← Chapters

လူသုံးယောက်ကြား လျှောက်သွားချိန်တွင် လူတိုင်းက ရည်ရွယ်ချက်ကိုယ်စီ

Vol. 28 Ch. 409

လူသုံးယောက်ကြား လျှောက်သွားချိန်တွင် လူတိုင်းက ရည်ရွယ်ချက်ကိုယ်စီ

Vol. 28 Ch. 409

(**'လူသုံးယောက်ကြား ငါလျှောက်သွားသည်။ သူတို့ထဲတွင် ငါ့ဆရာကိုတွေ့သည်'ဟူသည့် ဆိုရိုးစကားကို တမင်တကာ စကားဖျက်၍သုံးထားခြင်းဖြစ်သည်)

ရိုမန့်တစ်ဆန်သည့် ကံဇာတာများ ကုန်ခမ်းသွား၍လားမသိ။ အပြန်လမ်းတွင် လမ်းပိတ်ခံရသည့် သူဌေးသမီးလည်းမတွေ့။ အာမခံကုန်ပစ္စည်း လုယက်ခံနေရသည့် သူရဲကောင်းမလည်း မတွေ့။ လက်ထပ်ဖို့ကျင်းပသည့် သိုင်းပြိုင်ပွဲလည်းမတွေ့တော့။

လက်ထပ်ဖို့ကျင်းပသည့် သိုင်းပြိုင်ပွဲများသည် ဒုက္ခအများဆုံးဖြစ်သည်။ ထိုပြိုင်ပွဲမျိုးတွေ့လျှင် ကွေ့ပတ်ရှောင်တိမ်းသွားရုံမှလွဲ၍ သူတစ်ခြားရွေးချယ်စရာမရှိ။ သူဝင်ပြိုင်၍ရှုံးလျှင် ပြိုင်ဘက်ကင်းသန္ဓေက လက်ခံမည်မဟုတ်။ နိုင်လျှင်လည်း ဘယ်ကမှန်းမသိသည့် မိန်းမတစ်ယောက်ရမည်။

ဘယ်ဘက်ကကြည့်ကြည့် ကောင်းကွက်မရှိ။

"အိုး..ကောင်းကင်က ကြည်လင်နေပြီပဲ"

မြင်းရထားရှိသည့်နေရာနှင့် တဖြေးဖြေးနီးလာချိန်တွင် တောင်တန်းများအထက် မိုင်တစ်သောင်းပတ်လည်ကောင်းကင်ပြင်က ကြည်လင်နေသည်ကို တွေ့ရသည်။ မိုးမရွာတော့။

"လောင်မုန်က မြို့တော်ကိုသွားမယ်ကိစ္စ လက်လျှော့လိုက်ပြီထင်တယ်"

ထိုစဉ် မလှမ်းမကမ်းတွင် လူလေးယောက်ကို မြင်ရသည်။ တိုက်တိုက်ဆိုင်ဆိုင် သူပြန်မည့်လမ်းပေါ်တွင် ရှိနေကြသည်။

ခြေလှမ်းကိုအရှိန်တင်၍ အနီးကပ်လေ့လာကြည့်သည်။ လေးယောက်လုံး လူသားများချည်းတော့မဟုတ်။ ကျင့်ကြံသူသုံးယောက်နှင့် ဖုတ်ကောင်တစ်ကောင်ဖြစ်သည်။

လေနှင့်လွင့်လာသည့် သူတို့စကားသံကို လုယန်ကြားရသည်။

"ငါပြောသားပဲ။ ဒီနေရာကိုဖြတ်ဖို့ ငါတို့သုံးလေးကြိမ်ကြိုးစားပြီးပြီလေ။ ဒါပေမယ့် ထူးဆန်းတဲ့အဖြစ်အပျက်မျိုးစုံက ငါတို့ကို လမ်းပိတ်ထားတယ်။ ဒါသတိပေးတာပဲ။ ရှေ့မှာ အန္တရာယ်တစ်ခုခု ရှိနေတဲ့သဘောပဲ။ ငါတို့ ဆက်မသွားသင့်ဘူး"

နူးညံ့ချောမောသည့် ကျင့်ကြံသူတစ်ယောက်က သူ့အဖော်များကို ရှေ့ဆက်မသွားဖို့ တားနေသည်။

"အကိုယဲ့၊ ဒါက တိုက်ဆိုင်မှုသက်သက်ပါပဲ။ လောကကြီးက ကျယ်ပါတယ်။ တိုက်ဆိုင်မှုတွေ ဖြစ်တတ်တာပဲ။ ဒီလိုသတိပေးတဲ့နိမိတ်မျိုးဆိုတာ ကျုပ်တစ်ခါမှမကြားဖူးဘူး"

ကြေးဝါရောင်အသားအရေ ဆံပင်တိုတိုနှင့် ပျော်ပျော်နေတတ်ပုံရသည့် ကျင့်ကြံသူက ပြန်ပြောသည်။ တတိယအဖော်ကို သူလှည့်ကြည့်သည်။

"အကိုကျောက်၊ အကိုက ခရီးတွေအများကြီး ထွက်ဖူးတယ်။ ဒီလိုဖြစ်တာမျိုး မြင်ဖူးလား"

အကိုကျောက်ဆိုသူက ခန္ဓာကိုယ်အချိုးအစားကျသည်။ မျက်နှာက ပုံမှန်ထက် ပို၍ဖြူရော်သည်။ လူမမာပုံစံ ပေါက်သည်။

သူမျက်မှောင်ကျုံ့နေသည်။ ထိုကိစ္စမျိုး ကြားဖူးထားသော်လည်း အစဖော်စဉ်းစား၍မရ ဖြစ်နေဟန်ရှိသည်။

လုယန် သူတို့သုံးယောက်ကို ကွေ့ပတ်၍ ရှေ့သို့လျှောက်သွားသည်။

'ဟေ့..ဟေ့..ဟေ့ အကို။ ရှေ့ဆက်သွားလို့မရဘူး"

ဆံတိုလူငယ်က လုယန်ကို အော်ခေါ်သည်။

"ဘာလို့လဲ"

"ရှေ့မှာ ထူးဆန်းတာတ်စခုခုရှိတယ်ထင်တယ်။ သရဲဝိညဉ်လို အသိရခက်တဲ့ဟာမျိုးပဲ။ ကျုပ်တို့သုံးယောက်‌ ထူးဆန်းတဲ့အဖြစ်တွေကြုံလို့ ရှေ့ဆက်မသွားနိုင်တာ"

နူးညံ့ချော‌မောသည့်လူငယ်လည်း အလိုက်သင့်ဝင်ပြောသည်။

"အကိုဝန်ရန်ပြောတာ မှန်တယ်။ ဥပမာ ခုနက ကျုပ်ရှေ့ကိုဆက်သွားဖို့လုပ်တော့ ကျုပ်ကျင့်စဉ်စွမ်းအား ရုတ်တရက် ဖောက်လွဲဖောက်ပြန်ဖြစ်တယ်။ တစ်နာရီကြာအောင်ထိုင်ပြီး ကျင့်ကြံလိုက်မှ ပုံမှန်ဖြစ်လာတယ်။

ကျင့်စဉ်လည်ပတ်မှု မှန်သွားပြန်တော့ လမ်း‌ပျောက်နေတဲ့ အဘိုးအိုတစ်ယောက်နဲ့တွေ့လို့ သူ့ကိုအိမ်ပြန်လိုက်ပို့ရတယ်။ ပို့ပြီးလို ဒီနေရာကို ပြန်ရောက်တဲ့အချိန် အဘိုးအိုအိမ်မှာ ပစ္စည်းတစ်ခုမေ့ခဲ့လို့ ပြန်ပြေးယူရတယ်။

မမြင်နိုင်တဲ့စွမ်းအားတစ်ခုခုက ရှေ့ဆက်သွားလို့မရအောင် ပိတ်ဆို့တားဆီးထားသလိုမျိုးပဲ"

ထိုစဉ် အကိုကျောက်က တစ်ခုံတစ်ခုကို ရုတ်တရက် သတိရလာဟန်ဖြင့်

"ငါမှတ်မိပြီ"

"ဘာမှတ်မိတာလဲ။ သူ့အဖော်နှစ်ယောက်က စိတ်အားထက်သန်စွာမေးသည်။

"အကြီးအကဲတွေ ဒီလိုကိစ္စမျိုး ပြောတာကြားဖူးတယ်။ စွမ်းအားမြင့်ကျင့်ကြံသူတွေစုပြီး တာအိုဆွေးနွေးတဲ့အခါ ဒါမှမဟုတ် တိုက်ခိုက်တဲ့အခါ အပြင်လူတွေဝင်မလာနိုင်အောင် မှော်စက်ဝန်းတွေ တည်ဆောက်ထားတတ်ကြတယ်။ အဲဒီ့နေရာကို ဘယ်သူမှဖြတ်မသွားနိုင်ဘူး။

ကွေ့ပတ်ပြီးသွားရတယ်။ ဒါပေမယ့် ဒါမျိုးက အတော်ရှားတယ်။ တောင်တန်းပေါ်မှာ တိုက်ခိုက်ရင် တိုက်ပွဲပြီးတဲ့အခါ မြေအနေအထားကို ပြန်ပြင်ရတယ်လေ။ အတော်ဒုက္ခများတယ်။ ကွင်းပြင်မှာ ဒါမှမဟုတ် ကောင်းကင်မှာ တိုက်ခိုက်ကြတာပဲ ပိုများတယ်။

ရှေ့မှာ တိုက်ပွဲကြီးတစ်ခု ရှိနေလို့ဖြစ်မယ်။ ခုနကပဲငါတို့ တိမ်မည်းတွေလှုပ်ရှားပြီး လျှပ်စီးတွေလက်နေတာ မြင်ခဲ့တယ်မဟုတ်လား။ အဲဒါ စွမ်းအားမြင့်ကျင့်ကြံသူတစ်ယောက် မိုးမြေစွမ်းအားသုံးပြီး တိုက်ခိုက်နေတဲ့လက္ခဏာပဲ"

အကိုကျောက်မျက်နှာက လေးနက်တည်ကြည်သည်။ သူ့သုံးသပ်ချက်သူ ကျိုးကြောင်းဆီလျော်သည်ဟု ယူဆသည်။

နူးညံ့ချောမောသည့်လူငယ်နှင့် ဆံတိုလူငယ်ကလည်း အကိုကျောက်၏ ထင်ရှားသည့်နောက်ခံကို သိထားသဖြင့် သူရှင်းပြသည်ကို ခေါင်းငြိမ့်ထောက်ခံကြသည်။

"ဒါတကယ်စွမ်းအားကြီးကျင့်ကြံသူတွေရဲံ တိုက်ပွဲဆိုရင် ငါတို့တကယ်ရှောင်သင့်တယ်။ တောင်တန်းပေါ်က သွားလို့မရရင် ဘေးကပဲ ကွေ့ပတ်သွားရမှာပေါ့"

လုယန် သူတို့သုံးယောက်ကို အတော်ကြာအောင် စိုက်ကြည့်နေပြီးမှ ပြန်မေးလိုက်သည်။

"မင်းတို့သုံးယောက်ထဲက ယောက်ျားလေးလို ရုပ်ဖျက်ထားတာ ဘယ်သူလဲ"

သူ့စကားကြောင့် နူးညံ့ချောမောသည့် အကိုယဲ့ဆိုသူ အမူအရာပြောင်းသွားသည်။ မျက်နှာတွင် ခံစားချက်အရိပ်များစွာ ပေါ်လာသည်။ လုယန်၏ တည်ကြည်ပြတ်သားသည့်အကြည့်နှင့် ဆုံးပြီးနောက် သူလက်လျှော့လိုက်သည်။

"ရှင်ဘယ်လို ခန့်မှန်းမိတာလဲ"

"အကိုယဲ့..မင်း..."

နောက်နှစ်ယောက်က သူ့ကိုတအံ့တဩ လှည့်ကြည့်ကြသည်။

အကိုယဲ့ မချိပြုံးပြုံးသည်။ လည်ပင်းမှ ကျောက်စိမ်းတံဆိပ်ကို ဖြုတ်လိုက်သည်။ ယောက်ျားစလုတ် ပျောက်သွားသည်။ နူးညံ့သည့်ရုပ်သွင်က ဝိုင်းစက်ရွှန်းလဲ့သည့်မျက်လုံးများဖြင့် ညှို့ငင်အားကောင်းလာသည်။ ဆံပင်များ ခါးအထိရှည်ကျလာသည်။ ရင်မောက်လာသည်။

ယောက်ျားမှ မိန်းမအဖြစ်ပြောင်းသွားသည့် သူ့ကိုကြည့်၍ သူ့အဖော်နှစ်ယောက် ပို၍ပင်အံ့အားသင့်နေကြသည်။

သူတို့သုံးယောက် အချင်းချင်းသိကြသည်မှာ သိပ်မကြာသေး။ အပြင်လောကထဲ ခရီးထွက်ရင်း တွေ့ဆုံကြခြင်းဖြစ်သည်။ အဖော်နှင့်ခရီးသွားခြင်းက ပိုစိတ်ချရသည်ဟု သူတို့ယူဆသည်။ ထို့ပြင် သူတို့စရိုက်ချင်းလည်း ကိုက်ညီသဖြင့် အတူခရီးသွားဖို့ ဆုံးဖြတ်ခဲ့ကြသည်။

သို့သော် နေရာများစွာအတူခရီးထွက်ခဲ့သော်လည်း အကိုယဲ့ကို မိန်းမဖြစ်နေမည်ဟု ဘယ်သူမှ မစဉ်းစားမိခဲ့။

"ဒါကြောင့် အကိုယဲ့က ကျုပ်တို့နဲ့ ဘယ်တော့မှရေအတူမချိုးတာကိုး။ ညအိပ်ရင်လည်း အမြဲတမ်း အခန်းခွဲအိပ်ဖို့ပြောတယ်။ ကျုပ်တို့ ခပ်ရိုင်းရိုင်းဟာသတွေပြောတိုင်း မျက်နှာကပန်းရောင်သန်းပြီး ဆက်မပြောဖို့တားတယ်လေ။

...ဒါဆို ...ရေကန်ဘေးမှာစခန်းချခတဲ့ညက ကန်မှာမိန်းမတစ်ယောက် ရေချိုးနေတာကျုပ်မြင်ခဲ့တယ်တယ်။ အဲဒါခင်ဗျားလား"

အကိုဝမ်ရန် ကိစ္စတစ်ခု ရုတ်တရက် သတိရလာသည်။ မြို့ပြင်တစ်နေရာတွင် ညဘက်စခန်းချစဉ်က ရေကန်ဆီသို့ ကျန်းမာရေးကိစ္စရှင်းဖို့ သွားခဲ့သည်။ လရောင်အောက်တွင် လှပသည့်မိန်းမတစ်ယောက် ရေချိုးနေသည်ကိုမြင်သည်။ ရေကန်နတ်သမီးတစ်ယောက်လိုပင် ဖြစ်သည်။

သို့သော် အခြေအနေမပေးသဖြင့် မျက်နှာကိုသေချာမမြင်ခဲ့ရ။

နောက်တစ်နေ့ ထိုအကြောင်း သူ့အဖော်များကိုပြောပြခဲ့သည်။ အကိုယဲ့က ရယ်မော၍ သူအာရုံမှားခြင်းဖြစ်မည်ဟု ပြောသည်။

"ကျွန်မလိမ်ခဲ့တာပါ။ တကယ်တော့ ကျွန်မက လျန်ကျိုးနယ် ယဲ့မိသားစုကပါ"

မိန်းကလေးယဲ့က ရှက်နေသည့်မျက်နှာဖြင့် ဖြေသည်။ ယောက်ျားလေးလိုရုပ်ဖျက်၍ လျန်ကျိုးမှ အရိုင်းနယ်မြေသို့ သူခရီးထွက်လာစဉ် ထိုအဖော်နှစ်ယောက်နှင့် လမ်းတွင်ဆုံခဲ့သည်။

လျန်ကျိုးမှ ယဲ့မိသားစုသည် အဆင့်အတန်းမြင့်သည့် နာမည်ကျော်မိသားစုတစ်ခုဖြစ်သည်။ သူတို့ဘိုးဘေးများက စွမ်းအားမြင့်ကျင့်ကြံသူများ ရုံးတော်အဆင့်မြင့်အရာရှိများ ဖြစ်သည်။

"ဒီကျောက်စိမ်းတံဆိပ်ကို ကျွန်မအမေပေးထားတာ။ သူငယ်ငယ်က အပြင်လောကမှာ ယောက်ျးလေးလိုရုပ်ဖျက်ပြီး ခရီးလှည့်တဲ့အချိန် ကျွန်မအဖေနဲ့ တွေ့ခဲ့တာလေ။ ဒီကျောက်စိမ်းတံဆိပ်နဲ့ ရုပ်ဖျက်ခဲ့တာပါ။

သူဟန်ဆောင်ထားတာကို ဘယ်သူမှ မရိပ်မိခဲ့ဘူး။ ဒီ‌နေ့ကျမှ ဒီအကို ဘယ်လိုရိပ်မိသွားလဲမသိဘူး"

လုယန်ပြုံးနေသည်။ ဘာမှမပြော။ သူ့ကိုသဲလွန်စပေးသူက မုန်ကျင်းကျိုးဖြစ်ကြောင်း ထုတ်မပြောချင်။

သို့သော် မိန်းကလေးယဲ့အမြင်တွင် လုယန်အပြုံးက လျှို့ဝှက်နက်ရှိုင်းသလို ခံစားနေရသည်။

သူကျိတ်၍သက်ပြင်းချသည်။ အပြင်လောကသည် အမှန်တကယ်ပင် ခန့်မှန်းမရသည့်စွမ်းအားရှင်များပြည့်နေသည်။ လမ်းတွင် ခရီးသွားတစ်ယောက် အမှတ်မထင်တွေ့သည်။ သူဟန်ဆောင်ထားသည်ကို ချက်ချင်းရိပ်မိသည်။

ယခု သရုပ်မှန်ပေါ်သွားပြီဖြစ်၍ မိန်းကလေးယဲ့ အရေးမစိုက်တော့။ အကိုဝမ်ရန်ကို သူလှည့်ကြည့်လိုက်သည်။ သူ့အကြည့်တွင် အချစ်ရိ်များ ပြည့်နေသည်။

"အကိုဝမ်ရန်၊ ကျွန်မ အကို့ကိုချစ်တယ်။ ဟိုဓားပြတွေ ကျွန်မကို အလစ်ဝင်တိုက်ခဲ့တာ မှတ်မိသေးလား။ အဲဒီတုန်းက အကိုဝမ်ရန် ကျွန်မအတွက် ဓားတစ်ချက်ဝင်ခံပေးပြီး ကျွန်မအသက်ကို ကယ်ခဲ့တယ်လေ။ အဲဒီ့ကတည်းက အကို့ကို ကျွန်မချစ်သွားတာ"

မိတ်ဆွေကောင်းဖြစ်သည့် အကိုယဲ့က ယခုလို ရုတ်တရက်ဖွင့်ပြောလာမည်ဟု ထင်မထားသဖြင့် အကိုဝမ်ရန် ခဏမင်သက်မိသွားသည်။

သို့သော် သူ့အမူအရာသူပြန်ထိန်း၍ သက်ပြင်းတစ်ချက်ချသည်။ သူ့လက်စွပ်ကို ဖြုတ်လိုက်သည်။

သူ့ခန္ဓာကိုယ်စတင်ပြောင်းလဲလာသည်။ လက်မောင်းများ သေးသွယ်သွားသည်။ ဆံပင်တိုများက ပုခုံးထိဝဲကျလာသည်။ ရင်ဘတ်ဖောင်းကားလာသည်။ သူ့အင်္ကျီတင်းကြပ်လာပြီး လုံးဝန်းသည့်ရင်သားပုံပေါ်လာသည်။

မပြောင်းလဲသည်က သူ့ကြေးဝါရောင်အသားအရေသာရှိသည်။ အရင်အတိုင်းပင် ကျန်မာသန်စွမ်းသည့်ပုံစံမျိုး ရှိနေသည်။

"ဆောရီးပါ။ ကျွန်မလည်း ယောက်ျားလိုဟန်ဆောင်ထားတဲ့ မိန်းမပါပဲ။

နင့်အတွက် ဓားတစ်ချက်ဝင်ခံခဲ့တဲ့အချိန်က ဒဏ်ရာကိုဆေးထည့်ဖို့ နင်ကူညီမယ်ပြောတုန်းက ငါငြင်းခဲ့တာ မှတ်မိသေးလား။ အဲဒါ ဒါကြောင့်ပဲ"

မိန်းကလေးယဲ့ "..."

အသဲကွဲသည့်အဖြစ်က မြန်လွန်းလှသည်။

ထို့နောက် လုယန်၊ မိန်းကလေးယဲ့၊ မိန်းကလေးဝမ်ရန်တို့အားလုံး လူမမာပုံပေါက်နေသည့် အကိုကျောက်ကို လှည့်ကြည့်ကြသည်။ သူတို့မျက်လုံးထဲမှ အဓိပ္ပါယ်က ရှင်းပါသည်။

သူ့အလှည့်ဖြစ်သည်။

အကိုကျောက် အကြီးအကျယ်ဒေါသထွက်သွားသည်။

"ငါက ယောက်ျားစစ်စစ်ကွ"

လက်စသတ်တော့ သူတို့သုံးယောက်ထဲတွင် သူတစ်ယောက်သာ ရိုးသားခဲ့သည်။

************************************

All Chapters