← Chapters

ဒိုင်ကိုရိုက်နှက်ခဲ့သည့် နာမည်ကျော်

Vol. 28 Ch. 410

ဒိုင်ကိုရိုက်နှက်ခဲ့သည့် နာမည်ကျော်

Vol. 28 Ch. 410

အကိုကျောက်သည် အတွေ့အကြုံရင့်သည့် ကျင့်ကြံသူလောက ခရီးလှည့်လည်သူတစ်ယောက်ဖြစ်သည်။ ယဲ့မိသားစုမှ မိန််းကလေးယဲ့၊ ဝမ်ရန်မိသားစုမှ မိန်းကလေးဝမ်တို့က ပထမဆုံးအကြီး ခရီးထွက်လာခြင်းဖြစ်သည်။

အကိုကျောက်က ခရီးလှည့်နေသည့်မှာ နှစ်နှစ်သုံးနှစ်ကြာပြီဖြစ်၍ သုံးယောက်ထဲတွင် ဝါအရင့်ဆုံးဖြစ်သည်။

သို့သော် သူတို့သုံးယောက်ထဲတွင် သူတစ်ယောက်သာ ယောက်ျားဖြစ်နေမည်ဟု ဘယ်တုန်းကမှ မတွေးခဲ့မိ။

ထိုသို့အလှည့်စားခံရသည့်ဘဝဖြင့် သူဘယ်လိုရှေ့ဆက်မျက်နှာပြရမည်မသိ။

လုယန်က နှစ်သိမ့်သည့်သဘောဖြင့် အကိုကျောက်ပုခုံးကိုပုတ်လိုက်သည်။

သို့သော် အကိုကျောက်စိတ်ထဲ စိတ်သက်သာမှုမရ။

သူ့အလောင်းကောင်ကပင် သူ့အပေါ်ပိုကောင်းသေးသည်။ အနည်းဆုံးတော့ သူ့ကိုဘယ်တော့မှ လှည့်စားမည်မဟုတ်။

မိန်းကလေးယဲ့မျက်လုံးများ နီဲရဲလာသည်။ အားလုံးကို မခွဲမခွာချင်ဟန်ဖြင့် ကြည့်နေသည်။

"ကျွန်မိသားစုရဲ့ခွင့်ပြုချက်နဲ့ အိမ်ကထွက်လာတာပါ။ ဒါပေမယ့် ကျွန်မသရုပ်မှန်ပေါ်သွားတာနဲ့ အိမ်ကိုချက်ချင်းပြန်လာရမယ်လို့ ပြောထားတယ်"

အစက သူ့သရုပ်မှန်န်ပေါ်သွားလည်း အကိုဝမ်ရန်ကို သူ့ခံစားချက်များဖွင့်ပြောခွင့်ရလျှင် ထိုက်တန်သည်ဟု တွေးခဲ့သည်။ အကိုဝမ်ရန် သူ့ကိုလက်ခံလျှင် သူ့မိသားစုဆီ ခေါ်သွားမည်။ ချမ်းချမ်းသာသာ ဇိမ်ကျကျဘဝဖြင့် အတူနေသွားကြမည်ဟု တွေးထားသည်။

သို့သော်ယခု သူစိတ်ကူးယဉ်လွန်သွားခဲ့ပုံရသည်။

သူ့သရုပ်မှန်ပေါ်၍ စည်းကမ်းချက်အတိုင်း အိမ်ပြန်ရမည့်အဖြစ်မျိုးကြုံရရုံမက သူ့ခံစားချက်ကိုလည်း ချက်ချင်းငြင်းပယ်ခံရသည်။ ရှက်ရွံ့မှုကြောင့် သူ့မျက်နှာနီရဲနေသည်။ သူ့မိသားစုက အိမ်ပြန်ဖို့မပြောလျှင်ပင် ဆက်နေဖို့ ရှက်လွန်းလှသည်။

မိန်းကလေးဝမ်ရန်လည်း ထိုနည်းတူပင်ဖြစ်သည်။ အားလုံးကို မခွဲခွာချင်သော်လည်း အသံတိုးတိုးဖြင့် နှုတ်ဆက်စကားဆိုသည်။

"ကျွန်မက လျန်ကျိုးနယ် ဝမ်ရန်မိသားစုကပါ။ ကျွန်မလည်း မိန်းကလေးယဲ့လိုပါပဲ။ ဒီလက်စွပ်ဟာ ဟန်ဆောင်ဖုံးကွယ်တာကို မရိပ်မိနိုင်တဲ့ ထိပ်တန်းဝိညာဉ်ရတနာပါ။ အခု သရုပ်မှန်ပေါ်သွားပြီဆိုတော့ ကျွန်မလည်းအိမ်ပြန်ရတော့မယ်"

'ဘယ်သူမိန်းကလေးအဖြစ်ဟန်ဆောင်နေသလဲ'ဟု လုယန် မေးစဉ်က သူလည်း မျက်နှာအကြီးအကျယ်ပျက်သွားခဲ့သည်။ သူ့ကို လုယန်ရိပ်မိသွားပြီဟု ထင်ခဲ့သည်။ လက်စွပ်ကိုချွတ်၍ သူ့ခံစားချက်များ အကိုယဲ့ကို ဖွင့်ပြောတော့မည်ဟု တွေးခဲ့သည်။

သို့သော် အကိုယဲ့က လက်ဦးသွားသည်။ လျှို့ဝှက်ချက်ကို အရင်ထုတ်ပြောသည်။ သူခြေတစ်လှမ်းနောက်ကျသွားသည်။

သို့သော် နောက်ဆုံးရလာဒ်ကတော့ မပြောင်းလဲပါ။

လန်ကျိုးမှ ဝမ်ရန်မိသားစုအကြောင်း လုယန်ကြားဖူးသည်။ ဝမ်ရန်မိသားစုသည် အရိုင်းမျိုးနွယ်၏ မျိုးနွယ်ခွဲဖြစ်သည်။ မျိုးရိုးနာမည်ကို ဝမ်ရန်ဟုပြောင်းလဲပြီး လျန်ကျိုးနယ်သို့ ပြောင်းရွှေ့အခြေချခဲ့သည်။

ဝမ်ရန်ဒေသသို့ရောက်လျှင် ကြေးဝါရောင်အသားအရေရှိသည့် လူပေါင်းများစွာ တွေ့နိုင်သည်။

မိန်းကလေးဝမ်ရန်သည် အရိုးရိုင်းနှင့်ပင် ဆွေးမျိုးတော်စပ်နိုင်သည်။

"နင်က ဝမ်ရန်မိသားစုကလား"

မိန်းကလေးယဲ့ အံ့အားသင့်သွားသည်။ သူလည်း လျန်ကျိူးနယ် နာမည်ကျော်မိသားစုဝင်ဖြစ်၍ ဝမ်ရန်မျိုးနွယ်အကြောင်း ကြားဖူးသည်။

"ဟုတ်တယ်။ ကျွန်မနာမည် ဝမ်ရန်ဟွေ့ပါ"

"အိမ်ကိုအတူပြန်ကြမလား။ ပိုစိတ်ချရတာပေါ့"

"ကောင်းပြီလေ"

"ငါမင်းတို့နှစ်ယောက်ကို လိုက်ပို့ပေးရဦးမလား"

အလှည့်စားခံခဲ့ရသော်လည်း အကိုကျောက်က ခေါင်းဆောင်တစ်ယောက်အနေဖြင့် အကိုကြီးတစ်ယောက်ဟန်ပန်ကို ထိန်းထားဆဲဖြစ်သည်။

"နေပါစေ၊ ရပါတယ်"

နှစ်ယောက်လုံး ချက်ချင်းငြင်းပယ်ကြသည်။ အချိန်အတော်ကြောအောင် အကိုကျောက်ကို သူတို့လှည့်စားခဲ့သဖြင့် နောက်ထပ်ဒုက္ခခံခိုင်းဖို့ သူတို့အားနာနေသည်။

မိန်းကလေးနှစ်ယောက် နှုတ်ဆက်ထွက်ခွာသွားပြီးနောက် လုယန်, အကိုကျောက်နှင့် စကားမပြောသည့်အလောင်းကောင်သာ ကျန်ရစ်ခဲ့သည်။

"ဪ..ဒါနဲ့ ကျုပ်ကိုယ်ကျုပ် မိတ်မဆက်ရသေးဘူး။ တာအိုလမ်းစဉ်ဂိုဏ်းက လုယန်ပါ"

ယခုမှ လုယန် ကိုယ့်ကိုယ်ကိုမိတ်ဆက်ဖို့ သတိရသည်။

အကိုကျောက်က လုယန်ကို မျက်လုံးအပြူးသားဖြင့် စိုက်ကြည့်နေသည်။ ထိုလူစိမ်း၏နောက်ခံက ထိုမျှအဆင့်အတန်းမြင့်နေမည်ဟု သူထင်မထား။ မိန်းကလေးနှစ်ယောက် ဟန်ဆောင်ဖုံးထားသည့်အဖြစ်ကို ရိပ်မိခဲ့သည်မှာ မဆန်းတော့။

"အကိုက တာအိုလမ်းစဉ်ဂိုဏ်းကလား...အဲ...နေပါဦး လုယန်ဆိုတော့...ချင်းကျိုးပွဲတော်မှာ ပြိုင်ဘက်တွေအားလုံးကို ကျော်ဖြတ်ပြီး ပထမရခဲ့တဲ့၊ ဒိုင်လူကြီးတွေကိုတောင် ရိုက်ခဲ့တဲ့ လုယန်လား"

သူလုံးဝ အံ့အားသင့်နေသည်။ သိပ်မကြာသေးမီက ကျင့်ကြံသူလောကမှ မသေမျိုးငါးဂိုဏ်းအကြောင်း မကြားဖူးကြသည့် လူငယ်မျိုးဆက်များကြားတွင် ထိုကိစ္စက အာရုံစိုက်စရာဖြစ်ခဲ့သည်။

ရွှေသန္ဓေအဆင့်ဖြင့် အခြေတည်အဆင့်များကို တိုက်ခိုက်ပြီး ဒိုင်လူကြီးများကို အနိုင်ယူခဲ့သည့် လုယန်အကြောင်းကို မကြားဖူးသူ မရှိသလောက်ရှားသည်။

လုယန်က တာအိုလမ်းစဉ်ဂိုဏ်းထဲတွင်သာ ကျင့်ကြံနေသဖြင့် အပြင်သို့မထွက်ဖြစ်ခဲ့။ ထွက်ဖြစ်ခဲ့လျှင် သူနှင့်မုန်ကျင်းကျိုးအကြောင်း အပြင်လောကတွင် လူပြောများနေမှန်း သိပေလိမ့်မည်။

"နေပါဦး၊ ဒိုင်လူကြီးတွေကို ရိုက်ခဲ့တယ်ဆိုတာက ဘာကိုပြောချင်တာလဲ...အင်း... ဟုတ်တော့လည်း ဟုတ်ပါတယ်လေ"

တစ်ခြားမသေမျိုးဂိုဏ်းများမှ ပါရမီရှင်များကို သူစိန်ခေါ်ခဲ့ခြင်းသာဖြစ်သည်။ သို့သော် သတင်းစကားက တစ်နည်းတစ်ဖုံပြောင်းလဲပြီး ဒိုင်လူကြီးများကို ရိုက်သည်ဟု ဖြစ်လာသည်။ ဘယ်သူ သတင်းဖြန့်လိုက်သည်မသိ။

စကားတန်ဆာဆင်တတ်ပုံက ချီးကျူးစရာကောင်းသည်။

"အကိုလု ကျုပ်အကြောင်းမကြားဖူးလောက်ဘူး။ ကျုပ်က အလောင်းထိန်းဂိုဏ်းက ကျောက်ပိုပါ"

ကျောက်ပို ယဉ်ကျေးမှုအရ နှိမ့်ချ၍ပြောသည်။ လူငယ်မျိုးဆက်တွင် သူသည် အတော်ထူးခြားသူဟု သတ်မှတ်နိုင်သည်။ သို့သော် လုယန်နှင့်ယှဉ်လျှင် နည်းနည်းအဆင့်နိမ့်သေးသည်ဟု သူခံစားရသည်။

"မင်းအကြောင်း ခုနကပဲသိခဲ့တာပါ။ အလောင်းထိန်းဂိုဏ်းမှာ ဒုတိယအတော်ဆုံးမဟုတ်လား"

ရွှေစီးပွားနယ်မြေအသင်းမှ ဝယ်ခဲ့သည့် အသုံးမဝင်သည့်သတင်းတစ်ချို့ကို လုယန်ပြန်သတိရလာသည်။ အလောင်းထိန်းဂိုဏ်း ဂိုဏ်းပြိုင်ပွဲ ပြီးဆုံးပြီးစဖြစ်သည်။ အနိုင်ရသူက ဟွမ်မင်ဆိုသည့်လူငယ်ဖြစ်သည်။

ဆယ့်ရှစ်နှစ်ပြည့်ပြီးစ၊ ရွှေသန္ဓေအခြေခံအဆင့်၊ ဂိုဏ်းချုပ်နောက်ဆုံးလက်ခံခဲ့သည့် တပည့်ဖြစ်သည်။ ဒုတိယရသည့်ကျောက်ပိုလည်း အသက်ဆယ့်ရှစ်နှစ် ရွှေသန္ဓေအခြေခံအဆင့်ဖြစ်သည်။

"ကျုပ်က ဂိုဏ်းပြိုင်ပွဲမှာ ဒုတိယပါ"

ကျောက်ပိုက စကားမှန်အောင် ပြင်ပေးသည်။

"အတူတူပါပဲကွာ။ သွားစို့၊ ရှေ့မှာ ငါ့ညီမုန်ကျင်းကျိုးရှိတယ်။ သူ့အကြောင်း မင်းကြားဖူးလောက်ပါတယ်"

လုယန် ရယ်မော၍ပြောသည်။ အလောင်းထိန်းဂိုဏ်းဝင်တစ်ယောက်နှင့် အမှတ်မထင်တွေ့ရသဖြင့် အံ့ဩနေသည်။ ဒုက္ခခံရအတော်သက်သာသွားပြီဖြစ်သည်။

ကျောက်ပိုမျက်လုံးများ အရောင်လက်လာသည်။ လမ်းပေါ်တွင် အမှတ်မထင်တွေ့သည့်လူက နာမည်ကျော်လုယန်။ လုယန်နှင့်တန်းတူ နာမည်ကျော်သည့် မုန်ကျင်းကျိုးလည်း ရှေ့တွင်ရှိနေသည်။

လုယန်ပေါ်လာသဖြင့် သူ့အဖွဲ့လေး‌တော့ပြိုကွဲသွားသည်။

"ရှေ့မှာ အဆင့်မြင့်ကျင့်ကြံသူတွေ တိုက်ခိုက်နေတာမဟုတ်လား။ ကျုပ်တို့သွားလို့ဖြစ်ပါ့မလား"

"ဘာတိုက်ပွဲလဲကွာ။ လောင်မုန်က ကျိန်စာမိနေတာ။ သူ့အနားကို ဘယ်မိန်းမမှ ကပ်လို့မရဘူး။ ဒါကြောင့်မင်းတို့ ရှေ့ဆက်သွားလို့မရတာပါ"

လုယန် တဟားဟားအော်ရယ်သည်။ ဖြစ်နေသည့် အခြေအနေကို သူအတော်သဘောကျနေသည်။

ကျိန်စာအကြောင်းသိလိုက်ရသဖြင့် ကျောက်ပိုလန့်သွားသည်။

"ဒီလိုကျိန်စာမျိုး ရှိတာလား။ ခံစားချက်ခုနစ်မျိုးချောက်နက်ကကျိန်စာလား။ ဒါပေမယ့် ဒါလည်းမဖြစ်နိုင်ဘူး။ သူတို့က တာအိုလမ်းစဉ်ဂိုဏ်းကလူတွေကို ကျိန်စာတိုက်ရဲမယ်မထင်ဘူး"

"ဒီကိစ္စက နည်းနည်းရှုပ်ထွေးတယ်။ ငါတို့ အရိုင်းနယ်မြေကိုလာတာ ဒီပြဿနာကိုဖြေရှင်းဖို့ပဲ"

နှစ်ယောက်သား မြင်းရထားဆီ ရောက်လာသည်။ မိုးလည်းရပ်သွားပြီဖြစ်သည်။ ကောင်းကင်က ကြည်လင်နေသည်။ မုန်ကျင်းကျိုးက လမ်းရှင်းပြီး၍ အသားကင်တစ်ခုစားနေသည်။

"ဟားဟား လောင်မုန်ရေ၊ ငါပြန်လာပြီကွ။ လမ်းမှာ ကြုံခဲ့ရတာတွေ အတော်များတယ်။ ဘာလဲ၊ ဘာတွေဖြစ်ခဲ့လဲ မင်းမေးမလို့လား။ ဟားဟား..ငါအားလုံးပြောပြမှာပါ"

မုန်ကျင်းကျိုးအမေးကိုပင် မစောင့်ဘဲ လုယန် သူ့စွန့်စားခန်းများကို အသေးစိတ်စပြောသည်။

"မင်းတကယ် အခွင့်အရေးတွေ လွတ်သွားတယ်။ ငါဒီကထွက်တော့ အရင်ဆုံး ပြန်ပေးဆွဲခံရတဲ့ သူဌေးသမီးနှစ်ယောက်နဲ့ကြုံတယ်။ သူရဲကောင်းဆန်ဆန်နဲ့ ငါသူတို့ကိုကယ်လိုက်တယ်။ သူတို့က ကျေးဇူးဆပ်တဲ့အနေနဲ့ ငါ့ကိုတောင် လက်ထပ်ဖို့ကမ်းလှမ်းကြတယ်။

အဲဒါပြီးတော့ မိန်းကလေးသူရဲကောင်းတစ်ယောက်ဦးဆောင်လာတဲ့ အာမခံပစ္စည်းပို့ဆောင်ရေးအဖွဲ့ ဓားပြတိုက်ခံနေရတာနဲ့ ထပ်ကြုံတယ်။ သူ့ကိုလည်း ငါကယ်လိုက်တယ်။ ငါ့ကိုကျေးဇူးတင်လွန်းလို့ သူ့အဖွဲ့ထဲဝင်ရင် ငါနဲ့လက်ထပ်မဲ့သဘောမျိုး စကားအရိပ်ပြတယ်။

အဲဒါပြီးတော့ နောက်တစ်ခါ လက်ထပ်ဖို့အတွက် သိုင်းပြိုင်ပွဲလုပ်နေတဲ့ မိန်းကလေးတစ်ယောက်ကို တွေ့တယ်။ သူက အတော်လှတယ်ကွ။

မြို့တော်ကိုရောက်‌တော့လည်း နယ်ခံလူမိုက်တစ်ယောက် လမ်းလယ်ခေါင်မှာ မိန်းကလေးတစ်ယောက်ကို အနိုင်ကျင့်နေတာတွေ့တယ်။ ငါ့မျက်စိရှေ့မှာ ဒါမျိုးကို လက်မခံနိုင်ဘူးလေ။ ငါချက်ချင်းရှေ့တိုးသွားပြီး အဲဒီ့လူမိုက်ရော သူ့အဖေကိုရော ရိုက်ပစ်တယ်။ သူတို့တစ်မိသားစုလုံး အညံ့ခံခိုင်းတယ်။

ဟိုမိန်းကလေးကလည်း လက်ထပ်ဖို့ကလွဲလို့ ငါ့ကိုတစ်ခြားကျေးဇူးဆပ်စရာနည်းလမ်းမရှိဘူးလို့ ပြောပြန်တယ်။

မင်းပြောကြည့်ပါဦး၊ ငါ့ခရီးစဉ်က အရမ်းလှုပ်ရှားသက်ဝင်မနေဘူးလား"

သူ့စွန့်စားခန်းများကို အားမရသေးဟန်ဖြင့် လုယန် ခေါင်းခါသည်။

မုန်ကျင်းကျိုးမျက်လုံးတွင် မနာလိုတိုရှည်ဖြစ်သည့်အရိပ်များ ပြည့်နေသည်။

ကျောက်ပိုက သူတို့ဘေးတွင်အသံတိတ်ရပ်ရင်း တွေးနေသည်။ အကယ်၍ ထိုနှစ်ယောက် ရန်ဖြစ်ကျလျှင် သူရပ်ကြည့်နေရမည်လား ဝင်တားရမည်လား မဝေခွဲတတ်တော့။

ထိုနှစ်ယောက်သည် ရွှေသန္ဓေအဆင့်များဖြစ်သည်ဟု သူသတင်းကြားထားသည်။ သူလည်းရွှေသန္ဓေအဆင့်ဖြစ်သည်။ ထိုနှစ်ယောက်တိုက်ကြခိုက်ကြလျှင် သူဝင်တားနိုင်လောက်ပါသည်။

***********************************

All Chapters