များသည် မဟာရှားနိုင်ငံတွင် သဲမှုန်များပမာ ပေါများသည်။

လုယန်အနေဖြင့် ရွှေသန္ဓေအဆင့်၊ နတ်ဝိညာည်အဆင့် သို့မဟုတ် စုစည်းခြင်းအဆင့်လို အဆင့်မြင့်စွမ်းအားရှင်များနှင့် မကြာခဏဆက်ဆံနေရသည်မှာ တာအိုလမ်းစဉ်ဂိုဏ်းသား ဖြစ်နေသောကြောင့်သာဖြစ်သည်။

တာအိုလမ်းစဉ်ဂိုဏ်းသည် မသေမျိုးငါးဂိုဏ်း၏ ခေါင်းဆောင်ဖြစ်သည်။ တိုက်နယ်တစ်ခွင်မှ အထူးချွန်ဆုံး ပါရမီရှင်များကို စုစည်းသည်။ ထိုဂိုဏ်းမှထွက်လာသည့် ဘယ်သူမဆို အလယ်ပိုင်းတိုက်နယ်တွင် နာမည်တစ်ခုရအောင် လုပ်နိုင်စွမ်းရှိသည်။

လက်တွေ့အပြင်လောကတွင် ကျင့်ကြံသူအများစုက အခြေတည်အဆင့်သို့ရောက်‌အောင်ကြိုးစားရင်း အရိုးထုတ်ကြရသည်။ ရွှေသန္ဓေအဆင့်ရောက်ဖို့ပင် အိပ်မက်မမက်နိုင်ကြ။ ထို့ကြောင့်လည်း ရွှေသန္ဓေအဆင့်မိသားစုများနှင့် ရွှေသန္ဓေအဆင့်ဂိုဏ်းများ ရှိနေခြင်းဖြစ်သည်။

ချင်လော်ကိုမြင်သည်နှင့် မုန်ကျင်းကျိုးမျက်လုံးများ အရောင်လက်လာသည်။ သူ့ချစ်ရေးကံဇာတာ တစ်ဆစ်ချိုးပြောင်းလဲသွားပြီဟုတွေးရင်း နည်းနည်းစိတ်လှုပ်ရှားနေသည်။

**********************************

All Chapters