အရိုင်းနယ်မြေသတင်း
Vol. 28 Ch. 407
မုန်ကျင်းကျိုးနှင့်လမ်းခွဲပြီးနောက် လုယန်ကံကြမ္မာက သိသိသာသာတိုးတက်လာသည်။
မြို့တော်သို့ သွားသည့်ခရီးတွင် တောင်တန်းဓားပြများကို ရဲဝံ့စွာတိုက်ခိုက်၍ လူကုံထံမိန်းမချောနှစ်ယောက်ကို ကယ်တင်ခွင့်ရသည်။ အဆုံးမရှိသည့် ကျေးဇူးတင်စကားကို ခံယူပြီးနောက်တွင် သူတို့ဘက်မှလက်ထပ်ဖို့ကမ်းလှမ်းလာသည်ကို ခိုင်မာစွာငြင်းပယ်၍ ဣန္ဒေရရ ဆက်ထွက်လာခဲ့သည်။
ထို့နောက် ခြုံခိုတိုက်ခိုက်ခံနေရသည့် အာမခံပို့ဆောင်ရေး လက်နက်ကိုင်တပ်ဖွဲ့တစ်ခုနှင့် ကြုံရပြန်သည်။ သူဝင်ကူသည်။ ကိုယ်ရန်တော်အဖွဲ့ခေါင်းဆောင်၏သမီးက သူ့ကိုအထင်ကြီးသွားသည်။ ထိုမိန်းကလေးက အာမခံတပ်ဖွဲ့ကို သူပထမဆုံးအကြိမ် ဦးဆောင်လာခြင်းဖြစ်ကြောင်း လုယန်အချိန်မီဝင်မကူလျှင် သူတို့၏အာမခံမစ်ရှင် မအောင်မြင်ဘဲ နာမည်ဂုဏ်သတင်းထိခိုက်မည်ဖြစ်ကြောင်း ပြောသည်။ လုယန်၏ ထူးခြားသည့်စွမ်းရည်ကို ချီးကျူးပြီး အာမခံအဖွဲ့သို့ဝင်ရန် ဖိတ်ခေါ်သည်။
ထုံးစံအတိုင်း လုယန်ငြင်းပယ်လိုက်ရပြန်သည်။
နောက်ဆုံးတွင် လက်ထပ်ရန်အတွက် သိုင်းပြိုင်ပွဲတစ်ခု ကျင်းပနေသည့် မိန်းကလေးတစ်ယောက်ကို တွေ့သည်။ ဘယ်သူမဆို ယှဉ်ပြိုင်နိုင်ကြောင်း သူ့ကိုအနိုင်ယူနိုင်သည့်လူကို လက်ထပ်မည်ဖြစ်ကြောင်း ပွင့်လင်းစွာ စိန်ခေါ်ကြေညာသည်။
လုယန် ခြေလှမ်းသွက်သွက်လှမ်း၍ ထိုနေရာမှ အမြန်ထွက်ခဲ့သည်။
"အရိုင်းနယ်မြေက မိန်းမတွေဟာ သူရဲကောင်းစိတ်ဓာတ်ရှိပြီး မကြာခဏ တစ်ကိုယ်တော်စွန့်စားကြတယ်လို့ ကြားဖူးတယ်။ ဒီနေ့မှ လက်တွေ့မြင်ရတာပဲ"
အရိုင်းနယ်မြေမှလူများသည် သတ္တိကောင်းသည်။ မိန်းမများလည်း ထိုနည်းတူပင်ဖြစ်သည်။ အလယ်ပိုင်းလွင်ပြင်မှ မိန်းမအများစုလို အိပ်တွင်းပုန်းများမဟုတ်။ အရိုင်းနယ်မြေမှ မိန်းမများက ယောက်ျားများလိုပင် လှုပ်ရှားသွားလာကြသည်။
အစောပိုင်းက မုန်ကျင်းကျိုးနှင့်အတူရှိခဲ့သဖြင့် ထိုအဖြစ်မျိုး သူမြင်ခွင့်မရခဲ့။
"လောင်မုန်က သနားစရာအတော်ကောင်းတာပဲ။ ဒီလိုအဖြစ်မျိုးကို လက်တွေ့မြင်ရဖို့ သူကံမပါဘူး"
မုန်ကျင်းကျိုးခံနေရသည့်ဒုက္ခကို တွေးမိသဖြင့် လုယန် ပြုံးလိုက်သည်။
"ဒါပေမယ့် အရိုင်းနယ်မြက အုပ်ချုပ်ရေးယန္တရားကတော့ အတော်ညံ့တယ်။ တစ်ခြားနယ်မြေတွေမှာ ဒီလောက်သူခိုးဓားပြမပေါဘူး"
အတားအဆီးမျိုးစုံ ကျော်လွှားပြီးနောက် လုယန် မြို့တော်သို့ ရောက်လာသည်။ မြို့တော်နံရံကို ကြီးမားသည့် ကျောက်တုံးများနှင့် တည်ဆောက်ထားသည်။ ကြမ်းတမ်းသည်။ ခမ်းနားသည်။ နတ်ဆိုးချုပ်တောင်ကြားလိုပင်ဖြစ်သည်။ သို့သော် သူ့ကိုယ်ပိုင်ခံ့ညားမှုပုံစံတစ်မျိုးရှိသည်။
"ယွမ်ရှန်းမြို့တော်"
လုယန် မြို့တော်နာမည်ကို ခပ်တိုးတိုးရေရွတ်လျက် ဂိတ်တံခါးကို ဖြတ်ကျော်ခဲ့သည်။
ရွှေစီးပွားနယ်မြေအသင်းက သတင်းများရောင်းသည်။ ဒေသခံအခြေအနေကိုနားလည်ရန် အမြန်ဆုံးနည်းလမ်းမှာ သူတို့ထံမှ သတင်းဝယ်ဖို့ပင်ဖြစ်သည်။
သို့သော် သတင်းတိုင်းကို သူတို့ရောင်းရဲသည်တော့မဟုတ်။ အထူးသဖြင့် မသေမျိုးငါးဂိုဏ်းနှင့်ပတ်သက်သည့်သတင်း။ အထူးသဖြင့် တာအိုလမ်းစဉ်ဂိုဏ်းနှင့်ပတ်သက်သည့်သတင်းများကို မရောင်းကြ။
ယွမ်ကျိနှင့် ပတ်သက်ပြီး ပုံမှန်ပြည်သူကြားတွင် သိသူအတော်နည်းကြောင်း လုယန်သတိထားမိသည်။ ထူးခြားသည့်အဆက်အသွယ်မရှိသူများဆိုလျှင် နာမည်ကိုပင်မသိကြ။ ယွမ်ကျိနာမည်ကိုသိလျှင်လည်း သာမန်တာအိုလမ်းစဉ်ဂိုဏ်းတပည့်တစ်ယောက်ဟုသာ ထင်ကြမည်။ ထူးထူးခြားခြားအာရုံစိုက်ကြမိကြမည်မဟုတ်။
ယွမ်ကျိက လူလုံးထွက်ပြလေ့သိပ်မရှိသလို ရွှေစီးပွားနယ်မြေအသင်းက သူ့အကြောင်းနှင့်ပတ်သက်သည့်သတင်းများ မရောင်းရဲသောကြောင့်လည်း ဖြစ်နိုင်သည်။
တစ်ခြားဂိုဏ်းလေးဂိုဏ်းနှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို တစ်ချို့တစ်ဝက်ရောင်းသည်။ အနည်းဆုံးတော့ အတိုင်းအတာတစ်ခုထိ ကန့်သတ်ရောင်းချသည်။
ဥပမာ စွန်းစီးဘုံကျောင်းသတင်း။
ယခုလက်ရှိ အဖွဲ့ဝင်စာရင်းရှိသည်။ ဆယ့်နှစ်ယောက်ထက် ကျော်သည်။ ထို့ပြင် စွန်စီးကျောင်းထိုင်သည် ဗုဒ္ဓဓမ္မဉာဏ်အလင်းအစစ်ကို ရှာဖွေရင်း ဝစီပိတ်ကျင့်ကြံခဲ့သည်။ ဘာစကားမှမပြောဘဲ လူများကိုရိုက်လေ့ရှိသည်။
နန်းတွင်းရုံးတော်နှင့် ပတ်သက်သည့် သတင်းများကိုတော့ စီးပွားရေးအသင်းက စိစစ်ရွေးထုတ်၍ရောင်းသည်။
ဥပမာ တာအိုရှင်ဝစီပတ်နှင့် တရားရေးဝန်ကြီး ပူးတွဲထောင်ကျ၍ တရားရေးဌာနတစ်ခုလုံး ပြောင်းရွှေ့လာသည့်သတင်းသည် ရောင်းရန်မဟုတ်။
လုယန် စီးပွားရေးအသင်း၏ဆိုင်ထဲသို့ ဝင်သွားပြီး အသေးစိတ်အကျဆုံး အရိုင်းမြေသတင်းမှတ်တမ်းကိုဝယ်သည်။ ပထမဆုံးသတင်းကိုကြည့်၍ သူမင်သက်မိသွားသည်။
"အရိူင်းနယ်မြေနယ်စား၏သမီး မွေးနေ့ပွဲကျင်းပခဲ့သည်။ နယ်စားက ဖိတ်စာများပို့၍ ဂိုဏ်းအသီးသီးမှ ကိုယ်စားလှယ်များကို မွေးနေ့ပွဲတက်ရောင်ကြရန် ကောင်းချီးပေးကြရန် လက်ဆောင်များပေးကြရန် ဖိတ်ကြားခဲ့သည်။
မွေးနေ့ပွဲကျင်းပနေစဉ်အတွင်း လူငယ်ပါရမီရှင်အတော်များများ သူတို့စွမ်းရည်ကိုပြကြသည်။ မွေးနေ့ရှင်မိန်းကလေး၏ အာရုံစိုက်မှုရအောင် ကြိုးစားသည်။ သူတို့အလားအလာကိုပြကြသည်။
သို့သော်ယခု ထိုအရိုင်းနယ်စားသည် လာဘ်စားမှုကြောင့် စုံစမ်းစစ်ဆေးခံနေရသည်။ ဂိုဏ်းအတော်များများလည်း လာဘ်ထိုးမှုဖြင့် တရားရင်ဆိုင်နေရသည်။ အားလုံအးချုပ်ကျနေသည်"
စီးပွားရေးအသင်းက သက်ဆိုင်ရာ ဥပဒေပြဌာန်းချက်များနှင့် သာဓကဖြစ်ရပ်များကို သတိပေးသည့်သဘောဖြင့် ထည့်သွင်းထားသည်။
"အရိုင်းနယ်မြေနယ်စားအသစ်က ရာထူးလက်လွှဲယူပြီး မိန့်ခွန်းပြောခဲ့သည်။ မိန်းခွန်းခေါင်းစည်းက "အရိုင်းနယ်မြေမှ လာဘ်စားသူများသို့" ဖြစ်သည်။ အရိုင်းနယ်မြေမှ အရာရှိအားလုံးကို ထိုမိန့်ခွန်းအား မဖြေမနေလေ့လာ၍ လိုက်နာရမည်ဟု အမိန့်ထုတ်သည်"
"အရိုင်းမျိုးနွယ်၏ အရွယ်ရောက်အထိမ်းအမှတ်ပွဲ ပုံမှန်အတိုင်းကျင်းပသည်။ အရိုင်းမျိုးနွယ်မှ လူငယ်တစ်ယောက်ဖြစ်သည့် အရိုးရိုင်းသည် ကြမ်းတမ်းသည့်နယ်မြေတွင် ခုနစ်ရက်ကြာရှင်သန်နေထိုင်ခဲ့သည်။ ရွှေသန္ဓေနတ်ဆိုးသားရဲတစ်ရာနီးပါးအမဲလိုက်၍ ပထမနေရာကို ဆက်ထိန်းခဲ့သည်"
"ဪ..အရိုးရိုင်း သူ့မိသားစုဆီသွားလည်တယ်ဆိုတာက အရိုင်းမျိုးနွယ်ရဲ့ အရွယ်ရောက်အထိမ်းအမှတ်ပွဲ သွားတက်တာလား"
လုယန် နားလည်သွားသည်။ အရိုးရိုင်းကို အတော်ကြောအောင် သူမမြင်ခဲ့ရ။ ဘာကြောင့် မိသားစုအလည်ခရီးက ထိုမျှကြာနေသလဲဟု သူတွေးနေခဲ့သည်။
အရိုင်းမျိုးနွယ်၏ အရွယ်ရောက်အထိမ်းအမှတ်ပွဲအကြောင်း ကြားဖူးသည်။ အရွယ်ရောက်ခါနီးလူငယ်များကို အရိုင်းနယ်မြေ၏ အကြမ်းတမ်းဆုံးနေရာများသို့ လွှတ်သည်။ ခုနစ်ရက်ရှင်သန်နိုင်လျှင် အထိမ်းအမှတ်ပွဲ အောင်မြင်သည်ဟု သတ်မှတ်သည်။ နတ်ဆိုးသားရဲများများ အမဲလိုက်နိုင်လေ အဆင့်သတ်မှတ်ချက်ကောင်းလေဖြစ်သည်။ အဆင့်ခွဲခြားမှုကို အမဲလိုက်ထားသည့်သားရဲတို့၏ အရေအတွက်နှင့် အရည်အသွေးပေါ်မူတည်၍ ဆုံးဖြတ်သည်။
"အရိုင်းမျိုးနွယ်မှာ ဒီအစဉ်အလာရှိနေတုန်းပါလား"
နတ်မယ် အံ့ဩဟန်ဖြင့် မှတ်ချက်ပေးသည်။ ထိုအစဉ်အလာကို ရှေးဟောင်းအရိုင်းမျိုးနွယ်အတွက် သူချမှတ်ပေးခဲ့ခြင်းဖြစ်သည်။ ယခုထိတည်တံ့နေသေးသည်မှာ အံ့ဩစရာကောင်းသည်။
"အလောင်းထိန်းဂိုဏ်း၏ ဂိုဏ်းပြိုင်ပွဲ ပြီးဆုံးသွားသည်။ အနိုင်ရသူသည် အသက်ဆယ့်ရှစ်နှစ်သာရှိသေးသည့် ရွှေသန္ဓေအစောပိုင်းအဆင့် ဟွမ်မင်ဖြစ်သည်။ ဂိုဏ်းချုပ်၏ နောက်ဆုံးလက်ခံထားသည့်တပည့်ဖြစ်သည်။ ဒုတိယရသည့် ကျောက်ပိုသည်လည်း အသက်ဆယ့်ရှစ်နှစ်၊ ရွှေသန္ဓေအခြေခံအဆင့်ဖြစ်သည်"
လုယန် ထိုသတင်းကို စိတ်ထဲစွဲသွားသည်။ အသက်ဆယ့်ရှစ်နှစ်တွင် ရွှေသန္ဓေအခြေခံအဆင့်ရောက်သည်မှာ ပါရမီထူး၍သာဖြစ်သည်။ မသေမျိုးငါးဂိုဏ်းမှာပင် ထိုကျင့်စဉ်တိုးတက်နှုန်းသည် သူနှင့်မုန်ကျင်းကျိုးပြီးလျှင် ဒုတိယလိုက်သည်။
"ပါရမီရှင်နှစ်ယောက်...အင်း...မဟာကပ်ရောက်ဖို့ နီးလာပြီပဲ"
လုယန် သက်ပြင်းချသည်။ ရွှေရောင်တောက်ပခဲ့သည့် ရှေးဟောင်းခေတ်အတွင်းကဆိုလျှင် ထိုနှစ်ယောက်သည် နတ်မယ်တိုးတက်ဖို့အတွက် လှေခါးထစ်များ ဖြစ်ခဲ့ပေလိမ့်မည်။
"ခံစားချက်ခုနစ်မျိုးချောက်နက်သည် ကျိန်စာအသစ်တစ်မျိုး တီထွင်ခဲ့သည်။ ကျိန်စာသက်ရောက်သူအားလုံး အိပ်နေချိန် သို့မဟုတ် ကျင့်ကြံနေချိန်တွင် ပျားပိတုန်းမြည်သံများ တဝီဝီကြားရသည်။ နားကိုအုပ်ထားလျှင်လည်း ထိုအသံက ပျောက်မသွား။ ကျိန်စာသင့်သူကို အလွန်စိတ်အနှောက်အယှက်ပေးနိုင်သည်"
"ခံစားချက်ခုနစ်မျိုးချောက်နက်...ဒါကလည်း အရိုင်းနယ်မြေမှာ ပထမအဆင့်ဂိုဏ်းတစ်ခုလို့ ပြောကြတယ်။ ကျိန်စာပညာတွေမှာ အထူးကျွမ်းကျင်တယ်တဲ့"
လုယန် သူ့ဘာသာရေရွတ်နေသည်။ ခံစားချက်ခုနစ်မျိုးချောက်နက်အကြောင်း သူသိပ်မသိသေး။
"စက္ကူဖြူဦးထုပ်နှင့်လူတစ်ယောက်(အမည်ရင်းအသိ၊ နောက်ခံမသိ)တွင် ဝိညာဉ်ကျောက်ဆုကြေးတစ်သန်းရှိသည်။ ထိုလူသည် နှစ်ကိုယ်ခွဲ၍ အဖမ်းခံချင်ယောင်ဆောင်ပြီး ဆုကြေးထုတ်ကာ ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။ အရိုင်းနယ်မြေအာဏာပိုင်များက ယခု ထိုလူအတွက် ဆုကြေးကို ဝိညာဉ်ကျောက်နှစ်သန်းထိတိုးမြှင့်ကြေညာထားသည်"
"အသားကင်လောကတွင် အသစ်ပေါ်လာသည့်'နောက်တစ်ခေါက်အသားကင်'ဆိုင်ခွဲတစ်ခု အရိုင်းနယ်မြေတွင် စတင်ဖွင့်လှစ်သည်။ လက်ရှိတွင် အရိုင်းနယ်မြေ၌ ထိုအသားကင်ဆိုင်ခွဲပေါင်း သုံးဆယ်ရှိသည်။ အားလုံးရောင်းကောင်းသည်။ အသားကင်ဆိုင်ပြောသည့်စကားအရ သူတို့သည် အသားကင်ကိုချစ်မြတ်နိုးပြီး အရိုင်းနယ်မြေတစ်ခုလုံးတွင် သူတို့ဆိုင်၏ အသားကင်အရသာကိုဖြန့်ကျက်နိုင်ရန် နောက်ထပ်ဆိူင်ခွဲများ ထပ်ဖွင့်ဖို့ စီစဉ်ထားသည်"
"အလောင်းထိန်းသမားတို့၏အိမ်တော်၊ ချင်မင်တည်းခိုခန်းခွဲတဲ့...ဘာလို့ ဒီထဲမှာ ကြော်ငြာတွေပါနေတာလဲ"
လုယန် ဒေါသထွက်သွားသည်။ သတင်းလိုချင်၍ သူငွေပေးဝယ်ခဲ့ခြင်းဖြစ်သည်။ ဘာကြောင့် ကြော်ငြာများ ကြားညှပ်ထည့်ထားသည်။။
အမှန်တော့ နောက်တစ်ခေါက်အသားကင်ဆိုင်အကြောင်းကလည်း ကြော်ငြာတစ်ခုသာဖြစ်သည်။ သို့သော် ထိုလုပ်ငန်းတွင် သူ့ရှယ်ရာ ၆၀ ရာနှုန်းပါသည်။ ထို့ကြောင့် သူစိတ်မဆိုး။
"ဘာလို့ စုစည်းခြင်းအဆင့်တိုက်ပွဲနဲ့ပတ်သက်တဲ့သတင်းမျိုး မရှိတာလဲ"
အရိုင်းနယ်မြေသတင်းမှတ်တမ်းတွင် အချက်အလက်များသော်လည်း လုယန် အာရုံထွေပြားမသွား။ ထိုသတင်းမှတ်တမ်းကို ကျန်းရှီရွာအလောင်းကောင်များနှင့်ပတ်သက်သည့် သဲလွန်စရှာရန်ရည်ရွယ်၍ သူဝယ်ခဲ့ခြင်းဖြစ်သည်။
"ဪ...ဒီမှာပါတာပဲ။ 'စုစည်းခြင်းအဆင့်နှစ်ယောက်ကြားကတိုက်ပွဲ'တဲ့...လွန်ခဲ့တဲ့နှစ်လက ဖြစ်ခဲ့တာ။ ဘာကြောင့်ပြဿနာဖြစ်ကြတာလဲ ကြည့်ဦးမယ်"
"စုစည်းခြင်းအဆင့်သခင်စစ်လင်မယားနှစ်ယောက် အချင်းချင်းပြဿနာဖြစ်ပြီး တရားဝင်ကွာရှင်းဖို့စီစဉ်သည်။ ကလေးအုပ်ထိန်းခွင့်အတွက် အကြီးအကျယ် စကားများကြသည်"
လုယန် - "..."
လုယန် စိတ်ပျက်လက်ပျက် နားထင်နှစ်ဖက်ကို ပွတ်လိုက်သည်။ ကျန်းရှီရွာအလောင်းကောင်များသည် လမ်းပျောက်လာသည့်အလောင်းကောင်များသာ ဖြစ်ဖို့များသည်ဟု သူတွေးလိုက်သည်။
**************************************