မုန်ကျင်း၏ကျိုးစန်းလာဘ်ကံကြမ္မာ
Vol. 28 Ch. 420
ပြိုင်ပွဲစင်အောက်မှလုယန် ခွက်ထိုးခွက်လန်ရယ်နေသည်။ ရယ်ရလွန်းသဖြင့် မျက်ရည်များပင် ကျလာသည်။
ကျော်ကပိုလည်း ရယ်ချင်သည်။ သို့သော် မုန်ကျင်းကျိုးကို သူလှောင်ရယ်၍မဖြစ်ဟု တွေးမိသဖြင့် အတင်းကြိုးစား၍ ထိန်းချုပ်ထားသည်။
မုန်ကျင်းကျိုး မျက်နှာတင်းနေသည်။ ချင်လော်က ဘိုးဘေးစည်းမျဉ်းကို ဖျက်သီးလိုက်ပြီဖြစ်သည်။ သူဘာဆက်ပြောနိုင်မည်နည်း။
ဘိုးဘေးစည်းမျဉ်းဖျက်သိမ်း၍ စည်းမျဉ်းအနှောင်အဖွဲ့များမရှိတော့သဖြင့် ချင်လော် လွတ်လပ်သလိုခံစားရသည်။ စင်ပေါ်မှဆင်း၍ သူ့ဂိုဏ်းသို့ ပြန်သွားသည်။
မုန်ကျင်းကျိုး စင်ပေါ်မှခုန်ဆင်းလာသည်။ အရယ်မရပ်သေးသည့်လုယန်နှင့် ရယ်ချင်းစိတ်အတင်းထိန်းထားသည့်ကျောက်ပိုကို ဒေါသဖြင့်စိုက်ကြည့်သည်။
သူတို့သုံးယောက် အလောင်းတစ်လောင်းမြင်းတစ်ကောင်ဖြင့် မြို့ထဲသို့ဝင်ကြသည်။ မုန်ကျင်းကျိုး၏ အချစ်ဇာတာက အချိန်ကြာမြင့်စွာ ဖိနှိပ်ခံထားရသောကြောင့်ဖြစ်မည်။ ယခု အားလုံတစ်ပြိုင်တည်း ပေါက်ကွဲထွက်လာသည်။ ဘယ်အရာမှ တားဆီးနိုင်မည်မထင်။
ပထမဦးစွာ အဖေဖြစ်သူအတွက် သင်္ဂြိုလ်စရိတ်ရရန် ကိုယ့်ကိုယ်ကို ရောင်းနေသည့် မိန်းကလေးတစ်ယောက်တွေ့သည်။ အသုဘဝတ်စုံဝတ်ထားသော်လည်း ထူးခြားသည့်သူ့အလှက ပျောက်ကွယ်မသွား။ သူ့ကိုသူ အစေခံ သို့မဟုတ် ကိုယ်လုပ်တော်အဖြစ် ရောင်းပါမည်ဟု ကြေငြာနေသည်။
မုန်ကျင်းကျိုးကိုမြင်သည်နှင့် 'သခင်လေး'ဟု မရဲတရဲ လှမ်းခေါ်သည်။ မုန်ကျင်းကျိုး၏နှလုံးအူနု ခိုးလိုးခုလုဖြစ်သွားသည်။
ထိုမိန်းကလေးသည် ကျင့်စဉ်စွမ်းအားမရှိ။ ကျင့်ကြံမှုစတင်သည့်အရွယ်ကို လွန်ခဲ့ပြီဖြစ်သော်လည်း နတ်မယ်က သူ့ထူးခြားချက်ကို ချက်ချင်းသတိပြုမိသည်။
"စိတ်ဝင်စားစရာပဲ၊ ဒီကောင်မလေးမှာ အလွန်ရှားပါးတဲ့ ပုံရိပ်ထိုးဖောက်ခြင်းတာအိုခန္ဓာရှိတယ်။ အခု အားနည်းတဲ့ပုံပေါက်နေပေမယ့် သူ့ရုပ်ခန္ဓာထဲက စွမ်းအားတွေစုစည်းနေတာ။ နောက်ထပ်နှစ်ဝက်လောက် သူ့ရုပ်ခန္ဓာ အပြည့်အဝနိုးထလာတော့မှာ။
အဲဒါပြီးရင် သူတရှိန်ထိုး တိုးတက်လာလိမ့်မယ်။ သူနဲ့သက်တူရွယ်တူတွေရဲ့ ကျင့်စဉ်အဆင့်ကို ချက်ချင်းအမီလိုက်နိုင်လိမ့်မယ်။
တကယ်လို့ မျက်လုံးစူးရှတဲ့ သခင်တစ်ယောက်သာ သူ့ကိုသတိထားမိပြီး တပည့်အဖြစ်လက်ခံလိုက်ရင် သူ့တိုးတက်မှုက သုံးလေးနှစ်အတွင်းမှာ ဒီထက်တောင်ပိုမြင့်သွားနိုင်တယ်။
လောကမှာ မဟာမသေမျိုးခန္ဓာကိုးမျိုးရှိတယ်။ ထောင်ယော်ယဲ့ရဲ့ ငှက်မသေမျိုးခန္ဓာနဲ့ ဆဋ္ဌမအကြီးအကဲထောင်ယာရဲ့ ခြောက်ပြစ်ကင်းမသေမျိုးခန္ဓာတွေ အပါအဝင်ပေါ့"
ထိုမဟာမသေမျိုးခန္ဓာကိုးမျိုးအပြင် လူသိများသည့် တာအိုခန္ဓာသုံးဆယ့်ခြောက်မျိုးလည်း ရျိသေးသည်။ တာအိုခန္ဓာများက မသေမျိုးခန္ဓာထက် အနည်းငယ်အဆင့်နိမ့်သော်လည်း ခန္ဓာပိုင်ရှင်ကို ထူးခြားပါရမီရှင်ဖြစ်စေနိုင်သည့် အရည်အသွေးရှိသည်။
နောင်ဖြစ်လာမည့် မဟာကပ်အပြိုင်အဆိုင်ကာလတွင် သူတို့သည် နေရာတစ်ခုရပြီး လုယန်နှင့်မုန်ကျင်းကျိုးတို့လို ခိုင်မာသည့်မဟာမိတ်များ ယုံကြည်အားကိုးရသည့်အဖော်မွန်များ ဖြစ်လာမည်။
မုန်ကျင်းကျိုးက ထိုမိန်းကလေး၏ ရုပ်ခန္ဓာနှင့် နောက်ကြောင်းရာဇဝင်ကိုမသိ။ သနားစရာကောင်းသည့် မိန်းမလှတစ်ယောက်ဟုသာတွေး၍ သူ့လွတ်လပ်ခွင့်ကိုဝယ်ရန် ငွေပေးလိုက်သည်။
ထို့နောက် သူအလိမ်ခံလိုက်ရသည်။
မိန်းကလေးက ဝိညာဉ်ကျောက်ကိုယူသည်။ သူ့အဖေကို မြေသွားမြှုပ်မည်ဟုပြောပြီးနောက် အစရှာမရအောင် ပျောက်ကွယ်သွားသည်။
သုံးယောက်သား ထိုလိမ်လည်မှုကို အာဏာပိုင်များထံ တိုင်ကြားသည်။ အရာရှိများ ထိုမိန်းကလေးသည် ခဏခဏလိမ်ညာနေသူဖြစ်ကြောင်းပြောသည်။ စုံစမ်းပေးပါမည်ဟု ကတိပေးကြသော်လည်း ထိုမိန်းကလေးက အလွန်ဖမ်းရခက်သဖြင့် သိပ်မျှော်လင့်မထားကြဖို့ပြောသည်။
...
"မိန်းမလှလေး၊ ငါသခင်လေးချစ်ခွင့်ပန်တာကို လက်ခံလိုက်ပါ။ မင်းအမြဲလိုချင်နေတဲ့ စိမ်းစိမ်ချမ်းသာတွေ ငါပေးမှာပါ"
နှာဗူးကျကျစကားသံတစ်ခု ထွက်လာသည်။ စက်ဆုပ်စရာကောင်းသည့်လူတစ်ယောက်ဖြစ်လိမ့်မည်။
မုန်ကျင်းကျိုး ဆတ်ခနဲခေါင်းမော့သွားသည်။ ထိုအဖြစ်မျိုးကို ရင်းနှီးနေသည်။ လုယန်က ထိုကိစ္စမျိုးကြုံခဲ့သည့်အကြောင်း သူ့ကို ကြွားလုံးထုတ်ခဲ့သည်။ သူအတော်ကြာအောင် မနာလိုတိုရှည်ဖြစ်ခဲ့ရသည်။
"ရပ်လိုက်စမ်း၊။ မင်းကများ ဂုဏ်သရေရှိမိန်းမတစ်ယောက်ကို ငါ့ရှေ့မှာ အနိုင်ကျင့်ရဲတယ်ပေါ့"
မုန်ကျင်းကျိုး မဟုတ်မခံစိတ်ဖြင့် ရှေ့တွင်မားမားမတ်မတ်ရပ်သည်။
လူယုတ်မာသခင်လေးနှင့် သူ့မိသားစုတစ်ခုလုံးကို ရိုက်နှက်သည်။ သူ့ဘိုးဘေး ထွက်လာပြီး ငိုယိုတောင်းပန်သည်။ နောက်မဖြစ်စေရပါဟု ကျိန်တွယ်၍ပြောသည်။
မိန်းကလေးက မုန်ကျင်းကျိုးကို ကျေးဇူးတင်သည့်အကြည့်ဖြင့်ကြည့်သည်။
"နောက်ဘဝကျရင် ရှင့်ရဲ့သစ္စာရှိအစေခံအဖြစ်နဲ့ ကျွန်မကျေးဇူးဆပ်ပါ့မယ်"
ထို့နောက် သူပြေးထွက်သွားသည်။ မုန်ကျင်းကျိုးနှင့် နောက်ထပ်အချိန်ဖြုန်းလိုပုံမရ။
......
သူတို့သုံးယောက် တည်းခိုခန်းတစ်ခုသို့ဝင်ကြသည်။ အနီးအနားမှ စကားများရန်ဖြစ်နေသံတစ်ခု ကြားလိုက်ရသည်။
"လွီအာ၊ ငါစိတ်ရင်းနဲ့ပြောနေတာကို မင်းမသိဘူးလား။ ငါမင်းကို တကယ်ချစ်တာပါ။ ဘာလို့ငါ့အချစ်ကို လက်မခံတာလဲ။ ငါ့မှာတစ်ခုခုလိုအပ်ချက်ရှိနေလို့လား"
အကောင်းစားဝတ်စုံဝတ်ထားသည့် လူငယ်တစ်ယောက် မှုန်သိုးသိုးမျက်နှာဖြင့် အစိမ်းဖျော့ဝတ်စုံနှင့် မိန်းကလေးတစ်ယောက်ကို လက်ဆွဲထားပြီး အတင်းအဖြေတောင်းနေသည်။
လွီအာာဆိုသည်မိန်းကလေးက ဆက်၍သည်းခံနိုင်တော့ပုံမပေါ်။ ဟန်ပန်ထူးခြားသည့် မုန်ကျင်းကျိုးတို့လူစုကိုမြင်သည်နှင့် သူ့မျက်လုံးများ အရောင်လက်လာသည်။
"ငါနင့်အချစ်ကို လက်မခံနိုင်ဘူး။ ငါမှာ ချစ်သူရှိပြီးသားပါ"
သူကြေငြာသည်။
လူငယ်က မယုံကြည်ဟန်ဖြင့် ခေါင်းခါသည်။
"လိမ်မနေပါနဲ့ လွီအာ။ မင်းပြောတာ ငါမယုံဘူး"
မိန်းကလေးက မုန်ကျင်းကျိုးကို လက်ညှိုးထိုးပြသည်။
"ဟိုမှာ..သူပဲ..အဲဒါ ငါ့ချစ်သူပဲ။ ငါတို့တစ်ဘဝလုံး အတူနေကြဖို့ ကတိသစ္စာဆိုပြီးပြီ"
ချစ်ဇာတာလာဘ်စန်း တကယ်ပွင့်လန်းလာပြီဟု မုန်ကျင်းကျိူးတွေးလိုက်သည်။ လုယန်တို့ကိုပင် သိစိတ်အာရုံမှ ထုတ်ကြွားနေသည်။
လုယန်က အလောတကြီးမလုပ်ဘဲ အခြေအနေကို သေချာသုံးသပ်ရန် အကြံပေးသည်။
"ဟိုမျက်နှာမှုန်သိုးသိုးနဲ့သခင်လေးက အတော်ခေါင်းမာတဲ့ နယ်ခံလူမိုက်ဆိုတာ သိသာနေတာပဲ။ သွားရှုပ်သင့်တဲ့လူမဟုတ်ဘူး။ သူက လွီအာကိုပိုင်ဆိုင်ချင်တယ်။ ဒါပေမယ့် လွီအာက သူ့ကိုမကြိုက်ဘူး။ ဒါကြောင့် မင်းကို ဒိုင်းကာအဖြစ်အသုံးချနေတာ။
မင်းကတော့ ဒီလူမိုက်ကို မကြောက်ဘူးပေါ့။ ဒါပေမယ့် လွီအာက ဒါကိုမသိဘူးလေ။ သူ့အမြင်မှာ မင်းက လူစိမ်းသက်သက်ပဲ။ မင်းဘယ်သူလဲ၊ ဘယ်လာက်စွမ်းအားကြီးလဲ၊ ဟိုလူမိုက်နဲ့ယှဉ်နိုင်လောက်အောင် မင်းနောက်ခံဘယ်လိုရှိရှိလဲ သူဘာမှမသိဘူး။
ဟိုလူမိုက်လက်ကလွတ်အောင် မင်းကို ထိုးကျွေးနေတာပါ။ သူ့ဝန်ထုပ်ဝန်ပိုးအားလုံးကို မင်းအပေါ် လွှဲချနေတာ။
ဒီလိုအခြေအနေမှာ လွီအာက မင်းကိုတကယ်ကြိုက်မယ်ထင်နေတာလား"
....
ထိုညတွင် သူတို့သုံးယောက် တည်းခိုခန်းတွင် ဝင်တည်းကြသည်။ ညာဉ့်နက်ပိုင်းတွင် အနက်ရောင်ဝတ်စုံဝတ်ထားသည့် မိန်းမတစ်ယောက် မုန်ကျင်းကျိုး၏ပြတင်းပေါက်ကို ချိုးဖျက်ဝင်လာသည်။ မျက်နှာကို ဇာပဝါဖုံးထားသည်။
သို့သော် ကြောင်မျက်လုံးနှင့်တူသည့် သူ့မျက်လုံးများက မြစိမ်းရောင်တောက်ပနေသည်။ အသက်ကိုမောပန်းစွာ ရှူရှိုက်နေသည်။ အဆိပ်မိထားဟန်ရှိသည်။ အဆိပ်ဖြေဖို့ "ယန်စွမ်းအင်"ကို အရေးတစ်ကြီးလိုအပ်နေပုံရသည်။
ဤအခန်းတွင် သူနှင့်မုန်ကျင်းကျိုး နှစ်ယောက်တည်းသာရှိသည်။ ဖြလာစ်နိုင်စရာအခြေအနေကလည်း တစ်ခုသာရှိသည်။
ညဝတ်ရုံရှင်မိန်းကလေးက မုန်ကျင်းကျိုးကို စက်ဆုပ်ရွံရှာဟန်ဖြင့် တစ်ချက်ကြည့်သည်။ ထို့နောက် အဆိပ်ဖြေဆေးတစ်လုံး သူ့မှော်လက်စွပ်ထဲမှထုတ်၍ မျိုချလိုက်သည်။ ဆေးအာနိသင်က ချက်ချင်းအစွမ်းပြသည်။ ထိရောက်သည်။
ထို့နောက် ဘာမှမဖြစ်ခဲ့သလို ပြန်ထွက်သွားလေသည်။ သူလုပ်သည့်လုပ်ငန်းမျိုးက မည်သည့်မစ်ရှင်ဖြစ်စေ အပြည့်အဝကြိုတင်ပြင်ဆင်ထားဖို့လိုသည်။
ဖြစ်စဉ်တလျှောက်လုံး မုန်ကျင်းကျိုး စကားတစ်ခွန်းမှ ပြောခွင့်မရလိုက်။
.....
တစ်ညတာနားပြီးနောက် သုံးယောက်သား ထွက်ခွရန်ပြင်သည်။ သူတို့အပြင်ထွက်လာချိန်မှာပင် ရုပ်ရည်သန့်ပြန့်သည့် ဝတ်ကောင်းစားလှမိန်းမတစ်ယောက် အရေးတစ်ကြီးအကူအညီလိုနေဟန်ဖြင့် မုန်ကျင်းကျိုးရှေ့သို့ ရောက်လာသည်။
ကယ်တင်ရှင်ကို တွေ့ရသည့်ပုံစံမျိုးဖြစ်သည်။
"ရှင်က မြို့ပြင်ကလား"
"ဟုတ်ပါတယ်"
မုန်ကျင်းကျိုးပြန်ဖြေသည်။
မိန်းကလေးက စိတ်သက်သာရာရသွားဟန်ဖြင့် သက်ပြင်းချသည်။
"သိပ်ကောင်းတာပေါ့။ ကျွန်မအမေက ရှင်ဘယ်သူမှန်းသိမှာမဟုတ်ဘူး။ ရှင်သိလား၊ အမေက ကျွန်မကိုလက်ထပ်ဖို့ အတင်းစီစဉ်နေတာလေ။ ဒါပေမယ့် ကျွန်မက လက်မထပ်ချင်လို့ ကျွန်မမှာ ချစ်သူရှိတယ်ဆိုပြီး လိမ်ပြောခဲ့တယ်။
သူတောင်းဆိုတာတွေကို ဒီနေ့အထိ ရှောင်နိုင်ခဲ့တယ်။ ဒါပေမယ့် ဒီနေ့ကျတော့ အမေက ကျွန်မချစ်သူကို တွေ့ချင်တယ်လို့ အတင်းပြောနေတယ်။ ရှင်ကျွန်မချစ်သူအဖြစ် ဟန်ဆောင်ပေးနိုင်မလား။ ကျွန်မ နစ်နာကြေးပေးပါ့မယ်"
မုန်ကျင်းကျိုး ချက်ချင်းသဘောတူလိုက်သည်။
"ဘာတွေဖြစ်နေတာလဲကွာ'
ကျောက်ပိုက လုယန်ကို အံ့ဩသည့်နေသည့်လေသံဖြင့်မေးသည်။
"ဘယ်သိမလဲကွာ"
လုယန် အရေးမစိုက်ဟန်ဖြင့် ပုခုံးတွန့်ပြသည်။
ထိုမိန်းကလေး၏ မိဘများနှင့်သွားတွေ့ရသည့်ကိစ္စက ထူးထူးခြားခြား ချောမွေ့နေသည်။ မုန်ကျင်းကျိုးက သူ့မိသားစုနောက်ခံ၊ သူ့အကျင့်စာရိတ္တ၊ ကျင့်စဉ်အဆင့်နှင့် ဂိုဏ်းအကြောင်းများ ပြောပြလိုက်သည်။
ခင်ပွန်သည်အဖြစ်ရွေးချယ်ဖို့ တကယ်ပြည့်စုံသည့် လူတစ်ယောက်ဖြစ်သည်။ သို့သော် မိန်းကလေး၏မိခင်က သူ့ကို အပြတ်ငြင်းပယ်သည်။ သူနှင့်ပတ်သက်သမျှအရာအားလုံးကို သဘောမတွေ့။
နောက်ဆုံးတွင် မုန်ကျင်းကျိုးကိုပင် နှင်ထုတ်ပြီး သူ့သမီးနှင့် နောက်ထပ်မပတ်သက်ဖို့ပြောသည်။
ထို့နောက် သိပ်မကြာမီ မိန်းကလေးက မုန်ကျင်းကျိုးနှင့် တိတ်ဆိတ်လာတွေ့ပြီးရှင်းပြသည်။
"တောင်းပန်ပါတယ်၊ ကျွန်မရှင့်ကိုစတွေ့တော့ အတော်စိတ်ပျက်စရာကောင်းတဲ့လူလို့ ခံစားရတယ်။ ကျွန်မအမေနဲ့ကျွန်မက စိတ်ချင်းတူတယ်လေ။ ဒီတော့ သူလည်းအဲလိုပဲခံစားရမှာပဲ။ ရှင့်ကို ကျွန်မချစ်သူအဖြစ် အမေကလက်မခံလောက်ဘူးဆိုတာ ကျွန်မသိပြီးသားပါ။
ဒီတော့ လက်ထပ်ဖို့လည်း သူ့ကျွန်မကို နောက်ထပ်ဖိအားပေးတော့မှာမဟုတ်ဘူးလေ။
ရော့...ဒါက ကျွန်မကတိပေးထားတဲ့ နစ်နာကြေးပါ။ ကျွန်မတို့ချင်း နောက်ထပ်မတွေ့ပဲနေကြရအောင်"
မုန်ကျင်းကျိုး - "..."
သောက်လခွမ်း၊ ဒီကျိန်စာက အရင်ထက် ဘာမှပိုကောင်းမလာပါလား...
ခရီးစဉ်တစ်လျှောက် မုန်ကျင်းကျိုး၏ ချစ်ရေးကံဇာတာက အဆုံးရှိသည်ဟုပင် မထင်ရ။ သူတို့ခရီးစဉ်ဆုံးမှ ကံဇာတာခန်းခြောက်သွားသည်။ အလောင်းထိန်းဂိုဏ်းသို့ ဘေးကင်းစွာ ရောက်လာကြသည်။
************************************