← Chapters

ခံစားချက်ခုနစ်မျိုးချောက်နက်၏ စွမ်းအားသည်သာမန်မဟုတ်

Vol. 28 Ch. 411

ခံစားချက်ခုနစ်မျိုးချောက်နက်၏ စွမ်းအားသည်သာမန်မဟုတ်

Vol. 28 Ch. 411

"ငါ့ကျတော့ ဘာလို့ဒီလိုအခြေအနေမျိုးတွေ မကြုံတာလဲ"

မုန်ကျင်းကျိုး နောင်တရနေသည်။ အခွင့်ရေးကောင်းတစ်ခု လက်လွတ်သွားသလို ခံစားနေရသည်။

'သောက်ရေးမပါတဲ့လုယန်။ ငါ့အခွင့်အရေးတွေကို ခိုးသွားတဲ့ကောင်။ ဒီအကြွေးကို ဘယ်တော့မှမမေ့ဘူး'

"ဒါက ကံပဲလေ။ လက်ခံလိုက်ပါ"

လုယန် နှစ်သိမ့်ရန်ကြိုးစားသည်။

"တော်စမ်းပါကွာ"

မုန်ကျင်းကျိုး ဒေါသတကြီးအော်လိုက်သည်။ ကောင်းသည့်အရာမှန်သမျှ လုယန်ချည်းသာ ကြုံနေရသဖြင့် သူမကျေမနပ်ဖြစ်နေသည်။

လုယန်နှင့်မုန်ကျင်းကျိုး တကယ်တိုက်ခိုက်ကြဖို့တော့ စိတ်ကူးမရှိ။ ကျောက်ပိုက မလိုအပ်ဘဲ စိုးရိမ်နေခြင်းဖြစ်သည်။

"မင်းခေါ်လာတဲ့လူက ဘယ်သူလဲ"

မုန်ကျင်းကျိုးက ကျောက်ပိုကို ခေါင်းတစ်ချက်ငြိမ့်ပြ၍ မေးသည်။

'အလောင်းထိန်းဂိုဏ်းမှာ ဒုတိယအတော်ဆုံးလူ'ဟု လုယန်ထပ်ပြောမည်စိုးသဖြင့် ကျောက်ပို သူ့ဘာသာအမြန်မိတ်ဆက်သည်။

"ကျုပ်က မကြာသေးခင်က အ‌လောင်းထိန်းဂိုဏ်းပြိုင်ပွဲမှာ ဒုတိယရခဲ့တဲ့ ကျောက်ပိုပါ။ ရွှေသန္ဓေအခြေခံအဆင့်ပါ"

မုန်ကျင်းကျိုး အံ့အားသင့်သွားသည်။ ကျောက်ပိုသည် သူတို့နှင့်သက်တူရွယ်တူခန့်သာဖြစ်သည်။ အလွန်ဆုံး တစ်နှစ်လောက်သာကြီးမည်။ ထိုပါရမီရှင်မျိုးက အလောင်းထိန်းဂိုဏ်းတွင် ဒုတိယသာရသည်။

ကျောက်ပိုသာ တာအိုလမ်းစဉ်ဂိုဏ်းသို့ဝင်လျှင် အဆင့်ခြောက်တော့ အလွယ်တကူချိတ်လိမ့်မည်။

"မင်းရဲ့စွမ်းအားအဆင့်နဲ့တောင် ဒုတိယပဲရတာလား"

ကျောက်ပို မချိပြုံးပြုံးသည်။

"မတတ်နိုင်ဘူးလေ။ ကျုပ်ဝန်မခံချင်ပေးမယ် အကိုဟွမ်မင်က ကျုပ်ထက်စွမ်းအားပိုကြီးတာတော့ အမှန်ပဲ။ သူ့တိုက်ပွဲအသိက ကျုပ်ထက်အများကြီးသာပါတယ်။

နောက်တစ်ကြိမ်တိုက်ခိုက်ကြရင်တောင် ကျုပ်မနိုင်လောက်ဘူး။ သူနဲ့တိုက်ခိုက်ကြတုန်းက ကျုပ်တတ်ထားတဲ့ လျှို့ဝှက်ပညာတွေ အကုန်ထုတ်သုံးခဲ့တာပါ။

ဒါပေမယ့် အကိုဟွမ်မင်ကတော့ သက်တောင့်သက်သာပဲ။ ပင်ပန်းတဲ့အရိပ်မျိုးတောင် မရှိဘူး။ သူ့မှာ တစ်ခြားဝှက်ဖဲတစ်ခု အမြဲရှိတယ်။

ငယ်ငယ်ကတည်းက သူကကျုပ်ထက် အမြဲသာပါတယ်။ မစ်ရှင်တွေထွက်တိုင်း တစ်ခြားလူတွေ သဲလွန်စရှာနေရုံရှိသေးတဘ်။ သူက တရားခံကို သတ်ပြီးနေပြီ။

ဒါပေမယ့် အကိုဟွမ်မင်က မိဘမဲ့ပါ။ မိသားစုမရှိဘူး။ သူ့ဘာသာတစ်ယောက်တည်းနေတယ်။ တစ်ခြားလူတွေနဲ့ အဆက်အဆံမလုပ်ချင်ဘူး"

ကျောက်ပို စိတ်မကောင်းဟန်ဖြင့် ခေါင်းခါသည်။ တစ်ယောက်ကိုတစ်ယောက် တိုးတက်အောင်ကူညီဖို့ ဟွမ်မင်နှင့် ကျင့်စဉ်အမြင်များ သူဆွေးနွေးချင်သည်။ သို့သော် ဟွမ်မင်ကသူ့ကို စကားပင်မပြော။

"အခု အကိုဟွမ်မင်က ဂိုဏ်းချုပ်ရဲ့တပည့်ဖြစ်လာတော့ သူနဲ့တွေဖို့ အရင်ထက်ပိုခက်တော့မှာ"

"သူက အဲလောက်တောင်စွမ်းအားကြီးတာလား"

လုယန် ဟွမ်မင်ကို ပိုလေးစားလာသည်။ အစက ဟွမ်မင်နှင့်ကျောက်ပို မတိမ်မယိမ်းသာရှိမည်ဟု ထင်ခဲ့သည်။ သို့သော်ကျောက်ပိုပြောပုံအရ စွမ်းအားချင်း အတော်ကွာဟဟန်ရှိသည်။

"ကျုပ်အကြောင်းကို ထားပါဦး။ အကိုမုန်က ကျိန်စာသင့်လို့ မိန်းမတွေအနားကို ကပ်လို့မရဘူးလို့ပြောတယ်။ အဲဒါတကယ်လား"

မုန်ကျင်းကျိုးက တွေးတွေးဆဆလေသံဖြင့်

"ကျိန်စာမသင့်ခင်ကလည်း ငါက မိန်းမတွေနားကို ကပ်လို့မရပါဘူး"

ကျောက်ပိုက နှစ်သိမ့်သည်။

"စိတ်ဓာတ်မကျပါနဲ့ အကိုမုန်၊ သူတော်စင်ကပြောတယ်။ ကြီးမားတဲ့အောင်မြင်မှရမယ့်လူဟာ စိတ်ရောကိုယ်ပါ သည်းခံရတဲ့ စမ်းသပ်မှုတွေ အခက်အလဲနဲ့ ဆာလောင်မွတ်သိပ်မှုတွေ လဲကျမှုတွေကို အရင်ဖြတ်ကျော်ရတယ်။

ဒါတွေအားလုံးက သူတို့စိတ်ဓာတ်ကို ခိုင်မာစေဖို့နဲ့ မရသေးတဲ့အောင်မြင်မှုတွေအတွက် လမ်းခင်းပေးတာတဲ့"

မုန်ကျင်းကျိုး ရယ်လိုက်သည်။ ကျောက်ပိုကိုကြည့်လေ သူပိုသဘောကျလေဖြစ်လာသည်။

"အပြောကောင်းသားပဲ။ မင်းကတကယ် အလောင်းထိန်းဂိုဏ်းရဲ့ ပါရမီရှင်ပီသတယ်။ ဒီအောက်တန်းစားလုယန်ထက် အများကြီးသာတယ်။ အခုချိန်ကစလို့ ငါတို့မိတ်ဆွေတွေဖြစ်သွားပြီ။ နောင်တစ်ချိန် နန်းမြို့တော်ကိုရောက်လို့ တစ်ခုခုဒုက္ခကြုံရင် မုန်ကျင်းကျိုးဆိုတဲ့ ငါနာမည်သာပြောလိုက်"

ကျောက်ပို - "..."

နောက်ဆုံးစကားက နည်းနည်းမူမမှန်ဟု ခံစားရသည်။ နားကြားမှားခြင်းလားတော့မသိ။

"အတိအကျပြောရရင် ဒီကျိန်စာကငါ့ကို မိန်းမတွေနားကို မကပ်နိုင်အောင် လုပ်တာပါ။ အရိုင်းနယ်မြေမှာ ကျိန်စာပညာကျွမ်းကျင်တဲ့လူတွေ အများကြီးရှိတယ်လို့ကြားဖူးတယ်။

အလောင်းထိန်းဂိုဏ်းကလည်း ဒီနယ်မြေမှာ ထိပ်တန်းဂိုဏ်းတစ်ခုပဲ။ မင်းတို့ဂိုဏ်းမှာ ဒီကျိန်စာကိုဖျက်တဲ့နည်းလမ်းတစ်ခုရှိမယ်လို့ ငါမျှော်လင့်ပါတယ်"

ခဏစဉ်းစားပြီးနောက် ကျောက်ပို အလေးအနက်လေသံဖြင့် ပြန်ပြောသည်။

"ဒါဆိုရင်တော့ အကိုမုန် ခံစားချက်ခုနစ်မျိုးချောက်နက်ကိုသွားဖို့ အကြံပေးချင်တယ်"

"ခံစားချက်ခုနစ်မျိုးချောက်နက်..."

လုယန်လိုပင် မုန်ကျင်းကျိုးလည်း ထိုချောက်နက်အကြောင်း သိပ်မသိသေး။

"ကျုပ်တို့ အလောင်းထိန်းဂိုဏ်းက ရိုးရာအလောင်းထိန်းပညာတွေကို ကျွမ်းကျင်ပါတယ်။ ဒါပေမယ့် ကျိန်စာညာနဲ့ပတ်သက်ရင်တော့ ခံစားချက်ခုနစ်မျိုးချောက်နက်ကို မမီပါဘူး။

အရိုင်းနယ်မြေမှာ တစ်ယောက်ယောက်ကျိန်စာသင့်ပြီဆိုရင် အဲဒီချောက်နက်ကလူတစ်ယောက်ယောက်လုပ်တာလို့ပဲ အရင်ဆုံးထင်ကြတာပဲ။

ဒါပေမယ့် ခံစားချက်ခုနစ်မျိုးချောက်နက်က ပုန်းလျှိုးကွယ်ရှိူးပုံစံနဲ့ လည်ပတ်နေတော့ ဒီနယ်မြေအပြင်ကလူတွေ သူတို့အကြောင်း သိတဲ့သူသိပ်မရှိဘူး"

လုယန် ခေါင်းငြိမ့်သည်။

"ကြည့်ရတာ ခံစားချက်ခုနစ်မျိုးချောက်နက်ရဲ့စွမ်းအားက သာမန်မဟုတ်လောက်ဘူး။ မင်းတို့အလောင်းထိန်းဂိုဏ်းနဲ့ တန်းတူအဆင့်ရှိလောက်တယ်"

ကျောက်ပို အံ့အားသင့်သွားသည်။ အကိုလုဘယ်လိုသိနေသည်မသိ။ သူကိုယ်တိုင်ပင် ဂိုဏ်းပြိုင်ပွဲတွင်ဒုတိယနေရာရ၍ အဆင့်အတန်းမြင့်လာမှ ဂိုဏ်းအကြီးအကဲတစ်ယောက်ပြောပြသဖြင့် ထိုအချက်ကိုသိရခြင်းဖြစ်သည်။

"အားနည်းတဲ့ဂိုဏ်းတွေက ဟိုအရင်ကတည်းက ပျောက်ကွယ်သွားပါပြီ"

‌ကျောက်ပို ဝန်ခံလိုက်သည်။

"ဒါဆို ခံစားချက်ခုနစ်မျိုးချောက်နက်ကို သွားကြတာပေါ့။ ဒီကနေဆို သိပ်မဝေးဘူး"

လုယန် မြေပုံကိုကြည့်၍ ပြောသည်။ သူတို့မြင်းအို၏သွားနှုန်းနှင့်ဆိုလျှင် နေ့တစ်ပိုင်းအတွင်း ရောက်နိုင်သည်။

"ဒီနေရာပဲ"

လုယန်က မြင်းအိုကို မြေပုံပေါ်မှ နေရာတစ်ခု ထောက်ပြလိုက်သည်။ မြင်းအိုက နှာတစ်ချက်မှုတ်၍ တုံ့ပြန်သည်။

ထိုမြင်ကွင်းကိုကြည့်၍ ကျောက်ပိုအံ့ဩသွားပြန်းသည်။ သူ့အမြင်အရ ထိုမြင်းသည် သာမန်တိရစ္ဆာန်သာဖြစ်သည်။ သို့သော် လူစကားကို နားလည်သကဲ့သို့ ပြုမူနေသည်။

ဤကိစ္စသည် ထိုအကိုနှစ်ယောက်၏ လျှို့ဝှက်ချက်ဖြစ်လိမ့်မည်။ ထို့ကြောင့် သူဆက်မမေးတော့။ သူသည် စပ်စုတတ်သူမဟုတ်။

အကိုယဲ့၊ အကိုဝမ်ရန်တို့နှင့်အတူ ခရီးထွက်ခဲ့စဉ်ကလည်း သူတို့အပြုအမူနည်းနည်းထူးဆန်းနေကြောင်း သူရိပ်မိသည်။ သို့သော် ဘာမှမမေးခဲ့။

ထို့ကြောင့်လည်း ယောက်ျားလိုဟန်ဆောင်ထားသည့် မိန်းမနှစ်ယောက် အချင်းချင်းကြိတ်ကြွေခဲ့ကြပြီး ရိုးသားသည့်လူက လှည့်စားခံခဲ့ရခြင်းဖြစ်သည်။

သုံးယောက်သား မြင်းရထားပေါ်တက်ကြသည်။ သူခိုးဓားပြများရန်ကို စောင့်ကြည့်ရန် ကျောက်ပိုက ဖုတ်ကောင်ကို ရထားထိပ်တွင် ထိုင်ခိုင်းသည်။

အလောင်းထိန်းသမားများသည် အရိုင်းနယ်မြေတွင် အဆင့်အတန်းမြင့်သူအဖြစ် သတ်မှတ်ခံကြရသည်။ ခရီးသွားအတော်များများသည် အမိမြေမှဝေးကွာသည့် အရပ်တွင် သေဆုံးကြသည်။

ထိုအလောင်းများကိုသင်္ဂြိုလ်ဖို့ ဇာတိမြေမြေသို့ ပြန်သယ်ရန် အလောင်းထိန်းသမားများ လိုအပ်သည်။ ဤဖုတ်ကောင်ကိုမြင်လျှင် သူခိုးဓားပြများ၊ ဂူဖောက်သမားများက အနီးအနားတွင် အလောင်းထိန်းသမားတစ်ယောက်ရှိကြောင်း သိကြလိမ့်မည်။

ထို့ကြောင့် သူတို့မြင်းရထားကို တိုက်ခိုက်ဖို့ စိတ်ကူးကြမည်မဟုတ်။

ရထားပေါ်တွင် လုယန်တို့က မုန်ကျင်းကျိုးကို အလောင်းထိန်းပညာရပ်များအကြောင်း မေးသည်။

"ငါအမြဲတမ်းသိချင်နေခဲ့တာ တစ်ခုရှိတယ်။ အလောင်းကောင်တွေဟာ အသိဉာဏ်မရှိဘူး။ သက်မဲ့ပစ္စည်းတွေလို့ ပြောရင်ရတယ်။ ဘာလို့မင်းတို့က သူတို့ကို မှော်လက်စွပ်ထဲထည့်မသိမ်းဘဲ တည်းခိုခန်းတွေကို ခေါ်သွားတာလဲ"

မုန်ကျင်းကျိုးက မေးသည်။

"သတ်မှတ်ချက်အရ ပြောရင်တော့ အလောင်းတွေက သက်မဲ့ပစ္စည်းဆိုတာ မှန်ပါတယ်။ မှော်လက်စွပ်တွေထဲမှာ ထည့်သိမ်းလို့ရတယ်။

ဒါပေမယ့် အလောင်းကောင်တွေမှာ ကျင့်ကြံသူတွေအာရုံမခံနိုင်တဲ့ အသက်ဝိညာဉ်တစ်ခုပိုင်ဆိုင်တယ်လို့ ကျုပ်တို့အလောင်းထိန်းသမားတွေက ယုံကြည်ကြတယ်။

သူတို့အသက်ရှိတယ်လို့ ခံယူထားတော့ အသက်ရှိတဲ့လူလိုပဲ သူတို့ကို အစာကျွေးတယ်။ အနားယူခိုင်းတယ်။ ကျုပ်တို့နဲ့အတူ ခရီးထွက်ဖို့ခေါ်တယ်။ သူတို့ကို တိုက်ခိုက်ခိုင်းတဲ့အခါ "ကူညီပေးပါ"ဆိုတဲ့စကားကိုသုံးကြပါတယ်"

ကျောက်ပို မချိပြုံးပြုံး၍ ရှင်းပြသည်။

"သေခြင်းရှင်ခြင်းနဲ့ပတ်သက်ပြီး ထူးခြားတဲ့ကျုပ်တို့ခံယူချက်ကြောင့် ကိုးငရဲဂိုဏ်းရဲ့ဘိုးဘေးဟာ အရင်က ကျုပ်တို့အလောင်းထိန်းဂိုဏ်းသားဖြစ်ခဲ့တယ်ဆိုတဲ့ ကောလဟာလရှိပါတယ်"

အလောင်းထိန်းဂိုဏ်း၏ ဓလေ့စရိုက်များကို ကျောက်ပိုထပ်ရှင်းပြသည်။ တစ်ခြားလူများပြောသည့်စကားထက် သူ့စကားက လက်တွေ့ကျသည်။

နေ့တစ်ပိုင်းကြာပြီးနောက် သူတို့သုံးယောက် အလောင်းကောင်နှင့်အတူ ခံစားချက်ခုနစ်မျိုးချောက်နက်သို့ ချောချောမောမောရောက်လာသည်။

"ဒီချောက်နက်မှာ ကျုပ်မိတ်ဆွေတစ်ယောက်ရှိတယ်။ ကျိန်စာတွေဖျက်တဲ့နေရာမှာ အတော်ကျွမ်းကျင်တဲ့ တပည့်စစ်တစ်ယောက်ပဲ။ ကျုပ်ကျိန်စာသင့်တိုင်း သူ့ဆီကိုပဲသွားတယ်။

နတ်ဝိညာဉ်အဆင့်အောက်က ကျိန်စာဆိုရင် သူသေချာပေါက်ဖယ်ရှားပေးနိုင်တယ်။ ဝိညာဉ်ပြောင်းအဆင့်ကျိန်စာဆိုရင်လည်း သူဖျက်ပေးနိုင်ခြေရှိတယ်။ မဖျက်ပေးနိုင်ရင်တောင် ကျိန်စာလျော့ပါးအောင် လုပ်နိုင်တယ်"

မုန်ကျင်းကျိုး ခဏတုံ့ဆိုင်းသွားသည်။

"ထိန်းထိန်းသိမ်းသိမ်း ခန့်မှန်းရမယ်ဆိုရင် ငါ့ကျိန်စာက ကူးဖြတ်ခြင်းတစ်ဝက်အဆင့် ကျိန်စာဖြစ်မယ်"

မည်သို့ဆိုစေ သူ့ကျိန်စာသည် ဂိုဏ်းချုပ်ချိုးနှင့် တစ်ဝက်စီဖြစ်သည်။ ထို့ကြောင့် ကျိန်စာစွမ်းအားလည်း အတော်အတန်လျော့ပါးပေလိမ့်မည်။

ကျောက်ပို အံ့အားသင့်သွားသည်။ သူ့မျက်နှာတွင် လေးစားရိပ်ပိုလွှမ်းလာသည်။

သူအပြင်လောကကိုထွက်၍ ရန်သူဖွဲ့မိလျှင်ပင် ရွှေသန္ဓေအဆင့်များသာဖြစ်သည်။ နတ်ဝိညာဉ်အဆင့်များနှင့် တွေ့ကြုံခဲသည်။ ဝိညာဉ်ပြောင်းအဆင့်တစ်ယောက်နှင့် တစ်ခါမှပြဿနာမဖြစ်ခဲ့ဖူး။

ထိုနှစ်ယောက်သည် တာအိုလမ်းစဉ်ဂိုဏ်း၏ ပါရမီရှင်များ ပီသလှသည်ဟု ကျောက်ပိုတွေးနေသည်။ သူတို့ကြုံရသည့် ကျိန်စာများပင် ကူးဖြတ်ခြင်းတစ်ဝက်အဆင့်ရှိသည်။

တော်ရုံတန်ရုံဖြင့် ဘယ်လိုလူက ထိုကျိန်စာမျိုးသင့်မည်နည်း။

ခံစားချက်ခုနစ်မျိုးချောက်နက်သခင်မကို ပါးနှစ်ချက်ဆင့်ရိုက်လျှင်ပင် ကူးဖြတ်ခြင်းတစ်ဝက်အဆင့်ကျိန်စာမျိုး သင့်မည်မထင်။

လုယန်လည်း သူ့ဘာသာတွေးနေသည်။

'ဒါက ပါးပါးလေးပါ။ ငါတို့ရန်သူတွေက အနိမ့်ဆုံး စုစည်းခြင်းအဆင့်ကနေစတယ်။ ဒီထက်နိမ့်ရင် ငါတို့စိတ်မဝင်စားဘူး'

**************************************

All Chapters