ကန္တဝင်ပြယုဂ်
Vol. 28 Ch. 408
အရိုင်းနယ်မြေသည် နာမည်နှင့်လိုက်ဖက်လှသည်။ ကြမ်းတမ်းရိုင်းစိုင်းသည့် ဓလေ့များက လုယန်လို အပြင်လူတစ်ယောက်အတွက် အသားကျဖို့ အချိန်အတော်ယူရလိမ့်မည်။
"ရွှေစီးပွားနယ်မြေအသင်းမှာ စုစည်းခြင်းအဆင့်တိုက်ခိုက်ရေးအင်အားစုမျိုးရှိတယ်ဆိုတဲ့ သတင်းမှတ်တမ်းမရှိဘူး။ တကယ်မရှိလိုပဲဖြစ်မယ်"
အလောင်းတစ်ခု သိမ်းဆည်းနိုင်သည့် ယန်စွမ်းအင်ပမာဏအရ နှစ်လကြာသည်အထိ လှုပ်ရှားနေနိုင်ကြောင်း နတ်မယ်ကပြောသည်။ ထို့ကြောင့် ပြီးခဲ့သည့်နှစ်လအတွင်း အရိုင်းနယ်မြေမှ သတင်းအချက်အားလုံးကို လုယန်စုစည်းသည်။
ကျင့်ကြံသူလောကတွင် ပဋိပက္ခတစ်ချို့ရှိခဲ့သည်မှလွဲ၍ စုစည်းခြင်းတိုက်ပွဲဖြစ်ခဲ့သည့် အရိပ်အယောင်မျိုး လုံးဝမတွေ့ရ။
"လူမသိသူမသိ တိုက်ခိုက်တဲ့ တိုက်ပွဲမို့ ရွှေစီးပွားနယ်မြေကတောင် သတင်းမရတာများလား။ ဒါမှမဟုတ် ဒီအလောင်းကောင်တွေက သခင်နဲ့ကွဲလို့ လမ်းပျောက်နေတာလား"
နတ်ဆိုးနယ်မြေသတင်းမှတ်တမ်းကို မကြည့်မိခဲ့လျှင် တိတ်တဆိတ်တိုက်ပွဲဖြစ်ခဲ့သည်ဟုသာ သူယူဆမိမည်။ သို့သော် သတင်းများကို သေချာစစ်ဆေးပြီးနောက် ဒုတိယအကြောင်းင်းသာ ဖြစ်ဖို့များသည်ဟု သူယူဆသည်။
'ဘာပဲဖြစ်ဖြစ်လေ၊ လောင်မုန်ပြဿနာကို အရင်ရှင်းရမှာပဲ။ အခုရထားတဲ့သတင်းအရ 'ခံစားချက်ခုနစ်မျိုးချောက်နက်'ဟာ ကျိန်စာပညာတွေမှာ ကျွမ်းကျင်တယ်တဲ့။ အဲဒီကိုသွားရင် ကောင်းမလားပဲ'
"ဒါနဲ့...ခံစားချက်ခုနစ်မျိုးချောက်နက် ဘယ်မှာရှိလဲဆိုတာ ခင်ဗျားတို့သိလား"
လုယန် ရွှေစီးပွားအသင်းမှလူများကို စုံစမ်းကြည့်သည်။
သတင်းမှတ်ဝယ်ဖို့ ငွေကြေးအမြောက်အများ သုံးခဲ့သဖြင့် စီးပွားရေးအသင်းကလည်း သူကို မြေပုံတစ်ခုကို မေတ္တာလက်ဆောင်ပေးသည်။ ခံစားချက်ခုနစ်မျိုးချောက်နက်၏တည်နေရာသည် လျှို့ဝှက်နေရာမျိုးလည်းမဟုတ်။ လုံလောက်သည့် ကျင့်စဉ်အဆင့်ရှိသူတိုင်း ထိုနေရာကိုသိကြသည်။
စီးပွားရေးအသင်းက လုယန်ကိုမြေပုံတစ်ခုပေးပြီး ချောက်နက်နေရာကို သေချာအမှတ်အသားပြပေးလိုက်သည်။
စီးပွားရေးအသင်းမှ ထွက်လာသည်နှင့် အော်ဟစ်သံတစ်ခု ရုတ်တရက် ကြားလိုက်ရသည်။
အသံကြားသည်နေရာသို့ သူလိုက်သွားသည်။ နယ်ခံလူမိုက်တစ်ယောက်က လမ်းပေါ်တွင် မိန်းမတစ်ယောက်ကို လူမိုက်တစ်ယောက်က ဆွဲလားရမ်းလားလုပ်နေသည်။ လူမိုက်၏ တပည့်တပန်းများက ဝိုင်း၍အားပေးနေကြသည်။ ထိုလူမိုက်သည် ဤနယ်မြေတွင် ဩဇာလွှမ်းမိုးမှုရှိပုံရသည်။ ဘေးပတ်လည်မှလူအုပ်ကြီး ဒေါသထွက်နေကြသော်လည်း ဘယ်သူမှဝင်မပြောရဲကြ။ လူမိုက်က အော်ဟစ်ရယ်မောနေသည်။ မိန်းကလေးက သနားစဖွယ် တရှုံ့ရှုံ့ငိုနေသည်။
"ကံဇာတာရေစက်က အခုထိမကုန်သေးဘူးလားကွာ"
လုယန် သက်ပြင်းချသည်။ မိန်းမများနှင့်ဆက်စပ်သည့် သူ့ကံကြမ္မာက တဖြေးဖြေးပိုပြင်းထန်လာသည်ဟု ခံစားမိသည်။
မဟုတ်သေး။ မုန်ကျင်းကျိုးကို သေဘေးလွတ်အောင်ကယ်ခဲ့၍ ကောင်းမှုကုသိုလ်ကြီးကြီးမားမား ရလာခြင်းလားမသိ။ ထို့ကြောင့် ဆုလာဒ်အနေဖြင့် ချစ်ရေးချစ်ရာ ကံဇာတာတက်လာခြင်းဖြစ်မည်။
ကိစ္စမရှိ။ ဘယ်လိုဖြစ်ဖြစ် လက်ရှိပြဿနာကို အရင်ဖြေရှင်းဖို့ ဆုံးဖြတ်လိုက်သည်။
"ရပ်လိုက်"
သူခပ်တိုးတိုးပြောလိုက်သည်။ သူ့အသံ သိပ်မကျယ်လှသော်လည်း ပတ်ဝန်းကျင်အခြေအနေကြောင့် သတိထားမိစရာဖြစ်နေသည်။ အားလုံးကြားကြသည်။
ဘေးကြည့်ပရိတ်သံများ၏ အံ့ဩရိပ်လွှမ်းနေသည့် အကြည့်များကို အရေးမစိုက်ဘဲ လူမိုက်ဆီ ခြေလှမ်းကျဲကျဲလျှောက်သွားသည်။ မိန်းကလေးကို ဆွဲထူသည်။
"အတင့်ရဲလှချည်လားကွ။ မင်းက ဒီနယ်ခံမဟုတ်ဘူးထင်တယ်။ ငါဘယ်သူလဲမင်းသိ..."
လူမိုက်စကားမဆုံးခင် လုယန် မျက်တောင်တစ်ချက်မခတ်ဘဲ မျက်နှာကို ဖျတ်ရိုက်လိုက်သည်။
လူမိုက်က လုယန်နှင့် သက်တူရွယ်တူခန့်ဖြစ်သည်။ ကျင့်စဉ်စွမ်းအားကလည်း မနိမ့်လှ။ ချီကျင့်ကြံခြင်းထိပ်ဆုံးအဆင့်ရှိသည်။
သခင်ရိုက်ခံရသဖြင့် တပည့်တပန်းများက လက်နက်မျိုးစုံဆွဲထုတ်၍ လုယန်ဆီ ပြေးဝင်လာသည်။ လုယန်စိတ်မရှည်တော့ဘဲ လက်တစ်ဘက်ဝှေ့ယမ်းလိုက်သည်။ လေပြင်းတစ်ချက်ပေါ်လာပြီး အားလုံးလွင့်ထွက်သွားသည်။
ထိုတပည့်များကလည်း စွမ်းအားမနည်းလှ။ အခြေတည်အဆင့်များဖြစ်သည်။
လူမိုက်ကိုရိုက်ရဲသည့် မျက်နှာစိမ်းလူကိုကြည့်၍ ပတ်ဝန်းကျင်လူအုပ်ကြီး အံ့အားသင့်သွားသည်။
"ဒီလူကို တစ်ခါမှမမြင်ဖူးပါဘူး။ သူကအပြင်ကလူလား"
"အပြင်လူဖြစ်မယ်။ ယွမ်ရှန်းမှာ ကုမိသားစုကို ဘယ်သူကရန်စရဲမှာလဲ။ အထူးသဖြင့် သူတို့အကြီးဆုံးသခင်လေးကိုပေါ့"
"ဟုတ်တယ်။ သူနဲ့ရင်ဆိုင်ရဲတဲ့လူကိုမြင်ရတာ သိပ်ကောင်းတယ်ကွာ။ ဒါပေမယ့် ဒီလူ ယွမ်ရှန်းကနေ အသက်ရှင်လျက်ထွက်သွားနိုင်မှာမဟုတ်ဘူး"
"အခြေတည်အဆင့်တပည့်တွေကို သူအလွယ်တကူ အနိုင်ယူနိုင်တယ်။ ဒီလူငယ်သူရဲကောင်းက ဘယ်သူများလဲ"
"ရွှေသန္ဓေအဆင့်...သူက ရွှေသန္ဓေအဆင့်ဖြစ်မယ်"
မိန်းကလေးက လုယန်ကို လေးစားသည့်အကြည့်ဖြင့် ကြည့်သည်။
"ကျေးဇူးရှင်..."
တကယ်နူးညံ့လှပသည့် မိန်းကလေးဖြစ်သည်။ ရွှန်းလဲသည့် သူ့မျက်လုံးအကြည့်ကြောင့် လုယန်စိတ်ထဲတွင် ထိုမိန်းကလေး နောက်ထပ်ပြောလာမည့်စကားက "ကျွန်မမှာ ရှင့်ကိုကျေးဇူးဆပ်ဖို့ ကျွန်မခန္ဓာကိုယ်ကလွဲလို့ ဘာမှမရှိပါဘူး"ဟုများ ဖြစ်လေမလားဟု သံသယဝင်မိသည်။
"ကုမိသားစုဟာ ယွမ်ရှန်းမှာ လွှမ်းမိုးနိုင်တဲ့ဩဇာရှိပါတယ်။ ကျေးဇူးရှင်ရဲ့ ကျင့်စဉ်စွမ်းအားက အဆင့်မြင့်ပေမယ့် ကုမိသားစုကိုရင်ဆိုင်ဖို့တော့ အန္တရာယ်များလွန်းသေးတယ်။ မြန်မြန်ထွက်ပြေးပါတော့"
"ဟားဟား၊ ထွက်ပြေးမယ်တဲ့လား။ ငါ့သားကိုရိုက်ရဲတယ်ပေါ့။ ယွမ်ရှန်းကနေ မင်းထွက်သွားလို့ရမယ်ထင်နေလား"
ဒေါသတကြီးအော်ဟစ်သံတစ်ခု ဟိန်းထွက်လာသည်။ ယွမ်ရှန်းမြို့တစ်ဝက်ခန့်ပင် ကြားနိုင်လောက်သည်။ သတ်လတ်ပိုင်းကျင့်ကြံသူတစ်ယောက် ပေါ်လာသည်။ လုယန်ကို အံကြိတ်၍ ဒေါသတကြီးကြည့်နေသည်။
"မင်း-"
လုယန်သူ့ကို နောက်တစ်ခွန်းပြောခွင့်မပေး။ လက်တစ်ဘက်အသာဝှေ့ယမ်းပြီး ဓားအလင်းတစ်ခုထုတ်လွှတ်လိုက်သည်။ ထိုလူ နောက်ဘက်မှ နံရံထဲသို့ ကျွံဝင်သွားသည်။
လုယန် မိန််းကလေးကို လှည့်မေးသည်။
"ဒါက ကုမိသားစုခေါင်းဆောင်လား"
မိန်းကလေး ဆွံ့အနေသူတစ်ယောက်ကဲ့သို့ ခေါင်းငြိမ့်သည်။ ရွှေသန္ဓေနောက်ဆုံးအဆင့် ကုမိသားစုခေါင်းဆောင်ကို တစ်ချက်တည်းအနိုင်ယူခဲ့သည့် ဆုံးဖြတ်ချက်ပြတ်သားပြီး စွမ်းအားကြီးသည့်လုယန်ကို တအံ့တဩကြည့်နေသည်။
"ကုမိသားစုခေါင်းဆောင်က တကယ်ကြောက်စရာကောင်းပါတယ်။ ဒါပေမယ့် သူ့အဖေကပိုပြီး-"
မိန်းကလေးစကာမးဆုံးမီ ဒုတိယမြောက် ဒေါသတကြီးအော်ဟစ်သံ အဝေးမှပျံ့လွင့်လာသည်။
"မင်းကများ ငါ့သားနဲ့ငါ့မြေးကို အနိုင်ကျင့်-"
ပြိုင်ဘက်ကင်းသန္ဓေလမ်းညွှန်ချက်အတိုင်း လုယန် ချင်ဖုန်းဓားကိုဆွဲထုတ်၍ ဖြတ်ဓားပညာ ထုတ်သုံးလိုက်သည်။ ထိုလူစကားမဆုံးမီ ကုမိသားစုခေါင်းဆောင်ဘေးမှ နံရံထဲသို့ ကျွံဝင်သွားသည်။
ထိုလူသည် နတ်ဝိညာဉ်အခြေခံဆင့်ဖြစ်သည်။ လုယန် ဓားပညာသုံးဖို့ထိုက်တန်သည့် ပြိုင်ဘက်ဖြစ်သည်။
မိန်းကလေး အတော်ကြာအောင် မင်သက်မိနေပြီးမှ ဆွံ့အနေသလို ခေါင်းငြိမ့်ပြန်သည်။
"ပြီးတော့ ကုမိသားစုမှာ ဝိညာည်ပြောင်းအဆင့် ဘိုးဘေးအကြီးအကဲတစ်ယောက်ရှိတယ်"
မိန်းကလေးက လုယန်မျက်နှာအမူအရာကို သေချာအကဲခတ်နေသည်။ သို့သော် အပြောင်းအလဲကိုမမြင်ရ။ ထိုလူသည် သူထင်ထားသည်ထက် ကျင်စဉ်အဆင့် ပိုမြင့်သည်ဟု ယူဆလိုက်သည်။
သူမင်သက်မိနေစဉ် ကုမိသားစုခေါင်းဆောင်က မိသားစုအကြီးအကဲကို လျှို့ဝှက်ဆက်သွယ်၍ အကူအညီတောင်းသည်။
"ကောင်လေး၊ မင်းက ကုမိသားစုကို အနိုင်ကျင့်ရဲ့တယ်ပေါ့။ ငါ့မိသားစုဘက်က မှားတာဆိုရင်တောင် သူတို့ကို ဆုံးမရမှာက ငါ့တာဝန်ပါ။ မင်းနဲ့-"
လုယန် ဘာမှမပြောဘဲ သူ့ခါးတွင်ချိတ်ထားသည့် ကျောက်စိမ်းတံဆိပ်ကို ဆွဲထုတ်လိုက်သည်။
တံဆိပ်ကိုမြင်သည်နှင့် ကုမိသားစုဘိုးဘေး၏ စကားသံ တိခနဲရပ်သွားပြီး ချက်ချင်းလက်နှစ်ဘက်ဆုပ်ဦးညွှတ်၍ ကျေးဇူးတင်စကားဆိုသည်။
"...တာအိုရှင်မိတ်ဆွေ ဘာမှအားနာနေစရာမလိုပါဘူး။ ရိုင်းစိုင်းတဲ့ကျုပ်မျိုးဆက်တွေကို ဆုံးမပေးတဲ့အတွက် လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်"
ဝိညာဉ်ပြောင်းအဆင့် အကြီးအကဲတစ်ယောက်ကို လုယန်မနိုင်ပါ။ သို့သော် အနိုင်ယူစရာမလို။ တာအိုလမ်းစဉ်ဂိုဏ်းလို မဟာအဖွဲ့အစည်းကြီးရှေ့တွင် ဝိညာဉ်ပြောင်းအဆင့်တစ်ယောက်ကို စကားထဲထည့်ပြောဖို့ပင် မထိုက်တန်။
ဂိုဏ်းအကြီးအကဲတစ်ယောက်က သူ့ကိုယ်စား လှုပ်ရှားစရာလည်းမလို။ တာအိုလမ်းစဉ်ဂိုဏ်းရှိ သူ့စီနီယာအကိုအမများထဲမှ ဘယ်သူမဆို ဤပြဿနာကို သူ့အတွက် အလွယ်တကူဖြေရှင်းပေးနိုင်သည်။
မသေမျိုးငါးဂိုဏ်း၏နာမည်ကြားရုံဖြင့် နယ်ခံကျင့်ကြံသူများ လေးစားကြရသည်။
လူငယ်မျိုးဆက်များနှင့်ရင်ဆိုင်ဖို့ လုယန်မကြောက်။ ထိုလူငယ်တို့ အကြီးအကဲများကိုရင်ဆိုင်ဖို့လည်း သူမကြောက်။
"ကုဘိုးဘေးပြောသွားတာ မင်းကြာလးိုက်လား။ တာအိုလမ်းစဉ်ဂိုဏ်းတဲ့...အဲဒါတကယ်ဟိုတာအိုလမ်းစဉ်ဂီုဏ်းလား"
"'တာအိုလမ်းစဉ်ဂိုဏ်းဒဏ္ဍာရီ'ဇာတ်လမ်းတွေထဲက တာအိုလမ်းစဉ်ဂိုဏ်းလား"
"မသေမျိုးငါးဂိုဏ်းရဲ့ ခေါင်းဆောင်ပေါ့"
ဘေးကြည့်ပရိတ်သတ်များ မျက်လုံးပြူးသွားပြီး တအံ့တဩရေရွတ်နေကြသည်။ လုယန်၏နောက်ခံ ထိုမျှအဆင့်အတန်းမြင့်မည်ဟု ဘယ်သူမှမထင်ခဲ့ကြ။
မိန်းကလေး၏အကြည့်ကလည်း ပို၍လေးစားရိပ်လွှမ်းလာသည်။
"ကျေးဇူးတင်ဖို့မလိုပါဘူး"
လုယန် ခပ်ကျယ်ကျယ်ပြောလိုက်သည်။ ကုဘိုးဘေးရော ဘေးပတ်ဝန်းကျင်လူအုပ်ကိုပါ ပြောခြင်းဖြစ်သည်။
"ခင်ဗျားမျိုးဆက်တွေကို သေချာထိန်းထားပါ။ နောက်ထပ်ပြဿနာရှာရင် သူတို့ကြောင့် ခင်ဗျားဘဝပျက်သွားမယ်။ ခင်ဗျားသိမှာပါ။ ကျုပ်တို့တာအိုလမ်းစဉ်ဂိုဏ်းရဲ့ မစ်ရှင်ခန်းမမှာ တာဝန်တွေထပ်ဖြည့်ဖို့ အမြဲတမ်းလိုနေတာ"
ကုဘိုးဘေး လုယန်စကားထဲမှ လျှို့ဝှက်အဓိပ္ပါယ်ကို ချက်ချင်းနားလည်သွားပြီး ကြောက်ချွေးပြန်လာသည်။
တမင်ဟန်လုပ်၍ သူရယ်လိုက်သည်။
"ဟုတ်ကဲ့ပါ၊ ဟုတ်ကဲ့ပါ။ အခုလိုသတိပေးတာ ကျေးဇူးတင်ပါတယ် တာအိုမိတ်ဆွေ။ ကျုပ်မျိုးဆက်တွေကို တင်းတင်းကြပ်ကြပ်ဆုံးမပါ့မယ်။ ဒါမျိုးထပ်ဖြင့်ရင် ကျုပ်ကိုယ်တိုင် သူတို့ကိုကြိမ်နဲ့ရိုက်ပြီး အပြစ်ပေးပါ့မယ်"
မိန်းကလေးက လုယန်ကို လေးလေးစားစား ဦးညွှတ်အရိုအသေပြုသည်။
"ကျွန်မမှာ ရှင့်ကိုကျေးဇူးဆပ်ဖို့-"
"မင်းနောင်ဘဝကျရင် မြင်းဖြစ်ဖြစ်နွားဖြစ်ဖြစ် မွေးလာပြီး ငါ့ကိုကျေးဇူးဆပ်ပေါ့"
မိန်းကလေးစကားမဆုံးခင် လုယန် ဖြတ်ပြောသည်။
အားလုံးမျက်စိရှေ့မှာပင် လုယန်ယွမ်ရှန်းမြို့မှထွက်လာပြီး အပြန်လမ်းသို့ ဦးတည်လိုက်သည်။
"အပြန်လမ်းမှာတော့ ဒီလိုကိစ္စတွေ ဘာတစ်ခုမှမကြုံပါစေနဲ့လို့ ဆုတောင်းပါတယ်"
ဤမြို့သို့လာသည့်ခရီးစဉ်က အကျိုးရှိမည့်သတင်းမျိုး သိပ်မရခဲ့သော်လည်း မလိုအပ်သည့်ဒုက္ခများ အတော်ကြုံခဲ့ရသည်။
"မသေမျိုးတွေ ငါ့ကိုကောင်းချီးပေးပါစေ...အဲ..မဟုတ်သေးဘူး။ မသေမျိုးတွေ ယုံကြည်အားကိုးလို့မရဘူး။ ငါကံကောင်းဖို့ ငါ့ဘာသာပဲအားကိုးရမယ်"
*********************************