← Chapters

ချောက်နက်၏စီးပွားရေးလုပ်ငန်းများ

Vol. 28 Ch. 413

ချောက်နက်၏စီးပွားရေးလုပ်ငန်းများ

Vol. 28 Ch. 413

စက္ကူဦးထုပ်နှင့်လူကိူ ဖမ်းနိုင်မည်မဟုတ်ကြောင်း လုယန်ရော ကျောက်ပိုပါ နားလည်သည်။ ထို့ကြောင့် ထိုလူအကြောင်း ထပ်မတွေးတော့။

ကျောက်ပို မောင်းငယ်တစ်ခုထုတ်ပြီး ညင်သာစွာတီးလိုက်သည်။ ကြည်လင်သည့်အသံတစ်ခု ထွက်လာသည်။

"ကျုပ်မိတ်ဆွေနဲ့ ဒီလိုဆက်သွယ်တာပါ။ ချောက်နက်မှာ သူရှိနေရင် မကြာခင်ထွက်လာပါလိမ့်မယ်"

သိပ်အကြာမီ လှပကျော့ရှင်းသည့် မိန်းမတစ်ယောက် ချောက်နက်ထဲမှ ထွက်လာသည်။ ကျောက်ပိုကိုမြင်သည်နှင့် သူ့မျက်လုံးများ နည်းနည်းအရောင်လက်သွားသည်။ သို့သော် ချက်ချင်းမျက်နှာပိုးသပ်၍ အရေးမစိုက်သည့်လေသံဖြင့်

"အခုတစ်ခါရော နင်ဘယ်လိုကျိန်စာထိလာပြန်ပြီလဲ"

ကျောက်ပို သူ့လေသံကို စိတ်မဆိုးဘဲ ပြုံး၍မိတ်ဆက်ပေးသည်။

"ဒါငါ့မိတ်ဆွေသစ် တာအိုလမ်းစဉ်ဂိုဏ်းတပည့် လုယန်ပါ။ ချောက်နက်သခင်မဆီမှာ အကူအညီလာတောင်းတာ။

...ဒါက လော်ယုတဲ့။ ချောက်နက်ရဲ့ တပည့်စစ်တစ်ယောက်ပေါ့။ သူ့ဆရာက ချောက်နက်သခင်မပဲ"

"လုယန်လား"

ထိုနာမည်ကြားသည်နှင့် လော်ယု အံ့အားသင့်သွားသည်။

"ရှင်က ချင်းကျိုးပွဲတော်မှာ ပထမရတာတောင် မကျေနပ်လို့ ဒိုင်တွေကိုရိုက်ခဲ့တယ်ဆိုတဲ့ လုယန်ပေါ့"

စွမ်းဆောင်ခဲ့ဖူးသမျှ အောင်မြင်မှုများတွင် ထိုအောင်မြင်မှုသည် နာမည်ကျော်ဖို့ အကောင်းဆုံးနည်းလမ်းမဟုတ်ဟု လုယန်ခံစားရသည်။

"ကျုပ်မိတ်ဆွေတစ်ယောက်မှာ ဖယ်ရှားဖို့ခက်ခဲတဲ့ကျိန်စာတစ်ခု မိထားတယ်။ ချောက်နက်သခင်မကို အကူအညီတောင်းချင်လို့ပါ"

လော်ယုက လုယန်ကို ကရုဏာသက်သည့်မျက်လုံးဖြင့် ကြည့်သည်။ 'မိတ်ဆွေတစ်ယောက် ကျိန်စာမိသည်'ဟုပြောသည့် နောက်ထပ်လူတစ်ယောက် တွေ့ရသောကြောင့်ဖြစ်သည်။

"ကျွန်မဆရာက ကျင့်ကြံမှုထွက်တော့မှာပါ။ ဒါပေမယ့် ကျိန်စာဖယ်ရှားဖို့ သူကူညီမယ်မကူညီဘူးဆိုတာတော့ သေချာမပြောတတ်ဘူး။ အခုကျွန်မနဲ့လိုက်ခဲ့ပါ"

"ကျုပ်မဟုတ်ပါဘူး။ ကျုပ်မိတ်ဆွေပါ"

"နားလည်ပါတယ်"

တကယ်နားမလည်မှန်းသိသာသည်။

သူတို့နစ်ယောက် ဂိတ်တံခါးမှော်စက်ဝန်းကိုဖြတ်၍ လော်ယုနောက်မှလိုက်သွားသည်။

"ဪ...ဒါနဲ့။ ရှင်တို့တာအိုလမ်းစဉ်ဂိုဏ်းမှာ ရှဲ့ရှန်ရန်ဆိုတဲ့လူရှိလား"

လော်ယုက ကောက်ကာငင်ကာမေးသည်။

"ရှိပါတယ်၊ ကျုပ်တို့ရဲ့ စတုတ္ထအကြီးအကဲပါ။ ဘာဖြစ်လို့လဲ"

အကြီအကဲ ရှဲ့ရှန်ရန်သည် ဂိုဏ်းမှထွက်ခဲသည်။ အပြင်လောကတွင် သူ့နာမည်ကို သိသူအတော်နည်းသည်။

"ဇာတ်လမ်းလေး နည်းနည်းရှိတယ်။ ကျွန်မဆရာ ငယ်ငယ်တုန်းက ရှဲ့ရှန်ရန်ဆိုတဲ့ လူတစ်ယောက်ကို ချစ်ကြိုက်ခဲ့တယ်။ အမှတ်မထင်တွေပြီး ဆရာကသူ့ကို မြင်မြင်ချင်းစွဲလန်းသွားတာ။

သူတို့နှစ်ယောက် မကြာခဏ တာအိုဆွေးနွေးကြတယ်။ စကားတွေပြောကြတယ်။ ဆရာက သူ့ခံစားချက်အမှန်ကိုပြတဲ့အနေနဲ့ ရှဲ့ရှန်ရန်ကို ကျိန်စာဖျက်ပညာတောင် သင်ပေးခဲ့တယ်။

ဒါပေမယ့် ရှဲ့ရှန်ရန်က သူ့အချစ်ကို လက်မခံဘူး။ သူ့ကိုထားခဲ့ပြီး တာအိုလမ်းစဉ်ဂိုဏ်းကို ပြန်သွားတယ်။

အခုထိ ကျွန်မဆရာက ရှဲ့ရှန်ရန်နာမည်ကို ခဏခဏပြောနေတုန်းပဲ။ သူ့ကိုမမေ့နိုင်သေးဘူးထင်တယ်။ အဲဒီ့ခံစားချက်က အချစ်လားအမုန်းလားတော့ သေချာမသိဘူး"

လုယန် ကြောက်ချွေးပြန်လာသည်။

အရိုင်းနယ်မြေတွင် ကျိန်စာပညာအမြင့်ဆုံးဖြစ်သည့် ခံစားချက်ခုနစ်မျိုးတောင်ကြားကိုသွားဖို့ သူတို့ကို မညွှန်းဘဲ အလောင်းထိန်းဂိုဏ်းကိုသာ ရှဲ့ရှန်ယန် ညွှန်းခဲ့သည်မှာ မဆန်းလှတော့။ ယခု အကြောင်းရင်းက ရှင်းသွားသည်။

သို့သော် ချောက်နက်သို့ဝင်လာပြီးဖြစ်၍ ပြန်ထွက်သွားဖို့လည်း မသင့်တော်။

ချောက်နက်သခင်မ သဘောထားကြီးကြီးဖြင့် တာအိုလမ်းစဉ်ဂိုဏ်းတပည့်ငယ်လေးတစ်ယောက်အပေါ် အညှိုးအတေးမထားပါစေနဲ့ဟုသာ လုယန်ဆုတောင်းနေသည်။

မုန်ကျင်းကျိုးကျိန်စာကို ဖြေရှင်းဖို့ လိုသည်ထက်ပို၍ပင် သူကြိုးစားခဲ့သည်ဟု သူခံစားရသည်။ အဖေတစ်ယောက် သားပျောက်ရှာသလိုပင်ဖြစ်သည်။

"မိတ်ဆွေတွေချင်း တစ်ယောက်နဲ့တစ်ယောက် ဒီလိုပဲ မိဘတွေလိုအမြဲတမ်းစောင့်ရှောက်ကြတာလား"

နတ်မယ်က စဉ်းစားနေရာမှ ရုတ်တရက်မေးသည်။

"အမြဲတမ်းတော့မဟုတ်ပါဘူး။ တစ်ခါတစ်လေတော့ အဲလိုပါပဲ"

"စိတ်ဝင်စားစရာပဲ"

"ဘာလို့မေးတာလဲ နတ်မယ်"

လုယန် စပ်စုလိုက်သည်။

နတ်မယ်ခေါင်းတစ်ချက်ငြိမ့်၍ ရိုးရှင်းသည့်အပြုံးမျိုးဖြင့် ပြောသည်။

"ချီလင်မသေမျိုးအတွက် ပထမဆုံးအကြိမ် ငါဟင်းချက်ပေးတုန်းက သူငါ့ကို "အမေ"လို့ခေါ်တယ်လေ။ သူငါ့ကို မိတ်ဆွေလို ဆက်ဆံတာမှန်း အခုမှနားလည်တယ်။ အစားအသောက်ဆိုတာ လူတွေကိုရင်းနှီးအောင် တကယ်လုပ်ပေးနိုင်တာပဲ"

နတ်မယ်အပြုံးက နွေးထွေး၍ ဆွဲဆောင်မှုရှိသည်။ အေးစက်တည်ကြည်သည့် ယွမ်ကျိထက် ပိုနှစ်လိုဖွယ်ကောင်းသည်။ သို့သော် နတ်မယ်အကြောင်းကောင်းကောင်းသိထားသည့် လုယန်က အပြစ်ကင်းသည့် သူ့အမူအရာကြောင့် မျောပါမသွားပါ။

"အဖြစ်အပျက်ကို သေချာပြောပြပါဦး"

"အင်း...ယင်ထန်မသေမျိုးနဲ့ ချီလင်မသေမျိုးကို ငါစိန်ခေါ်အနိုင်ယူပြီးတဲ့အချိန်မှာ ငါ့ရင်ထဲနေလို့မကောင်းဘူး။ ဒါကြောင့် သူတို့ကို နေ့လည်စာဖိတ်ကျွေးတယ်။ သူတို့က အစပိုင်းမှာ ငါ့ကိုလန့်နေကြတယ်။

အစာထဲမှာ အဆိပ်ခတ်မယ်လို့ ထင်ကြတာလေ။ ဒါပေမယ့် ဘာလှည့်ကွက်မှမသုံးဘဲ ငါကိုတိုင်ချက်ပြုတ်တာကိုမြင်တော့မှ သူတို့စိတ်အေးလက်‌‌အေးနဲ့ စစားကြတယ်။

ချီလင်မသေမျိုးက တစ်လုတ်ပဲစားရသေးတယ်။ ငါ့ကို 'အမေ'လို့ လှမ်းခေါ်ပြီးတော့ သတိလစ်သွားတယ်။ အဲဒီ့တုန်းက သူ့ခန္ဓာကိုယ် အရမ်းအနားနေလို့ဖြစ်မှာပါ"

နတ်မယ်က သုံးသပ်သည်။

"ယင်ထန်မသေမျိုးလည်း သတိလစ်သွားတာပါပဲ။ ချီလင်မသေမျိုးက မိုးမြေကံကြမ္မာပေါင်းစပ်ပြီး မွေးဖွားလာတာပါ။ မိဘမရှိဘူး။ ငါ့ကို သူ့အမေလို့ အမြင်မှားခဲ့တာဖြစ်လောက်တယ်"

နတ်မယ် ခေါင်းခါနေသည်။ ချီလင်မသေမျိုးသည် အတော်သနားစရာကောင်းသည်ဟု တွေးနေပုံရသည်။

သို့သော် လုယန်တွေးသည်။ ချီလင်မသေမျိုးက "အမလေး...အဆိပ်ခတ်ထားတယ်ဟ"ဟု ပြောလိုခြင်းဖြစ်မည်။ သို့သော် "အမေ(အမ).."ထိသာ အော်နိုင်ပြီး သတိလစ်သွားခြင်းဖြစ်မည်ဟု ယူဆသည်။

ထိုစကားကို နတ်မယ်က လွဲမှား၍အဓိပ္ပါယ်ဖွင့်မိခြင်းဖြစ်လိမ့်မည်။

နောက်ပိုင်းမျိုးဆက်များအနေဖြင့် မသေမျိုးများငယ်စဉ်က စွမ်းအားအတိုင်းအတာကို အကဲဖြတ်နိုင်ဖို့ ခက်ခဲတတ်သည်။ သို့သော် လုယန်က သူ့နည်းလမ်းနှင့်သူ ရှိသည်။

ချီလင်မသေမျိုးက စကားတစ်လုံးအော်နိုင်သေးသည်။ ယင်ထန်မသေမျိုးက စကားသံပင်မထွက်နိုင်ခဲ့။ ထို့ကြောင့် ချီလင်မသေမျိုး၏ ကျင့်စဉ်စွမ်းအားက ပိုသာပေလိမ့်မည်။

လုယန်သိစိတ်အာရုံမှ ထွက်လိုက်သည်။ သူတို့သုံးယောက် ‌ချောက်နက်ထဲ ဖြတ်လျှောက်သွားသည်။ ထိုနေရာတွင် ကျိန်စာဖျက်ရန် အကူအညီလာတောင်းကြသူများစွာ ရှိနေသည်။

ဂိတ်တံခါးမှတပည့်များ မဖြေရှင်းနိုင်၍ လွှတ်လိုက်သည့်လူများဖြစ်သည်။

"ကျိန်စာသခင်၊ ညဘက်ရောက်လို့ ကျင့်ကြံမှုလုပ်တဲ့အခါတိုင်း ကျုပ်နားထဲမှာ ခြင်းအော်သံတွေ ကြားနေရတယ်။ ခန္ဓာကိုယ်ကလည်း မခံမရပ်နိုင်အောင် ယားလာတယ်။

ဒီလိုလက္ခဏာတွေဖြစ်စေတဲ့ကျိန်စာမျိုး ခင်ဗျားတို့ တီထွင်ထားကြသလား။ ကျုပ်က ဒီကျိန်စာမျိုးသင့်နေတာလား"

"မိတ်ဆွေ၊ ကျုပ်တို့ချောက်နက်က ဒီကျိန်စာမျိုး စမ်းသပ်လေ့လာနေတာ အမှန်ပါပဲ။ ဒါပေမယ့် ခင်ဗျားဆီမှာ အဲလိုလက္ခဏာမျိုး ကျုပ်မမြင်ပါဘူး။ ပြီးတော့ ခင်ဗျားအရေပြားပေါ်မှာ ခြင်ကိုက်ရာတွေ မြင်နေရတယ်။ တကယ်ခြင်အစစ်တွေ ဝိုင်းကိုက်ခဲ့တာပဲဖြစ်မှာပါ။

"ကျုပ်မယုံဘူး။ ဒါဟာ ခင်ဗျားတို့ကျိန်စာတိုက်တာပဲဖြစ်ရမယ်"

ချောက်နက်တပည့် သက်ပြင်းချသည်။ ထိုကျိန်စာသည် လက်တွေ့အသုံးချရာတွင် ကုန်ကျစရိတ်ကြီးမားလွန်းသည်။ ဘာကြောင့် ကျင့်စဉ်အဆင့်နိမ့်သည့်လူတစ်ယောက်ကို အဖက်လုပ်၍ကျိန်စာတိုက်နေမည်နည်း။

"ကောင်းပြီလေ။ ဒါကို ယူသွားပါ။ ခင်ဗျားကျင့်ကြံတဲ့အခါ ဒါကို ဘေးနားမှာထားလိုက်။ အဲလိုဆို ကျိန်စာစွမ်းအားမသက်ရောက်နိုင်တော့ဘူး"

"ဒါကဘာလဲ"

"ခြင်ပြေးအမွှေးတိုင်ပါ။ တစ်ချောင်းကို ဝိညာဉ်ကျောက်သုံးရာကျတယ်"

....

"ကျိန်စာသခင်၊ ကလေးဘဝကနေအခုထိ ဘယ်မိန်းကလေးကျင့်ကြံသူမှ ကျုပ်ကိုမကြိုက်ကြဘူး။ ကျုပ်ဖွင့်ပြောတဲ့အခါတိုင်း သူတို့က အမြဲတမ်း ယတိပြတ်ငြင်းကြတယ်။

ကျုပ်နဲ့သက်တူရွယ်တူတွေအားလုံး လက်ထပ်သွားကြပြီ။ ဒါပေမယ့် ကျုပ်မှာ ရည်းစားလေးတစ်ယောက်တောင် မရှိသေးဘူး။ ကျုပ် ကျိန်စာသင့်နေတာများလား"

"မိတ်ဆွေ၊ အခုလိုဖြစ်နေတာ ကျိန်စာကြောင့်မဟုတ်ပါဘူး။ ခင်ဗျားရုပ်ရည်ကလည်း မဆိုးဘူး။ ဒါပေမယ့် ခင်ဗျားမှာ လိုနေတာက ဝိညာဉ်ကျောက်ပဲ။ ကျုပ်တို့ချောက်နက်က ဝိညာဉ်ကျောက်ချေးငွေဝန်ဆောင်မှုပေးပါတယ်။

ခင်ဗျား ဝိညာဉ်ကျောက်နည်းနည်းချေးချင်လား။ နှစ်စဉ်အတိုးနှုန်းကလည်း နှစ်ဆယ်ရာနှုန်းပါပဲ"

....

ကျိန်စာသခင်၊ ကျုပ်လူတစ်ယောက်ကို သတ်လိုက်ပြီးကတည်းက သူ့အရိပ်တွေခြောက်လှန့်တာ ခံနေရတယ်။ ကျုပ်ဘယ်တော့မှ ငြိမ်းချမ်းမှုမရစေရဘူးဆိုပြီး အော်ဟစ်ကြိမ်းဝါးနေတယ်။

သူ့ကျုပ်ဆီ သွေးသံရဲရဲနဲ့ ရောက်လာပြီး ကျုပ်အသက်ကိုတောင်းတဲ့ အိပ်မက်ဆိုးတွေ အမြဲမက်နေတယ်။ ကျုပ်ကြောက်လွန်းလို့ အိပ်မပျော်ဘူး။

ပြီးတော့ အခုတလော ကြက်သီးမွှေးညှင်းတွေထပြီး ကျုပ်နောက်ကလူတစ်ယောက်လိုက်နေသလို ခံစားနရတယ်။ ဒါပေမယ့် လှည့်ကြည့်လိုက်တော့လည်း ဘယ်သူမှမရှိဘူး။

ကျုပ်တံခါးပိတ်ကျင့်ကြံနေတဲ့အချိန်ဆို ကျုပ်ကို အေးစက်စက်လှောင်ရယ်နေတဲ့အသံတွေ ကြားရတယ်။ ကျုပ်ဘယ်ကိုပြေးပြေး ဒီအသံတွေ ကျုပ်နားထဲကပျောက်မသွားဘူး။

တစ်ခါတစ်လေ အနီရောင်လူရိပ်တစ်ခုတောင် ကျုပ်ရှေ့မှာ ပေါ်လာတယ်။ ဒါပေမယ့် မျက်လုံးကိုပွတ်ပြီး သေချာပြန်ကြည့်ရင် ပျောက်သွားတယ်။

ကျုပ်ကျိန်စာမိနေတာလား"

ထိုလူ၏မျက်ကွင်းများ ညိုနေသည်။ မျက်လုံးများ ဖောရောင်နေပြီး ထိတ်လန့်သည့်အမူအရာမျိုး ရှိနေသည်ကို ချောက်နက်တပည့် သတိထားမိသည်။

သူခေါင်းတစ်ချက်ငြိမ့်သည်။ ယခုမှ အမှန်တကယ် ကျိန်စာသင့်နေသည့် လူတစ်ယောက်တွေ့သည်။

"ခင်ဗျားတကယ်ကျိန်စာသင့်နေတာပဲ။ ဒီကျိန်စာက ချိုးဖျက်ဖို့ခက်တယ်။ အလွန်ထူးဆန်းတဲ့ 'မတရားသေဆုံးခြင်းကျိန်စာ'ပါ"

"ဒါကိုဖယ်ရှားနိုင်မယ့် နည်းလမ်းရှိလား"

"ရှိတာပေါ့။ ခံစားချက်ခုနစ်မျိုးချောက်နက်ကမဖယ်ရှားနိုင်တဲ့ကျိန်စာဆိုတာ မရှိပါဘူး။ ဒါပေမယ့် ဒီကျိန်စာက ကျုပ်တစ်ယောက်တည်းဖယ်ရှားဖို့ခက်တယ်။ ကျုပ်ရဲ့ဂိုဏ်းတူအကိုတစ်ယောက်ကို အကူသွားခေါ်လိုက်ဦးမယ်"

သိပ်မကြာမီ ထိုချောက်နက်တပည့်က သူ့စီနီယာအကိုတစ်ယောက်နှင့်အတူ ပြန်ရောက်လာသည်။ ကျိန်စာသင့်သူကို လက်ညှိုးထိုးပြ၍ ပြောသည်။

"အကို၊ အဲဒါ လူသတ်သမားပဲ။ ကျုပ်တစ်ယောက်တည်း မနိုင်ဘူး။ အတူဝိုင်းဖမ်းပြီး အာဏာပိုင်တွေဆီ ပို့ရအောင်"

********************************

All Chapters